နောက်ဆုံးသတင်း/ဆောင်းပါးများ

ခမရ ၅၆၅ မှ စစ်သားများက ၁၀ နှစ်အရွယ် ရိုဟင်ဂျာ မိန်းကလေး တစ်ဦးကို မုဒိန်းကျင့်



RB News
10.1.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ခမောင်းဆိပ် ကျေးရွာမှ အသက် ၁၀ နှစ်အရွယ် မိန်းကလေး တစ်ဦးကို ခမရ ၅၆၅ မှ စစ်သားများက လူမဆန်စွာ မုဒိန်းကျင့် ခဲ့ကြောင်း သတင်း ရရှိပါသည်။

ဇန်န၀ါရီလ (၆) ရက်နေ့ နေ့လည် (၂) နာရီ အချိန်တွင် မောင်တောမြို့နယ် ခမောင်းဆိပ် ကျေးရွာတွင် နွားကျောင်းနေသည့် အသက် ၁၀ နှစ် အရွယ် ဒေသခံ ရိုဟင်ဂျာ မိန်းကလေး တစ်ဦး ဖြစ်သူ မ ---- (ဘ) ဦး ---- ကို ခြေမြန် တပ်ရင်း ၅၆၅ မှ စစ်သားများက လူမဆန်စွာ အုပ်စုလိုက် မုဒိန်းကျင့် ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

မုဒိန်းကျင့်ခံရသည့် မိန်းကလေးမှာ ထိုနေရာပင် မေ့မျော သွားခဲ့ပြီး၊ ယခုအချိန်ထိ သတိပြန် မရသေးဟု အဆိုပါ ဒေသခံက ပြောပါသည်။ သတိလစ် မေ့မျောနေသည့် မ ---- ကို ရွာသားများက တွေ့ရှိ၍ ကယ်တင်ခဲ့ကြောင်း သိရသည်။

ခမရ ၅၆၅ မှ မုဒိန်းကျင့် စစ်သားများက အဆိုပါ မိန်းကလေး၏ နေအိမ်သို့ ရောက်ရှိလာပြီး ငွေကျပ် ၃ သိန်း ပေးကာ အတင်း အဓမ္မ ကြေအေးခိုင်းခဲ့ကြောင်း၊ အကယ်၍ ကြေအေး မပေးလျှင် ထောင်ချမည်ဟု ခြိမ်းခြောက်သောကြောင့် မိသားစုဝင်များမှာ အမှုပင် မဖွင့်ရဲဘဲ ကြေအေး နေရသည်ဟု ဆိုသည်။

မောင်တော ခရိုင် အတွင်းတွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များသာ သောင်းကျန်းလျက် ရှိခဲ့သော်လည်း ယခုအခါ တပ်မတော်သား များသည်လည်း နယ်ခြားစောင့်ရဲ များကဲ့သို့ လူမဆန်စွာ မုဒိန်းကျင့်ခြင်း၊ ညှဉ်းပန်း နှိပ်စက်ခြင်း၊ ငွေညှစ်ခြင်းများ ပြုလုပ်လျက် ရှိသည်။

Comment ရေးရန်

Rohingya Exodus