နောက်ဆုံးသတင်း/ဆောင်းပါးများ

ဘူးသီးတောင် တရားရေး မဏ္ဍိုင်ကို ရခိုင်အစွန်းရောက်များ လွှမ်းမိုးထား




RB News
18.6.2014

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၏ တရား စီရင်ရေး မဏ္ဍိုင်ကို ရခိုင်အစွန်းရောက် များနှင့် သံဃာတော်များက လွှမ်းမိုးထားသည့် အတွက် မတရားမှုများ ပိုမိုဖြစ်ပွားလျက် ရှိကြောင်း သတင်း ရရှိပါသည်။

“ဘူးသီးတောင်မြို့နယ်ရဲ့ တရားရေး မဏ္ဍိုင်က ဦးခင်မောင်ရွှေရဲ့ ကွန်ပျူတာဆိုင်မှာ ဖြစ်နေပါတယ်။ တရားရုံးမှာ အမှုတစ်ခု ရောက်လာပြီ ဆိုရင် ရခိုင်ကွန်ယက်၊ သံဃာတော်တွေ၊ ဒုရဲအုပ်ကျော်လှနဲ့ ဦးဇော်ဝင်းတို့က ဦးခင်မောင်ရွှေရဲ့ ကွန်ပျူတာဆိုင်မှာ ထိုင်ပြီး စည်းဝေးကြတယ်။ တရားစီရင်မှုနဲ့ ပတ်သက်ပြီး သူတို့ ဆုံးဖြတ်တယ်။ သူတို့ ဆုံးဖြတ်တဲ့ အတိုင်း တရားသူကြီးက စီရင်ရတယ်” ဟု ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ဘူးသီးတောင်မြို့နယ်တွင် တရားစီရင်မှုသည် ရခိုင် အစွန်းရောက်များနှင့် သံဃာတော်များ၏ ဆုံးဖြတ်ချက်သာ ဖြစ်နေသည်ဟု ၎င်းကဆိုသည်။ ထိုကဲ့သို့ ဖြစ်ပျက်နေသည်ကို ခရိုင်နှင့် မြို့နယ် အာဏာပိုင်များက သိရှိသော်လည်း ဟန့်တားခြင်း တစ်စုံတစ်ရာ မရှိဘဲ၊ လွှတ်ပေးထားကြောင်း သိရှိရပါသည်။

“လွန်ခဲ့တဲ့ ရက်ပိုင်းက အဖြစ်အပျက် တစ်ခုကို ကြည့်မယ်ဆိုရင် ဘူးသီးတောင်မြို့နယ် အလယ်ချောင်း ကျေးရွာမှာ ရခိုင် အမျိုးသား တစ်ဦးနဲ့ အမျိုးသမီးတို့ စီးလာတဲ့ ဆိုင်ကယ်ကို ရိုဟင်ဂျာတွေက မှားပြီး တားမိတာကို ကျေးရွာ အုပ်ချုပ်ရေးမှူးက အမှုလုပ်ပြီး ရိုဟင်ဂျာ ငါးယောက်ကို ဖမ်းထားပါတယ်။ အမှန်ဆိုရင် ဒါက အမှုလည်း မဟုတ်သလို၊ တရားသူကြီး အနေနဲ့ ချက်ချင်း အာမခံ ပေးလိုက်လို့ ရတဲ့ အမှုဖြစ်ပါတယ်။ ဒါပေမယ့် တရားသူကြီးကို ရခိုင် အစွန်းရောက် တွေနဲ့ သံဃာတော်တွေက လုံးဝ အာမခံ မပေးရဘူးလို့ ပြောထားလို့ အာမခံ မပေးဘဲ မတရား သဖြင့် ထောင်ချဖို့ စီစဉ်နေတယ်။ တဖက်က ဒုရဲအုပ် ကျော်လှက အမှုက လွတ်အောင် လုပ်ပေးမယ် ဆိုပြီး ဖမ်းခံထားရတဲ့ ရိုဟင်ဂျာ ၅ ဦး ဆီက ငွေကျပ် သိန်း ၃၀ ယူထားပါတယ်” ဟု အဆိုပါ ဒေသခံက RB News သို့ပြောပါသည်။

“ဒီကိစ္စကို ခရိုင်နဲ့ မြို့နယ် အုပ်ချုပ်ရေးမှူးတွေ၊ ခရိုင်နဲ့မြို့နယ် ရဲတပ်ဖွဲ့မှူးတွေက သိပါတယ်။ ဒါပေမယ့် ဘာမှ လုပ်မပေးဘူး။ အရင်က တရားသူကြီးက ဖြစ်စဉ်ကို သေချာ လေ့လာပြီး ဆုံးဖြတ်တဲ့ အတွက် ဒီလောက် ပြဿနာတွေ မရှိခဲ့ဘူး။ အခု တရားသူကြီးက ဘူးသီးတောင်ကို ရောက်လာတာ တစ်လလောက်ဘဲ ရှိသေးတယ်။ မြန်အောင်ကနေ ပြောင်းလာတဲ့ ရခိုင် အစွန်းရောက် တစ်ယောက် ဖြစ်ပါတယ်။ ဦးခင်မောင်ရွှေရဲ့ ကွန်ပျူတာဆိုင်က မြို့နယ် တရားရုံး အမှတ် (၁) ဖြစ်နေပြီး၊ အစိုးရရဲ့ တရားရုံးက အမှတ် (၂) လို ဖြစ်နေတယ်။ တရားခံလို့ စွပ်စွဲခံရထားတဲ့ သူတွေရဲ့ ဖြေရှင်းချက်တွေကို လုံးဝ နားမထောင်ဘဲ ရခိုင် အစွန်းရောက်တွေနဲ့ ဆုံးဖြတ်ချက် အတိုင်း၊ ပြောတဲ့ အတိုင်း တရားစီရင် နေတယ်” ဟု ၎င်းက ဆက်လက် ပြောပါသည်။

“တရားရေး မဏ္ဍိုင်ကို အစိုးရနဲ့ အုပ်ချုပ်ရေးပိုင်း ကတောင် ၀င်ရောက် စွက်ဖက်ခွင့် မရှိဘူး။ အဲဒီလို မဏ္ဍိုင် တစ်ခုကို အခုလို သာမာန် ပြည်သူတွေက ၀င်ရောက် စွက်ဖက်တာမျိုးတောင် မဟုတ်ဘဲ တရားစီရင်ရေး အာဏာပိုင် တွေလို လုပ်နေတဲ့ အတွက် မတရားမှုတွေ ပိုမိုများပြား လာနေပါတယ်။ ဗဟို အစိုးရ အနေနဲ့ လိုအပ်သလို စစ်ဆေးမှုတွေ ပြုလုပ်ပြီး မှန်ကန်တဲ့ တရားစီရင်မှုတွေ ဖြစ်ပေါ်လာအောင် ပြုလုပ်ပေးဖို့ ကျွန်တော်တို့ ဒေသခံ တွေက တောင်းဆိုပါတယ်” ဟု ၎င်းက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus