နောက်ဆုံးသတင်း/ဆောင်းပါးများ

ဖြစ်ခဲ့သမျှ- အစိုးရ တာဝန်သာ ဖြစ်တယ်


ဌေးလွင်ဦး
RB News
26.10.2012

မြန်မာနိုင်ငံ ဧရိယာအတွင်းမှာ ဖြစ်သမျှ အားလုံးဟာ နိုင်ငံကို ဦးဆောင်နေတဲ့ အစိုးရမှာ တာဝန်ရှိတယ်။ ပြသနာ အားလုံးကို ကမ္ဘာသိကျေလည်အောင် ဖြေရှင်းပေးရမယ်။ လက်နက်ကိုင်တော်လှန်နေတဲ့ အုပ်စုတွေနဲ့ အပေးအယူမတည့်လို့ ငြိမ်းချမ်းရေး မရသေးတာမျိုးကိုသာ ကမ္ဘာက ခွင့်လွှတ်နိုင်ပေမယ့်-၊ သာမန်ပြည်သူကြား မှာ လူမျိုးရေး ဘာသာရေး အမုန်းထားပြီး လူများစုက လူနည်းစုကို သတ်ဖြတ်နေတာမျိုးကို ကမ္ဘာအတိုင်း အတာနဲ့ ကျေလည်အောင် မဖြေရှင်းပေးရင်- အဲ့ဒီ အစိုးရမျိုးမှာ အပြစ်မကင်းဘူး ဆိုတာ- နိုင်ငံတော် အစိုးရ သိနေဘို့ လိုအပ်ပါတယ်။

လက်ရှိ နိုင်ငံတော်ကို ဦးဆောင်နေတဲ့ မြန်မာအစိုးရနဲ့ အာဏာရ ပါတီဟာ ၂၀၁၂ ဇွန်လကစ ဖြစ်ခဲ့တဲ့ မြန်မာ မွတ်ဆလင်များအား သုတ်သင်ရှင်းလင်းမှုကို ကျေလည်အောင် မဖြေရှင်းပေးရင် နာဇီပါတီဝင်များလို တစ် ယောက်မကျန် လူမျိုးနွယ်သုတ်သင်မှုနဲ့ ကမ္ဘာ့တရားခံများ အချိန်မရွေး ဖြစ်သွားနိုင်ပါတယ်။

(၁) ပြသနာတွေကို မီးစတင်မွေးတဲ့ အနေနဲ့- မြန်မာတစ်ပြည်လုံးမှာ သင်္ကန်းဝတ်များကို ပွဲထုတ်ကာ မွတ်ဆလင် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ အကြီးအကျယ် လုပ်ပေးခဲ့တယ်။ (နိုင်ငံတော်က ပြဌာန်းထားတဲ့ ၂၀၀၈ ခုနှစ် ဥပဒေ အရ- နိုင်ငံသား အခွင့်အရေး ပုဒ်မ ၃၆၄ နဲ့ ငြိစွန်းနေသော်လည်း တစ်ဦးတစ်ယောက်ကိုမှ ဖမ်းဆီး ခြင်း အရေး ယူခြင်း မရှိခဲ့ဘူး)

(၂) နိုင်ငံတော် သမ္မတကိုယ်တိုင်က ရိုဟင်ဂျာများကို ခွဲခြားမုန်းတီးမယ့် ဝေါဟာရ ဖြစ်တဲ့ “ဘင်္ဂလီ” ဆိုတာကို တစ်စိုက်မတ်မတ် ပြောပြီး- တစ်ဘက်လှည့်နဲ့ လူမျိုးရေး အမုန်းတရားကို ဦးဆောင်မျိုးစေ့ချပေးနေတယ်။ (ရိုဟင်ဂျာ ဆိုတဲ့ စကားလုံးကို သဘောမကျရင်တောင် သမ္မတ တစ်ပါး အနေနဲ့ အခြားဝေါဟာရ တစ်ခု မရှာ တတ်စရာ အကြောင်းမရှိဘူး၊ အနည်းဆုံး ရခိုင်နယ်နေ အစ္စလာမ်ဘာသာဝင်များ ဆိုတာလောက် ရှာကြံပြော နိုင်ရမယ်)။

(၃) ဘယ်မြို့ ဘယ်ဒေသကို ဘယ်နေ့မှာ ၀င်ရောက်ဖျက်ဆီးမယ် ဆိုတာကို လူထုကတောင် ကြိုတင်သိနေပြီး ထောက်လှမ်းရေးတပ်များစွာနဲ့ လည်ပတ်နေတဲ့ ဗဟိုအစိုးရက မသိစရာ အကြောင်းမရှိဘူး၊ ဖျက်ဆီးပါစေလို့ လွှတ်ထားပြီး- မွတ်ဆလင်အိမ်များ ပြာပုံဖြစ်သွား- မွတ်ဆလင်များ သေသွားတော့မှ စစ်တပ်ကို အလောင်း ဖျောက်ဘို့ စေလွှတ်လိုက်တယ်။ (သမ္မတက သတင်းမှားတွေနောက်ကို လိုက်နေသလား၊ သို့မဟုတ် သမ္မတ နားမှာ ရှိတဲ့ လူတွေ အားလုံးက သမ္မတကို ၀ိုင်းလိမ်နေသလား- ဆိုတာ စဉ်းစားစရပါ။)

နိုင်ငံတစ်ခုမှာ သမ္မတတစ်ပါးက တာဝန်မကျေရင်၊ ဆုံးဖြတ်ချက်၊ လမ်းပြချက်မှားရင်- အဲ့ဒီ သမ္မတ ကိုယ်စား ပြုတဲ့ ပါတီတစ်ခုလုံးနဲ့ ပါတီဝင်အားလုံး တရားခံဖြစ်သွားနိုင်တယ်။ (နာဇီပါတီဝင်တွေ အားလုံး တစ်ယောက် မကျန် ကမ္ဘာ့တရားခံအဖြစ် ဒီနေ့ထိ မြေလှန်ဖမ်းဆီး ခံနေရတာကို ဆင်ခြင်စေလိုတယ်။) ဒါကြောင့် သမ္မတကို ၀ိုင်းရံတဲ့ သူများ၊ သမ္မတကိုယ်စားပြုတဲ့ ပါတီက ပါတီဝင်အားလုံးက သမ္မတကို သတင်းမှန်ပေးဘို့ လိုအပ်တယ်။

အခု ဖြစ်ပျက်ခဲ့တဲ့ အရာများ၊ ဖြစ်ပျက်နေဆဲ အရာများအားလုံးဟာ နိုင်ငံတော် အစိုးရရဲ့ တာဝန်သာ ဖြစ်တယ်၊ တရားခံတွေ အားလုံးကို ချက်ချင်းဖေါ်ထုတ်ပြီး တိကျသေချာစွာ အရေးယူပေးရပါမယ်။ သို့မဟုတ်ရင် တရားခံက သမ္မတကြီးကိုယ်တိုင် ဖြစ်သွားပါမယ်။

ဒုက္ခပေးခံလိုက်ရသူတွေ၊ နစ်နာဆုံးရှုံးခဲ့ရသူတွေ၊ ကျီးလန့်စာစား ဖြစ်နေရသူတွေ အားလုံးအပေါ်မှာလည်း နိုင်ငံ တော်က တာဝန်ရှိတယ်၊ အထူးသဖြင့် သမ္မတမှာ တာဝန်ရှိတယ်။

သူတို့ရဲ့ ဆုံးရှုံးမှု အားလုံးကို ပြန်လည်ပေးရပါမယ်။ သူတို့ရဲ့ အိမ်၊ သူတို့ရဲ့ လယ်၊ သူတို့ရဲ့ ဥစ္စာပစ္စည်း အားလုံးကို ပြန်လည်လျှော်ပေးရပါမယ်။ (နစ်နာခဲ့ရသူတွေဟာ လက်နက်ကိုင်တော်လှန်နေသူများ၊ တိုင်းပြည်က ခွဲထွက် လိုသူများ မဟုတ်လို့ စစ်မက် ဖြစ်ပွားတဲ့ အခြေအနေကို အကြောင်းပြလို့ မရပါ။)

သို့မဟုတ်-- ရခိုင်ပြည်နယ် တစ်ခုလုံးမှာ ရှိတဲ့ မွတ်ဆလင်များကို ဒုက္ခသည် စခန်းကိုပို့- ဒုက္ခသည် အဖြစ် သတ်မှတ်ထားမယ် ဆိုရင် သို့မဟုတ် နောက်ဆုံး ဒုက္ခသည် စခန်းများကို တစ်ခုတည်းပူးပေါင်းပြီး ဧရာမ ဒုက္ခသည် စခန်းကြီး အဖြစ် ဖန်တီးကာ အဲ့ဒီ ဒုက္ခသည် စခန်းကြီး မှာ ဒုက္ခသည် အဖြစ်ထားမယ် ဆိုရင် ဒါဟာ သမ္မတကြီး ဦးသိန်းစိန် ကိုယ်တိုင်က “ဒီလူတွေဟာ မြန်မာနိုင်ငံသား မဟုတ်ဘူး၊ သူတို့ကို တတိယနိုင်ငံ တစ်ခု ကို ခေါ်သွားပါ-”လို့ ကုလသမဂ္ဂကို ပန်ကြားခဲ့တဲ့ စကားကို လက်တွေ့ အကောင်အထည် ဆက်လက် ဖေါ် ဆောင် နေခြင်းသာ ဖြစ်တယ်။ မရ-ရအောင်လည်း အကောင်အထည် ဖေါ်မယ်ဆိုတဲ့ စီမံချက် ရှိနေတာကို သက်သေပြခြင်းလည်း ဖြစ်နေတယ်။

ဒီမူတွေကို ချက်ချင်းပြောင်းလဲပြီး- နစ်နာဆုံးရှုံးရသူများကို သူ့အိုးသူ့အိမ် သူ့လယ် သူ့ချောင်းအတိုင်း အကောင် အထည် ပြန်လည်ဖေါ်ပေးမလား-၊ လူ့ဘ၀ သက်တမ်းမှာ မျိုးပြုတ်သုတ်သင်တဲ့ တရားခံ အဖြစ် ခံယူမလား- ဆို တာကိုတော့ သမ္မတကြီး ကိုယ်တိုင် ဆင်ခြင်သင့်ပါတယ်။ (ကျွန်တော်တို့ဘက်က ကမ္ဘာ့ခုံရုံးကို တင်မယ့် စာရင်း ထဲမှာ သမ္မတကြီးနဲ့ လွှတ်တော်ဥက္ကဌ ဦးရွှေမန်းတို့ကို သူတို့ရဲ့ ပြုပြင်ပြောင်းလဲရေး မူကြောင့်- ထည့်သွင်းထား ခြင်း မရှိသေးဘူး ဆိုတာကိုလည်း သမ္မတကြီးကိုယ်တိုင် သိစေလိုပါတယ်။)

မကြာမှီ ရက်ပိုင်းမှာ မြန်မာပြည်တွင်း မျိုးပြုတ်သတ်ဖြတ် မောင်းထုတ်မှု တရားခံများကို ခုံရုံးမှာ တရားစွဲမှာ ဖြစ်သလို၊ တရားခံစာရင်းများကိုလည်း ထုတ်ပြန်ပေးပါမယ်။ (ကိုယ့်အမှုကိုယ် ရှင်းနိုင်ပါစေလို့ ဆုတောင်းပါ တယ်။)

Comment ရေးရန်

Rohingya Exodus