နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်တောမှ မူးယစ်ဆေးဝါး ဘုရင်ကို ပြန်လွှတ်ရန် ရဲတပ်ဖွဲ့က ငွေကျပ် သိန်း ၂၀၀၀ ယူထား

RB News
30.11.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြို့မတောင်ရပ်ကွက်တွင် နေထိုင်သော မူးယစ်ဆေးဝါး ဘုရင် ဦးနူရူလ်အာမီးန်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး ပြန်လွှတ်ပေးရန် ရဲတပ်ဖွဲ့က ငွေကျပ် သိန်း ၂၀၀၀ ယူထားကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ် မြို့မတောင်ရပ်ကွက်တွင် နေထိုင်သော ဦးနူရူလ်အာမီးန် (ဘ) ဦးဒိလ်မာမတ် သည် မောင်တောခရိုင်မှ မူးယစ်ဆေးဝါး ဘုရင်တစ်ဦး ဖြစ်ပြီး၊ ၎င်းကို နိုဝင်ဘာလ (၂၈) ရက်နေ့က ၎င်း၏ တပည့်ဖြစ်သူ ဦးဟူစိန်းအာမတ် (ဘ) ဦးအဒူဇော်ဘော်ရ်နှင့် အတူ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။

ရဲတပ်ဖွဲ့က ဦးနူရူလ်အာမီးန်၏ တပည့်ဖြစ်သူ ဦးဟူစိန်းအာမတ်ကို ပြန်လွှတ်ရန် အတွက် ငွေကျပ် သိန်း ၁၀၀၀ တောင်းခဲ့ရာ ဦးနူရူလ်အာမီးန်က ငွေပေးရန် သဘောမတူသဖြင့် ရဲတပ်ဖွဲ့က အကြမ်းဖက်သမား ဖမ်းဆီးရမိသည်ဟု အမှုဆင်ခဲ့သည်။ ထို့နောက် နိုဝင်ဘာလ (၂၉) ရက်နေ့တွင် ဦးဟူစိန်းအာမတ်၏ ဓါတ်ပုံနှင့်တကွ အကြမ်းဖက်သမား ဖမ်းဆီးရမိသည်ဟု ဆိုကာ နိုင်ငံတော် အတိုင်ပင်ခံ သတင်းထုတ်ပြန်ရေး ကော်မတီမှ သတင်းထုတ်ပြန်ခဲ့သည်။

ဦးနူရူလ်အာမီးန်ကို ပြန်လည် လွှတ်ပေးရန် အတွက် ရဲတပ်ဖွဲ့က ငွေကျပ် သိန်း ၂၀၀၀ ဖြင့် သဘောတူခဲ့ပြီး ယမန်နေ့ နိုဝင်ဘာလ (၂၉) ရက်နေ့ ညနေပိုင်းတွင် ငွေကျပ် သိန်း ၂၀၀၀ ကို ဦးနူရူလ်အာမီးန်၏ ယောက်ဖ ထံမှ လက်ခံရယူခဲ့ပြီး ယနေ့ ညနေပိုင်းတွင် ပြန်လည် လွှတ်ပေးမည်ဟု ထင်ရကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။

“မောင်တောမှာ နူရူလ်အာမီးန်က ဆေးပြားဘုရင်ပါ။ အဓိက လုပ်ငန်းရှင်တွေက ရခိုင်တွေ ဖြစ်ပေမယ့်လည်း နူရူလ်အာမီးန်ကို ဘယ်သူ့မှ ကျော်ပြီးလုပ်လို့မရဘူး။ ရခိုင်တွေက ရန်ကုန်၊ မန္တလေးကနေ တဆင့် ဆေးပြားတွေ သယ်လာတယ်။ အဲဒါတွေကို တဖက်နိုင်ငံ ပို့ပြီး နူရူလ်အာမီးန်က ရောင်းပေးတယ်” ဟု အဆိုပါ ဒေသခံက ပြောပါသည်။

“နူရူလ်အာမီးန် မရှိရင် မောင်တောက မူးယစ်ဆေးဝါး လုပ်ငန်း တော်တော်လေး ကျသွားမယ်။ အဲဒါကြောင့် အခု ဒီလူကို ပြန်လွှတ်ရေးအတွက် ရခိုင်လုပ်ငန်းရှင်တွေ ကိုယ်တိုင် ရဲတွေနောက်လိုက်နေတယ်။ အခု ငွေယူတာမှာ ခရိုင်မှူး၊ မြို့နယ်မှူး အကုန်ပါတယ်” ဟု ၎င်းက ဆက်လက် ပြောပါသည်။

ဦးနူရူလ်အာမီးန်သည် ရွှေဇားကျေးရွာ ဇာတိဖြစ်ပြီး၊ ၂၀၁၂ ခုနှစ် နောက်ပိုင်းတွင် မူးယစ်ဆေးဝါး လုပ်ငန်းဖြင့် ငွေကြေးချမ်းသာလာကာ မြို့မတောင်ရပ်ကွက် လမ်းမတန်းတွင် ငွေကျပ် သိန်း ၅၅၀၀ ဖြင့် တိုက်ဝယ်၍ ပြောင်းရွှေ့နေထိုင်လျက် ရှိသူ ဖြစ်သည်။

ပြည်ထဲရေး ၀န်ကြီးဌာန အနေဖြင့် အဖြစ်မှန်ကို စုံစမ်း၍ မူးယစ်ဆေးဝါး လုပ်ငန်းရှင်များကို ထိုက်သင့်သည့် ပြစ်ဒဏ် ချမှတ်ရမည် ဖြစ်ပြီး၊ လာဘ်ငွေယူ၍ ပြန်လွှတ်ပေးခြင်း မပြုလုပ်ရန် အထူးလိုအပ်ပေသည်။



Comment ရေးရန်

Rohingya Exodus