နောက်ဆုံးသတင်း/ဆောင်းပါးများ

သံတွဲမြို့မှ ရန်ကုန်သို့ သွားသော အဝေးပြေး ခရီးသည်တင် ယာဉ်များတွင် အစ္စလာမ် ဘာသာဝင်များ မပါရှိစေရေး ကြပ်မတ်ရန် ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ် မ.ထ.သ မှ ညွှန်ကြားချက် ထုတ်ပြန် လိုက်သည်။

ခရိုင်အုပ်ချုပ်ရေးမှူးမှ အောက်တိုဘာ ၂၄ ရက်စွဲဖြင့် ထုတ်ပြန်လိုက်သော ယင်းညွှန်ကြားချက်အား မြို့နယ် မ.ထ.သ က နိုဝင်ဘာ ၁၆ ရက်စွဲဖြင့် အဝေးပြေးကားလိုင်းများထံဆက်လက်အကြောင်းကြားခဲ့သည်။

ဒေသခံတစ်ဦးက“ လေယာဉ်နဲ့သွားမယ်ဆိုရင်ကားခထက် လေးငါးဆမကကုန်တာပေါ့၊ တော်ရုံနဲ့ခရီးသွားဖို့ မလွယ်တော့ဘူး” ဟုပြောသည်။

သံတွဲ- ရန်ကုန်ကားခမှာ ၁၂၀၀၀ ကျပ်မှ ၁၅၀၀၀ကျပ်အထိဖြစ်ပြီး လေယာဉ်ခများမှာ မြန်မာ့  လေကြောင်း ၄၈၀၀၀ ကျပ်နှင့် ကျန်ပုဂ္ဂလိက လေကြောင်းလိုင်းများမှာ ၇၅၀၀၀ ကျပ်ဖြစ်သည်။

“တစ်ကယ်ဆိုရင်ကားလမ်းမှာလုံခြုံမှုမရှိဘူးဆိုရင်အာဏာပိုင်တွေကလုံခြုံရေးစီစဉ်ပေးသင့်တယ်”ဟုလည်း အခြား ဒေသခံ တစ်ယောက်က ပြောသည်။

အဆိုပါ ညွှန်ကြားစာများတွင် မည်သည့် အကြောင်းကြောင့်ဟုမပါရှိပဲ နောက်ထပ်ညွှန်ကြားချက်မရမီ အချိန်ထိ လိုက်နာရန်ဟုသာ ဖော်ပြ ထားသည်။

Yangon Press International
၁၉၉၇ ခုနှစ် နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် ဂျိုဒီဝီလျံ (လယ်)။ (ဇန်န၀ါရီလ ၃၀ ရက်၊ ၂၀၁၂)။အမေရိကန်သမ္မတ မြန်မာနိုင်ငံကို မသွားခင် စနေနေ့က Nobel Women’s Initiative လို့ခေါ်တဲ့ အမျိုးသမီးငြိမ်းချမ်းရေး နိုဘဲလ် ဆုရှင်များအဖွဲ့က မြန်မာနိုင်ငံ ရခိုင်ပြည်နယ်နဲ့ ကချင်ပြည်နယ်တွေက အကြမ်းဖက်မှုတွေ အဆုံးသတ်အောင် လုပ်ဆောင်ဖို့ အမေရိကန် သမ္မတ နဲ့ မြန်မာသမ္မတကို စာရေး သား တောင်းဆိုလိုက်ကြပါတယ်။ စနေနေ့မှာပဲ မြန်မာအစိုးရ သတင်းနဲ့ ပြန်ကြားရေးအဖွဲ့က လူ့အခွင့် အရေးနဲ့ အမျိုးသား ပြန်လည် သွေးစည်းရေးအတွက် လုပ်ဆောင်နေတာနဲ့ ပတ်သက်ပြီး ထုတ်ပြန် တဲ့ ကြေညာချက်ထဲမှာ ရခိုင်နဲ့ ကချင်ပြည်နယ် အေးချမ်းအောင် အရေးယူဆောင် ရွက် နေ တယ် လို့ ဖော်ပြပါတယ်။ အပြည့်စုံကို ဒေါ်ခင်မျိုးသက်က တင်ပြထားပါတယ်။

အမျိုးသမီးငြိမ်းချမ်းရေး နိုဘဲလ်ဆုရှင်များအဖွဲ့အနေနဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က ကြီးမားတဲ့ နိုင်ငံတကာ ၀မ်းနည်းကျေကွဲ ဖွယ် ဖြစ်ရပ် အဖြစ် ဖော်ပြခဲ့တဲ့ ရခိုင်ပြည် နယ်က အကြမ်း ဖက်မှုတွေနဲ့ကချင်ပြည်နယ်က ပြည်တွင်းစစ် ဖြစ်နေတာတွေလုံးဝရပ်ဆိုင်းသွားအောင် မြန်မာနိုင်ငံကို အမေရိကန် သမ္မတကိုယ်တိုင် သွားရောက်ချိန် မှာ ဆွေးနွေးကြ ဖို့အ တွက် သမ္မတ အိုဘားမား ကိုရော ၊ မြန်မာသမ္မတ ဦးသိန်းစိန်ကိုပါ တိုက်တွန်းစာ ပေးပို့ခဲ့တယ်လို့ အမျိုး သမီး နိုဘဲလ် ငြိမ်း ချမ်းရေး ဆုရှင် များ အဖွဲ့က ၁၉၉၇ ခုနှစ်၊ ငြိမ်းချမ်းရေး နိုဘဲလ်ဆုရှင် ဂျိုဒီဝီလျံ (Jody Williams) က ဗွီအိုအေ ကို ပြော ပါတယ်။

“ကျမတို့ အမျိုးသမီး နိုဘဲလ် ဆုရှင်များအဖွဲ့က မြန်မာနိုင်ငံရဲ့ အရှေ့ခြမ်းနဲ့ အနောက်ခြမ်း ဒေသတွေမှာ အခုထိ အကြမ်းဖက်မှုတွေ ဆက်ပြီး ဖြစ်နေတာတွေ အတွက် အထူး စိုးရိမ်မိပါတယ်။ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး ကျမတို့အဖွဲ့က ရှေ့တန်းတင် ပြောလေ့ရှိတဲ့အတိုင်းပဲ ဒါဟာ မြန်မာနိုင်ငံမှာလည်း လူနည်းစု တိုင်း ရင်းသားတွေရဲ့ အခွင့်အရေးကိစ္စ ဖြစ်နေပါတယ်။ ဒါကြောင့် သမ္မတ အိုဘားမား ကိုယ် တိုင် မြန် မာနိုင်ငံ ကို သွားဖို့ ဖြစ်လာတဲ့ အချိန်မျိုးမှာ အခွင့်ကောင်းယူပြီး အများလျစ် လျူရှုထား တယ်လို့ ထင် တဲ့ ကိစ္စ ကို အရေးယူဆောင်ရွက်ဖို့ တိုက်တွန်းတာပါ။”

ကချင်ပြည်နယ်မှာရော၊ ရခိုင်ပြည်နယ်ထဲမှာပါ ဒေသခံတွေကို ကာကွယ်ပေးဖို့နဲ့ ဒုက္ခရောက်နေသူတွေ လိုအပ်တဲ့ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေ အပြည့်အ၀ ပေးအပ်ဖို့ တောင်းဆိုခဲ့တဲ့အပြင် ဒီဒေသတွေက အကြမ်းဖက်မှုတွေနဲ့ ပြည်တွင်းစစ်တွေ အဆုံးသတ်စေဖို့ သတ်ဆိုင်ရာ နိုင်ငံရေး အဖွဲ့ အစည်းတွေ၊ ဒေသခံ တိုင်းရင်းသားတွေအပြင် ဘာသာရေး အဖွဲ့အစည်းတွေ ပါဝင် ဦးဆောင်တဲ့ အမျိုး သား ပြန်လည် သင့်မြတ်ရေး လုပ်ငန်းစဉ်ကို လုပ်ဆောင်ဖို့ပါ တိုက်တွန်းလိုက်တာပါ။ ဒါ့အပြင် မြန် မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် နိုင်ငံတကာနဲ့ အဖွဲ့အစည်း ပေါင်းစုံကပါ ပါဝင်ပြီး ဆောင်ရွက်ဖို့ လိုအပ် တယ်လို့ ဆိုပါတယ်။

“ဒီကိစ္စအတွက် လူတိုင်းက မေးခွန်းထုတ်ကြဖို့ သင့်တယ်လို့ ကျမ ထင်ပါတယ်။ အခု မြန်မာနိုင်ငံအတွက် အရေးယူဒဏ်ခတ်မှုတွေ ဖယ်ရှားပေးလာသလို နိုင်ငံထဲဝင်ပြီး ရင်းနှီးမြှုပ်နှံမှုတွေ လုပ်လာတာ တွေ့ရပေမဲ့ အခုထက်ထိ အရှေ့ခြမ်းမှာ ပြည်တွင်းစစ်တွေ ဆက်ဖြစ်နေ၊ အနောက်ခြမ်းမှာတော့ ဆိုးဆိုးရွားရွား အကြမ်းဖက်မှုတွေ တွေ့နေရပါတယ်။ ဒီကိစ္စကို Nobel Women’s Initiative အဖွဲ့က မကြိုက်ပါဘူး။ ဒါကြောင့် ကျမ တို့ရဲ့ ပြောဆိုချက်တွေကို သမ္မတ အိုဘားမားနဲ့ မြန်မာသမ္မတ တို့ တွေ့ ဆုံကြ ချိန် မှာ သေသေ ချာချာ ဆွေးနွေးပြီး စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရအောင် လုပ်ဖို့ပါ။”

မြန်မာအစိုးရ သတင်းနဲ့ ပြန်ကြားရေးအဖွဲ့က စနေနေ့မှာပဲ ကြေညာချက်အမှတ် ၂/၂၀၁၂ ကို ထုတ်ပြန် ပြီး နိုင်ငံတကာ စံနှုန်းနဲ့ ကိုက်ညီတဲ့ လူ့အခွင့်အရေး ကာကွယ် စောင့်ရှောက်ဖို့ ဆက်လက်ပြီး ကြိုး ပမ်းနေကြောင်းနဲ့ ကချင်ပြည်နယ်နဲ့ တခြား ဒေသတွေမှာ အကြမ်းဖက်မှုတွေ လျော့ပါး လာအောင် ရေရှည် တည်တံ့မယ့် နိုင်ငံရေး အဖြေရှာမှုတွေနဲ့ ဆက်လက် လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်အရေးအတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကို သမ္မတ ဦးသိန်းစိန် ဒီလဆန်းမှာ သတိပေးခဲ့သလိုပဲ အကြမ်းဖက် တိုက်ခိုက်မှု မဖြစ်ပွားအောင် ကာကွယ်ဖို့ တိတိကျကျ ဆုံးဖြတ်ပြီး လုပ်ဆောင် မှာဖြစ်ကြောင်း ဖော်ပြထားပါတယ်။ ဒါ့အပြင် အိုးအိမ် ရွှေ့ပြောင်းရသူတွေ ကို ပြန် လည် နေရာ ချထားပေးဖို့ကနေ နိုင်ငံသားအဖြစ် လက်ခံရေးကိစ္စ အဆုံး နိုင်ငံရေး အဖြေရှာမှုတွေ လုပ်နေ သလို လူသား ချင်းစာနာမှု လိုအပ်ချက်တွေ ဖြည့်ဆည်းပေးဖို့ နိုင်ငံတကာ အသိုင်းအ၀ိုင်းနဲ့ လက် တွဲပြီး ဆောင် ရွက်နေကြောင်း ဖော်ပြထားတာပါ။

မစ္စ ဂျိုဒီဝီလျံ ကတော့ ဒါတွေကို လက်တွေ့ လုပ်ဆောင်ပြဖို့အတွက် ထောက်ခံအားပေး နေမယ်လို့ ဆိုပါ တယ်။

“အရေးကြီးဆုံး အချက်က ဒီသတင်းထုတ်ပြန်ချက်ထဲမှာ ထုတ်ပြန်ထားတဲ့အတိုင်း သူတို့ဘယ်လို လိုက်နာ လုပ်ဆောင်ကြတယ် ဆိုတာပါ။ စပြီးတော့ ပြောင်းဖို့လုပ်ကတည်းက ဒါမျိုးတွေ ပြောခဲ့ တာတွေ တွေ့ရ ပါတယ်။ ဒါကြောင့် ပြောတဲ့အတိုင်း လုပ်ဖို့ ကျမတို့က ပိုပြီးတော့ လိုလားပါတယ်။ စကားလုံး လှလှလေးတွေ သုံးပြီး ပြောတာက လွယ်ပါတယ်။ ပြောတဲ့အတိုင်း ဘယ်လောက် လိုက်လုပ်တယ် ဆိုတာ က ပိုပြီး အရေးကြီးတာပါ။ ဒါကြောင့် သမ္မတ အိုဘားမား အနေနဲ့ ဒါကို အသိအမှတ်ပြု လက်ခံ မယ်လို့ ကျမတို့က မျှော်လင့်ထားသလို မြန်မာသမ္မတ အနေနဲ့ ပြောတဲ့အတိုင်း လက်တွေ့ လုပ်ပြဖို့ ကျမတို့ က ထောက်ခံအားပေး နေမှာပါ။”

အမေရိကန် သမ္မတ ဘရက်အိုဘားမား ဟာ သမ္မတ ဦးသိန်းစိန် နဲ့ရော၊ မြန်မာ့ ဒီမိုကရေ စီ  ခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်နဲ့ပါ တနင်္လာနေ့မှာ ရန်ကုန်မြို့မှာ တွေ့ဆုံမှာဖြစ်ပါတယ်။
VOA မြန်မာပိုင်း။
နိုဝင်ဘာ (၁၅)။ ။ ပြည်ထောင်စုအစိုးရအဖွဲ့မှ သတင်းထုတ်ပြန်ရေးအဖွဲ့ဖွဲ့စည်းကြောင်း ယနေ့ကြေညာချက် ထုတ်ပြန်လိုက် သည်။ နိုင်ငံတော်သမ္မတရုံး ဒုတိယ၀န်ကြီးဦးအောင်သိမ်းမှဦးဆောင်၍ အဖွဲ့ဝင်လေးဦးနှင့် အတွင်းရေးမှူးတစ်ဦးပါဝင်သည်။ ယခင်က ဗိုလ်မှူးဇော်ဌေးတစ်ဦးတည်း မှ နိုင်ငံတကာနှင့်ပြည်တွင်း မီဒီ ယာများသို့ နိုင်ငံတော်သမ္မတ၏ပြောရေးဆိုခွင့် ရှိသူပမာပြောကြားခဲ့သည်။ လူမှုကွန်ယက် တစ် ခုဖြစ်သော Facebook ပေါ်တွင်လည်းသတင်းအမှားများထုတ်လွှင့်ခြင်း များအခါ အားလျော် စွာပြု လုပ်ခဲ့ သည်။ အဆိုးရွား ဆုံးမှာ ဇွန်လတွင်စတင်ဖြစ်ပွားခဲ့သော ရခိုင်အရေးတွင် မမှန်မကန်သည့် သတင်းများ ကိုပြည် တွင်းရှိ မီဒီယာများနှင့်တပြေးညီထုတ်လွှင့်ခဲ့သည်။ ထိုကိစ္စနှင့်ပတ်သက်၍ လွန်ခဲ့သည့်ရက်ပိုင်းတွင် ဘီဘီစီမြန်မာ ပိုင်းအစီအစဉ်မှမေးမြန်းခန်းတစ်ခုတွင် ဘီဘီစီပရိသတ်တစ်ဦးမှမေး လာသည့်မေးခွန်းတစ်ခု ကို တိကျစွာ ဖြေကြားနိုင်ခြင်းမရှိဘဲ၊ မေးခွန်းနှင့်မသက်ဆိုင်သည့်အဖြေများကိုဖြေကြားခဲ့သည်။ ထိုကဲ့သို့ ဗိုလ်မှူးဇော်ဌေး (ခ) မှူးဇော် ၏လုပ်ရပ်များကြောင့် ယခုသတင်းထုတ်ပြန်ရေး အဖွဲ့တွင်ပါဝင်လာခြင်း မရှိဟုယုံကြည်ရသည်။

ယနေ့ထုတ်ပြန်ခဲ့သောကြေညာချက်အပြည့်အစုံမှာ


http://www.president-office.gov.mm/zg/briefing-room/news/2012/11/15/id-1735
ရန်ကုန်၊ နိုဝင်ဘာ ၁၄ အမေရိကန် ပြည်ထောင်စု သမ္မတ အဖြစ် ဒုတိယ အကြိမ် ရွေးချယ်ခြင်း ခံရသော သမ္မတ ဘားရက် အိုဘားမား ပထမဆုံး အကြိမ် မြန်မာ နိုင်ငံသို့ လာရောက်မည့် ခရီးစဉ် အ တွင်း မြန်မာ ပြည်သူ လူထုအား မိန်ခွန်း ပြောကြားမည် ဟု အမေရိကန် သံရုံး က နိုဝင်ဘာလ ၁၄ ရက် နေ့ တွင် သတင်း ထုတ်ပြန် လိုက်သည်။
" မိန့်ခွန်း ပြော ကြား မယ့် နေရာ အတိအကျ တော့ မသိသေး ပါဘူး။ နေရာရွေး နေတုန်းပါ။ မီဒီယာ ကိုလည်း ဖိတ်ထားတော့ အခု လာမယ့် သောကြာနေ့ ကို သတင်း ထုတ်ပြန် သွားမှာပါ" ဟု အမေရိကန် သံရုံးမှ တာဝန် ရှိသူ တစ်ဦးက ပြောကြားသည်။

အိမ်ဖြူတော် ၏ နိုဝင်ဘာလ ၈ ရက် နေ့ တွင် အတည်ပြု ကြေညာချက် အရ အမေရိကန် သမ္မတ အိုဘားမား သည် နိုဝင်ဘာလ ၁၇ ရက်နေ့ မှ ၂ဝ ရက်နေ့ အထိ အရှေ့တောင် အာရှ ခရီးစဉ် အဖြစ် ထိုင်း၊ မြန်မာ၊ ကမ္ဘောဒီယား နိုင်ငံ များသို့ သွားရောက် မည် ဖြစ်ကြောင်း သိရသည်။

သမ္မတ အိုဘားမားသည် နိုဝင်ဘာလ ၁၈ ရက်နေ့တွင် ထိုင်းနိုင်ငံ နှင့် အမေရိကန် နိုင်ငံ သံတမန် ဆက်ဆံရေး နှစ် ၁၈ဝ ပြည့် အထိမ်းအမှတ် အခမ်းအနား သို့တတ်ရောက် ၍ ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ယင်းလပ် ရှင်နာဝပ် နှင့် တွေ့ဆုံရန် စီစဉ် ထားပြီး ကမ္ဘောဒီးယား နိုင်ငံတွင် ယခုလ ၁၈ ရက် နေ့ မှ ၂၀ ရက်နေ့ အထိ ကျင်းပ ပြုလုပ်မည့် အရှေ့အာရှ ထိပ်သီး ဆွေးနွေးပွဲနှင့် အဆင့်မြင့် ဆွေးနွေးပွဲ များ သို့လည်း တက်ရောက်ပြီး အာဆီယံ ခေါင်းဆောင် များနှင့် တွေ့ဆုံမည် ဖြစ်ကြောင်း အမေရိကန် အိမ်ဖြူတော် ပြန်ကြားရေး တာဝန် ခံ Jay Carney က တရားဝင် ထုတ်ပြန် ကြေညာ ထားသည်။

The Voice Weekly

ဘန်ကောက် အခြေစိုက် မီဒီယာစောင့်ကြည့်ရေးအဖွဲ့ Southeast Asian Press Alliance (SEAPA) က ရခိုင်အရေးတွင် လူမျိုး ဘာသာခွဲခြားမှု၊ လူမျိုး ဘာသာကွဲ မုန်းတီးမှုနှင့် အမုန်းပွားမှုဖြစ်အောင် လှုံ့ဆော်ရေးသား ခြင်းများကို ပြည်တွင်းဂျာနယ် အချို့နှင့် မြန်မာ အစိုးရအရာရှိအချို့က ပြုလုပ်နေခြင်းအပေါ် စိုးရိမ်ကြောင်း သမ္မတဦးသိန်းစိန်ထံ အိတ်ဖွင့်ပေးစာတစောင် ယနေ့ပေးပို့ခဲ့သည်။ ထို့သို့ အစွန်းရောက်အမြင်များကြောင့် မတည်ငြိမ်မှုများ တိုက်ရိုက်ဖြစ်ပွားစေ သည်ဟု ပြောမရသော်လည်း ပဋိပက္ခနှင့် သဘောကွဲပြားခြင်းများအား ပိုနက်ရှိုင်းစေသော ခွဲခြားနှိမ်ချမှုများကို အားပေးရာရောက်သည့်အပြင် မသိနားမလည်မှု၊ ယုံမှတ်မှားမှုများကို မီးထိုးပေးရာရောက်ကြောင်း ဖော်ပြထားသည်။ ကျင့်ဝတ်သိက္ခာနှင့် ညီသော စာနယ်ဇင်းလွတ်လပ်ခွင့်ကို မထိခိုက်စေဘဲ လူမျိုး ဘာသာ ခွဲခြားမှုများကို တားဆီးဆန့်ကျင်ရန် တောင်းဆိုထားသည်။

Read the statement here
ရခိုင် ပြည်နယ် နယ်စပ် လုံခြုံရေးနဲ့ လူဝင်မှု ကြီးကြပ်ရေးမှာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ စလုံးမှာ တာဝန်ရှိပြီး ဘင်္ဂလားဒေ့ရှ် ကလည်း နယ်စပ် ပြဿနာကို တာဝန် ယူသင့် တယ်လို့ ဒေါ်အောင်ဆန်း စုကြည်နဲ့ တိုင်းရင်းသား လွှတ်တော် အမတ် တခိျု့က ထုတ်ဖော် ပြောဆိုလိုက် ပါတယ်။

ဒါ့အပြင် မြန်မာ အစိုးရ အနေနဲ့လည်း ရခိုင်ပြည်နယ်နဲ့ ပတ်သက်ပြီး ရေရှည် အတွက် ဖြေရှင်းရေးမှာ ဘယ်လို မူဝါဒ ရှိတယ် ဆိုတာ လူထု သိအောင် တိတိ ကျကျ ထုတ်ပြန်ဖို့ တောင်းဆိုလိုက် ပါတယ်။

နိုင်ငံတကာ ခေါင်းဆောင် တွေက ရခိုင်အရေးနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်း စုကြည်ကို မေးမြန်း ကြတဲ့ အတွက် တိုင်းရင်းသား အမတ်တွေနဲ့ တွေ့ဆုံ ဆွေးနွေးပြီး ကြေညာချက် ထုတ်ပြန် လိုက်တာ ဖြစ်တယ်လို့ SNDP ရှမ်း တိုင်းရင်းသားများ တိုးတက်ရေး ပါတီ လွှတ်တော် အမတ် ဦးရဲထွန်းက ပြောပါတယ်။

ရခိုင် ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ ပြဿနာဟာ နိုင်ငံသား အားလုံးနဲ့ သက်ဆိုင်ပြီး ပြည်ထောင် စု ပြဿ နာ ဖြစ် တယ်၊ ရခိုင် တိုင်းရင်းသား တွေရဲ့ စိုးရိမ် ပူပန်မှု တွေကိုလည်း ထည့်သွင်း စဉ်းစားဖို့ လိုအပ်တယ် လို့လည်း ထောက်ပြ ထားပါတယ်။

လောလောဆယ်မှာ ပဋိပက္ခတွေ ဖြစ်ပွား နေတဲ့ နေရာ တွေနဲ့ ပဋိ ပက္ခ ဖြစ်နိုင်ချေ ရှိတဲ့ နေရာ တွေမှာ တပ် ဖွဲ့ အင်အား တိုးမြှင့်ပြီး လုံခြုံရေး အစီ အစဉ်တွေ တိုးမြှင့်ဖို့၊ ပဋိ ပက္ခတွေ ဖြစ်အောင် ကြိုး ကိုင် နေ သူ တွေကို ဖော်ထုတ် အရေး ယူဖို့နဲ့ ဥပဒေ ချိုးဖောက်မှု၊ လူ့ အခွင့်အရေး ချိုးဖောက်မှု တွေကို ထိထိ ရောက်ရောက် အရေးယူပြီး ပွင့်ပွင့် လင်းလင်း ထုတ်ပြန် ပေးဖို့ စတာတွေ ကိုလည်း ကြေညာ ချက် မှာ တိုက်တွန်း ထားပါတယ်။

 
ဘီဘီစီမြန်မာပိုင်း။


ရခိုင်ပြည်နယ်၌ ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့် နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (MSF) ကို ဒေသခံတချို့က ခြိမ်းခြောက်သည့်အတွက် ကျန်းမာရေးဆိုင်ရာ အကူအညီပေးရေး လုပ်ငန်းများ ရွှေ့ဆိုင်းထားရသည်။

စစ်တွေမြို့တွင် ရခိုင် ဗုဒ္ဓဘာသာဝင်တချို့က ပိုစတာများနှင့် လက်ကမ်းစာရွက်များ ဝေငှကာ ကျန်းမာရေးလုပ်သားများကို ခြိမ်း ခြောက်နေကြောင်း၊ ဒေသခံဝန်ထမ်းများမှာ ဒုက္ခသည်စခန်းများအတွင်းသို့ သွားရောက်ပြီး လူမျိုးရေး ပဋိပက္ခအတွင်းက ဒဏ်ရာရသူများကို သွားရောက်ကုသခြင်း မပြုနိုင်ကြောင်း ယင်းအဖွဲ့ ထုတ်ပြန်ချက် အရ သိရသည်။

MSF အဖွဲ့၏ မန်နေဂျာ ဂျိုးဗယ်လီဗျူး က“တဘက်နဲ့ တဘက် ဒီလောက်ရန်စောင်နေတာ တခါမှမတွေ့ဖူးဘူး၊ ဒါပေမယ့် ကျနော် တို့ ဆေးဝါး အထောက်အပံပေးတယ်ဆိုတာ နိုင်ငံရေး မဟုတ်ဖူး ဆိုတာတော့ နားလည်စေချင်တယ်”ဟု ဆိုကြောင်း New York Times သတင်းစာက ရေးသားသည်။

ယခုအခါ ဒုက္ခသည်စခန်းများ၌ ကလေးအများစုမှာ အဟာရချို့တဲ့နေပြီး၊ ငှက်ဖျားရောဂါများလည်း ဖြစ်ပွားမှုများပြားနေသည်ဟု ၎င်းကဆက်ပြောသည်။

MSF အဖွဲ့သည် မြန်မာအစိုးရ၊ အခြား ပြည်တွင်းအခြေစိုက် ကျန်းမာရေးဆိုင်ရာ အကူအညီများ ပေးနေသော အဖွဲ့များနှင့်အတူ ဆေးဝါးနှင့် ကျန်းမာရေးဆိုင်ရာ ကုသမှုများကို အခမဲ့ ပေးနေသော အဖွဲ့ဖြစ်သည်။

လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခ နှစ်ကြိမ် ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ်၏ လက်ရှိအခြေအနေမှာ ဗုဒ္ဓဘာသာဝင် ရခိုင်လူမျိုး များနှင့် မူစလင်ဘာသာ ၀င်များအကြား တဖက်နှင့် တဖက် ယုံကြည်မှုကင်းမဲ့ကာ တင်းမာနေဆဲဖြစ်သည်။

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာမှ ရခိုင်တိုင်းရင်းသူ မသီတာထွေးအား လူ ၃ ဦးက အဓမ္မကျင့်ပြီး ပစ္စည်းယူ၊ လူသတ်မှုမှ စတင်ခဲ့ကာ လူမျိုးရေးပဋိပက္ခစတင်ဖြစ်ပွားခဲ့ရသည်။

ပထမအကြိမ် အဓိကရုဏ်းများဖြစ်ပွားသည့် ဇွန်လ ပဋိပက္ခအတွင်း သေဆုံးသူ ၅၀ ဦး၊ ထိခိုက်ဒဏ် ရာရသူ ၅၄ဦး၊ အဆောက် အအုံ ၂၂၃၀ ဆုံးရှုံးခဲ့ရသည်။

ထိုနောက် ဒုတိယအကြိမ် အောက်တိုဘာလအတွင်း ပဋိပက္ခများ တကျော့ပြန်ဖြစ်ပွားလာသည့်အတွက် သေဆုံးသူ ၈၉ ဦး၊ ဒဏ်ရာရသူ ၁၃၆ ဦး၊ နေအိမ် ၅၃၅၁ လုံး မီးလောင်ခဲ့ပြီးနောက် လူဦးရေ ၃၂၂၃၁ ဦး အိုးမဲ့အိမ်မဲ့ဖြစ်ပွားခဲ့ရသည်။

Irrawaddy News  

နိုင်ငံမဲ့လူမျိုးများ၊ ခေတ်အဆက်ဆက် နိုင်ငံတွင်း သတ်မှတ်လူမျိုးစုအဖြစ် သတ်မှတ်ခြင်း မခံရသည့် လူမျိုးစုအသစ်များ နိုင်ငံတွင်း ရှိပါက ၄င်းတို့ကို လူမျိုးစုအသစ်အဖြစ် သတ်မှတ်လက်ခံပေးရန် အစီအစဉ် မရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောသည်။

"ပြည်လုံးကျွတ်ကောက်လို့ လူမျိုးစု အဖြစ်သတ်မှတ်နိုင်မယ့် နို်င်ငံမဲ့ လူမျိုးတွေပဲ ဖြစ်ဖြစ်၊ ခေတ်အ ဆက်ဆက် သန်းခေါင်စာရင်းကောက်တာမှာ မရှိတဲ့လူမျိုးစု ပဲ ဖြစ်ဖြစ် တွေ့ရင် သူတို့တွေ မှာ ဘာ အထောက် အထားမှ ခိုင်ခိုင်မာမာ မရှိရင် လ.ဝ.က ဥပဒေအတိုင်း အရေးယူမှာပါ။ လက်ခံပေးမှာ မဟုတ်ဘူး။ ၁၉၄၈ ခုနှစ် မတိုင်ခင် နေတယ်။ အစဉ်နေလာတယ်ဆိုရင် သူတို့ကို White Card နိုင်ငံသား မသေချာတဲ့ အထောက်အထားပဲ ပေးမယ်" ဟု ၄င်းက ပြောသည်။

လက်ရှိတွင် နိုင်ငံသားကတ် ခြောက်မျိုး ထုတ်ပေးလေ့ရှိပြီး နိုင်ငံသား စိစစ်ရေးကတ်၊ အမျိုးသား မှတ်ပုံတင်ကတ်၊ ဧည့်နိုင်ငံသားကတ်၊ နိုင်ငံသားပြုကတ်၊ FRC (အခွန်ဆောင်နေသူ)ကတ်၊ မည် သည့်နိုင်ငံသားအဖြစ် အသိအမှတ်မပြုနိုင်သည့် ကတ်(White Card) များ ထုတ်ပေးလျက် ရှိကြောင်း သိ၇သည်။

"စမ်းသပ် သန်းခေါင်စာရင်း၊ ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်လိုက်ရင် ခိုးဝင်သူ ရှိရင် အရေးယူမှာ ဆိုလည်း အဲဒီအချိန် သူတို့ ထွက်ပြေးကြမှာပဲ။ ခုက ဘာလူမျိုးပဲ ဖြစ်ဖြစ် ကောက်မယ်။ ဘာသာလေးခု ရှိတယ်။ နောက် သာသနာရေးက သတ်မှတ်တဲ့ နတ်ဆိုတဲ့ ဘာသာ ရှိတယ်။ ဘာသာကြီးတွေ List လုပ်မယ်။ ဒီမှာ ဘာ ဘာသာမှလည်း မကိုးကွယ်ဘူး။ လူမျိုးတိတိကျကျ မရှိဘူးဆိုရင် အခြားထဲ ထည့်မယ်။ ပြီးရင် လေ့လာမှု လုပ်မယ်။ ဒါကို ထုတ်ပြန်ချင်မှ ထုတ်ပြန်မယ်" ဟု ၄င်းက ပြောသည်။

ထိုသို့ လူမျိုးတစ်စုအဖြစ် လွတ်လပ်ရေးရပြီးနောက်ပိုင်း နေထိုင်သည့် စာ၇င်း မရှိသူများ၊ လူမျိုးစုအဖြစ် တိတိကျကျ အထောက်အထားပြနေနိုင်သူ မရှိသူများ၊ ဘာသာမဲ့ တိတိကျကျ ဖော်ပြနိုင်ခြင်း မရှိသူများကို စိစစ်တွေ့ရှိပါက ၄င်းတို့အပေါ် နိုင်ငံလုံခြုံရေးနှင့် အမျိုးသားစီးပွားရေး အတွက် စိစစ်ကာ မသမာမှု ရှိပါက White Card ထုတ်ပေးခြင်း မပြုဘဲ အရေးယူသွားမည် ဖြစ်ကြောင်း ၄င်းက ပြောသည်။

"နိုင်ငံလုံခြုံရေးအတွက် လုပ်တာပါ။ ဘယ်သူ့ကို မဆို နိုင်ငံတွင်း ဝင်ခွင့် ပေးမှာ မဟုတ်ဘူး။ စိစစ်ဦးမှာ ပါ။ နေသင့်တယ်ဆိုတဲ့ စစ်ဆေးမှု မရရင် ဒါမှမဟုတ် စစ်ဆေးမှုမှာ မသမာမှု ရှိရင် ဘယ်သူ့ကို မဆို အရေးယူသွားမယ်" ဟု ၄င်းက ပြောသည်။

လက်ရှိတွင် နိုင်ငံလူဦးရေမှာ ခန့်မှန်းခြေ ၆၀ ဒဿမ ၉၈ သန်း ရှိကြောင်း ခန့်မှန်းစာရင်း ကောက်ယူမှုအရ သိရသည်။

[The Myanmar Post Global ဂျာနယ်၊ No.83, Friday, November 2, 2012 ၏ စာမျက်နှာ(၆) တွင် ဖော်ပြထားချက် ဖြစ်ပါသည်။ ]
(ဆွေလှိုင်ထူး)
အမေရိကန်သမ္မတ အိုဘာမားဟာ ဒီလအတွင်း မြန်မာနိုင်ငံကို သွားရောက်မယ်လို့ သိရပါတယ်။ ကမ္ဘောဒီး ယားနိုင်ငံ ဖနွမ်းပင်မြို့မှာ နိုဝင်ဘာလ ၁၈ ရက်ကနေ ၂၀ ရက်နေ့အထိ ကျင်းပမယ့် ၂၁ ကြိမ်မြောက် အရှေ့တောင် အာရှနိုင်ငံများအဖွဲ့ အာဆီယံညီလာခံ ကို တက်ရောက်မယ့် ခရီးစဉ်မတိုင်မီ မြန်မာနိုင်ငံကို သွားရောက် မှာဖြစ်ပါတယ်။
 
အင်ဒိုနီးရှားနိုင်ငံသို့ ရောက်ရှိနေသော အမေရိကန်သမတ ဘာရက် အိုဘားမားနှင့် အင်ဒိုနီးရှားသမတ စူစီလို ဘမ်ဘန် ယူဒိုယိုနိုတို့ နိုဝင်ဘာ ၉ ရက်နေ့က ဂျာကာတာမြို့မှာ ကျင်းပသော ပူးတွဲ သတင်း စာရှင်း လင်းပွဲတွင် သတင်းစာဆရာများ၏ မေးခွန်းကို သမတ အိုဘားမား ဖြေကြားနေ ပုံ ဖြစ်ပါ သည်။ (Photo: AFP)
သမ္မတ အိုဘားမားဟာ နိုဝင်ဘာ ၁၆ ရက်နေ့မှာ ထိုင်းနိုင်ငံကို ဦးဆုံးဝင်ရောက်ပြီး၊ နိုဝင်ဘာ ၁၇ ရက် နဲ့ ၁၈ ရက် နှစ်ရက်တာ မြန်မာနိုင်ငံမှာ နေထိုင်မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှ တဆင့် ကမ္ဘောဒီးယားမှာ ကျင်းပ တဲ့အာဆီယံညီလာခံကိုတက်ရောက်မှာပါ။သမ္မတအိုဘားမားရဲ့ခရီးစဉ်အသေးစိတ်ကိုမသိရသေးပေမဲ့ မြန် မာနိုင် ငံမှာရှိနေစဉ်အတွင်း အစိုးရ ခေါင်းဆောင်ပိုင်းနဲ့ရော၊ ဒီမိုကရေစီအဖွဲ့အစည်းတွေက ခေါင်းဆော င်တွေ နဲ့ပါ တွေ့ဆုံမယ်လို့ မျှော်လင့်ရပါတယ်။

အခုလို သမ္မတ အိုဘားမား မြန်မာပြည်သွားရောက်မယ့်ကိစ္စနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့ အမေရိကန် သံ ရုံး ပြန်ကြားရေးဌာနမှ သံရုံးပြပွဲတာဝန်ခံအဖြစ် နှစ်ပေါင်း နှစ်ဆယ်လောက်ဆောင်ရွက်ခဲ့သူ ဦးဆန်နီငြိမ်း က မြန်မာပြည် တိုးတက်ရေးအတွက် ဒါဟာ အင်မတန်အရေးပါတဲ့ ခရီးစဉ်ဖြစ်ပါတယ်လို့ RFA ကို ပြော ပါ တယ်။

သမ္မတ အိုဘားမားရဲ့ မြန်မာနိုင်ငံ အလည်အပတ်ခရီးဟာ အမေရိကန်သမ္မတတစ်ဦး ပထမဦးဆုံး အကြိမ် မြန်မာပြည်ကိုသွားရောက်တဲ့ခရီးဖြစ်ပါတယ်။၁၉၅၃ခုနှစ်ကအမေရိကန်သမ္မတအိုက်ဆင်ဟောင်ဝါ လက်ထက်မှာ ဒုတိယသမ္မတ ဖြစ်တဲ့ မစ္စတာ ရစ်ချတ်နစ်ဆင် မြန်မာပြည်ကို သွားရောက် ခဲ့ဖူးပါတယ်။ မနှစ်က ဒီဇင်ဘာလ ၁ ရက်နေ့ကတော့ နှစ် ၅၀ အတွင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးတစ်ဦးရဲ့ ပထမ ဆုံးအကြိမ် မြန်မာနိုင်ငံခရီးအဖြစ် ဝန်ကြီး မစ္စစ် ဟီလာရီ ကလင်တန် သွားရောက်ခဲ့ပါတယ်။

သမ္မတအိုဘားမားရဲ့ မြန်မာပြည် ခရီးစဉ်က ထွက်ပေါ်လာနိုင်တဲ့ အကျိုးရလဒ်တွေနဲ့ပတ်သက်ပြီး ရန်ကုန် အမေရိကန်သံရုံး ပြန်ကြားရေးဌာန ပြပွဲတာဝန်ခံဟောင်း ဦးဆန်နီငြိမ်းနဲ့ RFA ဆက်သွယ်မေးမြန်းချက် အပြည့်အစုံကိုနားဆင်ပါ။
RFA မြန်မာပိုင်း
ရခိုင်ပြည်နယ်မှာ ပဋိပက္ခတွေ ဘာကြောင့်ဖြစ်ရတယ်ဆိုတာကို ပိုပြီးသိရှိနားလည်ဖို့နဲ့ ဘယ်လိုအကူ အညီတွေ ပေးရမယ်ဆိုတာ သုံးသပ်ဖို့အတွက် ဗြိတိန်၊ အမေရိကန်နဲ့ Australia နိင်ငံတို့က မြန်မာနိုင်ငံ ဆိုင်ရာ သံအမတ်ကြီးတွေ ရခိုင်ပြည်နယ်မှာ ရောက်ရှိနေပါတယ်။ ခရီးစဉ် ပထမနေ့ဖြစ်တဲ့ ကြာသ ပတေးနေ့မှာ ကျောက်ဖြူနဲ့ မြေပုံမြို့တွေဆီကို သွားရောက်ခဲ့ကြတယ်လို့ ဗြိတိန်သံရုံး ပြောခွင့် ရသူ က ပြောပါတယ်။ ခုလို သံအမတ်ကြီးတွေရဲ့ ရခိုင်ပြည်နယ် ခရီးစဉ်အကြောင်း အသေးစိတ်ကိုဘန်ကောက် ရုံး ကနေ ဆက်သွယ် စုံစမ်းထားတဲ့ မစုမြတ်မွန်က တင်ပြထားပါတယ်။

မြန်မာအစိုးရရဲ့ အကူအညီနဲ့ ဗြိတိန်သံအမတ်ကြီး Andrew Heyn, အမေရိကန်သံအမတ်ကြီး Derek Mitchell နဲ့ သြစတေးလျသံအမတ်ကြီး Ms. Bronte Moules တို့ဟာ ရခိုင်ပြည်နယ်မှာ ဒီကနေ့ ကြာသပတေးနေ့ကစလို့ ရောက်ရှိနေကြတာဖြစ်ပါတယ်။ ခုလို ရခိုင်ပြည်နယ်ကို သွားရတဲ့ အကြောင်းနဲ့ ပါတ်သက်လို့ စစ်တွေမှာရောက်နေတဲ့ ဗြိတိန်သံရုံးပြောခွင့်ရသူ Joe Fisher က VOA မြန်မာပိုင်းကို ခုလို ပြောပါတယ်။

ဒီခရီးစဉ်ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ လွန်ခဲ့တဲ့ ၁၀ ရက်လောက်တုန်းက ထပ်ပြီး ဆိုးဆိုးဝါးဝါးဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေကို လေ့လာသုံးသပ်ဖို့ဖြစ်ပါတယ်။ ပဋိပက္ခဖြစ်ထားတဲ့ နေရာတချို့ကို သွားရောက်ကြည့် နိုင်ဖို့နဲ့၊ အသိုင်းအဝိုင်း ၂ ခုလုံးက သူတွေနဲ့ တွေ့ဆုံစကားပြောပြီး လူသားချင်းစာ နာမှုဆိုင်ရာ ဘယ်လို အကူအညီတွေ လိုအပ်သလည်း ဆိုတာ ဆုံးဖြတ်နိုင်ဖို့ အခွင့်အရေး တခုလည်းဖြစ်ပါတယ်။ ဒါတင် မက နောက်ဆုံးဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေနဲ့ ပါတ်သက်လို့ ပိုပြီးသိရှိ နားလည်နိုင်အောင် လည်း ဖြစ်ပါ တယ်လို့ ပြော သွားတာဖြစ်ပါတယ်။

ဗြိတိန်သံအမတ်ကြီး Andrew Heyn အနေနဲ့လဲ အခြေအနေတွေကို ကိုယ်တိုင် မြင်တွေ့ သိရှိ နားလည် ချင်တာဖြစ်တယ် လို့ ပြောပါတယ်။ သံအမတ်ကြီး ၃ ယောက်ပါတဲ့အဖွဲ့ဟာ နယ်စပ်ရေးရာဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးနဲ့အတူ မကြာခင်က အကြမ်းဖက်မှုတွေ ထပ်ဖြစ်ခဲ့တဲ့ မြို့ တချို့ကို ကြာသပတေးနေ့ မှာ သွားရောက်ကြည့်ခဲ့ပါတယ်။

“ရမ်းဗြဲးကျွန်းပေါ်မှာရှိတဲ့ ကျောက်ဖြူနဲ့ မြေပုံ မြို့ ၂ မြို့ကို ကျွန်တော်တို့ ဒီနေ့ သွားခဲ့ပါတယ်၊ မနက်ဖြန် ကျရင်လဲ နောက်ထပ် နေရာတွေကို သွားဦးမှာပါ” လို့ ပြောသွားတာဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ကနေ ဘယ်တော့ ပြန်မလဲလို့ မေးတာကိုတော့ “မနက်ဖြန်မှာ ဘာတွေ မြင်ရ သိရမလဲ ဆိုတာကို ကြည့်ပါဦးမယ်၊ ဘယ်တော့ ပြန်မလဲဆိုတာကိုတော့ အတိ အကျ မပြောနိုင်သေးပါဘူး၊ ကျွန်တော်တို့ရဲ့ အစီအစဉ်က ပုံသေ သတ်မှတ်ထားတာမျိုး မဟုတ်ပါဘူး” လို့ ဗြိတိန်သံရုံးပြောခွင့်ရသူ Joe Fisher က ဖြေသွားပါတယ်။

အခုလို မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီးနဲ့အတူ၊ အမေရိကန်၊ Australia နိုင်ငံတို့က သံအမတ် ကြီးတွေ ရခိုင်ပြည်အခြေအနေကို လေ့လာဖို့ ရောက်နေချိန်မှာပဲ ရခိုင်ပြည်နယ်မှာ ဒုက္ခရောက်နေ ကြသူတွေအတွက် ဗြိတိန်အစိုးရက အကူအညီပေးသွားမဲ့ အစီအစဉ်တွေကိုလဲ ဒီကနေ့ ကြာသပတေးနေ့ မှာပဲ အသိပေးကြေညာလိုက်ပါတယ်။ အကြမ်းဖက် ပဋိပက္ခတွေကြား ဒုက္ခရောက်နေကြသူပေါင်း ၅သောင်း ၈ ထောင်ကျော်အတွက် အရေးပေါ် လိုအပ်နေတဲ့ သောက်သုံးရေ၊ မိလ္လာသန့်ရှင်းမှု၊ ကလေး ငယ်တွေ အတွက် အစာ အဟာရနဲ့ ကျန်းမာရေးဆိုင်ရာအကူ အညီတွေ ပေးသွားမှာဖြစ် တယ်ဆို တာ ကို ဗြိတိန် အစိုးရရဲ့ နိုင်ငံတကာဖွံ့ဖြိုးမှုဆိုင်ရာဝန်ကြီးဌာန DFID က ကြေညာချက် ထုတ်ပြန် ပါတယ်။

လူသားချင်းစာနာမှုနဲ့ ပေးတဲ့ ဒီအကူအညီတွေကို ယုံကြည်စိတ်ချရတဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ ကတဆင့် ပေးသွားမှာဖြစ်တယ်လို့ ပြောပါတယ်။ ထောက်ပံ့ ကူညီမှုတွေကို ဗြိတိန် တနိုင်ငံထဲ က ဆောင်ရွက် နိုင်တာ မဟုတ်တဲ့အတွက် တခြား အလှုရှင်နိုင်ငံတွေကလဲ ဝိုင်ဝန်း ကူညီကြဖို့ DFID ဝန်ကြီး Justine Greening က ကြေညာချက်ထဲမှာ တိုက်တွန်းထားပါတယ်။ ၆ လတာ ကာလအ တွင်းဗြိတိန်အစိုးရကကူညီထောက်ပံ့မဲ့စတာလင်ပေါင်၂သန်းကိုအကူအညီလိုအပ်နေသူမှန်သမျှကို မခွဲခြား ဘဲ ပေးသွား မှာဖြစ်တယ် ဆိုတာကိုလဲ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး Andrew Heyn က အသိပေး ထားပါတယ်။
 
ရခိုင်ပြည်နယ်က လူမှုရေးနဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေအတွက် နောက်ထပ် အမေရိကန်ဒေါ်လာ ၂ ဒဿမ ၇ သန်း ကူညီမယ်လို့ ရန်ကုန် အမေရိကန် သံရုံးက ဒီကနေ့ ပြောကြားပါတယ်။

အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန၊၂၀၁၂ ခုနှစ် ဇွန်လ ၂၇ ရက်က ၂၂ နှစ်တာကာလအတွင်း မြန်မာနိုင်ငံအတွက် ပထမဆုံး အမေရိကန် သံအမတ်ကြီးအဖြစ် အထက်လွှတ်တော် နိုင်ငံခြားရေးကော်မတီက အတည်ပြုလိုက်သော Mr.Derek Mitchell

ရန်ကုန်မြို့ အမေရိကန် သံရုံးမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရစ်မစ်ချယ်က အခုလို ပြောလိုက်တာ ဖြစ်ပါတယ်။

လက်ရှိ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် ထွက်ပြေးနေကြရတဲ့ ဒုက္ခသည်တွေဟာ သူတို့ရဲ့အိုးအိမ်တွေပျက်စီးဆုံးရှုံးတာကြောင့်အပြင်စိုးရိမ်ကြောင့်ကြမှုတွေကြောင့် နေရပ်မပြန်လိုကြသူတွေ များတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် လက်ရှိ ဒုက္ခသည်စခန်းတွေမှာ သန့်ရှင်းတဲ့ သောက်သုံးရေ မလုံလောက်မှု နဲ့ အိမ်သာ လုံလောက်မှု မရှိဘူးလို့ အမေရိကန်သံရုံးက အောက်တိုဘာလ ၁၉ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖေါ်ပြထားပါတယ်။

ဒီအခြေအနေတွေကို အကူအညီပေးနိုင်ဖို့အတွက် အမေရိကန်အစိုးရက နောက်ထပ် အမေရိကန် ဒေါ်လာ ၂.၇ သန်း ထပ်ဆောင်းပေးဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပြီး အကူအညီတွေကို ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေ အဖွဲ့ UNICEF က ဆောင်ရွက်နေတဲ့ စီမံကိန်းတွေကို ထောက်ပံ့သွားမယ်လို့ ဆိုပါတယ်။

 Sources Here:

အောက်တိုဘာ (၁၈)ရက်၊ ၂၀၁၂ခုနှစ်။

ရခိုင်ဒေသအတွင်း ဇွန်လက ဖြစ်ပေါ်ခဲ့တဲ့ အဓိကရုဏ်းတွေကို စုံစမ်းစစ်ဆေးဖို့ အစိုးရက ဖွဲ့ပေးထားတဲ့ စုံးစမ်းစစ်ဆေးရေး ကော်မရှင်ဟာ ဒေသခံပြည်သူတွေ ရဲ့ကူညီပါဝင်မှု မရရှိတဲ့ အကြောင်းသိရှိရပါတယ်။

စုံးစမ်းစစ်ဆေးရေး ကော်မရှင် အဖွဲ့ဝင် တစ်ဦးဖြစ်သူ ဦးဇာဂနာ က “တချို့နေရာတွေမှာ ဒေသခံတွေက ပူးပေါင်းဆောင်ရွက်မှု မရှိတဲ့အတွက် လုပ်ကိုင်ဆောင်ရွက်ရတာ အင်မတန်ခက်ပါတယ်။ ဥပမာ – ရခိုင်တိုင်းရင်းသားတွေ၊ မွတ်စလင်တွေ၊ အစိုးရ ရုံးတွေ အပြင် လွှတ်တော်အမတ်တွေ ကတောင် စုံစမ်းစစ်ဆေးရေး ကိစ္စတွေမှာ ပါဝင်ကူညီဖို့ လိုလိုလားလား မရှိကြပါဘူး” လို့ RFA သတင်းဌာနကိုပြောပါတယ်။

“သူတို့ဘာကြောင့် ဒီလိုပါဝင်ဖို့ ဝင်လေးနေတာလည်း ဆိုတာကျွန်တော်မသိပါဘူး၊ ကျွန်တော်တို့ကို မယုံကြည်တာလည်းဖြစ်နိုင်သလို၊ ဒီအကြောင်းတွေကို မပြောပြချင်တာလည်း ဖြစ်နိုင်ပါတယ်၊ ကျွန်တော်တို့လိုချင် တဲ့ အချက်အလက်တွေ မရပါဘူး၊ အစီခံစာ မတင်မီ ကျွန်တော်တို့မှာ မေးစရာတွေ အများကြီးရှိပါသေးတယ်၊ ဒီအတိုင်းဆို သမ္မတ သတ်မှတ်ပေးထားတဲ့ နိုဝင်ဘာ (၁၄)ရက် မှာ အစီရင်ခံစာ မပြီးလောက်သေးပါဘူး” ဟု ဦးဇာဂနာ က RFA ကိုပြောကြားခဲ့ပါတယ်။

ရခိုင်ဒေသအတွင်း ဇွန်လက ဖြစ်ပေါ်ခဲ့တဲ့ အဓိကရုဏ်းတွေနဲ့ ပတ်သတ်ပြီး နိုင်ငံတကာ အဖွဲ့အစည်းတွေက မြန်မာနိုင်ငံအစိုးရရဲ့ ပြဿနာ ကိုင်တွယ်ဖြေရှင်းပုံကို ဝေဖန်မှုတွေပြုလုပ်လာတဲ့ နောက်ပိုင်းမှာ သမ္မတဦးသိန်းစိန်က စုံးစမ်းစစ်ဆေးရေး ကော်မရှင်ကို ဖွဲ့စည်းပေးခဲ့တာဖြစ်ပါတယ်။ လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့တွေ ကလည်း အစိုးရလုံခြုံရေး တပ်တွေရဲ့ ဓားစာခံဖြစ်ခဲ့ ရတယ်လို့ ဆိုပါတယ်။ အခုဖွဲ့စည်းထားတဲ့ စုံးစမ်းစစ်ဆေးရေး ကော်မရှင်မှာ ရိုဟင်ဂျာ တစ်ဦးတစ်ယောက်မှ ပါဝင်ခြင်းမရှိပါဘူး။

ဦးဇာဂနာ က ကော်မရှင် အနေနဲ့ မေးမြန်းခန်း၊ စုံးစမ်းစစ်ဆေးချက် တွေပေါ်မှာ အခြေခံပြီး အစီရင်ခံစာ အကြမ်းကိုသာ ရေးသားထားကြောင်း၊ နောက်ထပ်ရရှိတဲ့ သတင်းအချက်အလက် တွေကို ဖြည့်ဆီးသွားမှာ ဖြစ်ကြောင်း နဲ့ ပြဿနာ ဖြစ်ပေါ်ခဲ့စေတဲ့ အဓိက အကြောင်းအရင်းကို နိဂုံးချုပ်ရန် အတွက်တော့ အခုထိ နီးစပ်မှု မရှိသေးဘူးလို့ ဆိုပါတယ်။

“အမှန်အတိုင်းပြောရရင်၊ ကျွန်တော်မှာဘာမှပြောစရာ မရှိသေးပါဘူး၊ အခုမှ ဆောင်ရွက်နေစဲကာလပဲ ရှိပါသေးတယ်” ဟု ဆိုပါတယ်။ သူကဆက်လက်ပြီး မေးမြန်းတာတွေကို ဖြေနိုင်မဲ့ လူတွေရှိကြောင်း၊ သို့သော်လည်း တကယ်မေးဖို့ စီစဉ်လိုက်ရင်တော့ ထိုလူတွေ ရောက်မလာကြကြောင်း၊ စာရွက်စာတမ်းတွေနဲ့ ပတ်သတ်ပြီးတော့လည်း တချို့ကသူတို့လက်ဝယ်ရှိထားကြောင်း ဆိုသော်လည်း နောက်ပိုင်းမှာ ပျောက်ဆုံးသွားကြောင်းပြောဆိုကြ တယ်လို့ ဦးဇာဂနာ က ဆိုပါတယ်။

ဦးဇာဂနာ က စုံးစမ်းစစ်ဆေးရေး ကော်မရှင် အနေနဲ့ ရန်ကုန်မှာ ရုံးခန်းဖွင့်ဆောင်ရွက် လျက်ရှိပြီး ပြီးခဲ့တဲ့ လေးရက် လောက်မှစတင်ကာ စစ်တွေမှာ ရုံးခွဲဖွင့်ဖို့ စီစဉ်နေကြောင်းလည်းပြောဆိုခဲ့ပါတယ်၊



ကိုးကား – Mizzima
ဒီနေ့ မလေးရှားနိုင်ငံ ပူထရာဂျာရာမြို့ မှာရှိတဲ့ လူဝင်မှုကြီးကြပ်ရေးရုံးကို မိတ်ဆွေတစ်ယောက် ဗီဇာသတ်တမ်းတိုးဖို့ လိုက်သွားတုန်း မြန်မာနိုင်ငံက သံဃာတော် ၂ပါး လည်းသက်တမ်းတိုးဖို့ ရောက်နေ တယ်။ မြန်မာမွတ်စလင်မ် အမျိုးသမီးတစ်ဦးက အစစ အရာရာ လိုအပ်တဲ့ စာရွက်စာတမ်းတွေ ဖြည့် စွက်ရေး သား ကူညီပေးနေတာ တွေ့လိုက်ရပါတယ်။ တွေ့ရတဲ့ မြင်ကွင်းအတွက် ပီတိလည်းဖြစ်မိပါတယ်။
အကြောင်းရာအရာ တစ်ခုလည်း တပြိုင်နက်တည်း တွေးနေမိပါတယ်။

ဒီနေ့ Facebook ပေါ်မှာ အမျိုးမျိုးဝါဒ ဖြန့်နေကြတဲ့ ခါတော်မီ မျက်ကန်းမျိုးချစ်များဟာ အမှန် တကယ်တော့ racial harmony တို့၊ mutual respect တို့ စတဲ့ နိုင်ငံအများအပြား လက်ခံကျင့် သုံးနေကြတဲ့ အချက်အလက်တွေကို နကန်းတစ်လုံးမျှ နားလည်ကြဟန်မရှိယုံသာမက မဟုတ်မမှန် လုပ်ကြံဇာတ်လမ်းများပင် ပြုလုပ်ကာ “တောမီးလောင် တောကြောင် လက်ခမောင်းခတ်” ဆိုသလို ကိုယ်ကျိုးရှာလို့ အမြတ်ထုတ်ရန် သူ့ထက်ငါဦးအောင် ကြိုးစားနေကြပါတယ်။
ရိုးရိုးလေးသာစဉ်းစားကြည့်ပါ။ သူတို့ပြောသလို OIC လာကူညီမယ် ရုံးဖွင့်မယ်ဆိုယုံမျှနဲ့ မြန်မာပြည်ဟာ မွတ်စလင်မ်တိုင်းပြည် ဖြစ်သွားနိုင်သလား။
မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာဝင် ၈၈% ရှိပါတယ်။ မွတ်စလင်မ်တွေ အရေအတွက် ၅% ရှိတယ်ပဲထားပါ။ ဘယ်လိုအချိုးချတဲ့ သင်္ချာပုံသေနည်း နှင့်ပဲတွက်ပါ ဘယ်နည်းနှင့်မျှ မြန်မာပြည်တွင်း နေထိုင်သူ လူဦးရေ ကွာခြားချက်အရ အစ္စလာမ်နိုင်ငံဖြစ်လာစရာမရှိပါ။
အာရေဗီးယားကျွန်းဆွယ်တစ်ခုလုံးကို နှစ်ပေါင်း ၁၄၀၀ အတွင်း အကြာဆုံး အုပ်ချုပ်ခဲ့တာ မွတ်စလင်မ်တွေပါ။ ဒီနေ့ အာရပ်တစ်ခွင်မှာ မိရိုးဖလာ ခရစ်ယာန်ကိုးကွယ်သူ Coptic Christian အရေအတွက် ၁၄သန်းကျော် ရှိတယ်။ တကယ်လို့ အခုဝါဒဖြန့်နေသလို မွတ်စလင်မ်တွေဟာ အင်အားကြီးမားလာရင် စစ်ပွဲတွေ ဖန်တီးပြီး အစ္စလာမ်ဘာသာထဲ အတင်း အဓမ္မ သွတ်သွင်းတယ်ဆိုရင် ဒီ Coptic Christian တွေ ဒီနေ့ ရှိတော့မည်ပင် မဟုတ်ပါ။
အိန္ဒိယနိုင်ငံကိုကြည့်ပါ။ိမွတ်စလင်မ်တွေ နှစ်ပေါင်း ၁၀၀၀ ကျော် အုပ်ချုပ်ခဲ့ပေမဲ့ ဟိန္ဒူ ဗုဒ္ဓဘာသာဝင် ဒီနေ့ထိ စုစုပေါင်းလူဦးရေရဲ့ ၈၀%အတိုင်းအတာဖြင့် လူများစု အဖြင့်ရှိနေဆဲပါ။ တကယ်လို့ မွတ်စလင်မ်တွေ အင်အားရှိလာရင် လူတွေကို အစ္စလာမ်ဘာသာထဲ အတင်းဝင်ခိုင်း မဝင်ရင် သတ်ပစ်တာတို့ လုပ်ရိုးမှန်လျင် ဒီနေ့ အိန္ဒိယနိုင်ငံမှာ မွတ်စလင်မ်တွေဟာ ၈၀%ကျန်သင့်တာပါ။ သို့သော် အဖြစ်မှန်ဟာ လက်ရှိဝါဒဖြန့်နေတာတွေရဲ့ ဆန့်ကျင်ဘက်တွေသာ ဖြစ်ကြောင်း တွေ့ရမှာပါ။
စပိန်နိုင်ငံကိုကြည့်ပါ။ မွတ်စလင်မ်တွေ နှစ်ပေါင်း ၈၀၀ နီးပါး အုပ်ချုပ်ခဲ့ပါတယ်။ မည်သည့် ဘာသာခြားတစ်ဦးကိုမျှ အင်အားသုံးပြီး အစ္စလာမ်ဘာသာကို လက်မခံခိုင်းခဲ့ပါ။ ဒါပေမဲ့ Crusaders တွေဟာ အစ္စလာမ်ဘာသာဝင် တစ်ဦးမကျန်အောင် သုတ်သင်ရှင်းလင်းခဲ့ပါတယ်။ ဒီနေ့ စပိန်မှာ မည်သည့်မွတ်စလင်မ် တစ်ဦးမျှ ဝတ်ပြုရန် ဖိတ်ခေါ်ခွင့်ပင်မပေးပါ။
 

ကမ္ဘာအမြင့်ဆုံးရပ်တော်မူဟိန္ဒူဘုရားကျောင်းရှိရာဘာသူဂေဖ့် တွင် ဟိန္ဒူဘာသာဝင်တို့ ဘုရားပွဲတော် ကာလ (မလေးရှား သည် OIC အမာခံ အဖွဲ့ဝင်နိုင်ငံဖြစ်သည်။)
အရှေ့ အာဖရိက၊ မလေးရှား နှင့် ကမ္ဘာ့မွတ်စလင်မ် အများဆုံး နိုင်ငံတစ်ခုဖြစ်တဲ့ အင်ဒိုနီးရှား နိုင်ငံ များကိုကြည့်ပါ။ သမိုင်းတစ်လျှောက် ဘယ်မွတ်စလင်မ် စစ်တပ်မှ အဲဒီနိုင်ငံတွေကို မရောက်ရှိခဲ့ပါ။ အဲဒီဒေသက လူမျိုးစုတွေကို အစ္စလာမ်ဘာသာကို လက်ခံရန် မည်သူမျှ အင်အားမသုံးခဲ့ပါ။

ဝါဆိုလပြည့်နေ့ ကွာလာလမ်ပူမြို့မြင်ကွင်း တရုတ်လူမျိုး ဗုဒ်ဓဘာသာဝင်များ (Photo-FB)
ယနေ့တွင် ကွာလာလမ်ပူတမြို့ထဲတွင် မြန်မာ ဘုန်းကြီးကျောင်း (၅၀) ခန့်ရှိနေပြီ ဖြစ် သည်။
အစ္စလာမ်ဘာသာမှာ အင်အားသုံးပြီး သာသနာထဲ ဇွတ်ဝင်ခိုင်းဖို့ ဘယ်လိုမျှမဖြစ်နိုင်တဲ့ အခြေခံအချက်ဟာ ကုရ်အာန်ကျမ်းတော်မြတ်ထဲမှာ ပါရှိတဲ့ အလ္လာဟ်အရှင်မြတ်ရဲ့ အောက်ပါ အမိန့်အရ သာပိုပြီး ထင်ရှားစေပါတယ်။
“—မည်သူတစ်ဦး တစ်ယောက်ကိုမျှ အစ္စလာမ်သာသနာတော်တွင်း၌ ဝင်ရောက်ရန်အတွက် အတင်းအဓမ္မ အနိုင်အထက် အလျင်းမပြုရ။ —”
ကုရ်အာန်ကျမ်းမြတ် ကဏ္ဍတော် ၂၊ စာပိုဒ်အမှတ် ၂၅၆။
အစ္စလာမ်ဘာသာဟာ လူတို့ရဲ့ ထံပါး ဓါးမိုး၍ ပြန့်ခဲ့တယ်ဆိုတာမှန်ပါတယ်။ ဒါပေမဲ့ အဲဒီဓါးဟာ သံနှင့်ပြုလုပ်ထားတာ မဟုတ်ပဲ မှန်ကန်မှု၊ ကျိုးကြောင်းဆီလျော်မှု စတဲ့ Intellect ဆိုတဲ့ ဥာဏ်ပညာရဲ့ ဓါးပဲဖြစ်ပါတယ်။ အစ္စလာမ်ဘာသာရဲ့ သင်ကြားမှုတွေဟာ လူတွေရဲ့ အသိဥာဏ်တဲ့ လျော်ညီတဲ့ နှလုံးသားက လက်ခံနိုင်တဲ့ သဘာဝကို မဆန့်ကျင်ပဲ သဘာဝကို အသုံးချပြီး လောကီ လောကုတ္တရာ နှစ်ဋ္ဌာနရဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းမှုကို ဆောင်ကျဉ်းပေးနိုင်တဲ့ အတွက်ပဲဖြစ်ပါတယ်။
အဲဒါကြောင့်လည်း အလ္လာဟ်အရှင်မြတ်ဟာ ကုရ်အာန်ကျမ်းတော်မြတ်မှာ အခုလို အမိန့်ပေးထားပါတယ်။
“——အသင်သည် လူတို့အား ဥာဏ်ပညာဖြင့်လည်ကောင်း၊ ကောင်းမြတ်သော ဆုံးမသြဝါဒဖြင့် လည်းကောင်း အလ္လာဟ်အရှင်မြတ် ဘက်တော်သို့ ဖိတ်ခေါ်ပါလေ။ ထိုမှတပါး အသင်သည် ၎င်းတို့အား အကောင်းဆုံးနည်းဖြင့် အချေအတင်ပြောဆိုပါလေ—-”
ကုရ်အာန်ကျမ်းမြတ် ကဏ္ဌတော် ၁၆၊ စာပိုဒ်အမှတ် ၁၂၅။
၁၉၈၆ ခုနှစ် Reader’s Digest ‘Almanac’ မှာ ဆောင်းပါးတစ်ခုမှာ ကမ္ဘာ့ဘာသာကြီးများရဲ့ တိုးတက်မှု စာရင်းဇယားကို ၁၉၃၄ ခုနှစ်မှ ၁၉၈၄ ခုနှစ် အထိ နှစ်ပေါင်း ၅၀ ကာလ အပိုင်းအခြား တစ်ခု နှင့် ပတ်သက်ပြီး ရေးသားထားပါတယ်။ အဲဒီ ဆောင်းပါးကိုပဲ ‘The Plain Truth’ မဂ္ဂဇင်းမှာထပ်မံ ဖော်ပြခဲ့ပါတယ်။
အဲဒီဆောင်းပါးမှာ အစ္စလာမ်ဘာသာဟာ ၂၃၅% တိုးတက်ခဲ့တဲ့ အတွက် နံပါတ် ၁ နေရာ ရခဲ့ပြီး ခရစ်ယာန်ဘာသာဟာ ၄၇% တိုးတက်ခဲ့ပါတယ်။
အဲဒီ နှစ်၅၀ အတွင်း ဘယ်မွတ်စလင်မ်စစ်တပ်မှ စစ်ပွဲတွေဖြစ်ပြီး သူတပါးနိုင်ငံကို အင်အားသုံးပြီး မွတ်စလင်မ်ထဲ မဝင်ခိုင်းခဲ့ပါ။ သန်းပေါင်းများစွာသောသူများဟာ နှစ် ၅၀ အတွင်း အစ္စလာမ်ဘာသာဝင်တွေ ဖြစ်ခဲ့ကြပါတယ်။
ဒီနေ့ အမျိုးမျိုးသော လိမ်လည်ဝါဒဖြန့်နေတဲ့ကြားက အမေရိကန်နိုင်ငံ နှင့် ဥရောပမှာ အစ္စလာမ်ဘာသာဟာ လက်ခံကိုးကွယ်ယုံကြည်လာသူ အများဆုံးစာရင်းထဲမှာ ထိပ်ဆုံးမှာပါ။ အဲဒီနိုင်ငံတွေမှာ ဒီလောက် အစ္စလာမ်ဆန့်ကျင်ရေး ပိုစတာတွေတပ်ပြီး တိုက်ခိုက်နေတာတောင် သိန်း သန်းချီပြီး အစ္စလာမ်ဘာသာကိုလက်ခံလာသူတွေတိုးလာနေတာ ဘယ်ဓါးနဲ့ ခြိမ်းခြောက်နေလို့လည်း စဉ်းစားကြည့်ရင်သိနိုင်ပါတယ်။
မလေးရှားနိုင်ငံမှာ မွတ်စလင်မ်တွေရဲ့ အရေအတွက်ဟာ စုစုပေါင်းလူဦးရေရဲ့ ၅၅%သာရှိပါတယ်။ ကျန်တာ တရုတ်ဗုဒ္ဓဘာသာ၊ တရုတ်ခရစ်ယာန်၊ တမီလ်ဗုဒ္ဓဘာသာ၊ တမီလ်ခရစ်ယာန် စသဖြင့် လူတွေ နှစ်သက်ရာကို လွတ်လပ်စွာ ကိုးကွယ်ခွင့်ပေးထားသလို ဘယ်ဘာသာကိုမျှ ဘာမီဒီယာကိုမျှ သုံးစွဲပြီးစော်ကားခွင့်မရှိပါဘူး။ မည်သည့်ဘာသာဝင်ကမျှ အမျိုးပျောက်မှာလည်း စိုးကြောက်မနေသလို လူဝင်မှုကြီးကြပ်ရေးလိုရုံးမှာတောင် “မြေမြို၍ လူမျိုးမပျောက်၊ လူမြိုမှ လူမျိုးပျောက်မည်” ဆိုတဲ့စာတမ်း အစား “ယဉ်ကျေးပါ၊ တာဝန်ကျေပါ၊ ပြုံးရွှင်စွာ အကူအညီပေးပါ” စတဲ့ စာတမ်းများနှင့် တာဝန်ထမ်းဆောင်နေသော လူယဉ်ကျေးများရဲ့ ဆက်ဆံရေးကို မြင်တွေ့ရမှာဖြစ်ပါတယ်။
နိဂုံးချုပ်အနေနှင့် Dr. Joseph Adam Pearson ဆိုတဲ့ ပညာရှင် ပုဂ္ဂိုလ်ကြီးပြောခဲ့တဲ့ စာပိုဒ်လေး တစ်ခု တင်ပြချင်ပါတယ်။
“ဒီနေ့ လူတွေဟာ အာရပ်တွေလက်ထဲ တစ်နေ့ကျရင် နြူကလီယားဗုန်းရောက်သွားမှာကို စိုးရိမ်နေကြ တယ်။ အမှန်တော့ အဲဒီ လူတွေဟာ အဖြစ်မှန်ကို ယနေ့တိုင် မရိပ်စားမိတာပါ။ အစ္စလာမ်ဆိုတဲ့ ငြိမ်းချမ်းရေး ဗုန်းဟာ ကမ္ဘာပေါ်မှာ တမန်တော်မြတ် မုဟမ္မဒ်(peace be upon him) မွေးဖွားလာတဲ့နေ့ မှစပြီး ကျရောက်ပြီးဖြစ်တယ် ဆိုတာပါ။”
လက်တွေ့အဖြစ်အပျက်ကလေး တစ်ခုမှာ လူငယ်တစ်ဦး နိုင်ငံရပ်ခြားမှာရှိနေစဉ် လူမျိုးရေးမုန်းတီး မှု ဖြစ်လာအောင် Youtube ကနေ စော်ကားထားတာကို မလေးရှားနိုင်ငံအတွင်းရောက်တာနှင့် လေဆိပ်မှာ တင် တရားဝင် ဝန်ချတောင်းပန်စေခဲ့ပါတယ်။
ဒီလိုအရေးယူမှုမျိုးတွေ အမှန်တကယ်လုပ်လာမယ်ဆိုရင် ယုတ်မာလှတဲ့ ပြည်တွင်း၊ ပြည်ပ နေ အမုန်းဝါဒီများရဲ့ တစ်နပ်စား အကြံများကို ထိန်းချုပ်နိုင်မှာဖြစ်သလို ကမ္ဘာ့နိုင်ငံများနည်းတူ တိုးတက်တဲ့လူ့ဘောင်သစ်ဆီသို့ လျှောက်လှမ်းနိုင်မှာဖြစ်ကြောင်းပါ ခင်ဗျား။
Ref: Was Islam Spread by the sword? ; History of Islam ; Heroes and Hero worship.
Mohammed Naeem FB စာမျက်နှာမှ ကူးယူဖော်ပြပါသည်။
http://news.mmsy.info/news/6483?fb_action_ids=398780436859923&fb_action_types=og.likes&fb_source=other_multiline&action_object_map={%22398780436859923%22%3A427554440634758}&action_type_map={%22398780436859923%22%3A%22og.likes%22}&action_ref_map=[]

Sources Here:
ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ(ရတပ)မှ ခေါင်းဆောင်များသည်စစ်တွေမြို့တွင် ရောက်ရှိနေသော   ဗြိတိန် သံအမတ်ကြီးနှင့် ယမန်နေ့က တွေ့ဆုံခဲ့သည်။

“ သူတို့က ဗြိတိန်သံအမတ် အပါအ၀င် နောက်ထပ် အရာရှိ နှစ်ဦးပါ။ ညနေ ၃ နာရီခွဲမှာ စစ်တွေကို သူတို့ ရောက်ပါတယ်။ ကျွန်တော်တို့နဲ့က ညနေ ၅ နာရီခွဲမှာ စစ်တွေ နိုဗယ် ဟိုတည် မှာ တွေ့ကြ ပါတယ်။ ဆွေးနွေးတဲ့ ကိစ္စကတော့ ရခိုင်မှာ ဖြစ်သွားတဲ့ အရေးအခင်း အပေါ်မှာ အဓိက ထား ဆွေးနွေးကြတာ  ဖြစ်ပါတယ်” ဟု ဆွေးနွေးရာတွင် ပါဝင်သူ ရတပ ပါတီ အတွင်းရေးမှူး ဦးဦးလှစော က ပြောသည်။

ဆွေးနွေးပွဲသို့ ရတပ ပါတီမှ ဥက္ကဌ ဒေါက်တာ အေးမောင်၊ စစ်တွေမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ် စားလှယ် ဦးမောင်ညို၊ ဗဟိုကော်မီတီဝင် ဦးရွှေမောင်နှင့် နှင့် အထွေထွေ အတွင်းရေးမှူး ဦးဦးလှစောတို့ တက်ရောက်ခဲ့ကြသည်။

ဆွေးနွေးပွဲတွင် ရတပ ပါတီ၏ ရခိုင်အရေးအခင်းနှင့် ပတ်သက်ပြီး အမြင်သဘောထားကို ဗြိတိန် သံအမတ်ကြီးက မေးမြန်းခဲ့သလို အနာဂတ်တွင် ရခိုင် ဗုဒ္ဓဘာသာများနှင့် မွတ်ဆလင်များ အကြား အတူ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေး အတွက် လိုအပ်ချက်များကိုလည်း မေးမြန်းသွားခဲ့သည်ဟု ဆိုသည်။

“ အဓိကတော့ ဖြစ်စဉ်တွေကိုဆွေးနွေးတယ်။ ကျွန်တော်တို့က နောက်ခံသမိုင်းတွေ အပါအ ၀င် ဖြစ် စဉ်တွေကို ပြောပြတယ်။ အနာဂတ်မှာ ကွန်မျူနတီ နှစ်ခုပေါ့လေ ( ရခိုင်နဲ့မွတ်ဆလင်) ဘယ်လို အတူ လက်တွဲနေနိုင်မလဲ ဆိုတဲ့ ကျွန်တော်တို့ရဲ့ သဘောထားတွေကို ပြောပြလိုက်ပါတယ်။ ပီးရင် စက်တင်္ဘာ ၂၅ ရက်နေ့ကနေ ၂၆ ရက်နေ့ထိ ပြုလုပ်ခဲ့တဲ့ ရသေ့တောင် လူထု ညီလာခံရဲ့ ဆုံးဖြတ် ချက်တွေ ကို လည်း ပြောပြလိုက်ပါတယ်။ ဒါက တကယ့် အစစ်အမှန် ရခိုင်လူထု သဘောထားဆိုပြီး ဆုံးဖြတ် ချက်တွေကိုလည်း ပေးလိုက်ပါတယ်” ဟု သူက ဆက်ပြောသည်။

၎င်းပြင် ရခိုင်ဒေသမှာ အလွန်ဆင်းရဲပြီး အကျပ်အတည်း ပေါင်းစုံနှင့် ရင်ဆိုင်နေရကြောင်း ၊ သို့အတွက် ဒေသဖွံ့ဖြိုးရေးကို လုပ်ဆောင်ရန် လိုအပ်ကြောင်း၊ နိုင်ငံခြား အဖွဲ့အစည်းများ အစိုးရများ အနေဖြင့် ဘက်မလိုက်ဘဲ ရခိုင်အရေးကို ဆောင်ရွက်သင့်ကြောင်းကိုလည်း ဗြိတိန်သံအမတ်ကြီးနှင့် အဖွဲ့ကို တင်ပြခဲ့သည်ဟု သူက ဆိုသည်။

“ ဗြိတိတ် သံအမတ်ကြီးကလည်း ဒေသ ဖွံ့ဖြိုးတိုးတက်ရေးကို သူတို့ အတတ်နိုင်ဆုံး လုပ်ပေးမယ် ဆိုတဲ့ အကြောင်းတွေကို ပြောပါတယ်။ ပီးရင် ကွန်မျူနတီ နှစ်ခု အနာဂတ်မှာ သင့်သင့်မြတ်မြတ် နေနိုင်မလဲ ဆိုတာကို သူတို့ အဖြေရှာဖို့ လာတဲ့ အကြောင်း၊ အတတ်နိုင်ဆုံး ဗြိတိန် အစိုးရနဲ့ ကူညီ ဆောင်ရွက်သွားမယ်ဆိုတဲ့ အကြောင်းတွေကို ပြောပြသွားပါတယ်” ဟု ဦးဦးလှစောက ပြောသည်။

ဗြိတိန် သံအမတ်ကြီးနှင့် အဖွဲ့သည် ယမန်နေ့က တခြား ရခိုင် ပါတီများမှ ခေါင်းဆောင်များ၊ လူမူ အဖွဲ့အစည်းမှ တာဝန်ရှိသူများ၊ မွတ်ဆလင် ခေါင်းဆောင်များနှင့်လည်း သီခြားစီ တွေ့ဆုံသည်ဟု ဆိုသည်။

ယနေ့ အောက်တိုဘာလ ၃ ရက်နေ့တွင် ဒုက္ခသည် စခန်းများသို့ သွားရောက် လည်ပတ် ကြည့်ရှု့နေသည်ဟု သိရသည်။
 Updated News from Radio Free Asia
မန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီးရဲ့ ရခိုင်ခရီးစဉ်

မြန်မာနိုင်ငံဆိုင်ရာဗြိတိတိန်သံအမတ်ကြီး Mr. Andrew Heyn နဲ့အဖွဲ့ဟာ ရခိုင်ပြည်နယ်အတွင်း မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ပတ်သက်ပြီး လူမျိုးနှစ်ခုအအကြားအမြင်တွေ ကို လေ့လာ ဆန်းစစ် မှုတွေ  ပြုလုပ်ဖို့အတွက် မနေ့က ရခိုင်ပြည်နယ် စစ်တွေမြို့ကိုရောက်ရှိခဲ့ပါတယ်။

မနေ့က ညနေပိုင်းမှာ စစ်တွေမြို့မှာရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ(RNDP) နဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီတွေက တာဝန်ရှိသူတွေ၊ ဝံလက် ဒေသ ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း(ရခိုင်ပြည်နယ်)၊ အပါအ၀င် လူမှုရေးအဖွဲ့အစည်း ၆ ခုက တာဝန်ရှိသူတွေနဲ့ နိုဗယ်ဟိုတယ်မှာသီးသန့်တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ဒီဆွေးနွေးမှုတွေအပေါ်မှာ ဗြိတိန်သံအမတ်ကြီးက ပဋိပက္ခတွေကို လေ့လာတဲ့အခါ မကြားဖူးသေးတဲ့ ယဉ်ကျေးမှု၊ သမိုင်းဆိုင်ရာတွေနဲ့ အမျိုးသားရေးဆိုင်ရာကြန်အင်လက္ခဏာ၊ စီးပွားရေးရာ စတဲ့ကိစ္စတွေ အပေါ် သူတို့အနေနဲ့ စိုးရိမ်မှုတွေဖြစ်ရကြောင်း၊ လက်ရှိပြဿနာကို တစ်ထိုင်တည်းနဲ့ ဖြေရှင်းလို့မရနိုင်ဘဲ ကာလတိုရှည်စီမံကိန်းချမှတ်ကာ ဖြေရှင်းဖို့လိုအပ်ကြောင်းနဲ့ တရားဥပဒေစိုးမိုးရေး ရှိဖို့လိုအပ်ကြောင်း ပြန် လည်ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ဗြိတိန်သံအဖွဲ့ဟာ ဒီကနေ့မှာ မောင်တောမြို့နယ်က ဒေသခံတွေနဲ့တွေ့ဆုံဖို့ သွားရောက်ခဲ့ပါတယ်။ ဗြိတိန်နိုင်ငံအနေနဲ့ အခုနှစ်အတွင်းမြန်မာနိုင်ငံရဲ့ ပညာရေး၊ လူမှုရေးနဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေအတွက် အမေရိကန်ဒေါ်လာ ၃ သန်းကူညီထောက်ပံ့ပေးထားတယ် လို့လည်းသိရပါတယ်။
2012-09-29

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က ပဋိပက္ခဟာ ပြည်တွင်း ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေအပေါ် ထိခိုက်စေနိုင်တဲ့အပြင် တိုင်းပြည်နယ်နိမိတ်ကို ကျော်လွန်ပြီး တခြားနိုင်ငံတွေဆီအထိပါ သက်ရောက်မှုတွေ ရှိလာနိုင်တဲ့အတွက် သတိရှိရှိနဲ့ ကိုင်တွယ်ဖြေရှင်းဖို့ အရေးကြီးကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ပြောလိုက်ပါတယ်။



၂၀၁၂ ခုနှစ် စက်တင်ဘာလ ၂၅ ရက်က ၆၇ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် ကုလ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း မိန့်ခွန်းပြောကြားနေစဉ်။

OIC ခေါ် အဖွဲ့ဝင်နိုင်ငံ (၅၇) နိုင်ငံပါ အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ဥက္ကဋ္ဌနဲ့ မနေ့က တွေ့ဆုံခဲ့ရာမှာ အဲဒီလိုသတိပေး ပြောကြားခဲ့တာပါ။

(၆၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေ ညီလာခံအပြီး သမ္မတ ဦးသိန်းစိန်နဲ့ မစ္စတာ ဘန်ကီမွန်းတို့ တွေ့ဆုံခဲ့ရာမှတော့ ရခိုင်ပြည်နယ် ပြဿနာနဲ့ ပတ်သက်ပြီး ရပ်ရွာဒေသတွင်း ရှိနေကြသူ အချင်းချင်းသဟဇာတဖြစ်အောင် နေထိုင်နိုင်ရေး၊ ပြဿနာ ဖြစ်ပွားရတဲ့ အကြောင်းရင်း ဇာစ်မြစ်တွေကို ဖယ်ရှားရေး စတာတွေကို ရေတို ရေရှည် ရှုထောင့်တွေကနေ နည်းလမ်းရှာ ကိုင်တွယ်ဖြေရှင်းသွားဖို့ ဆွေးနွေးခဲ့ကြပြီး ရခိုင်အရေးကို ပြေလည်သည်အထိ ဖြေရှင်းသွားမယ်လို့ သမ္မတ ဦးသိန်းစိန်က ကတိက၀တ်ပြုခဲ့ကြောင်း ကုလသမဂ္ဂ ပြောခွင့်ရသူ မာတင် နီဆာကီက ပြောဆိုပါတယ်။

ဒါ့ပြင်ကချင်ပြည်နယ်က လူမျိုးစု လက်နက်ကိုင်တွေနဲ့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေရပ်တန့်ဖို့ အတွက်လည်း အားလုံးပါဝင်ပြီး လက်တွဲညီညီ ဆောင်ရွက်သွားဖို့လည်း ဘန်ကီမွန်းက တိုက်တွန်းခဲ့ပါတယ်။

Source here

နယူးယောက်မြို့သို့ ရောက်ရှိနေသော ဒေါ်အောင်ဆန်းစုကြည် သည် စက်တင်ဘာ ၁၁နေ့တွင် အမေရိကန်ရောက် မြန်မာနိုင်ငံသားများနှင့် တွေ့ဆုံခဲ့သည်။ ယင်းတွေ့ဆုံပွဲ တွင် ဒေါ်အောင် ဆန်းစုကြည်က ရခိုင်-ရိုဟင်ဂျာအရေးတွင် ၀င်ရောက်မပြောဆိုခဲ့ခြင်းနှင့် ပတ်သက်ပြီးဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

“နှစ်ဖက်စလုံးက ဘယ်သူမှန်တယ် ၊ ဘယ်သူမှား တယ် ဆိုပြီး တစ်ဖက်ကို ပြင်းပြင်းထန်ထန်ပြောရင် ဟိုတစ်ဖက်က ကျေနပ်မှာမ ဟုတ်ပါဘူး။ မကျေနပ်တာ ကျွန်မကို မကျေနပ် တာပြောတာ မဟုတ်ဘူး။ ဟိုဘက်ကို မကျေနပ်တာ ပြောတ။ အဲဒီတော့ အချင်းချင်း ပဋိပက္ခတွေဟာ ပိုမို ကြီးသွားနိုင်တယ်။ အဲဒီတော့ ကျွန်မ ကနေ ပြီးတော့ ပြင်းပြင်း ထန်ထန်ဝေ ဖန် ပြောလို့ မကျေနပ်ရင် မကျေနပ်တာ ရတယ်။ ဒါပေမယ့် ဒီပဋိပက္ခ တွေ ပိုပြီးတော့ ကြီးထွားသွားမယ့်  ကိစ္စမျိုးကိုတော့ ကျွန်မ မလုပ်နိုင်ဘူး။ အခြေခံအားဖြင့် ကျွန်မ ဘက်နေ ပြီးတော့ ပြင်းပြင်ထန် ထန် ပြောရမယ်ဆိုရင် ဘာပြင်းပြင်ထန်ထန်ပြောရမလဲ။လူ့အခွင့်အရေး ချိုးဖောက်မှုဆိုရင် တော့ ကျွန်မ ပြင်းပြင်းထန်ထန်ကန့်ကွက်တယ်” လို့ ကျွန်မပြော ပါရစေ ဟု ပြဿနာကို မီးမွေးရန် မစဉ်းစားပဲ ပြဿနာကို ဘယ်လိုဖြေရှင်းသင့်ခြင်း ကို စဉ်စားသင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့သည်။

ကျွန်မ တို့အားလုံး ၀ိုင်းစဉ်းစားရမှာက ဒီပဋိပက္ခတွေ ငြိမ်းအေးသွားအောင်ဘယ်လို လုပ်မလဲ ဆိုတာကိုစဉ်းစားရမှာပါ။ ဘာကြောင့်လဲ ဆိုတော့ ဇာစ်မြစ်ကိုသွားရ မယ်။ ပြဿနာ တစ်ခုကို ဖြေရှင်းဖို့ ဆိုရင် ဒီပြဿနာရဲ့ဇာစ်မြစ် ဟာ ဘာလဲ ဆိုတာကို စဉ်းစားရမယ်။ လေ့လာရမယ်။ အဲဒီပြဿနာရဲ့ဇာစ်မြစ် ကိုလေ့လာပြီးတော့ တွေ့ရှိမှ ဒီပြဿနာကို ဖယ်ရှားနိုင် မှာ ဖြစ်ပါတယ်။ ဒါကြေင့်မိုလို့ ပြဿနာကို ကိုင်တွယ်တဲ့ နေရာမှာ ခေါင်းအေးအေးနဲ့ ကိုင်တွယ်ဖို့ လိုပါတယ်။ ပြဿနာဖြစ်နေတဲ့ နေရာတွေမှာ တစ်ယောက်နဲ့ တစ်ယောက်လက်ညှိုးထိုး တာ ၊ ဟိုဘက်လက်ညှိုးထိုးတာ ၊ ဒီဘက် လက်ညှိုးထိုးတာ ၊ အဲဒါတွေကို လုပ်မယ့် အစား တကယ့်ပြဿနာ က ဘာလဲ၊ တစ်ချိန်မှာ တစ်ဖက်က လွန်မယ် ။ တစ်ချိန် မှာ နောက်တစ်ဖက် က လွန်မယ်။ တစ်ဖက်တည်းကအမြဲပဲ လွန်နေမယ်ဆိုတာ ရှိခဲပါတယ်။ အဲဒါကြေင့် မိုလို့ သေသေချာချာ ပြဿနာကို ကြည့်ပြီးတော့ ဘယ်လိုဖြေရှင်း ရမလဲ ဆိုတဲ့ အဖြေကို ရှာရမှာ ပါ ဟု ၄င်းက ပြောကြားခဲ့သည်။ ပြည်ထောင်စု မြန်မာနိုင်ငံသည် တိုင်းရင်းသားပေါင်းစုံ ၊ ဘာသာပေါင်းစုံ ကိုးကွယ်ကြသူများ နေထိုင်ရာ ဒေသဖြစ်သည် ဆိုသည့် အချက်ကို သတိထားရန် လိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

နယူးယောက်မြို့ မှ တိုင်းရင်းသား များနှင့် တွေ့ဆုံပြီးနောက် ပိုင်း မွန်းလွဲပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်က ကိုလံ ဘီယာတက္ကသိုလ် ကိုသွားရောက်ပြီး တက္ကသိုလ်ကျောင်း သားများနှင့် တွေ့ဆုံ ကာ သြ၀ါဒ စကား ပြောကြားခြင်း၊ ကျောင်းသားများနှင့် အမေးအဖြေ ပြုလုပ်ခြင်း များဆောင်ရွက်ခဲ့သည်။

အကြောက်တရားနှင့် အမုန်းတရား သည် သိပ်ပြီး နီးကပ်နေခြင်း၊ ကြောင့် အကြောက်တရားကြောင့် အမုန်းတရား ဖြစ်ပေါ်လာသည် ကို ဒေါ်အောင်ဆန်းစုကြည် က ကျောင်းသားများ အား အလေးထား ပြောကြားခဲ့သည်။

စက်တင်ဘာ ၂၃ ရက်နေ့ တွင် ဒေါ်အောင်ဆန်းစုကြည်သည် တတိယခရီးသဥှု အဖြစ် Kentucky ပြည်နယ် Lewisville မြို့သို့ သွားမည် ဖြစ်သည်။
Radio Free Asia
နေပြည်တော် စက်တင်ဘာ ၂၃။နေပြည်တော်တွင်နှစ်ရက်ကြာ ကျင်းပနေသည့် ရခိုင်ဒေသ ရခိုင်ပြည်နယ်ရေရှည် တည်တံ့ ခိုင်မြဲသော ဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ တွင်တက်ရောက်နေသည့် ရခိုင် လူမှုအဖွဲ့အစည်းများ၊ မွတ်စလင်ဘာသာ ရေး အဖွဲ့အစည်းများ၊ စုံစမ်းစစ်ဆေးရေးကော်မရှင် အဖွဲ့ဝင်များက ရခိုင်ပြည်နယ်ရှိ မွတ်စလင် အမျိုးသမီးများ ကိုမြန်မာ့လူမှု အဖွဲ့အစည်းအတွင်း လိုက်လျော ညီထွေနေထိုင်နိုင်ရေး အတွက်ခေတ်ပညာများ သင်ကြားပေး ရန်လိုကြောင်း အဆိုတစ်ခုကိုသာ သဘောတူညီ မှုရရှိခဲ့ကြောင်း သတင်းရရှိသည်။

နေပြည်တော်ရှိMICCတွင်ပြုလုပ်သည့် ရခိုင်ပြည်နယ် ကယ်ဆယ်ရေး၊ပြန်လည် ထူထောင်ရေး၊ တရားဥပဒေစိုးမိုး ရေး ဆိုင်ရာ ကိစ္စရပ်များ အတွက် ပြုလုပ်သည့် အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ ရခိုင် လူမှု အဖွဲ့အစည်းများ၊မွတ်စလင်ဘာသာရေး အဖွဲ့အစည်းများ၊ စုံစမ်းစစ်ဆေးရေးကော်မရှင် အဖွဲ့ဝင်များနှင့် စာရေးဆရာကျော်ဝင်း၊ ဦးသူရ(ခ)ဇာဂနာတို့ လည်း တက်ရောက် ခဲ့ကြသည်။

ယင်းအဆိုကို ရသေ့တောင်မြို့နယ်လွှတ်တော် ကိုယ်စား လှယ် ဒေါ်ခင်စောဝေက အဆိုပြုခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံအတွင်း ရိုဟင်ဂျာရှိတယ် မရှိဘူး၊ခိုးဝင်လာတာ မဟုတ်ဘူး ဆိုသည်နှင့် ဘင်ဂါလီ ရိုဟင်ဂျာဆိုသည့် အသုံးအနှုန်းများ အပေါ်တွင်မူ အလုပ်ရုံဆွေးနွေးပွဲ၌ အခြေအတင် အငြင်းပွား ပြောဆိုခဲ့ကြကြောင်း သိရသည်။

Sources Here:
31Like · · Share
Rohingya Exodus