နောက်ဆုံးသတင်း/ဆောင်းပါးများ




Rohingya Today ၏ အင်တာနက်လိပ်စာသစ် ကြေညာခြင်း

လေးစားအပ်ပါသော စာဖတ်ပရိသတ်များခင်ဗျား။

၂၀၁၉ ခုနှစ် ဇန်နဝါရီလ (၁) ရက်နေ့မှစ၍ Rohingya Blogger (RB News) ကို Rohingya Today အဖြစ် ပြောင်းလဲ၍ နေ့စဉ်သတင်းများကို www.rohingyatoday.com တွင် ရေးသားတင်ဆက်သွားမည် ဖြစ်ပါသည်။

Rohingya Today အဖွဲ့သားများကို rohingyablogger@gmail.com မှတဆင့် ဆက်သွယ်နိုင်မည် ဖြစ်သည်။

နှစ်သစ်တွင် ပျော်ရွှင် ချမ်းမြေ့ပါစေရန် ဆုမွန်ကောင်းတောင်းလိုက်ပါသည်။

လေးစားစွာဖြင့်

Rohingya Today (ယခင် Rohingya Blogger/RB News)

Facebook စာမျက်နှာ - https://www.facebook.com/RohingyaToday.MM

Rohingya Today အင်္ဂလိပ်ပိုင်း - https://www.rohingyatoday.com/

Rohingya Today မြန်မာပိုင်း - https://www.rohingyatoday.com/mm
မောင်ဝံ့သ 
Rohingya Today
29.12.2018

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး ငွေကြေးမတတ်နိုင်၍ မဝယ်နိုင်ဟု ပြောဆိုသူများကို မီးသတ်တပ်ဖွဲ့ဝင်များက ဆူပူကြိမ်းမောင်းခြင်း၊ ပါးရိုက်ခြင်းများ ပြုလုပ်သည်။

ဒီဇင်ဘာလ (၂၆) ရက်နေ့ နေ့လည် ၂ နာရီခန့်အချိန်တွင် မောင်တောမြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးထွန်းရွှေခိုင် ဦးဆောင်သည့် မီးသတ်တပ်ဖွဲ့ဝင်များသည် မြို့မတောင်ရပ်ကွက် သီရိမင်္ဂလာခန်းမ ရှေ့လိုင်းတန်းရှိ ဦးမူဆာ၏ ဆိုင်ကယ်ပြင်ဆိုင်သို့ ရောက်ရှိလာပြီး မီးသတ်ဂက်စ်ဗူးတစ်ဗူးကို ငွေကျပ် လေးသောင်းဖြင့် ဝယ်ယူရန် ပြောဆိုခဲ့သည်။ ဆိုင်ရှင်ဖြစ်သူ ဦးမူဆာက ဆိုင်မှရရှိသော ဝင်ငွေဖြင့် မိသားစု စားဝတ်နေရေးအတွက် ဖြေရှင်းနေရကြောင်း၊ မီးသတ်ဂက်စ်ဗူး ဝယ်ယူရန် ငွေမတတ်နိုင်ကြောင်း ကောင်းမွန်စွာ ပြောပြသော်လည်း မီးသတ်တပ်ဖွဲ့ဝင်များက ဆိုင်ထဲသို့ ဝင်ရောက်၍ ထိုင်ခုံများကို ခြေထောက်များဖြင့် ကန်ကျောက်ခြင်း၊ ဆူပူကြိမ်းမောင်းခြင်းများ ပြုလုပ်၍ မဝယ်မနေရဟု ဆိုကာ အတင်းအဓမ္မ ရောင်းချခဲ့ကြောင်း မြို့ခံတစ်ဦးက Rohingya Today သို့ပြောပါသည်။ 

အလားတူ ဆိုင်ကယ်ပြင်ဆိုင်မှ ဦးအစ္စမိုင်လ်ကိုလည်း ပါးရိုက်၍ အတင်းအဓမ္မ ရောင်းချခဲ့ကြောင်း အဆိုပါ မြို့ခံက ပြောပါသည်။ 

မီးသတ်တပ်ဖွဲ့က ငွေကျပ် လေးသောင်းမှ ငါးသောင်းဖြင့် အတင်းအဓမ္မ ရောင်းချ၍ တပ်ဆင်ခိုင်းနေသည့် 3KG မီးသတ်ဆေးဗူးတစ်ဗူး၏ ပြင်ပပေါက်ဈေးမှာ ငွေကျပ် ၁၆၀၀၀ မှ ၁၇၀၀၀ လောက်သာရှိသည်။ ဈေးဆိုင်ပိုင်ရှင်များက မိမိတို့၏ အစီအစဉ်ဖြင့် ပြင်ပဈေးကွက်မှ ဝယ်ယူ၍ တပ်ဆင်မည်ဟု ပြောဆိုသော်လည်း မီးသတ်တပ်ဖွဲ့ဝင်များက အပြင်မှ ဝယ်ယူ၍ တပ်ဆင်ခွင့် မရှိကြောင်း၊ ၎င်းတို့ထံမှ ဝယ်ယူတပ်ဆင်ရမည်ဟု ပြောဆိုကာ ဈေးကြီးကြီးဖြင့် ၎င်းတို့ထံမှ အတင်းအဓမ္မ ဝယ်ယူခိုင်းသည်ဟု ဈေးဆိုင်ပိုင်ရှင်များက ပြောပါသည်။

“ရခိုင်လူမျိုးတွေရဲ့ ဆိုင်တွေကို ရောင်းနေတာ မကြားမိဘူး။ ကျွန်တော်တို့ကိုကျတော့ တမင် အနိုင်ကျင့်နေတာ၊ ယခင် စစ်အစိုးရလက်ထက်က ပုံစံအတိုင်း အနိုင်ကျင့် ရက်စက်နေတုန်းပဲ။ မဝယ်ရင် ဖမ်းခံရမယ်ဆိုတာမျိုး ခြိမ်းခြောက်တာတွေ ရှိတယ်။ အရောင်းအဝယ်လည်း မကောင်းတဲ့ အချိန်ဆိုတော့ ပိုပြီး ဒုက္ခရောက်တယ်” ဟု ဈေးဆိုင်ရှင်တစ်ဦးက ပြောပါသည်။ 



ကျော်စိုး
Rohingya Today
29.12.2018
ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် သပိတ်တောင်ကျေးရွာအုပ်စုတွင် ဆွဲ၊တင်၊စစ် စစ်ဆေးရာ၌ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် စစ်ဆေးရေးအဖွဲ့တို့ ပူးပေါင်း၍ ငွေကြေး အဆမတန် ကောက်ခံမှုကြောင့် ရိုဟင်ဂျာများ အခက်အခဲ ကြုံတွေ့လျက်ရှိသည်။ 

ဘူးသီးတောင်မြို့နယ် တောင်ပိုင်း သပိတ်တောင်ကျေးရွာအုပ်စုတွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ စစ်ဆေးရေးအဖွဲ့တစ်ဖွဲ့သည် ဒီဇင်ဘာလ (၂၆) ရက်နေ့မှစ၍ ဆွဲ၊တင်၊စစ် စစ်ဆေးရာ၌ စစ်ဆေးရေးအဖွဲ့ အတွက် ထမင်းစရိတ်ဟုဆိုကာ အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် ၂၅၀၀/-၊ ကလေးမွေးတိုးတစ်ဦးကို အိမ်ထောင်စုလူဦးရေစာရင်းတွင် တင်ပေးရန် အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်အတွက် ငွေကျပ် ၅၀၀၀/- မှ ၁၀၀၀၀/- အထိ၊ ကျန်းမာရေး ထောက်ခံချက်အတွက် ငွေကျပ် ၁၀၀၀/-၊ စစ်ဆေးရေးအဖွဲ့အတွက် ငွေကျပ် ၁၀၀၀၀/- မှ ၁၅၀၀၀/-၊  စုစုပေါင်း ငွေကျပ် ၃၀၀၀၀/- ဝန်းကျင်အထိ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်သာကျော်နှင့်အဖွဲ့၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့က ပူးပေါင်း၍ ကောက်ခံနေကြောင်း ဒေသခံများက Rohingya Today သို့ပြောပါသည်။ 

အပြောင်းအရွှေ့များအတွက် ပြုလုပ်ပေးရာတွင်လည်း နှစ်ခုစလုံး တစ်အုပ်စုအတွင်းမှ အိမ်ထောင်စုစာရင်း ဖြစ်မှသာ ပြုလုပ်ပေးနေပြီး အိမ်ထောင်စုစာရင်းတစ်ခုမှ နောက်တစ်ခုသို့ ပြောင်းရွှေ့ပေးရန် အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်အတွက် ငွေကျပ် ၁၀၀၀၀/- မှ ၂၀၀၀၀/- အထိ၊ လက်ထပ်စာချုပ်အတွက် ငွေကျပ် ၄၀၀၀၀/- မှ ၆၀၀၀၀/- ကျပ်အထိ၊ စစ်ဆေးရေးအဖွဲ့အတွက် ငွေကျပ် ၂၀၀၀၀/- မှ ၃၀၀၀၀/- ကျပ်အထိ၊ စုစုပေါင်း ငွေကျပ် တစ်သိန်းခန့် ကောက်ခံနေကြောင်း ရွာသားတစ်ဦးက ပြောသည်။

ရိုဟင်ဂျာများသည် အသွားအလာ ပိတ်ပင်ခံထားရပြီး၊ အလုပ်အကိုင် အခွင့်အလမ်း အလွန်ရှားပါးသွားသည့်ကြားက ယခုလို ကလေးမွေးတိုးနှင့် အပြောင်းအရွှေ့များ ပြုလုပ်ရာတွင် ငွေအလွန်အကျွံ ကောက်ခံမှုများကြောင့် အလွန်ပင် အခက်အခဲ ကြုံတွေ့နေရသည်။ 

ယခုကဲ့သို့ ငွေညှစ်မှုများကြောင့် အချို့သော ဆင်းရဲနွမ်းပါးသူများသည် အိမ်ထောင်ပြုပြီးချိန်မှ သားသမီး ၃ ဦး၊ ၄ ဦး ထွန်းကားလာသည်အထိ ၎င်းတို့၏ အိမ်ထောင်စုလူဦးရေစာရင်းတွင် ဇနီးသည်ကို မတင်နိုင်သေးသည့်အပြင် သားသမီးများကိုပါ မတင်နိုင်တော့ဘဲ နောက်ဆုံးတွင် ကလေးများ အိမ်ထောင်စုလူဦးရေစာရင်းတွင် မတင်နိုင်တော့ဘဲ တရားမဝင် ကလေးများ ဖြစ်သွားကြတော့သည်။





အောင်မင်း
Rohingya Today
28.12.2018

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ဦးလှဖေကျေးရွာအုပ်စုမှ တဖက်နိုင်ငံသို့ ထွက်ပြေး ခိုလှုံနေသူများ၏ အိမ်ခြံဝင်းထဲရှိ သစ်ပင်ကြီးများကို တပ်ရင်း ၅၅၁ မှ လာရောက် ခုတ်လှဲလျက်ရှိသည်။

၂၀၁၇ ခုနှစ် သြဂုတ်လ (၂၅) ရက်နေ့ ဖြစ်စဉ်နောက်ပိုင်း မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များတွင် ပြုလုပ်ခဲ့သည့် အစိုးရ၏ ရက်စက်ကြမ်းကြုတ်သော နယ်မြေရှင်းလင်းရေးဒဏ်ကို မခံနိုင်၍ နေရပ်စွန့်ခွာခဲ့ရပြီး တဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခိုလှုံနေကြသည့် (၇) သိန်းကျော်သော ရိုဟင်ဂျာများတွင် ဘူးသီးတောင်မြို့နယ် ဦးလှဖေကျေးရွာအုပ်စုရှိ အိမ်ခြေ ၁၀၀ ခန့်မှ မိသားစုများလည်း ပါဝင်သည်။

တပ်ရင်း ၅၅၁ မှ စစ်သားများသည် ဦးလှဖေကျေးရွာအုပ်စုသို့ ရောက်ရှိလာပြီး ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ကို ခေါ်ယူကာ တဖက်နိုင်ငံရောက် ဒုက္ခသည်များ ပိုင်ဆိုင်သော အိမ်ခြံဝင်းများထဲရှိ သစ်ပင်ကြီးများကို လက်ကိုင်လွှစက်များဖြင့် ခုတ်လှဲလျက်ရှိကြောင်း ဒေသခံများက Rohingya Today သို့ပြောပါသည်။

လွန်ခဲ့သည့် (၅) ရက်ခန့်မှစ၍ ဦးလှဖေကျေးရွာအုပ်စု၊ ရွာကြီးကျေးရွာ၏ တောင်ဘက်စွန်းမှ စတင်ခုတ်လှဲနေခြင်း ဖြစ်ပြီး၊ ကျန်သည့် အိမ်ခြံဝင်းများရှိ သစ်ပင်များအားလုံးကိုလည်း ခုတ်လှဲသွားမည်ဟု ကြားနေရကြောင်း ဒေသခံများက ဆိုသည်။

ဦးလှဖေကျေးရွာသည် တောင်တန်းဒေသဖြစ်၍ သစ်ပင်ကြီးများ ပေါများသဖြင့် အိမ်ခြံဝင်းများအတွင်းရှိ သရက်ပင်၊ ပိန္နဲပင်၊ ကုက္ကိုပင် စသည့်သစ်ပင်ကြီးများကို အဓိက ခုတ်လှဲနေခြင်းဖြစ်သည်။ 




သိမ်းဝေ
Rohingya Today
27.12.2018

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် မိကျောင်းဈေးကျေးရွာအုပ်စု၌ ဆွဲ၊တင်၊စစ် စတင်စစ်ဆေးရာတွင် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့က မွေးတိုးနှင့် လူအပြောင်းအရွှေ့များ ပြုလုပ်ပေးရန် ရွာသားများထံမှ ငွေအလွန်အကျွံ ကောက်ခံလျက်ရှိသည်။

ဒီဇင်ဘာလ (၂၆) ရက်နေ့တွင် နယ်ခြားစောင့်ရဲ ၂၀ ဦးနှင့် လ.ဝ.က ဝန်ထမ်း ၇ ဦးတို့သည် ဘူးသီးတောင်မြို့နယ် မြောက်ပိုင်း မိကျောင်းဈေးကျေးရွာအုပ်စုသို့ ရောက်ရှိလာပြီး ဒေသခံရိုဟင်ဂျာများအား ဆွဲ၊တင်၊စစ် စစ်ဆေးမှုများ ပြုလုပ်ရာတွင် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့က မွေးတိုးစာရင်းသွင်းရန်နှင့် အိမ်ထောင်စုစာရင်း တစ်ခုမှ နောက်တစ်ခုသို့ ပြောင်းရွှေ့ပေးရန် ထောက်ခံသည့်အမှုတွဲ ထုတ်ပေးရန် ငွေအလွန်အကျွံ ကောက်ခံကြောင်း ဒေသခံများက Rohingya Today သို့ပြောပါသည်။ 

မိကျောင်းဈေးကျေးရွာမှ ရွာသားမြောက်မြားစွာသည် ၂၀၁၇ ခုနှစ် သြဂုတ်လ ဖြစ်စဉ် နောက်ပိုင်းတွင် အသက်အန္တရာယ်မှ လွတ်မြောက်ရန်အတွက် တဖက်နိုင်ငံသို့ ထွက်ပြေးခိုလှုံရန် နေရပ်စွန့်ခွာသွားခဲ့ရာ ယခုအခါ အိမ်ထောင်စု ၁၉၁ စုသာ ကျန်ရှိနေတော့သည်။ 

စစ်ဆေးရေးအဖွဲ့သည် လူအတိုးအလျှော့ ပြုလုပ်ရန်မရှိသည့် မိသားစုများကို အခြားစာရွက်စာတမ်းများ မလိုအပ်ဘဲ စစ်ဆေးပေးပြီး မွေးတိုးစာရင်းတင်သွင်းခြင်း၊ အကျဉ်းထောင်မှ လွတ်လာသူများနှင့် အိမ်ထောင်စုစာရင်းတစ်ခုမှ နောက်တစ်ခုသို့ ပြောင်းရွှေ့ပေးခြင်းတို့ကို ကျေးရွာအုပ်ချုပ်ရေးမှူး၏ ထောက်ခံစာ ရမှသာ ဆောင်ရွက်ပေးသည်။

ငွေကောက်ခံနေသူသည် မိကျောင်းဈေးကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အလွန်ရင်းနှီးသည့် ဆရာဦးမိုဟမ္မဒ်တွာဟဲရ် (ဘ) ဦးအဘူဆယိဒ် (အသက် ၄၅ နှစ်) ဖြစ်ပြီး မွေးတိုး ထောက်ခံသည့် အမှုတွဲတစ်တွဲလျှင် ငွေကျပ် ၁၅၀၀၀/- နှင့် အပြောင်းအရွှေ့ ပြုလုပ်ပေးရန် ထောက်ခံသည့်အမှုတွဲတစ်တွဲလျှင် ငွေကျပ် ၂၅၀၀၀/- မှ ၄၀၀၀၀/- အထိ ကောက်ခံပြီး ပုံစံများ ဖြည့်စွက်ခဆိုကာ ငွေကျပ် ၃၀၀၀/- မှ ၅၀၀၀/- အထိ ထပ်မံပေးရသည်။ 

ပုံစံများကို ကိုယ်တိုင် ဖြည့်စွက်ခွင့်မရှိဘဲ ဦးမိုဟမ္မဒ်တွာဟဲရ်၏ သားကသာ ဖြည့်စွက်ပေးရပြီး တစ်စောင်လျှင် ငွေကျပ် ၃၀၀၀/- မှ ၅၀၀၀/- အထိ ပေးရသည်။

“အုပ်ချုပ်ရေးမှူးက ငါတို့အရင်နှစ်ကလို စစ်ဆေးရေးအဖွဲ့အတွက် ထမင်းစရိတ်နှင့် ဓါတ်ပုံရိုက်ခ ၂၀၀၀/- ကျပ်စီ မကောက်တော့ဘူး။ ဒီနှစ် အခမဲ့စစ်ဆေးခံလို့ရမယ် ဆိုပြီးတော့ အခုက မွေးတိုး၊ အပြောင်းအရွှေ့တွေ အတွက် ဒီလောက် ငွေများများ ကောက်ခံနေတာက အခမဲ့လုပ်ပေးနေတာလား၊ ပြီးတော့ ၂၇ ဦးပါတဲ့ စစ်ဆေးရေးအဖွဲ့တစ်ဖွဲ့လုံးကို ထမင်းကျွေးနေတာ၊ အဲဒီစရိတ်ကိုလည်း ရွာသားတွေ သက်သာအောင် အလှူရှင်တစ်ဦးက ပေးသွားမယ်လို့ ကတိပေးထားဆိုပြီးလည်း သတင်းတွေ ကြားနေရတယ်” ဟု ရွာသားတစ်ဦးက ပြောပါသည်။




ကျော်စိုး
Rohingya Today
27.12.2018
တပ်မင်းချောင်းရွာမှ အာလူးစိုက်ခင်း


ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် တပ်မင်းချောင်းရှိ တပ်ရင်း ၃၅၂ က ရိုဟင်ဂျာများ ပိုင်ဆိုင်သည့် အာလူး စိုက်ပျိုးခင်းများတွင် စက်ဖြင့် ရေလောင်းပေးပြီး အဆမတန် ငွေကောက်ခံနေသည်။

ဘူးသီးတောင်မြို့နယ်၊ တပ်မင်းချောင်းကျေးရွာအုပ်စု အခြေစိုက် တပ်ရင်း ၃၅၂ က တပ်မင်းချောင်းရှိ ရိုဟင်ဂျာများ စိုက်ပျိုးထားသည့် အာလူးစိုက်ခင်းများတွင် ၎င်းတို့နှင့် ရင်းနှီးသည့် လူတစ်ဦးကို စေလွှတ်၍ စက်နှစ်လုံးတပ်ဆင်ကာ ရေလောင်းပေးလျက်ရှိပြီး တစ်ဧကလျှင် ငွေကျပ် နှစ်သောင်းစီ ကောက်ခံလျက်ရှိကြောင်း ဒေသခံများက Rohingya Today သို့ပြောပါသည်။

တပ်မင်းချောင်း ကျေးရွာအုပ်စုရှိ လယ်ယာမြေများအနက် အာလူးစိုက်ပျိုးသည့် ရိုဟင်ဂျာပိုင် လယ်မြေ ဧက ၃၀ ခန့်နှင့် တပ်ပိုင်လယ်မြေ ဧက ၈၀ ခန့်ရှိကြပြီး တပ်ပိုင်မြေများကို ရိုဟင်ဂျာများက ငှားရမ်း၍ စိုက်ပျိုးကြသည်။

တပ်ရင်း ၃၅၂ က တပ်မင်းချောင်းရွာသား ကေဖားယဲသ်အုလ္လာ (ဘ) ဦးမိုဟမ္မဒ်တွာဟဲရ် (အသက် ၂၇ နှစ်) ထံမှ ငွေကျပ် ၁၈၀၀၀၀/- (တစ်သိန်းရှစ်သောင်းကျပ်) ယူ၍ ရိုဟင်ဂျာများပိုင်ဆိုင်သည့် လယ်မြေဧက ၂၀ ခန့်ရှိသည့် နေရာတွင် တစ်ဦးတည်း ရေလောင်းခွင့်ပေးထားပြီး၊ စိုက်ပျိုးသူများက အခြားပုံမှန်ဈေးနှုန်းဖြင့် ရေလောင်းပေးသည့် စက်များဖြင့် ရေလောင်းလျှင် ငွေညှစ်ခြင်းနှင့် စက်သိမ်းခြင်းများ ပြုလုပ်သည်။

တပ်မင်းချောင်းနှင့် ကပ်လျက်ရှိသည့် ကျောက်ဖြူတောင်ကျေးရွာအုပ်စုတွင် သာမာန်ရွာသားများက တစ်ဧကလျှင် ငွေကျပ် ၈၀၀၀/- မှ ၁၀၀၀၀/- ခန့်စီယူ၍ စက်ဖြင့် ရေလောင်းပေးလျက်ရှိသည်။

ထို့အပြင် တပ်ရင်း ၃၅၂ က ချောင်းမှ ရေသွယ်ယူသုံးစွဲခွင့်ဟုဆိုကာ (သွယ်ယူခြင်းရှိသည် ဖြစ်စေ၊ မရှိသည်ဖြစ်စေ) ရိုဟင်ဂျာပိုင် လယ်မြေများတွင် အာလူစိုက်ပျိုးသူများထံမှ နှစ်စဉ်တစ်ရာသီအတွက် အာလူး ၁၁၄ ပိဿာစီ ကောက်ခံလေ့ရှိပြီး ယခုနှစ်တွင်လည်း ကောက်ခံသွားမည်ဟု လွန်ခဲ့သည့် ၁၀ ရက်ခန့်က တပ်ရင်းမှ ရုံးစာရေး ဦးကျော်ဆွေလင်းက ဒေသခံများကို အသိပေးခဲ့သည်။

တပ်ပိုင်လယ်မြေများ ငှားရမ်းစိုက်ပျိုးသူများအနေဖြင့် တစ်ရာသီလျှင် တစ်ဧက ငှားရမ်းခ၊ ရေလောင်းခနှင့် ချောင်းမှ ရေသွယ်ယူသုံးစွဲခွင့် အပါအဝင် စုစုပေါင်း အာလူး ၆၈၄ ပိဿာစီ ပေးရသည်။

“အာလူးစိုက်ခင်းတွေမှာ တစ်ရာသီလုံးအတွက် နှစ်ကြိမ်၊ သုံးကြိမ်လောက်ပဲ ရေလောင်းရတယ်၊ အခုလို တစ်ကြိမ်အတွက် တစ်ဧကကို ရေလောင်းခ နှစ်သောင်းစီပေးရတယ်၊ နှစ်ဆထက်မက အပိုဆိုရင်လည်း ပေးကိုပေးရတယ်။ ရာသီကုန်ရင်လည်း ဘာမှ အဓိပ္ပာယ်မရှိတဲ့ ချောင်းမှ ရေသွယ်ယူသုံးခွင့်ဆိုပြီး အာလူး ၅ မောင်း (၁၁၄ ပိဿာ) စီပေးရတော့ အခုလို မရပ်မနား အားစိုက် စိုက်ပျိုးပြီး နောက်ဆုံးမှာ အကျိုးအမြတ်မရဘဲ ပင်ပန်းခံရတာပဲ အဖတ်တင်တယ်” တပ်မင်းချောင်းမှ ရွာသားတစ်ဦး ပြောပါသည်။







မောင်ဝံ့သ
Rohingya Today
26.12.2018

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် မဟာဓါတ်အားလိုင်း စီမံကိန်းဖြင့် ၂၄ နာရီ မီးရရှိစေရန် အကောင်အထည်ဖော်လျက်ရှိသော်လည်း မီတာရရှိရေးအတွက် ငွေကြေး မြောက်မြားစွာ ကုန်ကျလျက်ရှိသည်။ 

မောင်တောမြို့နယ်တွင် မဟာဓါတ်အားလိုင်း စီမံကိန်းဖြင့် ၂၄ နာရီ မီးရရှိစေရန် ဓါတ်တိုင်များ စိုက်ထူလျက်ရှိရာ ယခင်ရှိခဲ့သည့် ဓါတ်တိုင်မှာ ကိုက် ၁၀၀ အကွာအဝေးရှိ မီတာဘောက် ပိုင်ရှင်က ဓါတ်တိုင် အသစ်စိုက်ထူရန်အတွက် ငွေကျပ် ၅ သိန်း ပေးရကြောင်း ဒေသခံများက Rohingya Today သို့ ပြောပါသည်။ 

“မြို့မတောင်ရပ်ကွက် ဥက္ကဌဟောင်း ဦးဘော်ရှော်ရ်တို့ရဲ့ ဝန်းကျင်မှာ ဓါတ်တိုင် ၅ တိုင်အတွက် ၂၅ သိန်း၊ ဖေဇီရွာ အနောက်တောင်ဘက် ဝန်းကျင်ကနေ ငွေကျပ် သိန်း ၆၀ ကောက်ပြီးပြီ။ အခြားရပ်ကွက်တွေမှာလည်း အလားတူ ကောက်နေတုန်းပဲ” ဟု မြို့ခံတစ်ဦးက ပြောသည်။ 

ပြည်ထောင်စုအစိုးရ၏ ဘတ်ဂျက်ဖြင့် အကောင်အထည်ဖော်နေသော စီမံကိန်းတွင် အောက်ခြေဝန်ထမ်းများက ဓါတ်တိုင်စိုက်ထူရန် ငွေကောက်ခံ၍ ငွေရှာနေခြင်းဖြစ်သည်ဟု ဒေသခံများက ဝေဖန်ပြောဆိုနေကြသည်။ 

မီတာဘောက်များကို အစိုးရဈေးနှုန်း ငွေကျပ် ၇၅၀၀၀/- (ခုနှစ်သောင်းငါးထောင်ကျပ်) သတ်မှတ်ထားသော်လည်း ငွေကျပ် ငါးသောင်း လာဘ်ငွေပေးနိုင်သူများကိုသာ ရွေးချယ်၍ တပ်ဆင်ပေးလျက်ရှိပြီး၊ သာမာန်လျှောက်ထားသူများကို ယခုအချိန် တပ်ဆင်ပေးခြင်း မရှိသေးကြောင်း သိရသည်။

မီတာဘောက် တပ်ဆင်ရာတွင် တပ်ဆင်ခ ငွေကျပ် ၂၅၀၀၀/-၊ ရုံးအတွက် ရန်ပုံငွေ တစ်သောင်းကျပ်၊ မီတာဘောက် အခွံအတွက် ငွေကျပ် ၂၅၀၀၀/- တို့အပြင် ဝါယာကြိုးများကိုလည်း ပြင်ပပေါက်ဈေးထက် ဈေးပိုပေး၍ ဝယ်ယူနေရသည်ဟု ဒေသခံများက ပြောပါသည်။ 

“နိုင်ငံတော်အစိုးရက ၂၄ နာရီ လျှပ်စစ်မီးရရှိရေးအတွက် စီမံချက်နဲ့ အကောင်အထည်ဖော်နေတာကို အောက်ခြေဝန်ထမ်းတွေက အခွင့်ကောင်းယူပြီး မတရားသဖြင့် ငွေရှာနေတယ်။ ဒါမျိုးတွေကို အစိုးရက ထိထိရောက်ရောက် အရေးယူပေးဖို့ ဒေသခံတွေ အားလုံးကိုယ်စား တောင်းဆိုပါတယ်” ဟု မြို့ခံ နောက်တစ်ဦးက ပြောသည်။ 





မောင်ဝံ့သ
Rohingya Today
25.12.2018
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ မြို့မအရှေ့ရပ်ကွက် ဗဟိုကျောင်းတိုက်တောင်ဘက်တွင် တည်ရှိသော အသိုင်းအဝိုင်းနှစ်ခုကြား တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် ဒေသခံရခိုင်မိသားစုတစ်စုက ရည်ရွယ်ချက်ရှိရှိဖြင့် လုပ်ဆောင်လျက်ရှိသည်။

မောင်တောမြို့နယ်၊ မြို့မအရှေ့ရပ်ကွက် ဗဟိုကျောင်းတိုက် တောင်ဘက်တွင် တည်ရှိသော ရခိုင်ရွာသည် ရိုဟင်ဂျာရွာနှင့် ကပ်လျက် တည်ရှိပြီး၊ ယင်းရွာမှ ကြက်ရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်သူ ဦးမောင်ဖြူနှင့် ၎င်း၏ သားဖြစ်သူတို့သည် ၂၀၁၂ ခုနှစ် ပဋိပက္ခကာလတွင် အနီးတစ်ဝိုက်ရှိ ရိုဟင်ဂျာနေအိမမ်များကို မီးရှို့ခြင်း၊ လုယက်ခြင်းများကို အဓိက လုပ်ဆောင်ခဲ့သူတစ်ဦးလည်း ဖြစ်သည်။ 

၂၀၁၂ ခုနှစ် ပဋိပက္ခကာလအတွင်းတွင် ရခိုင်အိမ်များနှင့် ကပ်လျက်ရှိသည့် ရိုဟင်ဂျာများသည် ရိုဟင်ဂျာရွာများသို့ ထွက်ပြေး၍ ယာယီခိုလှုံခဲ့သည်။ ထိုကာလအတွင်းတွင် ဦးမောင်ဖြူသည် ၎င်း၏ အိမ်နှင့် ကပ်လျက်ရှိသည့် ဦးအဘူယျာ (အသက် ၂၇ နှစ်) ၏ အိမ်ခြံဝင်းအတွင်းသို့ အတင်းအဓမ္မ ဝင်ရောက်၍ အိမ်ဆောက် နေထိုင်ခဲ့သည်။ အိမ်ရှင်ဖြစ်သူက အကြိမ်ကြိမ် ကန့်ကွက်ခဲ့သော်လည်း အမျိုးမျိုး ခြိမ်းခြောက်နေသောကြောင့် ၆ နှစ်ကျော်ကြာသွားသော်လည်း ယခုအချိန်ထိ ဝင်ရောက်၍ နေထိုင်နိုင်ခြင်း မရှိသေးကြောင်း ရွာသားတစ်ဦးက Rohingya Today သို့ပြောပါသည်။ 

ဦးမောင်ဖြူ၏ မျက်နှာချင်းဆိုင်ဘက်ခြမ်းတွင် ရှိသည့် မော်လဝီဟိုင်ဘီအုလ္လာ (အသက် ၅၄ နှစ်) ၏ အိမ်ခြံရှိပြီး၊ ယင်းခြံဝင်းကို မော်လဝီဟိုင်ဘီအုလ္လာက ၂၀၁၂ ခုနှစ်မှစ၍ ခြံစည်းရိုးကာနိုင်ခဲ့ခြင်း မရှိသောကြောင့် ယခုနှစ် နိုဝင်ဘာလ (၂၃) ရက်နေ့တွင် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးသို့ ငွေကျပ် ၃၂၀၀၀၀/- (သုံးသိန်းနှစ်သောင်း) ပေး၍ ခြံစည်းရိုးကာရံရန် ခွင့်ပြုမိန့်ရယူခဲ့သည်။ နိုဝင်ဘာလ (၂၄) ရက်နေ့တွင် မော်လဝီဟိုင်ဘီအုလ္လာသည် အိမ်ခြံစည်းရိုးကာနေစဉ် ဦးမောင်ဖြူနှင့် သားများ ရောက်ရှိလာပြီး နည်းမျိုးစုံဖြင့် ခြိမ်းခြောက်၍ ခြံစည်းရိုးကာရံခွင့် မပေးခဲ့ကြောင်း ဒေသခံများက ပြောပါသည်။ 

ရခိုင်ရွာနှင့် ရိုဟင်ဂျာရွာတို့ ကပ်လျက်ရှိသော်လည်း မိသားစုများသဖွယ် ရင်းနှီးခင်မင်စွာ နေထိုင်နေသည့် ရွာများဖြစ်ကြပြီး၊ ဦးမောင်ဖြူနှင့် သားများ၏ လုပ်ရပ်များသည် အသိုင်းအဝိုင်းနှစ်ခုကြား တည်ငြိမ်မှု ပျက်ပြားအောင် တမင်ရည်ရွယ်ချက်ရှိရှိဖြင့် လုပ်ဆောင်နေခြင်း ဖြစ်သည်ဟု ဒေသခံများကဆိုသည်။ 




မောင်ဝံ့သ
Rohingya Today
25.12.2018
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်းရှိ သရက်အုပ်ကျေးရွာမှ ကျောက်လှေကားဈေးသို့ သွားရာလမ်းတွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့က ကင်းစခန်းချ၍ NVC မရှိသူများကို ဖြတ်သန်းသွားလာခွင့် မပေးသဖြင့် ဒေသခံများ အခက်အခဲ ကြုံတွေ့နေရသည်။

မောင်တောမြို့နယ် မြောက်ပိုင်း မင်္ဂလာကြီးကျေးရွာနှင့် သရက်အုပ်ကျေးရွာတို့အကြား ကူတို့ချောင်းတစ်ခုရှိပြီး၊ သရက်အုပ်ကျေးရွာမှ ရိုဟင်ဂျာများသည် ယင်းကူတို့ချောင်းကို လှေဖြင့် ကူးဖြတ်၍ ကျောက်လှေကားဈေးသို့ သွားရောက်၍ စားသုံးကုန်များဝယ်ယူကြရသည့်အပြင် သားငါးများကို ရောင်းချ၍ အသက်မွေးဝမ်းကျောင်း ပြုနေရသူများ ဖြစ်ကြသည်။

လွန်ခဲ့သည့် နိုဝင်ဘာလ (၂၀) ရက်နေ့မှစတင်၍ နယ်မြေ (၆) ကျောက်လှေကား နယ်ခြားစောင့်ရဲတပ်ဖွဲ့ နယ်မြေရုံးမှ မင်္ဂလာကြီးကျေးရွာအနီးရှိ အဆိုပါ ချောင်းအနီးတွင် ကင်းစခန်းချခဲ့သည်။ အဆိုပါကင်းစခန်းမှ နယ်ခြားစောင့်ရဲများသည် ကူတို့ချောင်းကို ဖြတ်သန်း၍ ရောက်ရှိလာသူများထံမှ NVC ကဒ်များ တောင်းခံခြင်း၊ ရွာထွက်လက်မှတ်များ တောင်းခံခြင်း တို့ကြောင့် လွယ်လင့်တကူ ဖြတ်သန်းသွားလာခွင့်မရသလို၊ NVC ကဒ် မပြနိုင်သူများကို ဖြတ်သန်းသွားလာခွင့် မပေးဘဲ ပြန်သွားခိုင်းကြောင်း ဒေသခံများက Rohingya Today သို့ပြောပါသည်။

အဆိုပါ ကင်းစခန်းမှ ဖြတ်သန်းသွားလာခွင့် ကန့်သတ်ထားသောကြောင့် သရက်အုပ်ကျေးရွာသားများ၏ အသက်မွေးဝမ်းကျောင်းနှင့် စားဝတ်နေရေးကို ဆိုးဆိုးရွားရွား ထိခိုက်မှုရှိနေသည့်အပြင်၊ သာမာန် လမ်းသွားလမ်းလာများအတွက်ပင် ကြီးမားသော အနှောက်အယှက်တစ်ခု ဖြစ်နေသည်ဟု ဒေသခံများကဆိုသည်။

“ဒီကင်းစခန်းက ရိုဟင်ဂျာတွေကို ကန့်သတ်ဖို့နဲ့ နေလို့ မရရင် တဖက်နိုင်ငံကို ထွက်ပြေး ခိုလှုံအောင် တမင်သက်သက် ဖန်တီးထားတာသာ ဖြစ်တယ်” ဟု ဒေသခံတစ်ဦးက ပြောပါသည်။



ရန်နိုင်
Rohingya Today
25.12.2018

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ရေတွင်းပြင်ရွာရှိ ရိုဟင်ဂျာများကို အနီးအနားရှိ ရခိုင်ရွာများက သတ်ဖြတ်မည်ဟု ခြိမ်းခြောက် ပြောဆိုမှုများကြောင့် ရွာအပြင်သို့ မထွက်နိုင်တော့ဘဲ အခက်အခဲပေါင်းစုံ ကြုံတွေ့နေရသည်။

မောင်တောမြို့နယ် မြောက်ပိုင်း အထက်ပြူးမကျေးရွာအုပ်စုတွင် ဒီဇင်ဘာလ (၁၇) ရက်နေ့ တစ်ရက်အတွက် တိုက်ခိုက်မှုနှစ်ခု ဖြစ်ပွားခဲ့ပြီး မာရမာကြီး နှစ်ဦး ဒဏ်ရာများဖြင့် ထွက်ပြေးလွတ်မြောက်နိုင်ခဲ့သော်လည်း ရခိုင်လူမျိုး နှစ်ဦး ပျောက်ဆုံးသွားခဲ့ပြီး နောက်ပိုင်းတွင် ၎င်းတို့၏ ရုပ်အလောင်းများ တွေ့ရှိခဲ့သည်။ 

တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည့် နေရာ၏ အနီးအနားတွင် ရခိုင်ကျေးရွာများသာရှိကြပြီး ရိုဟင်ဂျာကျေးရွာများ မရှိသော်လည်း အခင်းဖြစ်ရာနှင့် ၈ မိုင်ခန့် ကွာဝေးသည့် ရေတွင်းပြင်ကျေးရွာမှ ရိုဟင်ဂျာများက ပြုလုပ်ခဲ့သည်ဟု မဟုတ်မမှန် စွပ်စွဲပြောဆိုကာ လောင်းဒုံမှ ကျောင်းဆရာမတစ်ဦး၏ ခင်ပွန်းက ဦးဆောင်၍ ပြူးမ၊ ငါးခူရ၊ ကံပြင်၊ ငါးခူရရွာသစ်၊ ကြိမ်ချောင်း၊ လောင်းဒုံ၊ မင်းကြီး စသည့်အနီးအနားရှိ ရခိုင်ကျေးရွာများမှ ရခိုင်ရွာသားများကို စည်းရုံး၍ ရာနှင့်ချီရှိသည့် ရခိုင်လူမျိုးအုပ်စုတစ်စုက ဒီဇင်ဘာလ (၁၈) ရက်နေ့ နေ့လည် ၃း၃၀ နာရီခန့်အချိန်တွင် ရေတွင်းပြင်ကျေးရွာအုပ်စုရှိ ရိုဟင်ဂျာများကို တိုက်ခိုက်ရန် လာနေစဉ် ဇီးပင်ချောင်းရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ နယ်မြေစခန်းမှ ခွင့်မပြုခဲ့သဖြင့် လှည့်ပြန်သွားခဲ့ရသည်။ 

ဒီဇင်ဘာလ (၁၉) ရက်နေ့တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက အထက်ပြူးမရွာတွင် ဒေသခံ ၄ ဦး တိုက်ခိုက်ခံရပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေရှင်းလင်းရေး လုပ်နေသည်ဟု သတင်းထုတ်ပြန်ခဲ့သည်။ ဒီဇင်ဘာလ (၂၀) ရက်နေ့ မွန်းလွှဲ ၁ နာရီခန့်အချိန်တွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့နှင့် စစ်တပ် အင်အား ၁၅၀ ၀န်းကျင် ရေတွင်းပြင်ကျေးရွာသို့ ရောက်ရှိလာပြီး ရွာကို ၀န်းရံကာ အသက် ၃၀ နှစ်ခန့် အရွယ် ငွေကြေး ချမ်းသာသည့် ဦးမိုဟာမတ်အလီ၏ နေအိမ်ကို ပစ်မှတ်ထား၍ စစ်ဆေးခဲ့သည်။ စစ်ဆေးသူများက ဦးမိုဟာမတ်အလီကို မတွေ့သဖြင့် အိမ်တွင် ရှာဖွေတွေ့ရှိသည့် ရွှေ၊ ငွေများနှင့်အတူ ၎င်း၏ ဇနီး၊ သားနှစ်ဦးနှင့် ဇနီး၏ မောင်ဖြစ်သူ လေးဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ 

မောင်တောမြို့နယ် မြောက်ပိုင်းတွင် ရိုဟင်ဂျာကျေးရွာ မြောက်မြားစွာရှိခဲ့သော်လည်း ယခုအခါ ဆယ်ဂဏန်းခန့် ရွာများတွင် ရိုဟင်ဂျာအနည်းငယ်စီ ကျန်ရှိနေပြီး၊ ကျေးရွာအများစုမှ ဒေသခံရိုဟင်ဂျာများကို ၂၀၁၆ ခုနှစ် အောက်တိုဘာလနှင့် ၂၀၁၇ ခုနှစ် သြဂုတ်လ ဖြစ်စဉ်များ နောက်ပိုင်း မြန်မာစစ်တပ် အင်အား အလွန်အကျွံသုံး၍ သတ်ဖြတ်ခြင်း၊ မုဒိမ်းကျင့်ခြင်းများကြောင့် ခုနှစ်သိန်းခွဲခန့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေး ခိုလှုံနေကြရသည်။ 

ယခုအခါ ရေတွင်းပြင်ရွာ၏ အနီးအနားရှိ ရခိုင်ကျေးရွာများမှ ရခိုင်ရွာသားများက “ရေတွင်းပြင်ရွာသားတွေကို တွေ့ရင် သတ်ပစ်ရမယ်” ဟု အချင်းချင်းကြား ပြောဆိုမှုများ ရှိနေသောကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် အချို့က ၎င်းတို့နှင့် ရင်းနှီးကျွမ်းဝင်သည့် ရိုဟင်ဂျာများကို သတိဝီရိယနှင့် နေရန် ပြောဆိုသတိပေးထားသည်။ 

“အခုလို ကြားနေရတာတွေကြောင့် ကျွန်တော်တို့ ရွာအပြင် မထွက်နိုင်တော့ဘူး။ ကျန်းမာရေးပိုင်းမှာ ကိုယ်ဝန်ဆောင်တွေ မီးဖွားဖို့၊ ဆေးခန်းပုံမှန် ပြရမယ့်သူတွေ မပြနိုင်တာ စတာတွေနဲ့ စားသောက်ဖို့ ဈေးဝယ်တာတွေပါ တော်တော်လေး အခက်အခဲ ဖြစ်နေတယ်။ ရွာထဲကနေ ရွာပြင်မထွက်နိုင်တော့ဘူးဆိုရင် အခက်အခဲတွေကတော့ ပြောလို့မကုန်အောင် ကြုံတွေ့ရတယ်” ဟု ရေတွင်းပြင်ရွာသားတစ်ဦးက Rohingya Today သို့ပြောပါသည်။ 

မောင်တောမြို့နယ် မြောက်ပိုင်း ရေတွင်းပြင်ရွာမှ မြို့ပေါ်သို့သွားရန် ပြူးမ၊ ငါးခူရ၊ လောင်းဒုံ၊ ဖားဝပ်ချောင်း၊ အောင်မင်္ဂလာ၊ မောင်နှမ၊ သီဟိုဠ်ကျွန်း စသည့် ရခိုင်ရွာများကို ဖြတ်သန်း၍ သွားရသည်။



Rohingya Exodus