နောက်ဆုံးသတင်း/ဆောင်းပါးများ

ဖရုံချောင်း အုပ်ချုပ်ရေးမှူးက လူသတ်မှုနှင့် ပတ်သက်သည်ဟု စွပ်စွဲ၍ ဒေသခံ ၆ ဦးထံမှ ငွေညှစ်



MYARF
RB News
25.6.2016

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် ဖရုံချောင်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သန်းဌေးသည် ရုံးမှ အမိန့်စာ ထုတ်ပြန်ပြီး အောက်ပါ အပြစ်မဲ့ ရိုဟင်ဂျာများကို ရုံးသို့ ဆင့်ခေါ်၍ ကျေးရွာ တာဝန်ခံဟောင်း ဆော်လီမူလ္လာ အသတ်ခံခဲ့ရသည့် အမှုနှင့် ပါဝင် ပတ်သက်သည်၊ အားပေး အားမြှောက် ပြုလုပ်ခဲ့သည်ဟု မတရားသဖြင့် စွပ်စွဲခြိမ်းခြောက်၍ ငွေညှစ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

“လွန်ခဲ့တဲ့ ဇွန် ၁၂ ရက်နေ့က အုပ်ချုပ်ရေးမှူး မောင်သန်းဌေးက သူတို့ကို ဆင့်ခေါ်ခဲ့တယ်။ ပြီးတော့ မင်းတို့ကို ဆော်လိမ် လူသတ်မှု တရားခံတွေပဲ၊ တစ်ဦးကို ငွေ ၅ သိန်း ပေးရင် ရှင်းလို့ရတယ်၊ မဟုတ်ရင် ထောင်ဒဏ် (၁၀ နှစ်) ကျမယ်” ဟု ရိုင်းစိုင်းစွာ ပြောဆိုပြီး ငွေတောင်းခံခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

ဆင့်ခေါ်ခြင်း ခံခဲ့ရသည့် ရိုဟင်ဂျာ ရွာသား (၇) ဦးတို့သည် အုပ်ချုပ်ရေးမှူး တောင်းခံနေသည့် ငွေများကို မပေးနိုင်ပါက အုပ်ချုပ်ရေးမှူး၏ ယုတ်မာမှုကြောင့် မတရားသဖြင့် လူသတ်မှု တရားခံ စာရင်းတွင် ပါသွားနိုင်မည်ဟု စဉ်းစားကာ လယ်ယာမြေများ၊ လက်ဝတ်လက်စားများနှင့် အခြား ရရာနည်းလမ်းဖြင့် ငွေရှာဖွေ၍ အုပ်ချုပ်ရေးမှူးကို ပေးခဲ့ရကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။

သို့သော်လည်း (၇) ဦးထဲမှ နော်ဇိရ်အာမတ် (ဘ) ဦးဟာဘေစ်အာမတ် (အသက် ၂၀ နှစ်) ဆိုသူသည် အလွန်ဆင်းရဲ နွမ်းပါး၍ ငွေကျပ် (၅) သိန်း မပေးနိုင်သဖြင့် ဇွန်လ (၂၁) ရက်နေ့ ညနေ (၅) နာရီခန့် အချိန်တွင် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့သည် နော်ဇိရ်အာမတ်၏ နေအိမ်သို့ သွားရောက်၍ ၎င်း၏ ညီမပျိုသည် အမျိုးသားတစ်ဦးနှင့် တရားမ၀င် ပေါင်းသင်း၍ ကိုယ်ဝန်ရှိနေသည်ဟု လူမဆန်စွာ မတရားစွပ်စွဲ၍ စစ်ဆေးမည်ဟု ဆိုကာ စစ်ဆေးခဲ့သည်။ ထို့နောက် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့၏ မတရား စွပ်စွဲချက် မမှန်ကန်သဖြင့် ပြန်လည် ထွက်ခွာသွားခဲ့သည်။

ဆင့်ခေါ်ခံရပြီး ငွေညှစ်ခံရသူ များမှာ --

(၁) ဦးဇော်ရီနာ (ဘ) ဦးအာဘုလ်ဟိုက်ရ် (အသက် ၆၀ နှစ်) -- ညှစ်ခံရငွေကျပ် နှစ်သိန်းငါးသောင်း
(၂) ဦးမာမတ်အာမီးန် (ဘ) ဦးဆွေတာမောတ် (အသက် ၃၀ နှစ်) -- ညှစ်ခံရငွေကျပ် သုံးသိန်း
(၃) ဦးမာမတ်ဇူဘိုင် (ဘ) ဦးအဒူကာဒေရ် (အသက် ၃၂ နှစ်) -- ညှစ်ခံရငွေကျပ် နှစ်သိန်း
(၄) ရီဇ်ဝါန် (ဘ) ဦးဝါရေစ် (အသက် ၂၀ နှစ်) -- ညှစ်ခံရငွေကျပ် နှစ်သိန်း
(၅) အဒူရော်မာန် (ဘ) ဦးအာဘူလ်ဟူဆောင်း (အသက် ၂၅ နှစ်) -- ညှစ်ခံရငွေကျပ် နှစ်သိန်း
(၆) ဦးဟူဆောင်း (ဘ) ဦးဘော်ဒိအာလောမ် (အသက် ၃၈ နှစ်) -- ညှစ်ခံရငွေကျပ် တစ်သိန်း -- တို့ဖြစ်သည်။

အုပ်ချုပ်ရေးမှူးက နောက်ထပ် ရွာသား (၃၀) ကျော်ကိုလည်း လုပ်ကြံ၍ ငွေညှစ်မည်ဟု ကြုံးဝါးလျက် ရှိကြောင်း ဒေသခံများက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus