နောက်ဆုံးသတင်း/ဆောင်းပါးများ

ဌေးလွင်ဦး
RB News
23.5.2016

ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်က လွတ်၊ သူနေတဲ့ တက္ကသိုလ်ရိပ်သာလမ်းက ခြံစည်းရိုးပေါ်ကနေ လမ်းပေါ်က လူထုပရိသတ်ကို မိန့်ခွန်းတွေပြော- အမေးအဖြေတွေ လုပ်ခဲ့ပါတယ်။ အချိန်ကာလက ၁၉၉၆ ခုနှစ်ပါ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘေးမှာ လက်ရှိ အာဏာရ ပါတီ NLD ရဲ့ ရှေးဦး ပါတီဖခင်ကြီးထဲမှာ ပါတဲ့ ဦးတင်ဦးနဲ့ ဦးကြည်မောင် (ကာနယ်ကြည်မောင်) ဘယ် ညာ ရံပြီး စကားပြောလေ့လည်း ရှိပါတယ်။

တစ်ပြိုင်နက်မှာ- နအဖ အစိုးရထုတ် သတင်းစာများက NLD ပါတီ မကောင်းကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် ဟာ အမျိုးမစောင့်ကြောင်း အကြီးအကျယ် ပုတ်ခတ်ပြောဆိုနေချိန်လည်း ဖြစ်ပါတယ်။- အဆိုပါ သတင်းစာများ က တစ်ခါတစ်ရံ- ဦးတင်ဦးကိုပင် ပုဂ္ဂိုလ်ရေးစော်ကားပြီး “သွားခေါခေါနဲ့ စစ်သားဟောင်းကြီး” ဆိုတဲ့ အသုံးကိုပင် သုံးခဲ့တာများ ရှိပါတယ်။

အတိုက်အခံ ဆိုတဲ့ ဘောင်ကို ကျော်လွန်ယုံမျှမက အတိုင်းမရှိ အာဏာပြ ရန်လို စော်ကား ပုတ်ခတ်လွန်းတဲ့ သတင်းစာ အသုံးအနှုန်းများကြောင့်- ဒီမိုကရေစီရေးမှာ အားသန်နေတဲ့ ကျွန်တော်တို့သည်ပင် အလွန်တရာ ခံပြင်းမိပါတယ်။- သတင်းစာပါ စော်ကားမှု လွန်ကဲတဲ့ သတင်း စာသားများကြောင့်- နိုင်ငံရေးမှာ စိတ်မပါတဲ့ ပြည်သူများပင်- စော်ကားခံရသူ (NLD ပါတီနဲ့ ပါတီခေါင်းဆောင်)များကို ကရုဏာ ဖြစ်လာရတဲ့ အဆင့်၊ စော်ကားခံရသူဘက်မှ မခံမရပ်နိုင် ဖြစ်လာရတဲ့ အဆင့်ထိပါ။ (မှီလိုက်သူတိုင်း သိနေဦးမှာပါ။)

တစ်နေ့မှာ အဆိုပါ သတင်းစာများနဲ့ ပတ်သက်ပြီး ဦးကြည်မောင် (ကာနယ်ကြည်မောင်)က ခြံစည်းရိုးပေါ်မှ မှတ်ချက်ပြုပါတယ်- ဒီသတင်းစာ ရေးတဲ့ သူတွေဟာ (စိတ်ပညာ သဘောအရ) အစိုးရကို ပြည်သူက အမြင်ကပ်လာအောင်- စော်ကားခံရသူကို ပြည်သူက ကရုဏာဖြစ်လာအောင် ကိုယ့်ဘက်က ရေးပေးနေတယ် လို့တောင် ထင်ရတယ်-ကျေးဇူးတောင် တင်ရမယ်တဲ့။ (ဒေါ်အောင်ဆန်းစုကြည်လည်း သူ့ဘေးမှာ ရှိပါတယ်။)။ (ကျွန်တော် အပါအ၀င် ပရိတ်သပ်ကြီးက သဘောကျလို့ ၀ါးကနဲ လက်ခုတ်တွေ တီးကြပေါ့။)-

အခု- ရိုဟင်ဂျာ အရေးနဲ့ ပတ်သက်လာရင်လည်း- ပြည်တွင်းပြည်ပ မီဒီယာများကို- ကျွန်တော် အဲ့လိုပဲ မြင်နေတာ ကြာခဲ့ပါပြီ။ ဦးကြည်မောင် (ကာနယ်ကြည်မောင်) စကားနဲ့ ပြောရရင်- ကမ္ဘာက ရိုဟင်ဂျာ အပေါ် ကရုဏာ သက်သည်ထက် သက်လာအောင်၊ ရိုဟင်ဂျာများဘက်က ကမ္ဘာ့ အသိုင်းအ၀ိုင်းက ရပ်တည် သည်ထက် ရပ်တည်လာအောင် တမင်များ ရေးပေးနေသလားလို့ပါ။

ရိုဟင်ဂျာများကို ကမ္ဘာ့ အသိုင်းအ၀ိုင်းက မဖြစ်မနေ ရပ်တည်ပေးရအောင်- မီဒီယာများသာ မက- နိုင်ငံခေါင်း ဆောင်များ၊ တပ်ခေါင်းဆောင်များ၊ ရခိုင်ခေါင်းဆောင်များကလည်း အကြီးအကျယ် အားဖြည့်ပေးနေသလို ဖြစ်နေပြန်ပါတယ်။

ပထမတော့ ရခိုင်နဲ့ ရိုဟင်ဂျာ ပြသနာလိုလို။ နောက်တော့ မီဒီယာများက ရခိုင်ဘက်က လိုက် တစ်ဘက်သပ် တအားဖိနှိပ်ရေးနေသလိုလို။ နောက်ဆုံးတော့- အာဏာပိုင် အစိုးရများ၊ စစ်တပ်ထိပ်သီးများ ကိုယ်တိုင်က- ရိုဟင်ဂျာများကို မတရားသဖြင့် ဖိနှိပ်၊ တစ်ဘက်သပ် ဖိနှိပ် အခွင့်အရေး မပေးချင်လို့ ပေကပ်ခံ- ဆိုတာများ ကမ္ဘာမိသားစုမှ မျက်လုံးမှိတ်ထားရင်တောင် အလိုလို မြင်နေရတဲ့ အဆင့်ထိ ဖြစ်ကုန်ပါရောလား။

ရခိုင်နဲ့ ရိုဟင်ဂျာ - နှစ်ဦးနှစ်ဘက်သာ ပြသနာ တက်ခဲ့တယ် ဆိုခဲ့ရင်- နှစ်ဘက်ကို မျှမျှတတ ဖြေရှင်းပေးရမယ့် ကိစ္စပါ။ ရိုဟင်ဂျာများကို နိုင်ငံသား ရုပ်သိမ်းသလို ရခိုင်များကိုလည်း နိုင်ငံသား ရုပ်သိမ်း။ ရိုဟင်ဂျားကို ပညာရေး၊ ကျမ္မာရေး ပိတ်ထားသလို ရခိုင်များကိုလည်း ပညာရေး ကျမ္မာရေး ပိတ်ထား။ ရိုဟင်ဂျာများကို ရွေးချယ် ရွေးကောက်ပိုင်ခွင့်များ ပိတ်ထားသလို ရခိုင်များကိုလည်း ရွေးချယ် ရွေးကောက်ပိုင်ခွင့်များ ပိတ်ထား- နှစ်ဘက်လုံး မျှမျှတတ ပုံစံပေး ဆုံးမ လိုက်ရင်- အားလုံး ငြိမ်သွားမယ့် ကိစ္စ။ ပြီးမှ လိမ္မာပြီ ဆိုမှ နှစ်ဘက်လုံး ဖြေလျှော့ပေးလိုက်- အားလုံး အဆင်ပြေသွားမယ့် ကိစ္စ။

ခုတော့ လူနည်းစုလည်း ဖြစ်၊ ဖိနှိပ်ခံလည်း ဖြစ်တဲ့ ရိုဟင်ဂျာကိုမှ တစ်ဘက်သပ် - ခိုးဝင် လို့ စွပ်စွဲ၊ အတင်း မောင်းထုတ်၊ အတင်း နိုင်ငံခြားသား ခံယူခိုင်း၊ နိုင်ငံခြား ခိုးဝင် လက်မခံလို့ ထမင်းမပေး ဆေးမပေးဘဲ အစာဖြတ် ရေဖြတ် ဖြတ်ထား။- ဒီထက်မက လူမျိုးတုံး သုတ်သင်မှုကိုပါ ကျင့်သုံးလာတဲ့ အဆင့်ထိ ဖြစ်ကုန် ရော။ ဒီ ကျူးလွန်မှုတွေဟာ ရခိုင်လူမျိုးတွေက ကျူးလွန်နေတာလား-၊ အာဏာပိုင်တွေက ကျူးလွန်နေတာ လား-၊ ကမ္ဘာက သိနေပါတယ်။ (ရခိုင်လူမျိုးတွေက ရန်ဖြစ်ထားလို့ ရိုဟင်ဂျာများကို မုန်းနေတယ် ဆိုတာ လက်ခံပါတယ်။ အခွင့်အရေးရရင် ရိုဟင်ဂျာတွေကို မောင်းထုတ်ပစ်ချင်တယ် ဆိုတာကိုလည်း သိပါတယ်။ သို့သော် ရခိုင်လူမျိုးတွေဟာ အာဏာပိုင်တွေ မဟုတ်လို့ Genocide ကို သူတို့ ကျူးလွန်လို့ မရဘူး။ အာဏာပိုင်တွေရဲ့ Genocide ကျူးလွန်နေခြင်းအပေါ်မှာ- သူတို့ မကျေနပ်တဲ့ လူမျိုးကို မျိုးဖြုတ်နေတာကြောင့် အားပေးနေတယ် ဆိုတဲ့ အဆင့်ထိ ဖြစ်ချင်ဖြစ်နိုင်မယ်။- သို့သော်- ရခိုင်လူမျိုးများက ရိုဟင်ဂျာများကို မကျေနပ်ခြင်း ဆိုတဲ့ အခွင့်အရေးကို အသုံးချပြီး လက်တွေ့ Genocide ကျူးလွန်နေသူများက ဗမာအာဏာပိုင် များသာ ဖြစ်နေပါတယ်။

Genocide ကျူးလွန်နေပြီလို့ ကမ္ဘာက အသိအမှတ်ပြုကာ အနီကဒ်ပြ ဖြေရှင်းတော့မယ့် အချိန်မှာ--၊ ဗမာ ဗမာချင်း အတင်းကာကွယ်ပေးနေတဲ့- လူတွေရဲ့ ဝေ့လည်ကြောင်ပတ် စကားများကြောင့်---

ကမ္ဘာ့အသိုင်းအ၀ိုင်းက ရိုဟင်ဂျာများ အပေါ် ပိုလို့ပိုလို့ ကရုဏာသက်လာတဲ့ အပြင်---၊ ဝေ့လည်ကြောင်ပတ် စကားပြောသူများကို ပိုလို့ပိုလို့ မုန်းတီးစက်ဆုတ်လာရလေတော့-၊

ကာနယ်ကြည်မောင် စကားနဲ့ ပြောရရင်-- ကျေးဇူးတောင် တင်ရမယ်ပေါ့။


မုဟမ္မဒ်တွာဟေရ်(ဌေးလွင်ဦး)
ဦးဆောင်လှုပ်ရှားမှုတာဝန်ခံ
Civil Rights Movement

ဌေးလွင်ဦး
RB News
17.5.2016

ရိုဟင်ဂျာ ဟု ဆိုခြင်းကြောင့် တိုင်းရင်းသား စစ်စစ် ဖြစ်၏။

အကြောင်းမူ- မည်သည့် လူမျိုးမှ မှိုပေါက်သလို ပေါက်လာခြင်းကား မရှိ။ လူသား မျိုးနွယ် တစ်စုချင်းစီ၏ ပြောင်းရွှေ့ရာ စီးကြောင်းအရ မြစ်ဖျားခံခဲ့ရာ အရပ် ရှိခဲ့ပေမည်။ သို့သော် လူတစ်မျိုးချင်းစီ၏ တိုင်းရင်းသား ဖြစ်ခြင်း ဌာနေလူမျိုး ဖြစ်သည်ဟု အမှတ်သညှာပြုခြင်းတို့မှာ- ၎င်းတို့၏ ယခင် မူလ စတည်ခဲ့ရာအား ဘိုးဘွားစဉ်ဆက် မမှီဘဲ သမိုင်းဆက်ဖြတ်ခဲ့သည်ထိ ကြာမြင့်လျက် လက်ရှိ အခြေချရာ ဒေသတွင် အမည်တစ်ခုဖြင့် မျိုးရိုးစဉ်ဆက် ဖြစ်တည်နေခဲ့ခြင်း၌ တည်၏။

ဥပမာ- ဗမာ ဟု ခေါ်တွင်နေသော လူမျိုးသည် မြန်မာနိုင်ငံ အတွင်းမှ မှိုပေါက်သကဲ့သို့ ပေါက်ဖွားခဲ့ခြင်း မဟုတ်။ တရုတ်ပြည်မြောက်ပိုင်းမှ နဂိုမူလ နန်ကျောင်လူမျိုးဟု ခေါ်တွင်ခဲ့သော လူမျိုးစု ဖြစ်၏။ နန်ကျောင်တို့ ၀င်လာရာ လမ်းမှာ ယခု ဘူတန် နီပေါလ် မှ အောက်သို့ မဏိပူရ်ကို ဖြတ်၍ လာခဲ့ခြင်း ဖြစ်၏။ (တရုတ်ပြည် မြေပုံကို မကြည့် မသိ သူတို့က တရုတ်ပြည်မှ လာလျှင် ယခု ကချင်ပြည်နယ် ရှမ်းပြည်နယ်ကို ဖြတ်ခဲ့ရမည်ဟုသာ ခံစားမိမည် ထင်သည်။- တရုတ်ပြည်၏ မြေပုံအား သေချာ ကြည့်စေလိုသည်။) မဏိပူရ် တောင်တန်းအား ဖြတ်သန်းဝင်ရောက်ခဲ့သည့် အတွက် လက်ရှိကာလတိုင် ဗမာစကားပြော လူမျိုးများ မဏိပူရ်တောင်တန်းပေါ်တွင် ရှိနေဆဲပင်။ သို့သော် နဂို မူလ ၎င်းတို့၏ ဘိုးဘွားစဉ်ဆက် သမိုင်းသည်ကား ပျောက်ခဲ့ပြီ။ လက်ရှိတွင် နန်ကျောင် မဟုတ်တော့ဘဲ ဗမာ ဟု ဖြစ်နေခဲ့ပြီ။ သို့ဖြစ်၍ ဗမာအား မြန်မာနိုင်ငံ၏ ဌာနေလူမျိုး အဖြစ် အမှတ်သညှာပြုရတော့၏။

ရှမ်းလူမျိုး။ ။ ရှမ်းလူမျိုး- မဏိပူရ်ကုန်းမြင့်မှသည် စစ်ကိုင်းတိုင်းအထက်ပိုင်း- ကချင်ပြည်နယ် အောက်ပိုင်း မှစ လက်ရှိ ရှမ်းပြည်နယ်၊ လာအို၊ ထိုင်းထိ မျိုးရိုးကြီး ရှိနေ၏။ မြန်မာပြည် အနေဖြင့် အလွန်ကြီးမား သော လူမျိုးစုကြီး ဖြစ်၍- လက်ရှိ မြန်မာနိုင်ငံ အတွင်းတွင်ပင်- ဗမာထက် အဆ ပိုများ၏။ (သန်းခေါင် စာရင်း အမှန်ကို ကြည့်ပါ။) အဆိုပါ ရှမ်းလူမျိုးကြီးသည် မြန်မာပြည်တွင်းတွင်သာ “ရှမ်း” ဟူသော အမည်ဖြင့် ဆက်လက်ရှိနေခဲ့ပြီး- လာအို နှင့် ထိုင်း တို့က ခွန်လာအို၊ ခွန်ထိုင်း ဟူသည့် အမည်များဖြင့် သီးခြားခွဲထွက်သွားခဲ့ပြီ။ သမိုင်းအားဖြင့်လည်း နှစ်ပေါင်း ရာထောင် ရှိခဲ့ပြီ။ သို့ဖြစ်၍ လက်ရှိ မြန်မာနိုင်ငံမှ ရှမ်းသည် မြန်မာပြည်တွင် ဌာနေ လူမျိုး အဖြစ် သတ်မှတ်ရ၏။

မြန်မာနိုင်ငံ အတွင်းရှိ ကရင်၊ ကချင်၊ ချင်း၊ မွန်၊ ရခိုင်- စသည့် စသည့်- မည်သည့် လူမျိုး မဟူ လက်ရှိ နေထိုင်ရာ အရပ်ဒေသများတွင် အခြေချနေထိုင်မှု ကာလ ကြာမြင့်လျှက်- ၎င်းတို့၏ မူလဇစ်မြစ်မှ သီးခြားဖြာထွက်ခဲ့ပြီး ဖြစ်သည့် အတွက်- လက်ရှိနေထိုင်ရာ ဒေသတို့၏ ဌာနေများ ဖြစ်ခဲ့ကြပြီ။

လူသား သဘာဝ ပြောင်းရွှေ့မြဲ ဖြစ်သည့် အတွက် ဆက်လက်ပြောင်းရွှေ့ နေသော်လည်း မိမိတို့၏ မျိုးရိုးဇာတိအား မမေ့ပျောက်သေးသည့် လူမျိုးစုတို့အား အဆိုပါ ဒေသတွင် ဌာနေ လူမျိုး အဖြစ် မခေါ်ဆိုအပ် မသတ်မှတ်အပ်ပါ။-

ဥပမာ- မြန်မာနိုင်ငံမှ ကရင်၊ ကချင်၊ ဗမာ၊ ရှမ်း၊ ချင်း၊ ရခိုင် စသည်တို့ အနေဖြင့် ထိုင်း၊ မလေး နှင့် အနောက်နိုင်ငံများသို့ - ယခု ဆယ်စုနှစ်များတွင် ပြောင်းရွှေ့ခဲ့သူတို့ ရှိ၏။ အချို့ဆိုလျှင် ဦးနု ခေတ်ကာလ (လွန်ခဲ့သော နှစ် ၆၀ ခန့်ကပင်) ပြောင်းရွှေ့ခဲ့သူတို့ ရှိ၏။ သို့သော် သူတို့ကိုယ် သူတို့ မိမိတို့၏ ဇာတိများအား မမေ့ပျောက်သေးသည့် အတွက် သက်ဆိုင်ရာ ဒေသများ၌ နိုင်ငံသား အဆင့်ဖြင့်သာ ရပ်တည်နေကြလေ၏။

ရိုဟင်ဂျာ တို့ ဟူမူကား- ရိုဟင်ဂျာတို့သည်လည်း ရခိုင်ဒေသတွင် မှိုပေါက်သကဲ့သို့ ပေါက်ဖွား ခဲ့ကြသူများ မဟုတ်။ ၎င်းတို့၏ မြစ်ဖျားခံရာမှာ (ဘာသာစကား ရိုးရာဓလေ့ အသွင်အပြင် အားဖြင့် လိုက်သော်) နီပေါလ်ဘက်မှ တစ်ဆင့် မဏိပူရ် ကုန်းမြင့်အတိုင်း ရခိုင်ပင်လယ်ကမ်းရိုးထိ စုန်ဆင်းခဲ့ကြသူများ ဖြစ်၏။

၎င်းတို့သည် ဘင်္ဂလီ စင်စစ် လူမျိုးနွယ်များဖြင့် လွန်စွာ ကွာခြားပြီး- ဘာသာစကား ဓလေ့ထုံးတမ်း ရုပ်ရည်သွင်ပြင်လည်း သီးခြားစီ ဖြစ်၏။ (တနည်းအားဖြင့် အနောက်ဘက် ဘင်္ဂလားမှ အရှေ့ဘက် ရခိုင်ဒေသသို့ စီးကြောင်းအားဖြင့် ၀င်ခဲ့ကြသူများ မဟုတ်ဘဲ၊ မြောက်ဘက် မဏိပူရ်ကုန်းမြင့်မှ တောင်ဘက် ရခိုင်ကမ်းရိုးတန်းသို့ စုန်ဆင်းခဲ့ကြသူများသာ ဖြစ်၏။ ရခိုင်ဒေသသို့ ၎င်းတို့ဝင်ခဲ့ကြသည်မှာ လွန်စွာရှေးကျ၍ ၎င်းတို့၏ မူလမျိုးရိုး ဇာတိကိုပင် ၎င်းတို့မသိ မေ့ပျောက်ခဲ့ကြလေပြီ။ ၎င်းတို့နှင့် နီးစပ်မှု ရှိသည့် လူမျိုးနွယ်မှာ လက်ရှိ ကမ္ဘာ့မြေပုံ နိုင်ငံသတ်မှတ်မှု အရ အန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ နယ်ဆုံရာ (ချင်းပြည်နယ်နှင့် ရခိုင်မြောက်ပိုင်း အထက်ပိုင်းဒေါင့်) များတွင် ရှိနေ၏။ သို့ဖြစ်၍ ၎င်းတို့ လူမျိုးနွယ်မှာ နီပေါလ်မှသည် ရခိုင်ထိ ပျံ့နှံ့လျှက် ရှိ၏။ (ကျမ်းကိုး ပြရန် လိုမည် မထင်- လက်ရှိအချိန်ထိ လူကိုယ်တိုင် သွားရောက်လေ့လာလျှင် - ဘာသာစကား ဆက်စပ်မှုအားဖြင့် တွေ့ရမည် ဖြစ်သည်။- ဟင်နရီ ဂျီ ဘဲလ် မှတ်တမ်းပြုသည့် ၁၈၅၂ ခုထုတ်- An Account of Burma Empire စာအုပ်တွင်လည်း တွေ့နိုင်၏။)

နိုင်ငံများ သီးခြား လွတ်လပ်ရေး ရကြသော အခါ- အဆိုပါ လူမျိုးနွယ်မှ စစ်တကောင်း ဒေသတွင် ရှိနေသည့် သူတို့အား- ဘင်္ဂလားမှ ပိုင်ဆိုင်သွား၍- အုပ်ချုပ်သူ ဘင်္ဂလီ လူမျိုးကြီးမှ ဘင်္ဂလီမှုပြု လျှက် ဘင်္ဂလီဟူသော အမည်ဖြင့် သတ်မှတ်လိုက်သော်လည်း အမှန်စင်စစ်မှာ ၎င်းတို့သည် ဘင်္ဂလီများ မဟုတ်ကြပေ။ စစ်ကိုင်းတိုင်းမှသည် ရှမ်းပြည်နယ် နယ်စပ်ထိ - (မြန်မာပြည် အထက်ပိုင်း ကချင်ပြည်နယ် အောက်ပိုင်း) ကြီးမားကျယ်ပြန့်သော နေရာကြီးတွင် ရှိနေသည့် မြောက်များစွာသော ရှမ်းတို့အား ဗမာ ဟု ဗမာမှု ပြု လိုက်သကဲ့သို့ ဖြစ်၏။

အိန္ဒိယထဲတွင် ပါဝင်သွားသည့် အဆိုပါ လူမျိုးနွယ်မှ လူစုအား အိန္ဒိယနိုင်ငံမှ- အာသံသား၊ မဏိပူရ်သား စသည်ဖြင့် ဒေသနာမည်အားဖြင့် ၎င်းတို့ကိုယ်တိုင် သတ်မှတ်သည့် လူမျိုးအမည်များဖြင့် အသိအမှတ်ပြု၍ ဌာနေလူမျိုးများ အဖြစ် သတ်မှတ်ပေးထား၏။

အဆိုပါ လူမျိုးနွယ်မှ ရခိုင်ဒေသသို့ ပျံ့နှံ့ခဲ့သော ရိုဟင်ဂျာ လူမျိုးစုမှာ- ခိုင်မာသော သမိုင်းကြောင်း အထောက်အထားများ အရ လွန်ခဲ့သော နှစ်ပေါင်း ၅၀၀၀ ခန့်ကပင် အခြေချနေထိုင်ပြီး ဖြစ်၏။ (ထိုထက် ရှေးကျသော သမိုင်း အချက်အလက်ကိုကား ကျွန်ုပ်လည်း လက်လှမ်းမမှီသေးပါ။) လူသား သဘာဝ အလျှောက် အဆိုပါ ရိုဟင်ဂျာ လူမျိုးသည်လည်း မိမိတို့၏ မျိုးရိုးစဉ်ဆက်အား မေ့ပျောက် ကုန်လျှက် သူတို့ကိုယ် သူတို့ ရိုဟင်ဂျာ ဟုသာ သိနေပြီး ဖြစ်၏။ (ဗမာများမှာ ၎င်းတို့ နန်ကျောင် လူမျိုး ဖြစ်ခဲ့သည်အား မေ့သွားသကဲ့သို့ပင်)။ ရိုဟင်ဂျာ ဟူသော လူမျိုး အမည်အား မှတ်တမ်း ခိုင်မာစွာ ရှိခဲ့သည်မှာလည်း နှစ်ပေါင်း နှစ်ရာကျော် ဖြစ်ခဲ့ပြီ။ ထို့ထက် ရှေးကျသော မှတ်တမ်းများတွင် ရခိုင်ဒေသအား ရိုဟမ်း ဟု ခေါ်တွင်ခဲ့သည်မှာလည်း နှစ်ပေါင်း လေးရာ ကျော် ရှိခဲ့ပြီ။ ၎င်းတို့ ပြောဆို သည့် ဘာသာစကားဖြင့် ရခိုင်ဒေသ မှတ်တမ်း ကျောက်စာများမှာလည်း နှစ်ပေါင်း ထောင်ကျော် ရှိခဲ့ပြီ။ (ကျွန်ုပ်ပြောဆို တင်ပြမှုတို့အား ကျွန်ုပ်ခိုင်မာစွာ ရပ်တည်နိုင်ပါသည်။)

လူမျိုးတစ်မျိုး အနေဖြင့် ၎င်းတို့၏ အနွယ် မည်သည့်ဒေသမှ ဖြစ်ခဲ့စေကာမူ။ အဆိုပါဒေသများတွက် ဆက်လက်ရှိနေစေကာမူ-၊ အဆိုပါ လူမျိုးတစ်မျိုးသည် ဒေသတစ်ခုတွင် နှစ်ပေါင်း ရာထောင် ချီလျှက် ကိုယ်ပိုင်အမည်နာမဖြင့် ရပ်တည်ခဲ့ပြီ ဖြစ်၍-။ အဆိုပါ လူမျိုး (ရိုဟင်ဂျာ)တို့သည် ရခိုင်ဒေသ၏ မူလဌာနေ လူမျိုး အဖြစ် မသတ်မှတ်၍ မရနိုင်တော့ပေ။

မြန်မာနိုင်ငံ၏ ပထမဆုံး သမ္မတကြီး စပ်ရွှေသိုက် ပြောခဲ့သည့် စကားအတိုင်းပင်- အကယ်၍ ရိုဟင်ဂျာ လူမျိုးတို့အား မြန်မာနိုင်ငံ၏ တိုင်းရင်းသား အဖြစ် မသတ်မှတ်က- ရှမ်း၊ ချင်း၊ ကရင်၊ ရခိုင်၊ မွန် တို့သည်လည်း မြန်မာနိုင်ငံ၏ တိုင်းရင်းသား အဖြစ် သတ်မှတ်၍ မဖြစ်နိုင်တော့ပါ။

အချို့ကလည်း စောဒက တက်လိုသည်မှာ- ရှမ်းလူမျိုးသည် ထိုင်း၊ မြန်မာ တရုတ် တွင် ရှိ၏။ မွန်လူမျိုးသည် ထိုင်း၊မြန်မာ တွင် ရှိ၏။ ရခိုင်လူမျိုးသည် ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာတွင် ရှိ၏။ သို့ဖြစ်၍ ဟိုဘက်ဒီဘက် ခွနေသော လူမျိုးဖြစ်ကာ- လူမျိုးအမည်ဖြင့် သတ်မှတ်မှု ရှိ၏။ သို့သော် ဘင်္ဂလားဒေ့ရှ် တွင် ရိုဟင်ဂျာ ဟု မရှိ- သို့ဖြစ်၍ ရခိုင်တွင်လည်း ရိုဟင်ဂျာ ဟု မရှိရာ၊ မရှိအပ် ဟု စွပ်စွဲလိုကြ၏။- အဆိုပါ စောဒက ပြုသူများ ဆင်ခြင်ရမည်မှာ-

ဗမာမှုပြုခံထားရသော ရှမ်းဖြူ လူမျိုး အမည်ဖြင့် ထိုင်းတွင် မရှိပါ။ ကရင်လူမျိုး အမည်ဖြင့် ထိုင်းတွင် မရှိပါ- (ထိုင်းက ကလီယန် ဟုသာ ခေါ်သည်။ ထိုင်းရှိ ကလီယန် တို့အား တိုင်းရင်းသား အဖြစ် သတ်မှတ်ပေးထားသည်)- အဆိုပါ ကရင် လူမျိုးနွယ်အား အင်ဒိုနီးရှားတွင် အော့ကရောင် လူမျိုးဟု ခေါ်သည်။ (မြန်မာနိုင်ငံတွင် ရှိသော ကရင်လူဦးရေဖြင့် မတိမ်းမယိမ်း ရှိသည်။) အက်ဒ်မန်ကျွန်းသည် မူလ ကရင်လူမျိုးများ၏ ဒေသ ဖြစ်၍ ယခု အခါ အိန္ဒိယ လူမျိုးဟုသာ အမည်တွင်တော့သည်။ လက်ရှိထိ သက်ကြီးရွယ်အိုများမှာ ကရင်စကားပြောလျှက်၊ ကရင်ရိုးရာ ၀တ်စုံဖြင့် ကျန်နေပါသေး သည်။

ထိုထက် အနီးစပ်ဆုံး ဥပမာ ကို ပေးရသော်- ဒိုင်းနက် လူမျိုး အမည်ဖြင့် ဘင်္ဂလားတွင် မရှိပါ။ ကမန် လူမျိုး အမည်ဖြင့် ဘင်္ဂလားတွင် မရှိပါ။ ရခိုင်လူမျိုး အမည်ဖြင့် ဘင်္ဂလားတွင် မရှိခဲ့ပါ။ (မော့ဂ် ဟုသာ သတ်မှတ်ခဲ့သည်။) ယခု နောက်ပိုင်းတွင်မှ မော့ဂ် ဟူသည် ရခိုင် ဟု သတ်မှတ်လာခဲ့ခြင်း ဖြစ်သည်။ သို့ဖြစ်၍ ဘင်္ဂလားတွင် ဒိုင်းနက်ဟု ခေါ်သော လူမျိုး မရှိ၍ မြန်မာတွင်လည်း ဒိုင်းနက် မရှိရ ဟု သတ်မှတ်လျှင်- မြန်မာ ဘင်္ဂလား ခွ နေသော လူမျိုးတို့အား ဘင်္ဂလား စကားဖြင့်သာ သတ်မှတ်ရ တော့မည် ဖြစ်သည်။ ထိုသို့ဖြစ်လျှင်- ဗမာ လူမျိုးများကိုလည်း မာရ်မာ့ လူမျိုးဟု ပြောင်းလဲ သတ်မှတ်ရန်၊ ရခိုင် လူမျိုးကိုလည်း မော့ဂ် လူမျိုးဟု ပြောင်းလည်း သတ်မှတ်ရန်သာ ရှိသည်။

ရခိုင်ဒေသတွင် ဌာနေ လူမျိုး ဖြစ်တည်ပြီး ဖြစ်သော “ရိုဟင်ဂျာ” တို့၏ လက်တွေ့ မျက်တွေ့ ခိုင်မာသော အထောက်အထားမှာ- အမေရိကန် အပါအ၀င် အနောက်နိုင်ငံများသို့ ရောက်နှင့်ပြီး “ရိုဟင်ဂျာ” များက ၎င်းတို့သည် ရိုဟင်ဂျာ လူမျိုးပင်ဖြစ်သည်ဟု ရပ်တည်နေခြင်းပင်။ အကယ်၍ ၎င်း တို့ အနေဖြင့် ရိုဟင်ဂျာ လူမျိုး စင်စစ် မဟုတ်ခဲ့ပါက- လူ့အခွင့်အရေး အပြည့်အ၀ ရှိ၍- မိမိ သတ်မှတ် လိုသည့် အမည်အား သတ်မှတ်နိုင်သည့် နိုင်ငံများတွင်- သူတို့၏ ဇာတိ အမှန်အားဖြင့် သူတို့ ရပ်တည် လိုက်ကြမည်သာ ဖြစ်၏။ အမေရိကန်ရောက် ဘယ် ဗမာ တစ်ယောက်မှ (မိမိ၏ မြန်မာနိုင်ငံ ဆင်းရဲမွဲတေလျှက် မျက်နှာငယ်နေရချိန်တွင်ပင်) မိမိသည် ထိုင်းလူမျိုး ဖြစ်သည်ဟုလည်းကောင်း၊ မိမိသည် တရုတ်လူမျိုး ဖြစ်သည်ဟု လည်းကောင်း ရပ်တည်ခြင်း ပြောဆိုခြင်း မရှိသကဲ့သို့။ ရိုဟင်ဂျာ တို့သည်လည်း မိမိသည် ဘင်္ဂလီ ဖြစ်သည်ဟု ရပ်တည်သူ တစ်ဦးတစ်ယောက်မျှ မရှိပါချေ။

ဗမာတို့၏ ဌာနေလူမျိုး ဖြစ်ကြောင်း ဗမာတို့၏ ရပ်တည်ချက်အားဖြင့် လုံလောက်သကဲ့သို့ ရိုဟင်ဂျာတို့၏ ဌာနေလူမျိုး ဖြစ်ကြောင်းသည်လည်း ရိုဟင်ဂျာတို့၏ ရပ်တည်ချက်ဖြင့်ပင် လုံလောက်ပေသည်။ မည်သူတစ်ဦးတစ်ယောက်ကမျှ ၎င်းတို့၏ ကိုယ်ပိုင် အခွင့်အရေးအား ၀င်ရောက်စွက်ဖက်ခွင့် မရှိပါချေ။

မုဟမ္မဒ်တွာဟေရ်(ဌေးလွင်ဦး)
ဦးဆောင်လှုပ်ရှားမှုတာဝန်ခံ
Civil Rights Movement

ဌေးလွင်ဦး
RB News
7.2.2015

ဗမာက ရခိုင်ကိုသိမ်း- ရခိုင်ထီးနန်းပျက် တဲ့ ၁၇၈၄ ခုနှစ် ၀န်းကျင် ကတည်းက ရခိုင်မြေရဲ့ အပြင်ဘက် စစ်တကောင်းတောင်ပေါ်ကို တက်ပြေးခဲ့ရတဲ့ ရခိုင်မျိုးဆက် ဆိုတာ စစ်တကောင်းတောင်ပေါ်မှာ နှစ်ပေါင်း ၂၀၀ ကျော် သော မျိုးဆက်ဖြစ်ခဲ့ပါပြီ။ ဒီ မတိုင်မှီ- ဘုရင့်နောင် မင်းတရားကြီးရဲ့ မျိုးဆက်ဟာလည်း ၁၅ ရာစု (လွန်ခဲ့သော နှစ်ပေါင်း ၅၀၀) ကတည်းက စစ်တကောင်း တောင်ပေါ်မှာ ဗိုလ်ထောင်မင်းဆက်ငယ် အဖြစ် ယနေ့ထိ ရှိနေပါတယ်။

ဒီလူတွေက ဒီနေ့အခါ မြန်မာပြည်ထဲကို ပြန်လာရင်-မြန်မာပြည်ထဲက မူလဘူတ တိုင်းရင်းသား ဖြစ်ရော့လား လို့ မေးစရာပါ။ အာဏာရ အစိုးရကတော့ ဒါကို နိုင်ငံရေး စကားကွက် အဖြစ် အသုံးပြုတာကလွဲ အခြား မရှိလောက်ပါ။ သို့သော်- ၈၈ ပွင့်လင်း အဖွဲ့လို ခေါင်းဆောင်မှန်း အုပ်စုကတော့ ဒါတွေကို အဝေးရောက် တိုင်းရင်းသားတွေ ဆိုပါလား။-

၈၈ က ခေါင်းဆောင်မှန်းတွေဟာ မျက်လုံးကန်းသွားခဲ့လေသလား၊ သို့မဟုတ် မျိုးစဉ်မျိုးဆက် မျက်လုံး မပါခဲ့လေသလား မေးရတော့မယ် ထင်ပါတယ်။ ဘုရင့်နောင်မင်းကြီးရဲ့ မျိုးစဉ်မျိုးဆက်တို့ကို အဝေးရောက် တိုင်းရင်းသားတွေ အဖြစ် ခံစားနေမယ်ဆိုရင်- ထိုင်းတစ်နိုင်ငံလုံးမှာ ရှိတဲ့ ထိုင်းလူမျိုးစုတွေကိုလည်း မြန်မာရဲ့ အဝေးရောက် တိုင်းရင်းသားများ အဖြစ် ကြည်ကြည်ဖြူဖြူ လက်ခံပေးရတော့မှာပါ။ ထောင်ပြန် အကျဉ်းသား ခေါင်းဆောင်များ အဖြစ် ခံယူထားသူများက- သမိုင်းမကျေ၊ ရာဇ၀င်မသိဘူးပြောရင် အရပ်က ကြားကောင်းလှ ပါတယ်။ ဒါပေမယ့် ကျောင်းသား ခေါင်းဆောင်များလို့- ကျောင်းသားအပေါင်းရဲ့ ခေါင်းဆောင်ကဏ္ဍအား မောင်ပိုင်စီးထားသူများက- သမိုင်းမကျေ ရာဇ၀င် မသိဘဲ လျှောက်အော်နေတာတော့-၊ အတော့ကို ဇတ်ပျက်ရ မယ့် ကိန်း ဆိုက်တော့မှာပါ။

ဘယ်လိုဖြစ်ဖြစ် တစ်ကယ့် သနားစရာ အုပ်စုက နှစ်ပေါင်း ၂၀၀ ကျော် သို့မဟုတ် နှစ်ပေါင်း ၅၀၀ ကျော် ဓားမ ဦးချနေခဲ့တဲ့ နေရာက "မြေတစ်ကွက် ရလေနိုးနိုး ခိုကိုးလာခဲ့တဲ့ ရခိုင်စကားပြော စစ်တကောင်းသားရဲ့ ဘ၀ပါ။"

ဒီလူတွေနဲ့ ပတ်သက်ပြီး- ဦးသိန်းစိန် အစိုးရကလည်း အလွန်ဆုံး စီစဉ်ပေးနိုင်လှ ပေ ၄၀ ပေ ၆၀ အိမ်ရာ တစ်ကွက်မျှသာ ဖြစ်ပါလိမ့်မယ်။- တစ်ကယ်တော့ ဒီလူတွေ ပြောတဲ့ မြေတစ်ကွက်ဆိုတာ သူတို့ လုပ်စားကိုင်စား တတ်တဲ့ ဓလေ့အရ- တောင်ယာခုတ်စားမယ့် (အနည်းဆုံး မြေ ၄- ၅ ဧက) မြေတစ်ကွက်ကို ရည်မှန်းပြောဆိုကြောင်း သိနိုင်ပါတယ်။- သို့သော် အဲ့လို ပေးနိုင်ဘို့ လုံးဝ မဖြစ်နိုင်တော့ပါ။ ရိုဟင်ဂျာတွေဆီက မြေသိမ်းမယ်၊ ယာသိမ်းမယ် ပြီးတော့ ဒီလို ၀င်လာတဲ့ လူတွေကို ပေးမယ်လို့ ဦးသိန်းစိန်တို့ စိတ်ကူးခဲ့ကောင်း ကူးမိမှာပါ။- သို့သော် လက်တွေ့မှာ ရိုဟင်ဂျာ အရေးနဲ့ ပတ်သက်ပြီး အရေးနိမ့်သွားပြီ ဖြစ်တဲ့ ဦးသိန်းစိန်တို့က နဂို ရည်မှန်းထားသလို မဖြစ်နိုင်တော့မှန်း သိနေလောက်ပါပြီ။- ဒါကြောင့် UN က လူတွေ လာတိုင်း၊ နိုင်ငံတစ်ကာက ပုဂ္ဂိုလ်တွေ လာတိုင်း ရခိုင် ဒုက္ခသည်တွေကိုလည်း ကြည့်ပါ-၊ မျက်နှာမလိုက်ပါနဲ့လို့ သွေးရူး သွေးတန်း လျှောက်ပြောရတဲ့ အဖြစ်ကို အစဉ်တစ်စိုက် ကျူးလွန်နေရပါတော့တယ်။

နိုင်ငံတစ်ကာ အသိုင်းအ၀ိုင်းဆိုတာလည်း အဲ့လောက် တုံးအ နေသူများ မဟုတ်သလို-၊ ဒုက္ခသည် လို့ သတ်မှတ်ရမယ့် လူ အမျိုးအစားကို ကမ္ဘာ့ ဥပဒေ အရသာ သတ်မှတ်ရပြီး၊ ကမ္ဘာ့ ဥပဒေဘောင်တွင်းကသာ ကူညီခွင့်များကို ပြုနိုင်သူများ ဖြစ်နေပါတယ်။ (ဒါကိုလည်း ဦးသိန်းစိန်တို့ အစိုးရ အနေနဲ့ မသိဟန် မရှိပါ။)

ဘယ်လို ဖြစ်ဖြစ် ဦးသိန်းစိန်တို့မှာ နိုင်ငံရေး အရ အမြတ်ထွက်သွားတာ ရှိနေပါတယ်။- အဲ့ဒါက ရခိုင်ခွဲထွက်ရေး အုပ်စုတွေဟာ ထိုင်းနယ်စပ်မှာ၊ တရုတ်နယ်စပ်မှာ စစ်သင်တန်းတွေ တက်နေတယ် ဆိုပေမယ့်-၊ တစ်ကယ့် ရခိုင်အရေးကို လုပ်ဘို့ ရခိုင် ဘင်္ဂလား နယ်စပ်ကိုပဲ ခြေကုပ်ယူလာရမှာပါ။ ဒီအခါ- စစ်တကောင်းတောင်ပေါ်မှာ ရှိတဲ့ ရခိုင်စကားပြော စစ်တကောင်းနယ်သားတွေရဲ့ ရွာများ၊ တောင်ယာများဟာ ရခိုင်ခွဲထွက်ရေး ၀ါဒီတွေရဲ့ ကျက်စားရာ စခန်းများ ဖြစ်လာမှာ သေချာပါတယ်။ ဒါတွေကို ကြိုတင် အကြောဖြတ်တဲ့ အနေနဲ့ - မြန်မာပြည် အပြင် (နယ်စပ်)က ရခိုင်ရွာများကို ဖျက်သိမ်းထားလိုက်တဲ့ သဘောလို့ ပြောနိုင်ပါတယ်။

နောက်တစ်ချက်က- ရခိုင်နယ်မှာ သူတို့ လုပ်ခဲ့သမျှ လက်ညှိုးထိုးပြနိုင်မယ့် တရားခံများကို ခြံထဲထည့်ထား လိုက်ခြင်းလို့လည်း ပြောနိုင်ပါတယ်။

ဒီအတွက် လေလုံးကြီးကြီးနဲ့ ခွဲထွက်ရေး အသံကို လွှတ်တော်ထဲထိ ဟစ်ပြနေတဲ့ ဘင်္ဂလီ အေးမောင်ကို အသာလေး မွေးထားလိုက်ပြန်ပါတယ်။ ရခိုင်နယ်က မွတ်ဆလင်များကို သတ်ချင်တိုင်း သတ်နိုင်ဘို့ရာ ရခိုင် လူမျိုး လှမောင်တင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဖြစ်ခိုက်- ဘင်္ဂလီအေးမောင်ကိုလည်း လွှတ်ပေးထားလိုက် ပြန်ပါတယ်။ ဒီအခြေအနေမှာ ဘ၀င်လေဟပ်သွားတဲ့ ဘင်္ဂလီအေးမောင်က "ငါတို့ အဖ နိုင်ငံတော်ကြီး လွတ်လပ်တော့မယ်- ဗမာကိုလိုနီအောက်က လွတ်အောင်ပြေးခဲ့တဲ့ ရခိုင်မျိုးနွယ်တို့ အဖ နိုင်ငံတော်ကြီးဆီ ပြန်လာခဲ့ကြ၊ ကုလားတွေဆီက မြေတွေကို သိမ်းပြီး မင်းတို့ကို ပေးမယ်၊ ဒါတွေဟာ မင်းတို့ရဲ့ အမွေပိုင်မြေတွေ ဖြစ်တယ်၊" လို့ အောက်လမ်းက စည်းရုံးလိုက်ပါတယ်။ တစ်ဘက်မှာ မွေးစား အဖေ ဦးသိန်းစိန်ကို "လိုအပ်ရင် ဒေါ်အောင်ဆန်းစုကြည်ကိုပါ လုပ်ကြံပေးမယ်၊" လို့ ကတိပေးပြီး- မွတ်ဆလင် ရှင်းလင်းရေး အတွက် စစ်တပ်ကို ကျောထောက်နောက်ခံယူလိုက်ပြန်တယ်။

တစ်ပြိုင်နက်မှာ ရခိုင်ခွဲထွက်ရေးကို စနစ်ဇယားချပေးတဲ့ ဒေါက်တာအေးကျော်ရဲ့ ဗျူဟာ အတိုင်း ဘုန်းကြီး လောက၊ မီဒီယာလောက ထဲကို ငွေကြေး အမြောက်အများနဲ့ ၀င်လုံးထားခဲ့ပြန်တယ်။ (ဒီငွေကြေး ဆိုတာ- မူးယဇ်ဆေး ကုန်ကူးရာက ၀င်တဲ့ ငွေကြေးများပါ။) NLD ထဲမှာ လူ မြှုပ်ဘို့ ငွေကြေး အမြောက်အများ သုံးခဲ့သလို- 88 ကိုလည်း လက်လွတ်မခံခဲ့ပါ။ ဒါတွေကို ဦးသိန်းစိန် အစိုးရက သိနေခဲ့ပါတယ်။ ဒီတင်မက ကမ္ဘာ့ အသိုင်းအ၀ိုင်းကလည်း သိနေခဲ့ပါတယ်။ (ကမ္ဘာ့ အသိုင်းအ၀ိုင်းက သိနေခဲ့လို့ တစ်စချင်း ဆွဲထုတ်ကာ မွတ်ဆလင် နှိပ်ကွပ်မှုကြီးကို တန်ပြန်နိုင်ခဲ့တာပါ။)

ဘင်္ဂလီ အေးမောင်ကို အားကိုးပြီး စစ်တကောင်းဒေသက ၀င်လာခဲ့တဲ့ လူတွေမှာလည်း မြေတစ်ကွက်များ ရလေမလားလို့- ရိုဟင်ဂျာများထံမှ မြေလု၊ ယာလု- လူသတ်မှုပေါင်းများစွာမှာ လက်ထည့်မိသား ဖြစ်သွားခဲ့ သလို၊- တစ်ဘက်မှာ ဘင်္ဂလီအေးမောင်နဲ့ ခွဲထွက်ရေးဝါဒီတို့ အကြောင်း ခရေစေ့တွင်းကျ သိထားတဲ့ ဦးသိန်းစိန် အစိုးရက "ကြက်လည်းပန်းစေ- ယာလည်းညက်စေ"- "ရခိုင်လည်း တရားခံ ဖြစ်စေ- အတိုက်အခံ များလည်း ကျဆုံးစေ" ဗျူဟာကို အလိုက်သင့် အသုံးချခဲ့တယ်လို့ ဆိုနိုင်ပါတယ်။

ဘယ်သူတွေ မုန်းမုန်း၊ ဘယ်သူတွေ ချစ်ချစ်- ရိုဟင်ဂျာ ဆိုတာ ရခိုင်ဒေသရဲ့ မူလဘူတ ဇစ်မြစ် လူမျိုး ဖြစ်ကြောင်း ဦးသိန်းစိန် အစိုးရက သိပြီးသားပါ။ အစိုးရ တစ်ရပ် အနေနဲ့ နိုင်ငံ့သမိုင်းကို ပြဲပြဲစင် ကျေညက်တဲ့ သမိုင်း အဓိပတိကြီးများဆီက မသိဘဲ မရှိပါ။- ဒီအချိန်ထိ မြန်မာ့ သမိုင်း အဓိပတိကြီးများကို ထုတ်သုံးခြင်း မရှိဘဲ- သမိုင်းပညာကို တစ်လုံးတစ်ပါဒ မလေ့လာခဲ့တဲ့- (သမိုင်းနဲ့ မဆိုင် စစ်ဗိုလ်လူထွက်) များကိုသာ ထုတ်သုံးပြီး- ရခိုင်ခွဲထွက်ရေး ၀ါဒီများ အကြိုက် အနံ့ပေး ပြောဆိုမှုများသာ ရှိနေခဲ့တာက- သက်သေတစ်ရပ် ဖြစ်နေပါတယ်။

မကြာမှီမှာ ဦးသိန်းစိန် အစိုးရက ဒီအချက်ကို ထုတ်သုံးပါတော့မယ်။ Genocide အတွက် တရားခံများဟာ ရခိုင်များသာ ဖြစ်ကြောင်း၊ ရခိုင်များကို မြှောက်ပင့်ပေးတဲ့ 88 က ခေါင်းဆောင်မှန်းများ၊ NLD က မျက်ကန်းများ၊ NDF က ဦးနှောက်ကြွက်တက်နေသူများသာ ဖြစ်ကြောင်း- ကမ္ဘာ့အလယ်မှာ ထိုးကျွေးလိုက်ပါတော့မယ်။ ဦးသိန်းစိန် အစိုးရ အနေနဲ့- ခွဲထွက်ရေး ၀ါဒီများရဲ့ လည်မြိုကို ကိုင်မိပြီ ဖြစ်သလို- တစ်ဘက်မှာ အတိုက်အခံတို့ သည်လည်း မျက်ကန်း အမျိုးသားရေး ၀ါဒီများသာ ဖြစ်ကြောင်း ကမ္ဘာ့အလယ်မှာ သက်သေတစ်ရပ် ထူခဲ့နိုင် ပါပြီ။

နိုင်ငံရေး နိုင်ငံရေး- လို့ လမ်းပေါ်ထွက် ဆန္ဒပြတာကလွဲ ဘာကိုမှ မလေ့လာခဲ့တဲ့- ပါးစပ်နိုင်ငံရေး သမားမျိုး ဆက်နဲ့- တစ်ဘက်က- ဘယ်နည်းနဲ့ ဖြစ်ဖြစ် နိုင်ငံကို နှစ်ပေါင်း ၆၀ ကျော် အုပ်ချုပ်တဲ့ လက်တွေ့ အုပ်ချုပ်မှု ပညာ မျိုးဆက် တို့ရဲ့ ကွာဟမှုကို ဦးသိန်းစိန်တို့ဘက်က ထုတ်ပြနိုင်ခဲ့တယ်လို့ ဆိုရမှာပါ။

နောက်ဆုံးမှာ မြေတစ်ကွက် အတွက် ဘ၀ ပျက်သွားရသူများကတော့ ဘင်္ဂလီ အေးမောင်ကို ယုံမိသူများ၊ ဘင်္ဂလီ အေးမောင်နောက်ကို လိုက်မိသူများသာ ဖြစ်သွားရဘို့ ရှိနေပါတော့တယ်။

(ဒီဆောင်းပါးကြောင့်- ကျွန်တော်တို့ အမှုဖွင့်ထားတဲ့ Genocide အမှု- သွေဖီသွားပြီလို့ မဆိုလိုပါ။)

မုဟမ္မဒ်တွာဟေရ် (ဌေးလွင်ဦး)
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ
Civil Rights Movement
ဌေးလွင်ဦး
RB News
6.1.2015

မြန်မာနိုင်ငံ၏ ပထမဆုံး ပြည့်ရှင်မင်းမှာ အနော်ရထာ ဖြစ်သည်ဟု အစဉ် နားလည် ထားမှုကြောင့် အနော်ရထာ မတိုင်မှီက ပုဂံပြည် (ပေါက်ကံပြည်) မရှိခဲ့ဟုလို့-၊ မြန်မာ လူမျိုးပင် မရှိခဲ့ ဟုလို့ နားလည်မှု လွဲမှားသည်ထိ ဖြစ်လာ ခဲ့ရသည်မှာ လက်တွေ့ပင် ဖြစ်တော့သည်။

အစဉ်အလာ ပြောဆို မိန့်မှာ သင်ရိုးတို့၏ အလွဲမှာ နောက်မျိုးဆက် အတွက် ဦးနှောက်မှိုင်း တိုက်ခံ ရသည်သာ ဖြစ်လေသည်။

အလားတူပင် ရိုဟင်ဂျာ လူမျိုးတို့၏ သမိုင်းအား လိုက်လေသမျှသော လူကြီးလူငယ်များမှာ ၎င်းတို့၏ လူမျိုးအစ သင်္ဘောပျက်မှ ဟုလို့ နားလည်မှုမှာလည်း ကြီးစွာသော လွဲမှားမှုသာ ဖြစ်နေသည်ကို တွေ့ရသည်။ ရိုဟင်ဂျာ လူမျိုး သမိုင်းနှင့် စပ်လျဉ်း၍ သင်္ဘောပျက် ဇတ်လမ်းအား ကျွန်ုပ် ၁၀ တန်းအောင်ပြီးနှစ် ၁၉၈၆ ခုနှစ်မှပင် စတင် ကြားဖူးခဲ့သည်။ ထိုစဉ်က ဟုတ်ချင် ဟုတ်မည်ဟုသာ ခံစားမိခဲ့ပြီး ရိုဟင်ဂျာ လူမျိုးတို့၏ သမိုင်းအား စိတ်ဝင်တစား မလေ့လာမိခဲ့ပေ။

နောက်ပိုင်းတွင်မှ လေ့လာမိသော အခါ- ထိုသမိုင်းသည် ကြီးစွာလွဲမှားသော သမိုင်းရင်းမြစ် ဖြစ်နေကြောင်းကို တွေ့ရတော့သည်။ လွဲမှားသည်ဟူသော အချက်အား ကျွန်ုပ်အနေဖြင့် ယုတ္တိမဲ့ ပြောဆိုခြင်း မဟုတ်ပေ။ အေဒီ ၇ - ၈ ရာစုလောက်တွင် အာရဗ် သင်္ဘောတစ်စင်းသည် ရမ်းဗြဲကျွန်း ရှိ လေးတောင်ရွာ အနီးတွင် ပျက်၏။ ထိုမှ အာရဗ် သင်္ဘောသား များနှင့် ဒေသခံ ရခိုင် အမျိုးသမီးများ စုံဖက်၏။ ထိုမှ ကပြား လူမျိုးများ မွေးဖွားလာ၏- ဟူသည်မှာ ဖြစ်နိုင်ချေ ရှိသော်လည်း-၊ ထိုဖြစ်တည် လာသော လူမျိုးဟူသည်မှာ ယခု ရိုဟင်ဂျာ ဟုခေါ်သော လူမျိုး လုံးဝ မဖြစ်နိုင်ပါ။

အဘယ်ကြောင့် ဆိုသော်- အကယ်၍ ရိုဟင်ဂျာတို့သည် အာရဗ်ကပြားများ ဖြစ်လေလျှင်-၊ ဖခင်ဘက်အား လိုက်၍ အာရဗ် စကားကို ပြောဆိုသည့် လူမျိုး ဖြစ်ရမည်၊ သို့မဟုတ် မိခင်ဘက်အား လိုက်၍ ရခိုင် စကားပြော လူမျိုး ဖြစ်ရပေမည်။ သို့မဟုတ် အာရဗ်နှင့် ရခိုင် ကြား ကပြား ဘာသာ စကား တစ်ရပ်ကို ပြောဆို ရပေလိမ့်မည်။ ယခုမူ ထိုသို့ အလျဉ်း မဟုတ်--၊ ရိုဟင်ဂျာ တို့တွင် ယနေ့တိုင် ကိုယ်ပိုင် ဘာသာစကား ရှိနေပြီး ထိုစကားမှာ ရခိုင် ရှေးဦး ဘုရင်များ၏ ကျောက်စာပါ စကားများ ဖြစ်နေခြင်းပင်။

အစ္စလာမ် သာသနာပြု များကြောင့် အစ္စလာမ် သာသနာသို့ ကူးပြောင်း လာခဲ့သည့် အတွက် ဘာသာရေး ဆိုင်ရာ အသုံးအနှုန်းများတွင်သာ ကုရ်အာန်သုံး အာရ်ဗီ ဝေါဟာရများ ပါဝင်နေခြင်းမှ အပ- အခြားသော ဘာသာစကား အများစုမှာ ရှေးအကျဆုံး မြန်မာ့ လူမျိုးတို့ ပြောဆိုခဲ့သည့် ပါဠိ ဝေါဟာရ များသာ ဖြစ်သည်။

ထို့ကြောင့် ရိုဟင်ဂျာ လူမျိုး၏ မူလဇစ်မြစ် သဘာဝအား လိုက်လျှင် ပင်လယ် သမုဒ္ဒရာအား ကျော်ဖြတ်လျက် တိုင်းခြားမြေခြား အာရဗ်တို့၏ နောက်သို့ လိုက်နေမည့် အစား- အမှန် စင်စစ် အနီးစပ် ဆုံးသော ရခိုင်မြေတွင်သာ ရှာဖွေဖေါ်ထုတ် ရမည်သာ ဖြစ်တော့သည်။

ရခိုင်ကျောက်စာ များအရ သော်လည်းကောင်း၊ ရခိုင် မင်းဆက်တို့၏ အမည်နာမ ရိုးရာ ဓလေ့များ အရသော်လည်း ကောင်း ရိုဟင်ဂျာတို့သည် ရှေးဦးဗမာတို့ ရခိုင်မြေသို့ မရောက်မှီကပင် ရခိုင်မြေတွင် အခြေချပြီးသား လူမျိုးစု ဖြစ်ကြောင်း ကျွန်ုပ်အနေဖြင့် မြောက်များစွာ ဖေါ်ထုတ်တင်ပြပြီး ဖြစ်သည့် အပြင်- ကမ္ဘာ့ ပညာရှင်များမှ ထိုအချက်အား စနစ်တကျ လေ့လာလျှက် ဟုတ်မှန်ကြောင်း သက်သေတည်ပြီး ဖြစ်နေခဲ့လေပြီ။

ဤနေရာတွင် တင်ပြလိုသည်မှာ- ရိုဟင်ဂျာ တို့သည် ရခိုင်မြေ၏ မည်သည့် အရပ်ထိ ပျံ့နှံ့ အခြေချ နေထိုင်ခဲ့ကြ သနည်း ဟူသည်ပင်-။ အမှန်သော်ကား ရိုဟင်ဂျာတို့၏ မျိုးနွယ်များမှာ နီပေါလ် ဘက်မှ တစ်ဆင့် အာသံ မဏိပူရဘက်မှ ဆင်းသက်လာ သော လူမျိုးနွယ်စု ဖြစ်၍ စစ်တကောင်း တောင်တန်း၏ အရှေ့ဘက် အခြမ်းတွင် နေထိုင် အခြေချသူများ ဖြစ်ကြသည်။ သို့သော် ကာလဒေသနှင့် အချုပ်အခြာ သတ်မှတ် ပိုင်စိုးမှု အလျှောက် ယခုရခိုင်ဒေသဟု ခေါ်တွင်သော မြေဒေသတွင် နေထိုင်အခြေချခဲ့သော လူမျိုးစုမှာ သူတို့ကိုယ်သူတို့ ရိုဟင်ဂျာ ဟု သတ်ခေါ်တွင်ကာ ရခိုင်မြေမှ အနောက်ဘက်သို့ ယွန်းသော ဒေသတွင် နေထိုင်သည့် လူမျိုးစုအား အာနီကြာ ဟု ရှေးနှစ်ပေါင်း ပဋိစ္ဒေမှပင် ခွဲခြားသတ်မှတ်ခဲ့လေသည်။ (ရှမ်း၊ လော၊ ထိုင်း လူမျိုးများကဲ့သို့ အနွယ်တူသော်လည်း ကိုယ်မြေဖြင့်ကိုယ် သတ်မှတ်ခွဲခြားပြီး ဖြစ်ခဲ့သည်- ကို ယှဉ်တွဲနားလည်စေလိုသည်။)

ရခိုင်ဒေသသို့ ရှေးဦး မြန်မာ လူမျိုးနွယ်များ ရောက်ရှိလာခဲ့ပြီး အေဒီ ၉ ရာစုနောက်ပိုင်းတွင် ရှေးဦးမြန်မာလူမျိုး ဖြစ်သည့် မော့ဂ်ခေါ် (ရခိုင်သား) တို့က သြဇာ လွှမ်းမိုးသွားခဲ့သော်လည်း လူမျိုးနှစ်စု၏ ထိပ်ဆိုင် ပဋိပက္ခမှာ ကြီးထွားမှု မရှိခဲ့ပေ။ ထိုမျှသာမက ရခိုင်ဒေသအတွင်း အခြေချနေထိုင်ကြသော ချင်း၊ လင်း၊ ခမွီး၊ မြို စသည့် မည်သည့် လူမျိုးနှင့်မျှ- လူမျိုးတုံး သတ်ဖြတ်သည်ထိ ရန်လိုမုန်းထားခြင်း ရှိခဲ့ကြောင်း သမိုင်းနောက်ခံ မတွေ့ရ ပေ။ ထိုစဉ်က ရခိုင်ဒေသသား အားလုံး ဗမာ တို့၏ ရန်အား ကာကွယ်ရန် လည်းကောင်း၊ ဘင်္ဂလားတို့၏ ရန်အား တုံ့ပြန်ရန် လည်းကောင်း ညီညွတ်ခဲ့ဟန်သည်။ ပြည်ပ ရန်အား ကာကွယ်နေရသူတို့ သဘာဝ ပြည်တွင်း ပြဿနာအား မကြီးထွားရစေရန် ထိန်းသိမ်းနိုင်ခဲ့ခြင်းလည်း ဖြစ်နိုင်သည်။

သမိုင်းစဉ်ဆက် အတူနေထိုင်ခဲ့သော လူမျိုးများ၏ အကြားတွင် မမျှော်လင့်သော ပြဿနာကြီး တစ်ခုမှာ ၁၉၄၂ ခုနှစ်တွင်မှ စတည်ခဲ့ခြင်း ဖြစ်ပြီး- ကမ္ဘာနှင့် အ၀န်း ကိုလိုနီနိုင်ငံများ အမျိုးသားရေးစိတ် ထကြွလာခြင်းကြောင့် ဟု သုံးသပ်နိုင်သည်။ လူမျိုးကြီး လူမျိုးငယ်ကြား ပြဿနာ၊ ဘာသာ တရား ကိုးကွယ်ရာ အုပ်စု မတူညီမှုကြောင့် ခွဲခြားခြင်း ပြဿနာ- တို့မှ ကမ္ဘာနှင့်အ၀ှမ်း ဖြစ်တည်ခဲ့ပြီး ထိုပယောဂမှာ မြန်မာနိုင်ငံသို့ပါ ထိုးဖောက်ခြေကုပ်ယူခဲ့ ခြင်းဖြစ်သည်။

အခြားသော နိုင်ငံအများတွင် ထိုရောဂါဆိုးအား ပြန်လည် ကုစားနိုင်ခဲ့သော်လည်း- ဒုတိယ ကမ္ဘာစစ်မတိုင်မှီ ဖြစ်တည်နေသည့် ဂျပန်တို့၏ အမျိုးသားရေးဝါဒ အစွဲ စစ်ပညာကို သင်ယူခဲ့သော မြန်မာ့ တပ်မတော်မှ မြန်မာနိုင်ငံအား စဉ်ဆက်မပြတ် အုပ်ချုပ်သွားသော အခါ- မြန်မာနိုင်ငံတွင် ထိုလူမျိုးရေး ဘာသာရေး ပြဿနာ ကြီးမှာ နှစ်ရှည်လများ ကုရခက်သော အနာဆိုးကြီး သဖွယ် လှိုက်စားလျက် ရှိနေတော့သည်။ (အကယ်၍သာ ယခုခေတ် ဂျပန်တို့၏ စိတ်နေစိတ်ထားဖြင့် စစ်ပညာအား သင်ယူခဲ့ရလျှင် ထိုမျှ ဆိုးနိုင်ဖွယ် အကြောင်း မရှိနိုင်ပေ။) တနည်းအားဖြင့် စိတ်နေစိတ်ထား သင်ရိုးညွှန်းတမ်း အဟောင်းအတိုင်း ဆက်လျှောက်နေမိခြင်း ကြောင့်ဟု သုံးသပ်နိုင်သည်။

ရိုဟင်ဂျာတို့၏ ပျံ့နှံ့မှုမှာ မေယုဒေသမှ ရမ်းဗြဲကျွန်းထိ ရှိခဲ့သည်။ သို့သော် ၁၉၄၂ ခုနှစ် မတိုင်မှီထိ လူမျိုးရေး ဘာသာရေး ပြသနာ မရှိခဲ့ သဖြင့် မိမိလူမျိုးဟူသော ရပ်တည်ချက် တစ်ခုပေါ်တွင် ရိုဟင်ဂျာတို့ အဖြေထုတ် ရပ် တည်ခဲ့ခြင်း မရှိခဲ့ပေ။ ၁၉၄၂ နှစ် လူမျိုးရေး ပြဿနာနှင့် ဖိနှိပ်ခံလိုက်ရမှုကြောင့်သာ ရိုဟင်ဂျာ ဟူသော ရပ်တည်ချက်ဖြင့် ရပ်တည်ရန် ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်လေသည်။

သို့တိုင် ရိုဟင်ဂျာ လူနည်းစုနေထိုင်သော ရမ်းဗြဲကျွန်းရှိ ကျောက်နီမော်၊ ကျောက်ထရံ၊ ကျောက်ဖြူ တို့မှ ရိုဟင်ဂျာများ အနေဖြင့် ဘေးအန္တရာယ်များကို ကြောက်ရွံ့ရလျှက် သူတို့ကိုယ်သူတို့ ရိုဟင်ဂျာ မျိုးနွယ်မှ ဖြစ် သည်ဟု ထုတ်ဖေါ်ပြောဆိုရဲခြင်း အလျဉ်းမရှိခဲ့ပေ။

သင်္ဘောပျက်ဇတ်လမ်းအား ဖက်တွယ်လျက် အာရဗ်- ရခိုင်ကပြားလိုလို မအူမလည် ရပ်တည်ခဲ့ရသည်သာ ဖြစ်တော့သည်။ ရံဖန်ရံခါ သူတို့ကိုယ်သူတို့ ရခိုင် အစ္စလာမ် ဟုလည်း ရပ်တည်ခဲ့မှုများ ရှိခဲ့သည်။

ကျွန်ုပ် ကျောက်နီမော်ရွာတွင် လနှင့်ချီ၍ တည်းခိုနေထိုင်ခဲ့ဖူးသည်။ ကျောက်နီမော်ရွာသို့ ရောက်မှ ကမန် လူမျိုးဟူသော အစ္စလာမ် သာသနာဝင်တို့အား စတင် တွေ့ဖူးခဲ့ခြင်း ဖြစ်သည်။ ကျောက်နီမော် တစ်ရွာလုံးတွင် ကမန်ဟု ခံယူသော အိမ် လေးအိမ်မျှသာ တွေ့ရပြီး- ၎င်းတို့မှာ ကျောက်နီမော် ကျောက်ထရံရှိ လူများနှင့် ရုပ်ရည်၊ ဓလေ့ ကွဲပြားနေသည်မှာ ထင်ရှားပေါ်လွှင်လှပေသည်။ လူတို့သဘာဝ ခွဲခြားမှု ရှိသည်နှင့်အညီ ကမန် တို့နှင့် ကျောက်နီမော်၊ ကျောက်ထရံ ရွာသားများကြားတွင်လည်း လူမျိုးမတူဟူသော အစွဲဖြင့် ခွဲခြားမှု ရှိနေ ကြောင်းလည်း မျက်ဝါးထင်ထင် မြင်ခဲ့တွေ့ခဲ့ရသည်။

ခေတ်ကာလ စနစ်ဆိုးအား ကာကွယ်လိုသည့် သဘောဖြင့် ဖြစ်စေ၊ အရှေ့သား အနောက်သား ခွဲခြားလိုသည့် စိတ်ဖြင့် ဖြစ်စေ- ကျောက်နီမော်၊ ကျောက်ထရံ၊ ကျောက်ဖြူ ပိုက်ဆိပ်တို့မှ လူများက "ငါတို့သည် ရိုဟင်ဂျာ လူမျိုးမှ မဟုတ်" ဟု ကြွေးကြော်လေလျှင် ထိုသို့ ကြွေးကြော်ရင့်ကျူးမှုမှာ သမိုင်းမှားအား ကျူလွန်ခြင်းသာ ဖြစ်ပေမည်။

ကျောက်နီမော်၊ ကျောက်ထရံ၊ ကျောက်ဖြူ ရှိ လူမျိုး၏ ဘာသာစကားမှာ ရခိုင်စကား လုံးဝ မဟုတ်ပေ။ ဓလေ့ စရိုက်မှ အစ ရခိုင်လူမျိုးနှင့် ကွဲပြားလျက် ရှိနေသည်။ သို့ဖြစ်၍- ပိုးဟပ်အား အမြှီးတပ်လျှင်လည်း အိမ်မြှောင် မဖြစ်နိုင် သကဲ့သို့၊ အိမ်မြှောင်အား အမြှီးဖြတ်လျှင်လည်း ပိုးဟပ် မဖြစ်နိုင်ပေ။ ထိုဒေသရှိ လူတို့ ပြောဆို သုံးစွဲ နေသော ဘာသာစကားမှာ မြောက်ပိုင်း ရိုဟင်ဂျာများနှင့် အသံအနည်းငယ်သာ ၀ဲသော- ဘာသာ စကားတူပင် ဖြစ်သည်။ ယနေ့ ရခိုင်လူမျိုးများသည်လည်း မြောက်ပိုင်း စစ်တွေဘက်မှ ပြောသော အသံနှင့် တောင်ပိုင်း ရမ်းဗြဲ တောင်ကုတ်တို့မှ ပြောသော အသံမှာ အကြီးအကျယ် ကွဲပြားလျက် ရှိနေသည်။ သို့သော် အသံသာ ကွဲလျက် (အနည်း အကျဉ်းသော အခေါ်အဝေါ်သည်သာ ကွဲလျက်) ဘာသာစကား အတူတူပင် ဖြစ်လေသည်။

ဒေသစွဲ၊ နေရာစွဲ အမျိုးစွဲများကြောင့် လူမျိုးစု တစ်စု အတွင်း စည်းလုံးညီညွတ်မှုများ မယုတ်လျှော့သင့်ပေ။ မိမိတို့အား ဖိနှိပ်နေသည့် လူမျိုးအား ကြောက်ရွံ့သောကြောင့်လည်း အချင်းချင်း သွေးမကွဲသင့်ပေ။

အကယ်၍ ကျောက်နီမော်၊ ကျောက်ထရံ၊ ကျောက်ဖြူမှ လူမျိုးစုသည် မိမိကိုယ်မိမိ ရိုဟင်ဂျာ ဟု မခံယူဘဲ ရခိုင် လူမျိုးဟု ခံယူလျှင် ရခိုင်လူမျိုးတို့မှ ကြည်ဖြူပါမည်လော-၊ စဉ်းစားသင့်သည်။ ကျွန်ုပ်ပြောနိုင်သည်မှာ- ဝေးလာမှ ဝေးပါလိမ့်မည်။ သို့ဖြစ်နေသည်ကို သိနေပါလျက် မိမိလူမျိုး၏ အစစ်အမှန်အား မထုတ်ဖေါ်ရဲလျှင်လည်း အချိန် ကာလ အလျောက် နှုတ်ဆိတ်၍သာ နေသင့်ပြီး- ရိုဟင်ဂျာ လူမျိုး မဟုတ်ဟု အတင်း ခြံခုန် မထွက်သင့်ပေ။

ယခုအခါ- ရိုဟင်ဂျာ လူမျိုးစု ဆိုသည်မှာ ကမ္ဘာ့ ကုလသမဂ္ဂမှ တရားဝင် အသိအမှတ် ပြုထားသော ကမ္ဘာပေါ်တွင် တစ်ခုတည်း ရှိသည့် လူမျိုးစု ဖြစ်နေလေပြီ။ ရိုဟင်ဂျာတို့အား မတရားသဖြင့် ဖိနှိပ်မှု၊ သတ်ဖြတ်မှု၊ စော်ကားမှုတို့အား ကာကွယ်စောင့်ရှောက်ရန် ကုလသမဂ္ဂမှ အတည်ပြု ဆုံးဖြတ်ပြီးလည်း ဖြစ်နေခဲ့လေပြီ။ ထိုအခြေအနေ မျိုးတွင်မှ ခြံခုန်ထွက်လိုသူတို့သည် - အမျိုးသား သစ္စာဖေါက်များသာ ဖြစ်ရပေလိမ့်မယ်။


မုဟမ္မဒ်တွာဟေရ် (ဌေးလွင်ဦး)
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ
Civil Rights Movement

ဌေးလွင်ဦး
RB News
3.10.2014

ရိုဟင်ဂျာတို့ကို တစ်စိုက်မတ်မတ် ထိုးနေတဲ့ "ဘင်္ဂလီ" ဆိုတဲ့ ဂျက်လက်သီးကို အူလှိုက်အသဲလှိုက် အားပေး ရင်း မြန်မာတစ်ပြည်လုံး ၀ိုက်လက်သီးပြင်းပြင်း အချက်ပေါင်းများစွာ ထိနေခဲ့တာ မရှုနိုင်မရှိုက်နိုင် ဖြစ်နေခဲ့ပြီ။

လူမျိုး တစ်မျိုးအပေါ် မတရားသဖြင့် နှိပ်စက်ဘို့ ညီညွတ်ခြင်း အတွက် ထိုညီညွတ်သူတို့ ခံစားရတဲ့ ပြစ်ဒဏ် ရယ်လို့ ပြောရလေမလား။

ရိုဟင်ဂျာတို့ကို ကျူးကျော်လာသူ၊ ခိုးဝင်လာသူ ဘင်္ဂလီ ဖြစ်တယ်လို့ ညာသံကြီး ပေးလိုက်မှု အပေါ် အခြေခံ လူတန်းစားတို့ ဘုမသိ ဘမသိ ပါဝင်မိတာမှာ အပြစ်မဆိုသာပေမယ့်-၊ စစ်အစိုးရဟာ ဘာမဆို လိမ်ညာတတ် တယ်ဆိုတဲ့ အချက်ကိုသိနေပါလျှက် ကိုယ်တိုင်ခံစားရပါလျှက် လူလိမ်လူညစ် အစိုးရဘက်က ထောက်ခံ သြဘာပေးနေတဲ့ အတိုက်အခံတို့ကိုတော့ စဉ်းစားစရာ ဖြစ်လာပါတယ်။

ရိုဟင်ဂျာတို့ကို "ဘင်္ဂလီ" တံဆိပ်ထုဘို့ စိုင်းပြင်းနေတဲ့ အစိုးရဟာ အခုအချိန်ထိ ရိုဟင်ဂျာတွေကို "ဘင်္ဂလီ" တံဆိပ် ပြတ်ပြတ်သားသား ထင်ထင်ပေါ်ပေါ် မထုနိုင်သေးပေမယ့်- အခြားတစ်ဘက်မှာ ကြေးနီတောင်ကိစ္စ အနိုင်ယူခဲ့တယ်။ ၅၉ (စ) ကိစ္စ ပွဲသိမ်းရိုက်ခဲ့တယ်။ ၄၃၆ ကိစ္စ ပယ်ချခဲ့တယ်။ ၂၀၁၄ ကြားဖြတ်ရွေးကောက်ပွဲ လည်း ကြားညပ်သွားစေခဲ့တယ်။ ရိုဟင်ဂျာတို့ အပေါ် ပစ်သွင်းနေတဲ့ ဂျက်လက်သီးက ရိုဟင်ဂျာတို့ကို ဒီနေ့ထိ တည့်တည့်ထိအောင် မထိုးနိုင်သေးဘူး (နောက်လည်း ထိုးနိုင်မှာ မဟုတ်ဘူး)။ သို့သော် ၀ိုက်လက်သီး ထိကုန် သူများက- ရိုဟင်ဂျာများ တော့ မဟုတ်ပါ။

ရိုဟင်ဂျာတွေကို "ဘင်္ဂလီ" တံဆိပ်ထုကြ၊ မြန်မာမွတ်ဆလင်တွေကို ပသျှူး၊ ကမန်ပါမကျန် "ဘင်္ဂလီ" တံဆိပ် ထုကြ-၊ ဟေး- ဟေး ဟေး ဆိုကာ ညာသံပေးမှုကို မြန်မာတစ်ပြည်လုံး မိန်းမောနေလျှက် မြစ်ဆုံ၊ ကျောက်ဖြူ ဂစ်ပိုက်လိုင်းကစ နောက်ဆုံး ၂၀၁၄ ကြားဖြတ် ရွေးကောက်ပွဲထိ မြန်မာတစ်ပြည်လုံး နလံမထူအောင် သိန်းစိန်အစိုးရက ၀ိုက်လက်သီးများ ထိုးချသွားခဲ့ပါပြီ။

အပြောင်းအလဲကြီး တစ်ခုအတွက် ပြည်သူတစ်ရပ်လုံး အဓိက မျှော်မှန်းထားတဲ့ ၂၀၁၅ ရွေးကောက်ပွဲလည်း ပက်ပက်စက်စက် ထိဘို့ ရှိနေပြီ။ ကြံ့ခိုင်ရေးပါတီ အကြီးအကဲများက ကြံ့ခိုင်ရေးပါတီ နိုင်စေရမယ်လို့ ကြုံးဝါးသံ များ နားရှိသူတိုင်း ကြားမိမှာပါ။ သူတို့မှာ နိုင်ကွက်မရှိဘဲ စိတ်ကူးယဉ်ကာ ကြုံးဝါးနေမှာ မဟုတ်ဘူး ဆိုတာ လောက် စဉ်းစားသူ ဘယ်လောက် ရှိလေမလဲ- လို့ တွေးစရာပါ။

အမှန်တစ်ကယ် တိုင်းပြည်ကို တိုးတက်ချင်သူ၊ အမှန်ကို အမှန်အတိုင်း ခေတ်နဲ့အညီ တိုင်းပြည်ကို ဖွံ့ဖြိုးစေချင် သူ- မှန်ရင် အစိုးရရဲ့ ညစ်လုံး "ဘင်္ဂလီ" တံဆိပ် တပ်ဆင်နေမှုများ မှားယွင်းနေကြောင်း လူထုကိုတော့ အသိ ပေးသင့်ပြီ။ ဒီစကားဟာ ရိုဟင်ဂျာများ ဘက်က လိုက်ပြောပေးပါလို့ တောင်းပန်ခြင်း မဟုတ်ပါ။ စကားအကုန် ပြောရရင် ရိုဟင်ဂျာများ အတွက် ဟိုးအစကတည်းက ဘယ်သူမှ မကူညီခဲ့သလို နောက်လည်း အကူအညီ မလိုပါ။ ကိုယ့်အားနဲ့ ကိုယ်ရုန်းကန်နိုင်ပါတယ်။

ရိုဟင်ဂျာတို့အား "ဘင်္ဂလီ" တံဆိပ်လိုက်ကပ်နေတဲ့ အစိုးရရဲ့ ညစ်လုံး ဂျက်လက်သီးကို ဖျက်ထုတ်နိုင်ရင် တိုင်းပြည်တစ်ခုလုံး နစ်နာစေမယ့် ၀ိုက်လက်သီးများကို ရှောင်တိမ်းနိုင်ရန်သာ "ဂျက် လက်သီးကို ဖျက်ကြ"လို့ သတိဖေါ်ပေးခြင်းမျှသာ ဖြစ်ပါတယ်။

အစိုးရ အကြောက်ဆုံးက ရိုဟင်ဂျာတို့အား ရိုဟင်ဂျာ အဖြစ် ပေးလိုက်ရမှာကို အကြောက်ဆုံး မဟုတ်ပါ၊ သူတို့ အာဏာလက်လွတ်သွားမှာကိုသာ အကြောက်ဆုံး ဖြစ်တယ် ဆိုတယ် ဆိုတဲ့ အချက်ကို ပြည်သူတို့ သိစေချင်ပါတယ်။ ရိုဟင်ဂျာတွေကို ရိုဟင်ဂျာ အဖြစ် သတ်မှတ်ပေးလိုက်ရလို့လည်း အစိုးရ သို့မဟုတ် အုပ်ချုပ် သူများ အတွက် နစ်နာစရာ မရှိပါ။ အာဏာလက်လွှတ်လိုက်ရမှ သာလျှင်- သူတို့မှားခဲ့တဲ့ သမိုင်းကြွေး ပြန်ဆပ် ရလေမလား၊ သူတို့ရဲ့ မတရား ရယူထားတဲ့ ဥစ္စာပစ္စည်းများ ပြန်ပေးလိုက်ရလေမလား ဆိုတဲ့ ကြောက်ရွံ့မှုတို့သာ ကြီးစိုးနေခြင်းပါ။

တရားသဖြင့် တိုင်းပြည်ကို တိုးတက်စေလိုသူတိုင်း- အစိုးရရဲ့ "ဘင်္ဂလီ" တံဆိပ် ဂျက်လက်သီးကို ဖျက်ထုတ်ပစ် ဘို့ လိုနေပြီ- လို့ သတိပေးလိုပါတယ်။


မုဟမ္မဒ်တွာဟေရ် (ဌေးလွင်ဦး)
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ
Civil Rights Movement

ဌေးလွင်ဦး
RB News
2.10.2014

မြန်မာအစိုးရရဲ့ ကိုယ်စား နိုင်ငံခြားရေး ၀န်ကြီး ဖြစ်သူ ၀ဏ္ဏမောင်လွင်က ကမ္ဘာ့ လူကြီးတွေ့ (UN) မှာ ရခိုင်ဒေသ ပြည်လည်နေရာချထားရေးနဲ့၊ နှစ်ဘက် အသိုင်းအ၀ိုင်း ပြန်လည် သင့်မြတ်ရေးနဲ့ ပတ်သက်ပြီး- မျက်နှာပန်းပြ စကားလုံးတွေကို ရွှမ်းရွှမ်းဝေအောင် ပြောဆိုသွားခဲ့ပါတယ်။

တစ်ပြိုင်နက်မှာပဲ "ရိုဟင်ဂျာ" များကို ဘင်္ဂလီ အဖြစ် ခံယူရင် နိုင်ငံသား ဖြစ်ခွင့်ပေးမယ် ဆိုတဲ့ စကားလုံးကို ပြောဆိုခဲ့ပါတယ်။

ရိုဟင်ဂျာများကို "ဘင်္ဂလီ" တံဆိပ် ကပ်နှိပ်သူများဟာ ရခိုင်ဒေသက မွတ်ဆလင်များကို ရည်ရွယ်ချက်နဲ့ မုန်းတီးနေသူချည်း ဖြစ်နေပြီး မြန်မာ အစိုးရပိုင်းမှာ ရခိုင်များသာ ကြီးစိုးနေပြီဆိုတဲ့ အချက် ပေါ်လွှင်သွားခဲ့ပါ တော့တယ်။

နိုင်ငံတော် သမ္မတ ဆိုသူ ဦးသိန်းစိန်ဟာ ငပုတောမှာ ဗမာယောင်ဆောင်နေတဲ့ ရခိုင်ပေါက်တော ဇာတိ ရခိုင် တစ်ဦး ဖြစ်ကြောင်း သူ့ငယ်ပေါင်းလည်းဖြစ်၊ ဘက်တူ စစ်သားဟောင်းလည်း တစ်ဦးဖြစ်သူက ပြောခဲ့တဲ့ အကြောင်း ကျွန်တော်ရေးတဲ့ "ဘင်္ဂလီ ဘယ်သူလဲ" ဆောင်းပါးထဲမှာ ထည့်ရေးသားခဲ့ပါပြီ။

ဝဏ္ဏမောင်လွင် ဘယ်သူလဲ၊ ရိုဟင်ဂျာများကို ဘင်္ဂလီ အဖြစ် သတ်မှတ်ဘို့ UN မှာ ပြောဘို့ ဘာကြောင့် သုံးခဲ့ သလဲ- ဆိုတာဟာလည်း စိတ်ဝင်စားစရာ တစ်ရပ်ပါ။ တစ်ကယ်တော့ ၀ဏ္ဏမောင်လွင် ဆိုတာ ရခိုင်တစ်ဦးသာ ဖြစ်နေပြန်တယ်။ မြန်မာပြည်ကွန်မြူနစ်ပါတီ ရခိုင်တောင်ပိုင်း တာဝန်ခံ လက်သီးပုန်း ဘတင်ရဲ့ သားတစ်ဦး ဖြစ်ပြီး ဂွမြို့နယ် ကျိန္တလီဇာတိ ရခိုင်တစ်ဦး ဖြစ်နေပြန်ပါတယ်။

ငယ်စဉ်ကပဲ ရန်ကုန်ဘက် (ရခိုင်အခေါ် ဗမာပြည်ဘက်)ကို ပြောင်းသွားခဲ့ပြီး ဗမာယောင်ဆောင်နေခဲ့တဲ့ ရခိုင် တစ်ဦး ဖြစ်နေခဲ့တယ် ဆိုတဲ့ အချက်ကို ဗမာလူမျိုးများ သိဘို့ လိုအပ်မယ် ထင်ပါတယ်။

လက်ရှိ ရခိုင်သြဇာခံ မျက်ကန်း အစိုးရဟာ Burma ကို Myanmar လို့ ပြောင်းခဲ့ပြီး-၊ နိုင်ငံတစ်ကာမှာလည်း Burma လို့ ခေါ်တဲ သံတမန်တိုင်းကို Myanmar လို့ သာ ခေါ်ဘို့ Burma လို့ မခေါ်ဆိုဘို့ တောင်းဆိုခဲ့ပါတယ်။ အမေရိကန်သမ္မတကြီး အိုဘားမား မြန်မာပြည်လာစဉ်က- "မင်္ဂလာပါ မြန်မာ" လို့ နှတ်ဆက်ခဲ့တာကို သမ္မတကြီးအိုဘားမားကိုယ်တိုင် "မြန်မာ"လို့ ခေါ်ခဲ့ကြောင်း မီဒီယာတွေမှာ ပွနေအောင် ဖေါ်ပြခဲ့ပါတယ်။ Burma ကို အစဉ်အလာအတိုင်း Burma လို့ ခေါ်ဆိုတဲ့ အတိုက်အခံများကိုလည်း မြန်မာအစိုးရက အပြစ်တင်ခဲ့ ပါတယ်။ ပါယ်ဖျက်ပြီးဖြစ်လို့ မသုံးရတော့ဘူးလို့ တားမြစ်ခဲ့ပါတယ်။

အလားတူ "ရိုဟင်ဂျာ" ဆိုတဲ့ အသုံးအနှုန်းဟာ ပါလီမန်ဒီမိုကရေစီခေတ်က ပြောဆိုခဲ့တာကို ယခုအခါ ပယ်ဖျက်ပြီး ဖြစ်ကြောင်း အကြောက်အကန် ငြင်းဆိုနေပါတယ်။ သို့သော်--

Arakan (အာရ်ကန်) ဆိုတဲ့ အသုံးအနှုန်းကို ပါယ်ဖျက်ပြီး၊ Rakhine (ရခိုင်) အဖြစ် သတ်မှတ်ထားပါလျှက်- ALD နဲ့ RNDP ပေါင်းလိုက်တဲ့ ရခိုင်အမျိုးသားပါတီ ကိုတော့ ANP (Arakan National Party) အဖြစ် ပါယ်ဖျက် ပြီး Arakan ကို ထပ်ဆင့်သုံးဘို့ ခိုင်ခိုင်မာမာ ထောက်ခံလိုက်ပါတယ်။

လူနည်းစု ရိုဟင်ဂျာကိုသာမက လူများစုကြီးဖြစ်တဲ့ Burma ဆိုတဲ့ တိုင်းပြည် အမည်ကိုတောင် ပါယ်ဖျက်ပြီး ဖြစ်တယ်ဆိုကာ အတင်းငြင်းဆိုနေတဲ့ လက်ရှိအစိုးရဟာ Arakan ဆိုတဲ့ ပါယ်ဖျက်ပြီး စကားလုံးကိုတော့ ခိုင်ခိုင်မာမာ ထောက်ခံနေခြင်းဟာ-၊ ရခိုင်သိန်းစိန် အစိုးရရဲ့ ရှေ့ဖုံးနောက်ပေါ် ပေါ်လစီကို ရှင်းရှင်းလင်းလင်း ဖွင့်ပြနေသလို ဖြစ်နေခဲ့ပါပြီ။

ထမင်းမစားရချင် နေပါစေ- မွတ်ဆလင်မုန်းနေရရင် ပြီးရော ဆိုတဲ့ စိတ်တစ်ခုကို ဖက်တွယ်ရင်း- အနောက် တံခါးကို ပိတ်လျှက်- ပိတ်လျှက် မြန်မာတစ်ပြည်လုံးကို အနောက်သားတို့ မြိုသွားခဲ့ပါပြီ။

ဗမာတို့ မေ့မျောနေစေရန် "ထမင်းမစားရချင်နေပါစေ မွတ်ဆလင်မုန်းနေရရင် ပြီးရော" ဆိုတဲ့ စိတ်ကို ဦးဆောင် ရိုက်သွင်းပေးနေသူ သီတဂူကလည်း ဘင်္ဂလားသား ချက်က်မာ လူမျိုးစစ်ပါ။-

ဌေးလွင်ဦး
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ
Civil Rights Movement

ဌေးလွင်ဦး
RB News
29.9.2014

(ဘူးလက် လှဆွေ သို့)

၁၉၈၆ ခု နှစ် ကျွန်တော် ၀မ်းတွင်းကို ရောက်တော့- ၀မ်းတွင်းက မိတ်ဆွေများ ပြောတဲ့ စကားလေးပါ။ "ငါတို့ ၀မ်းတွင်းမှာ ကလေးတွေက ကလေးတွေကို ချီကြတယ်-" တဲ့။

မိတ္ထိလာနားက ၀မ်းတွင်းဆိုတာ အထည်ပြုလုပ်တဲ့ ယက်ကန်းနဲ့ နာမည်ကြီးတဲ့ မြို့လေးပါ။ အဲ့ဒီဒေသမှာ ပညာရေး နိမ့်ကျလှပြီး၊ ကလေးတွေက ပညာသင်ယူရမယ့် အချိန်မှာပဲ အရွယ်မရောက်မှီ အိမ်ထောင်ပြုလေ့ ရှိပြီး အရွယ်မရောက်တဲ့ ကလေး အရွယ်က သူ့ရင်သွေး ကလေးကို ထိမ်းကျောင်း စောင့်ရှောက်ကြတယ် သို့မဟုတ် အရွယ်မရောက်မှီ အိမ်ထောင်ပြုကြတယ် ဆိုတဲ့ အဓိပ္ပါယ်ကို ဆောင်တဲ့ "ငါတို့ ၀မ်းတွင်းမှာ ကလေးတွေက ကလေးတွေကို ချီကြတယ်-" စကားကို စကားပုံတစ်ခုလို ဖြစ်အောင်ထိ တွင်ကျယ်ခဲ့ပါတယ်။

လူငယ်မျိုးဆက် အတွက် ပညာရေး ကဏ္ဍကို ဖေါ်ဆောင်မပေးနိုင်တဲ့ အုပ်ချုပ်မှု ယန္တရား ညံ့ဖျင်းမှု၊ အုပ်ချုပ်သူများ အသုံးမကျမှုကြောင့် ပညာသင်ရမယ့် အရွယ်မှာ ပညာသင်ခွင့်မရှိ၊ အလုပ်အကိုင်မရှိ၊ ဖြစ်နေရတဲ့ လူ့အသိုင်းအ၀ိုင်းတိုင်းမှာ အသက်ငယ်ငယ်နဲ့ အိမ်ထောင်ယူ သားမွေးကိစ္စဟာ ဓမ္မတာ တစ်ရပ်ပါ။

ဒေါန တောင်တန်းပေါ်က လူနည်းစု လူမျိုးတို့ရဲ့ ဘ၀မှာလည်း ကလေးဘ၀ အရွယ်ကတည်းက အိမ်ထောင်ပြု သားမွေးခြင်းဟာ မထူးဆန်းတော့ပါ။ (ကရင်ပြည်နယ် အရှေ့ဒေါန တစ်လျှောက်လုံး ဒေသများကို လေ့ လာကြည့်ပါ။) ဒေါနတောင်တန်းက အဲ့ဒီ လူနည်းစုရဲ့ ဘ၀က သနားစရာ ပိုမိုကောင်းလှတယ်။ ဘာနိုင်ငံရေးမှ မသိ၊ ဘာပညာမှ မသင်ယူရ၊ တောင်ယာခုတ် လုပ်ကိုင်စားသောက်နေရတဲ့ လုံးဝ အရိုးခံဘ၀-၊ ဒီကြားထဲ ဗမာ စစ်တပ်များ ရောက်လာပြီး မုဒိန်းကျင့်၊ သတ်ဖြတ်တွေက ဒုနဲ့ဒေး (အထောက်အထားတွေ ရှိပါတယ်။) လင် လုပ်သူကို ကြိုးတုတ်ထားပြီး-၊ ဇနီးမိန်းမကို လင်ရှေ့မှာ ဗမာစစ်တပ်က အစုလိုက် အပြုံလိုက် မုဒိန်းကျင့်မှုများ- (ကိုယ်ချင်းစာတတ်သူတိုင်း တွေးကြည့်လိုက်ပါ- ဘယ်လောက်များ ရင်နာစရာ ကောင်းလိုက်မလဲ)။ ဒီလို အဖျက်အပျက်မျိုးတွေဟာ မြန်မာတစ်ပြည်လုံးမှာ ပြည့်လျှံနေပါတယ်။ (အထောက်အထားပေါင်း များစွာ ရှိနေပါတယ်။)

ဒါတွေဟာ အုပ်ချုပ်သူ အစိုးရများရဲ့ အသုံးမကျမှုများကြောင့် ဖြစ်တည်လာရတဲ့ ထွက်ကုန်ပစ္စည်းများသာ ဖြစ်ပါ တယ်။ အုပ်ချုပ်သူများဟာ ကိုယ်အသုံးမကျမှုကို ကိုယ်မမြင်ဘဲလျှက်- အပြစ်မဲ့ ဖြစ်တည်လာတဲ့ ဘေးထွက် ပစ္စည်းများကိုသာ အပြစ်ပုံချ ယိုးစွပ်ပြောဆိုခြင်းဟာ ထပ်ဆင့် ယုတ်မာသူတို့ရဲ့ အလေ့အကျင့်မျိုးသာ ဖြစ်နေပါ တယ်။

ဘူးလက် လှဆွေက Child Marriage ဆိုတဲ့ ခေါင်းစီးနဲ့ မွတ်ဆလင် အသိုင်းအ၀ိုင်းမှာ အရွယ်မရောက်သော အိမ်ထောင်ပြုမှု- ပိုရှိနေပါတယ်။ အချို့ အသက် ၅ နှစ် အရွယ်တောင် အိမ်ထောင်ပြုတယ် ဆိုတဲ့ စကားက - ကြားရသူ အပေါင်း သြချရလောက်အောင် ယုံတမ်းစကားလို ဖြစ်နေပါတယ်။ အသက်ငယ်ငယ်နဲ့ အိမ်ထောင်ပြု မှုများ ရှိနေတယ်-၊ ဆိုတဲ့ စကားလောက်ဆို စောဒက တက်စရာ မလိုပါ။ အသက်ကိုပါ ၅ နှစ် ၇ နှစ် (ဆယ်နှစ် အောက်) ဖေါ်ပြလိုက်တော့ ယုံကြည်ထိုက်တဲ့ စကား တစ်ရပ် မဟုတ်တော့ပါ။

ရခိုင်ပြည်နယ်က မွန်းကြပ်တဲ့ လူ့အသိုင်းအ၀ိုင်းကြားထဲမှာ အသက်ငယ်ငယ်နဲ့ အိမ်ထောင်ပြုမှုများ များစွာ ရှိနေခြင်းဟာ အမှန်တရား တစ်ခုပါ။ ဒါဟာ ရိုဟင်ဂျာ လူ့အသိုင်းအ၀ိုင်းမှာသာ ဖြစ်နေခြင်း မဟုတ်ဘဲ ဗမာ (ရခိုင်လို့ မခံယူတဲ့ သံတွဲတောင်ပိုင်းဒေသများက လူများ)ကြားမှာလည်း များစွာ ရှိနေပါတယ်။ အထူးသဖြင့် စာသင်ကျောင်းနဲ့ ဝေးကွာတဲ့ ဒေသများ (ဥပမာ မြာဝ အထဲကွင်းရွာ စတဲ့) ရွာများ၊ ရခိုင်ဒေသရှိ ချင်းလူမျိုးများ အကြားမှာ အသက်ငယ်ငယ်နဲ့ အိမ်ထောင်ပြုခြင်းဟာ အပြစ်တစ်ရပ် မဟုတ်တော့ပါ။

ရိုဟင်ဂျာများထဲမှာလည်း ပညာသင်ခွင့်မရတဲ့ ကျေးလက်နေ လူတန်းစားများ အကြား အချို့ဖြစ်ရပ်တွေ ရှိနေ ပါတယ်။ ဒါပေမယ့် လှောင်ပိတ်ခံ လူသားထု တစ်ရပ်ရဲ့ အပေါ် အထင်အမြင်လွဲမှားစေနိုင်တဲ့ ထပ်ဆင့် ပံ့ပိုး မှုများလည်း ရှိနေပါတယ်။

(၁) ရိုဟင်ဂျာများကို ၁၉၇၄ ခု နောက်ပိုင်း ထပ်ဆင့် အိမ်ထောင်စု စာရင်း ထုတ်ပေးခြင်း မရှိဘဲ၊ နဂို အိမ်ထောင်စုထဲမှာသာ လူဦးရေကို ထည့်သွင်းခြင်း ခံထားရပါတယ်။ ဆိုလိုတာက သား သမီး အိမ်ထောင်ပြုပြီး အိမ်ခွဲခွင့် မရှိ၊ အိမ်ထောင်စု စာရင်း ထပ်ခွဲခွင့် မရှိဘဲ နဂို မိဘများရဲ့ အိမ်ထောင်စု စာရင်းထဲမှာပဲ တိုးပွားလာတဲ့ မြေး မြစ်တို့ရဲ့ စာရင်းကို ထည့်သွင်းခံထားရပါတယ်။ နှစ်ပေါင်း ၅၀ တိုင် အိမ်ထောင်စု စာရင်းတစ်ခုထဲမှာ တိုးပွား လူဦးရေကို ထည့်သွင်း ခံရခြင်း အတွက် အိမ်ထောင်စု စာရင်း တစ်ခုမှာ လူဦးရေ ၂၀၊ ၃၀၊ ၅၀၊ ၇၀ ဖြစ်လာနိုင်ပါတယ်။ ဒီ လူဦးရေကို မိ၊ ဘ (တစ်စုံ)ထဲမှာ မွေးထားသလိုလို - သမ္မတ ဆိုသူ ဦးသိန်းစိန်က ပြောခဲ့ တာလည်း ရှိနေပြန်တယ်။ (အသိဉာဏ်မဲ့ပုံကို ထောက်ပြတာပါ။)

(၂) စားရေရိက္ခက အစ အဘက်ဘက်က ပိတ်ဆို့ထားတဲ့ ရိုဟင်ဂျာတို့ဟာ ရရာနည်းလမ်းက တိုင်းတစ်ပါးကို ထွက်ခွာရတာများလည်း ရှိနေခဲ့တယ်။ ဒီအခါ လမ်းခရီးမှာ သေဆုံးရသူများ များစွာ ရှိလာပြန်တယ်။ သေဆုံးသူ မှ ကျန်နေခဲ့တဲ့ ဇနီး သားသမီးများ ရဲ့ မျှော်လင့်ချက်များ အဆုံးသတ်သွားချိန်များမှာ- (ကျန်ရစ်သူ ဇနီး၊ သမီး များ ပြည့်တန်ဆာ ဖြစ်မသွားရေး အတွက်) နီးစပ်ရာ- ယောက်ျားများမှ ထိမ်းသိမ်း အိမ်ထောင်ပြုရတာများ လည်း ရှိပါတယ်။ (ရိုဟင်ဂျာတို့ဟာ ဇနီးမယားများကို ခိုင်းစားသူများ မဟုတ်ပါ။ အခြား လူမျိုး ယောက်ျားများ ထက် ပိုမို အပင်ပန်းခံပြီး ရှိသမျှ အိမ်ထောင်စုကို လုပ်ကျွေးတဲ့ ဓလေ့ ရှိပါတယ်။ ဒါတွေကိုလည်း အုပ်ချုပ်သူ များက သိသိကြီးနဲ့ အုပ်ချုပ်မှု ယန္တရားကို အပြစ်မဆိုပဲ- အပြစ်မဲ့ မဖြစ်တည်ချင်ဘဲ ဖြစ်နေရတဲ့ လူစုတစ်ရပ်ကို အပြစ်ဆိုနေခြင်းများ- မယား အများယူတယ်လို့ ၀ါဒဖြန့်ခြင်းများနဲ့ မှိုင်းတိုက်ထားပြန်ပါတယ်။

(၃) ရိုဟင်ဂျာတို့ အပေါ် မတရားမှု ပြုတဲ့ ပတ်ဝန်းကျင်ကြီးထဲမှာ ရိုဟင်ဂျာ မိန်းကလေးများ မုဒိန်းကျင့် မခံရရေး အတွက် ရိုဟင်ဂျာ အမျိုးသားများ၊ လူကြီးများက အပျိုဘော်ဝင်စ မိန်းကလေးများကို "ဒါ ကျွန်တော့ ဇနီးပါ" ဆိုတဲ့ စကားလုံးကို သုံးပြီး ကာမပိုင် ရှိလေဟန် အထင်မျိုး ဖြစ်အောင် ကာကွယ်ရတာများလည်း ရှိပါတယ်။ (တစ်ကယ်တမ်း လက်တွေ့မှာ သူတို့ချင်းပဲ အိမ်ထောင်ဘက် မဟုတ်ကြောင်း သိတဲ့ ကိစ္စများပါ။) ဘူးလက် လှဆွေ တာဝန်ထမ်းဆောင်စဉ်- တာဝန်ကျ တပ်ရင်းက ငါး နှစ် သမီးတောင် မရှောင် မုဒိန်းကျင့်မယ် ဆိုရင်- ငါး နှစ် သမီးကိုလည်း (ကိုယ့်မြေးအရင်း ဖြစ်ပါစေ) လူကြီးတစ်ဦးက "ဒါ ကျွန်တော့ ဇနီးပါ" လို့ ပရိယယ် သုံး ပြော လိုက်မှာပါပဲ။ (ဒီလို ကာကွယ်ခဲ့နိုင်လို့လည်း မြန်မာနိုင်ငံမှာ မုဒိန်းကျင့် ခံရမှု အနည်းဆုံး အမျိုးသမီးတွေထဲမှာ ရိုဟင်ဂျာ အမျိုးသမီးများ ဖြစ်ခဲ့ရတာပါ။ ရှမ်း၊ ကရင်၊ ကရင်နီ စတဲ့ လူနည်းစုများ ဘ၀- အမျိုးသမီးပေါင်းများစွာ ကို မုဒိန်းကျင့်ခံခဲ့ရကြောင်း၊ ခံနေရကြောင်း ကမ္ဘာ့ အသိုင်းအ၀ိုင်းက အထောက်အထားများနဲ့ သိနေခဲ့ပါပြီ။) ရှမ်း အမျိုးသမီးတစ်ဦးရေးတဲ့ License to rape စာအုပ်လောက်တော့ အရင်ဖတ်သင့်တယ်။

ရိုဟင်ဂျာနဲ့ မြန်မာမွတ်ဆလင် လူ့အသိုင်းအ၀ိုင်းမှာ တစ်လင်တစ်မယား စနစ်ကို လိုက်နာဘို့၊ ကျင့်သုံးဘို့၊ ပညာ သင်ယူဘို့၊ အရွယ်မရောက်မှီ အိမ်ထောင်မပြုဘို့၊ သားသမီးတို့ကို ကောင်းမွန်စွာ စောင့်ရှောက်ဘို့ ပညာပေး ပြုလုပ်တဲ့ အုပ်စုများ များစွာ ရှိနေပါတယ်။ ဒီလို ပညာပေး အုပ်စုများကလည်း မနေ့ တစ်နေ့ကမှ ပေါ်ထွက်လာ ခြင်းမဟုတ်ပါ။ နှစ်ပေါင်း ၆၀ ကျော် အရင်ကတည်းက ရှိနေသလို ပညာပေးလုပ်ဆောင်မှုများလည်း ကျယ်ပြန့် လာနေပါတယ်။ (ဒါတွေကို အစိုးရဘက်က စီမံချက်နဲ့ နှိပ်ကွပ်ထားမှုများ များစွာရှိနေပါတယ်။)

တိုင်းပြည် တစ်ခုကို စေတနာနဲ့ အုပ်ချုပ်ထိမ်းသိမ်းမယ့် အမတ်များ၊ အုပ်ချုပ်သူများ အနေနဲ့ မိမိရဲ့ အပြောအဆို ကို ဆင်ခြင်သင့်တယ်။ ဗဟုသုတများ ပွားများအောင် လေ့လာသင့်တယ်။ မျှတညီညွတ်သော စကားများကိုသာ ရွေးချယ်ပြောဆိုသင့်ပါတယ်။


မုဟမ္မဒ်တွာဟေရ် (ဌေးလွင်ဦး)
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ
Civil Rights Movement (တန်းတူညီမျှ အခွင့်အရေး လှုပ်ရှား ဆောင်ရွက်မှု)

ဌေးလွင်ဦး
RB News
17.9.2014

သမိုင်းဖေါ်တာ မ “အ”အောင်လို့ ဆိုပြီး ဆရာကြီး ဒေါက်တာ သန်းထွန်းက ပြောဆိုခဲ့ပါတယ်။ ဆရာကြီးရဲ့ ရင်ထဲက စကားလုံး စင်စစ် ရည်ရွယ်ချက်ကို ကျွန်တော် မနှိုက်ထုတ်လိုပါ။ သို့သော် ယေဘုယျ အားဖြင့် လှမ်းမြင်ကြည့်သော် လူဆိုတာ ကိုယ့်သမိုင်း ကိုယ်သိရမယ်၊ ကိုယ့်သမိုင်းမှ ကိုယ်မသိရင် တုံးမယ်၊ အမယ်၊ နောက်ဆုံး သူ့ကျွန် ဖြစ်ရမယ် လို့ ဆိုလိုဟန် ရှိပါတယ်။ ခွဲကြ၊ ကွဲကြ လွတ်လပ်ရေး ယူကြ၊ ကိုယ်ပိုင်နိုင်ငံ အချုပ်အခြာများ တည်ထောင်ကြတဲ့ ဒုတိယ ကမ္ဘာစစ်ပြီး ခေတ်ကာလများအား ဖြတ်သန်းကျက်စားခဲ့ရတဲ့ လူသား ပညာရှင်ကြီး တစ်ဦး အနေနဲ့ မိမိလူမျိုး မိမိတိုင်းပြည် ထီးပျောက်၊ နန်းပျောက် သမိုင်းပျောက်၊ သူ့ကျွန် ဖြစ်ရမှာကို စိုးရိမ်ခံစားချက်များ ကိန်းဝပ်ခဲ့ဟန် ရှိပါတယ်။

မိမိ လေ့လာ ဆည်းပူးရာမှာ အတွေ့ကို အတွေ့အတိုင်း ထုတ်ဖေါ်ပြောဆိုတတ်တဲ့ ကျွန်တော်တစ်ယောက်လည်း မထင်မမှတ်ဘဲ ရိုဟင်ဂျာတို့ရဲ့ သမိုင်းကို တူးဖေါ်လှန်ထုတ်သူ တစ်ဦး ဖြစ်လာခဲ့ပါတယ်။ အတိုက်အခံများ လေ လှန်ထုတ်လေ၊ လှန်ထုတ်ရမယ့် သမိုင်းနောက်ကြောင်းများအား လေ့လာလေ ဖြစ်ခဲ့ရင်း- ကျွန်တော်ကိုယ်တိုင် မထင်မှတ်ထားတဲ့ သမိုင်းကြောင်းကြီး တစ်ခု ဘွားကနဲ့ ပေါ်ပေါက်လာခဲ့ပါတော့တယ်။
ယခု ရခိုင်လို့ ခေါ်တွင်နေတဲ့ အရပ်ဒေသဟာ- မြန်မာစကားပြော လူမျိုးနွယ်များ ၀င်ရောက်ထိုးဖေါက် လာခဲ့ ချိန်မှ- ပင်လယ်ပြင်ကြီးအား မြေဖို့လျှက် လူသားများ နေထိုင်ခဲ့ခြင်း မဟုတ်ပါ။ ယခု မြေပိုင် ရေပိုင်ဟု ခံစားနေ သော ရခိုင်လူမျိုးများ မတိုင်မှီက လူသူ မရှိရာ အရပ်ဒေသလည်း မဟုတ်ခဲ့ပါ။ ယခု ရခိုင်လူမျိုးဟု ခံယူနေသော ရှေးဦးမြန်မာ လူမျိုးစု မတိုင်မှီ- ချင်းလူမျိုး၊ လင်းလူမျိုး (လုံးဝ တိမ်ကောလု နီး လူမျိုး) ကမ်းယံလူမျိုး (ကမ်းယံ ဆိုသည်မှာ ကရင်လူမျိုးများ ဖြစ်နိုင်ပြီး ၎င်းတို့မှာ ရခိုင်တောင်ပိုင်းတွင် နေထိုင်ခဲ့ကာ - နောက်ပိုင်း ရခိုင်တောင်ပိုင်းနှင့် ဆက်စပ်နေသာ ဧရာဝတီတိုင်းထဲသို့ ပြောင်းရွှေ့သွားခဲ့ဟန် ရှိသည်။) ထိုလူမျိုးနွယ်စုများ မတိုင်မှီ နှစ်ပေါင်း ၅၀၀၀ ကျော်စောသော သမိုင်းအား ပိုင်ဆိုင်ခဲ့သူများမှာ ယခုခေတ် ပစ်ပယ်ခံ ရိုဟင်ဂျာ လူမျိုးများ ဟု ဆိုရပါမယ်။
မြန်မာများက- အနော်ရထာမင်း မတိုင်မှီထိ သူတို့ကိုယ်သူတို့ မြန်မာ (ဗမာ) ဟူ၍ အထူးပြု အမည်နာမ တစ်ခုဖြင့် ပြောဆိုခဲ့ဟန် မရှိသကဲ့သို့ ရှေးဦး မူလဘူတ နီဂရစ်တို (အသားမဲ) လူမျိုးစုမှာလည်း ထိုစဉ်က သူတို့ ကိုယ် သူတို့ ရိုဟင်ဂျာ ဟူသော အမည်နာမဖြင့် ဖြစ်တည်ခဲ့ဟန် မရှိပါ။ သို့သော် ထိုရှေးဟောင်းလူမျိုးတို့ရဲ့ မှတ် တမ်း ဘာသာစကား၊ မင်းဆက် အမည်နာမ၊ ရိုးရာဓလေ့ မှတ်တမ်းများအရ ၎င်းတို့မှာ ယခု ရိုဟင်ဂျာ လူမျိုးများ မှ အပ အခြား ကွင်းဆက် ဆက်စပ်ယူနိုင်သော လူမျိုးဟူ၍ မရှိတော့ပါ။
ရခိုင်ဒေသဆိုင်ရာ သမိုင်းအား ရိုးရိုးသားသား ပြန်လှန်ကြည့်ရင် မူလဘူတ ရှေးဦး လူမျိုးများ အဖြစ် ရိုဟင်ဂျာ တို့အား သတ်မှတ်ရမည် ဖြစ်ပြီး၊ ချင်း၊ လင်း၊ စတဲ့ လူမျိုးစုများမှာ ဒုတိယ အသုတ် ၀င်ရောက်လာသူများ ဖြစ်ခဲ့ ပါတယ်။ အဲ့ဒီနောက်မှာ ရှေးဦးမြန်မာ လူမျိုးစု (ရခိုင်)များ ရောက်လာခဲ့ပြီး- ရှေးဦးမြန်မာအစု ရခိုင်များမှ မဏိပူရ်ကုန်းမြင့်အား ဖြတ်လျှက် စကိုင်းတိုင်းမြောက်ပိုင်းအား ၀င်ရောက်သိမ်းပိုက်စဉ် ခေါ်ဆောင်ခဲ့သော မြို၊ ခမွီး လူမျိုးစု အနည်းငယ် ရောက်လာခဲ့ပြန်ပါတယ်။ ထို့နောက်ပိုင်းမှ- ဘင်္ဂလားဘက်တွင် စစ်ကူတောင်းရင်း မွန်ဂိုစစ်သည်များ ရောက်လာကာ- မွန်ဂို (ပါရှန်း) စစ်သည်များနဲ့ ရခိုင်ဒေသခံ လူမျိုးများ သွေးနှောလျှက် ရခိုင် အစုဝင် ကမန်လူမျိုးများ ဖြစ်တည်လာခဲ့ပါတယ်။
ရခိုင်ဒေသမှာ ရှိနေတဲ့ လူမျိုးစု အားလုံးဟာ အနည်းဆုံး နှစ်ပေါင်း ထောင်ချီ အမြစ်တွယ်နေခဲ့တဲ့ လူမျိုးစုများ ဖြစ်လျှက် လူမျိုးတစ်ခုခုအား အမြစ်လှန် သုတ်သင်နိုင်စွမ်း မည်သူ့မှာမှ မရှိနိုင်ပါ။
ဒီနေ့ ခေတ်ကာလမှာ လူသားများ အမြင်ကျယ်လာခဲ့ပါပြီ။ သမိုင်းများ တူးဖေါ်လာခဲ့ပါပြီ။ လွန်ခဲ့တဲ့ နှစ် သန်းပေါင်းများစွာမှ ကျောက်ဖြစ် ရုပ်ကြွင်းများကိုပင် တူးဖေါ် သမိုင်းပြုလာခဲ့ပါပြီ။ ဒီအချက်ကို မြန်မာပြည်သူ ပြည်သား အပေါင်း သိနားလည်ဘို့ လိုအပ်ပါလိမ့်မယ်။
ရိုဟင်ဂျာ များအား အတင်း ခံငြင်းနေတဲ့ လူအုပ်စုက လူသား သန်း ၅၀ ထက် မကျော်နိုင်ပါ။ ကမ္ဘာ့ ကုလ သမဂ္ဂ အပါအ၀င် ကမ္ဘာ့ လူဦးရေ သန်း ၆၀၀၀ ကျော်က ရိုဟင်ဂျာများဘက်မှ ပြတ်ပြတ်သားသား ရပ်တည် လျှက် ရှိနေပါတယ်။ ရေချိုရေအေးကို မသောက်ချင်လို့ မိုးခါးရေ အဖြစ် ခံငြင်းနေရင်လည်း အများ မိုးခါးရေ သောက်- ကိုယ်လည်း လိုက်သောက်ရမယ့် ကိန်းကို လူဦးရေ သန်း ၅၀ က ရင်ဆိုင်တိုးရပါလိမ့်မယ်။
ရိုဟင်ဂျာများသာ မက ကမ္ဘာ့ အသိုင်းအ၀ိုင်း တစ်ခုလုံးကပါ- ရိုဟင်ဂျာတို့ရဲ့ သမိုင်း၊ ရိုဟင်ဂျာတို့ရဲ့ ဘ၀၊ ရိုဟင်ဂျာတို့ရဲ့ ဒုက္ခတို့အား ထိထိမိမိ ခံစားနားလည်နေခဲ့ပါပြီ။ ရာဇ၀တ်ကောင် လူတစ်စုက အတင်း ဇတ်မြှပ်ချင် ပေမယ့်-၊ ကမ္ဘာ့ အသိုင်းအ၀ိုင်းကြီး တစ်ခုလုံးက ဘယ်နည်းနဲ့မှ ပျောက်ပျက်ခံတော့မှာ မဟုတ်ပါ။ ကမ္ဘာပေါ်မှာ ရှိနေတဲ့ လူမျိုး တစ်မျိုးကို ဘယ်နည်းနဲ့မှ အဆုံးရှုံးခံမှာ မဟုတ်တော့ပါ။
ကျွန်တော့ အနေနဲ့လည်း မြန်မာပြည်တွင်းက ရှေးဦးမူလ လူမျိုးစု တစ်စု အကြောင်းကို သမိုင်းဖေါ်ရခြင်းဟာ - တိုင်းပြည်ကို အကျိုးပြုချင်လို့သာ ဖြစ်ပါတယ်။ မိမိတိုင်းပြည်တွင်းက လူမျိုးစု တစ်စု၊ ဖဲ့ထုတ်ရှင်းလင်းလို့ လုံးဝ မရနိုင်တဲ့ လူမျိုးစု တစ်စုကို တိုင်းတစ်ပါးက လူမျိုးစု အဖြစ်သတ်မှတ်ပေးခြင်းက တိုင်းပြည်အတွက် အလွန် တရာသော အဆိုးတရားကို ဦးတည်စေပါတယ်။

အခု အချိန်မှာ အဆိုပါ ရိုဟင်ဂျာတို့အား ဘယ်လိုနည်းနဲ့မှ တိုင်းပြည်က မောင်းထုတ် နှတ်ထုတ် သတ်ဖြတ် မျိုးတုံး ကြံစည်လို့ မရနိုင်အောင် ဖြစ်ခဲ့ပါပြီ။ မြန်မာပြည်ထဲက သူတို့နေထိုင်ရာ မူလဒေသများမှာ သူတို့ အတွက် နေရာ ချပေးရမှာ သေချာပါတယ်။ ဘယ်လိုမှ ရှင်းထုတ်လို့ မရနိုင်တော့တဲ့ မူလဘူတ လူမျိုး ရိုဟင်ဂျာတို့အား တိုင်းတစ်ပါးသား ဘင်္ဂလီ အဖြစ် အတင်း သတ်မှတ်နေသူများဟာ သမိုင်းတရားခံများ ဖြစ်လာရမှာ သေချာပါ တယ်။ ကမ္ဘာ့ ဇတ်ခံပေါ်မှာ လူကြမ်းကြီး အဖြစ် သရုပ်ဆောင်လိုသူများကို ပြောချင်တဲ့ စကားတစ်ခွန်းက- ဒီအချိန်မှာ မင်းသားက ဖြစ်နေတာက ရိုဟင်ဂျာ များပါ။ ဇတ်သိမ်းမှာ မင်းသား ဆိုတာ ရှုံးသွားခဲ့ရိုး ထုံးစံ မရှိပါ။
အမှန်တရားမှာ - အင်အား အပြည့်အ၀ ရှိနေပါတယ်။

မုဟမ္မဒ်တွာဟေရ် (ဌေးလွင်ဦး)
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ
Civil Rights Movement

ဌေးလွင်ဦး
RB News
11.7.2014

ရိုဟင်ဂျာ သမိုင်းနဲ့ ပတ်သက်ပြီး ကျွန်တော့ရဲ့ ဖေါ်ထုတ်မှု၊ တင်ပြမှု၊ သမိုင်း အထောက် အထား များကို ကမ္ဘာ့ ခေါင်းဆောင်များ၊ ကမ္ဘာ့ အသိုင်းအ၀ိုင်း များဆီ အရောက် ပို့ပေးမှုများ အတိုင်းအတာ တစ်ရပ်ထိ ပြီးခဲ့ပြီလို့ ခံယူကာ- သမိုင်း တင်ပြမှု များကို မှေးမှိန် ထားလျှက် - သမိုင်းဖုံး သမိုင်းဖျက် ရာဇ၀တ်မှုကိုသာ ဆက်တိုက်ကျူး လွန်နေတဲ့ ရာဇ၀တ်ကောင် များအား ကမ္ဘာ့ခုံရုံးပေါ်ကိုသာ အရောက်ပို့ရေး အချိန်ပေးထား ခဲ့ပါတယ်။

သို့သော်- လ၀က ၀န်ကြီး ဦးခင်ရီက မြန်မာ့ လူ့သမိုင်းနဲ့ ပတ်သက်ပြီး မျက်လုံးစုံမှိတ် ဆက်လက် ဇွတ်ငြင်း ဖုံး ကွယ်လျှက် မြန်မာ့ လူ့အသိုင်း အ၀ိုင်း ကြီးအား လှည့်စားရန် ထပ်မံကြိုးစား လာပြန်သောအခါ- မြန်မာ့ လူ့ အသိုင်းကြား သမိုင်းမှန်နဲ့ ပတ်သက်ပြီး မျက်လုံးလည် မသွားစေရန် တင်ပြစရာ ကျန်ရှိသည့် လက်ကျန် သမိုင်း အစအနများအား ဆက်လက် တင်ပြလိုပါတယ်။

ဦးခင်ရီ ပြောသလို- လူတွေဟာ မြေကြီးထဲက ထွက်လာခဲ့ခြင်း မဟုတ်ပါ။ အလားတူ မိုးပေါ်ကလည်း ကျ လာခြင်း မဟုတ်ပါ။ မြန်မာ့ လူ့အသိုင်း အ၀ိုင်း လက်ရှိ မြန်မာနိုင်ငံမှာ နေထိုင်တဲ့ လူသား အားလုံးဟာ မြန်မာနိုင်ငံရဲ့ မြောက်ပိုင်း (တရုတ်ပြည်ကြီး) ဘက်က ၀င်ရောက်လာ သူများနဲ့ အနောက်ပိုင်း အိန္ဒိယပြည်ကြီး ဘက်က ၀င်ရောက်လာ သူများသာ ဖြစ်ခဲ့ပါတယ်။ ဒီနေရာမှာ ၀င်ရောက် လာတဲ့ ခေတ်ကာလ၊ ခုနှစ်များကိုသာ ပိုင်းခြား လေ့လာရမှာ ဖြစ်ပါတယ်။

မြန်မာပြည် လို့ အခု သတ်မှတ် ထားတဲ့ ဧရိယာထဲကို အခုခေတ် သတ်မှတ်ထားတဲ့ တိုင်းရင်းသား အားလုံး ၀င်လာတဲ့ ကာလများကို စီစစ်ရင် အေဒီ ၂ ရာစုလောက်မှာ မွန်လူမျိုးများက အခုခေတ် ထိုင်းနိုင်ငံဘက်က ပတ်ပြီး ၀င်ရောက်လာ ခဲ့ပါတယ်။ သူတို့ မတိုင်မှီ မြန်မာနိုင်ငံ အောက်ပိုင်းနဲ့ အလယ်ပိုင်းမှာ အိန္ဒိယ မျိုးဆက် ယက္ခ (အသားမဲ) လူမျိုးများ နေထိုင် ခဲ့ပါတယ်။ မွန်တို့က ယက္ခများကို တိုက်ခိုက် မောင်းထုတ်ခဲ့ပြီး မွန်နိုင်ငံကို ထူထောင် ခဲ့ပါတယ်။ ၀င်လာတဲ့ မွန်နဲ့ ယက္ခ ပေါင်းတဲ့ ကပြားများကို တလိုင်း လို့ ခေါ်ပါတယ်။ (တလိုင်းခေါ်ခံရ သူများက မွန်အစစ် များထက် အသားရောင် ပိုမို ညိုညက်ပါတယ်။) မြန်မာနိုင်ငံ အောက်ဆုံးပိုင်းရဲ့ အထက်နား ဆီသို့ ကရင် လူမျိုးများ အခြေချ နေထိုင်ကြပါတယ်။ ၀င်ရောက်ခဲ့တဲ့ ခုနှစ်များက မွန်တို့ထက် စောနိုင်ပေမယ့် မှတ်တမ်းများမှာ လေ့လာနေဆဲပါ။

အေဒီ ၃ ရာစုလောက်မှာ အခု ဗမာ လို့ ဖြစ်လာမယ့် တရုတ်ပြည် အနောက်မြောက်ပိုင်းက နန်ကျောင် လူမျိုး များ ၀င်ရောက်လာခဲ့ပါတယ်။ ရှေ့ဦးရောက်လာတဲ့ အဲ့ဒီ နန်ကျောင်လူမျိုးများဟာ မဏိပူရ ကုန်းမြင့် တစ်လျှောက် (ချင်းတောင်တန်း အပေါ်ယံ တစ်လျှောက်)က ဖြတ်လာခဲ့ပြီး ရခိုင်ဒေသ ဆီသို့ ၀င်ရောက်ခဲ့ ပါတယ်။

အခု ရခိုင်လို့ ခေါ်တဲ့ အရက္ခဒေသ (မွန်တို့ လုယူလိုက်တဲ့ ဒေသက ယက္ခ ဒေသ)မှာ နန်ကျောင်လူမျိုးများ မရောက်မှီကတည်းက တိုင်းပြည်ငယ် အဖြစ် တည်ရှိခဲ့ပြီး- မူလ Native လူမျိုးတွေ ရှိနေခဲ့ပါတယ်။ Native လူမျိုးများကို နီဂရစ်တို (အသားမဲ ယက္ခ) လို့ ခေါ်တွင်ခဲ့ပါတယ်။ ၀င်ရောက် လာတဲ့ နန်ကျောင် လူမျိုးများက မွန်ဂိုးလီးယား အနွယ် ဖြစ်လို့ ဒေသခံ Native များက မော့ဂ် လို့ ခေါ်တွင်ခဲ့ပါတယ်။ ဒီနေ့ထိလည်း ဘင်္ဂလားနယ်က ရခိုင်များကို မော့ဂ် လူမျိုးလို့ ခေါ်တွင်ဆဲပါ။

ဝင်ရောက်လာတဲ့ မော့ဂ်များဟာ အေဒီ ၇ ရာစု သို့မဟုတ် ၉ ရာစုလောက်မှာ အင်အားထွားလာပြီး Native တို့ရဲ့ ဝေသာလီပြည်ကို သြဇာလွှမ်းမိုးနိုင်ခဲ့ပါတယ်။ တစ်ပြိုင်နက်မှာ ဝေသာလီပြည်ဟာ ရေလမ်း ဆက်သွယ်မှုအရ အစ္စလာမ် သာသနာကို စတင်လက်ခံချိန် ဖြစ်ပြီး Native များက အစ္စလာမ် သာသနာကို စတင်သက်ဝင်ချိန် လည်း ဖြစ်ရပြန်ပါတယ်။ Native များကို အဲ့ဒီ အချိန်ကစ မဟာမေဒင် များလို့ ကမ္ဘာက မှတ်တမ်း စတင်ပြုပါ တော့တယ်။

အေဒီ ၁၁ ရာစုမှာ မြန်မာနိုင်ငံ အလယ်ပိုင်းဆီသို့ ရောက်လာတဲ့ နန်ကျောင်များက ပုဂံကို ဗဟိုပြု မြန်မာ အင်ပါယာအား စတင်ထူထောင်ခဲ့ပါတယ်။ စတင်ထူထောင်ချိန်ထိ ဝေသာလီပြည်က Native များရဲ့ ဘာသာ စာပေဟာ ပုဂံအင်ပါယာထဲထိ ရှိနေခဲ့ပါတယ်။ (စောလူးမင်း ကျောက်စာကို ကြည့်ပါ။)

ကျန်စစ်သားမင်း လက်ထက်မှာမှ နန်ကျောင်လူမျိုးများ ထူထောင်တဲ့ အင်ပါယာအား လျှင်မြန်ဖြတ်လတ်ပြီး သန်မာသော လူမျိုးများ တည်ထောင်ရာ အင်ပါယာ အဖြစ် ကင်ပွန်းတပ်ကာ လူမျိုးအမည်အား "မြန်-မာ" လို့ ခေါ်တွင်စေခဲ့တာ ဖြစ်ပြီး မွန်တို့က "မီရ် မာ" လို့ ခေါ်တွင်ခဲ့ပါတယ်။

ဗြိတိသျှ သုတေသီများက လူမျိုးရင်းမြစ် အမည်ကို လိုက်လံတဲ့ ကာလ ရောက်မှ တရုတ်တို့ တိုက်ထုတ်လိုက် တဲ့ နန်ကျောင် လူမျိုးများကို အင်္ဂလိပ်အခေါ် Burma နဲ့ Tibet ဒေသမှာ လူစုကွဲပြီး တွေ့ရလို့ Tibetan Burmese (တီဘက်တို ဘာမီး) လူမျိုး အဖြစ် အမည် သတ်မှတ်ခဲ့တာပါ။ (တိဘက်ကုန်းမြင့်က မြန်မာပြည် ထဲ ကို ဆင်းလာတဲ့ လူမျိုးလို့ အဓိပ္ပါယ် မပေးပါ။- တိဘက် ဒေသနှင့် မြန်မာ ဒေသ တွင် တွေ့ရသော လူမျိုးလို့ အမည် ပေးခြင်းသာ ဖြစ်ပါတယ်။)

အေဒီ ၁၁ ရာစု ပထမ မြန်မာနိုင်ငံ အင်ပါယာ အတွင်း ရခိုင် (အရက္ခဒေသ)ရဲ့ မြောက်ပိုင်း မပါဝင်ခဲ့ပါ။ ဘုရင့် နောင်လက်ထက် အာသံ မဏိပူရ်ရမှ - လာအို ယိုးဒယိုး သို့ သိမ်းပိုက် အုပ်ချုပ်စဉ်ကလည်း အရက္ခဒေသ ရဲ့ မြောက်ပိုင်း မပါဝင်ခဲ့ပါ။ ရခိုင်တောင်ပိုင်း တောင်ကုတ်၊ သံတွဲ၊ ဂွ နယ်နိမိတ်တို့သည်သာ ဗမာ အင်ပါယာထဲမှာ ရှိနေခဲ့ပါတယ်။ (ပုဂံခေတ် မြန်မာ့မြေပုံ၊ ဘုရင့်နောင်ခေတ် မြန်မာ့ မြေပုံများကို ပြန်ကြည့်ပါ။)

ကုန်းဘောင်ခေတ် ဘိုးတော်ဘုရား လက်ထတ်မှာမှာ ရခိုင်ဒေသ တစ်ခုလုံး ဗမာ့လက်အောက်သို့ ၄၅ နှစ်ကြာ ကျရောက်ခဲ့ရခြင်းသာ ဖြစ်ပါတယ်။ ၄၅ နှစ်လွန်သော အင်္ဂလိပ် လက်အောက်သို့ ကျရောက်သွားခြင်းသာ ဖြစ်ပါတယ်။

ဗမာများ ဘိုးတော်ဘုရား လက်ထက်မှာ ရခိုင်ကို သိမ်းပိုက်စဉ် ရခိုင်ပြည်ရှိ လူဦးရေ၏ သုံးပုံ နှစ်ပုံသည် စစ်တကောင်း ဒေသသို့ ထွက်ပြေး ခိုလှုံရကြောင်း Henry G. Bell မှတ်တမ်းတင်တဲ့ An Account of Burma Empire II page 2 တွင် အတိအကျ မှတ်တမ်းတင်ထားပါတယ်။ ဗမာ လက်မှ အင်္ဂလိပ်တို့က ရခိုင်ဒေသကို ပြန်ယူတဲ့အခါမှာ မူလ ရခိုင်ဇာတိ စစ်တကောင်းရောက် စစ်ပြေးဒုက္ခသည်များ ရခိုင်ထဲသို့ ပြန်လာခဲ့ခြင်းဟာ သူ့ အိမ်ကို သူပြန်လာခြင်းသာ ဖြစ်ပါတယ်။ ပြန်လာသူများ ထဲမှာ ဗုဒ္ဓဘာသာ၊ ဟိန္ဒူ၊ အစ္စလာမ် အားလုံး ပါဝင်မှာ က သဘာဝ တရားပါ။

ဦးခင်ရီ ပြောသလို လာခဲ့တဲ့ နိုင်ငံ ရှိမှာပဲ ဆိုတဲ့ စကားက သဘာဝကျ ပါတယ်။ အမှန်ကို လက်ခံရဲတဲ့ နှလုံးသား ရှိရင် ပြောတာပါ။ အရက္ခဒေသက Native တွေဟာ ရိုဟင်ဂျာ များ ဖြစ်ကြောင်းနဲ့ မော့ဂ် ခေါ် နန်ကျောင် (ရှေး ဦး မြန်မာလူမျိုး)များဟာလည်း အေဒီ ၃ ရာစုလောက်ကစ ရခိုင်ဒေသမှ စတင်အခြေချခဲ့ကြောင်း သမိုင်း အထောက်အထား ခိုင်ခိုင်မာမာ ရှိနေပါတယ်။

ဦးခင်ရီ ပြောလိုတဲ့ ဘင်္ဂလား နိုင်ငံ ဆိုတဲ့ စကားလုံးကို အလွန်အင်မတန် ပညာမဲ့သူများသာ လက်ခံနိုင်ကောင်း ပါတယ်။ ဘင်္ဂလားနယ် ဆိုတာ ဂင်္ဂါမြစ် အနောက်ဘက် အခြမ်းသာ ဖြစ်ပြီး- မူလ ရခိုင်တို့ ပိုင်ဆိုင်ရာ စစ်တကောင်းနယ်ကို ဘင်္ဂလားနိုင်ငံက ရယူလျှက် ဘင်္ဂလား နိုင်ငံထဲမှာ သွတ်သပ်သွင်းခဲ့တာ ၁၉၇၀ ပြည့်နှစ် လောက်မှာပါ။ သူတို့ကို သူတို့ ဘာလီ (ပါဠိ) စကားပြော လူမျိုး ဖြစ်လို့ ဘာလီ လို့ ပြောဆိုနေခဲ့တဲ့ အခြေခံလူထုဟာ စစ်ဖိနပ်အောက်မှာ ဘာလီကို အသံပြောင်းကာ ဘင်္ဂလီ လို့ မသေအသက် ဆက်နေခဲ့ရခြင်း အား အခွင့်ကောင်းယူပြီး- ရိုဟင်ဂျာခေါ် (ဘာလီ- ပါဠိ) စကားပြော လူမျိုးအား ဘင်္ဂလီ အဖြစ် ပုံသွင်းနေခြင်း ဟာ အိမ်မြှောင်ကို အမြီးဖြတ်ပြီး ပိုးဟပ် ဖြစ်တယ်လို့ ဖေါ်ပြနေခြင်းမျှသာ ဖြစ်ပါတယ်။

ဘင်္ဂလားနဲ့ မြန်မာ ဟာ မူလ ရခိုင်နိုင်ငံတော်အား တစ်ယောက်တစ်ဝက် ဖြတ်ယူလျှက် နှစ်ဘက်ညှပ် ဖိနှိပ်ခံ ထားရတဲ့ ရိုဟင်ဂျာ လူမျိုးများရဲ့ ဘ၀ အား မြန်မာနိုင်ငံသားများ အနေနဲ့ အမှန်အတိုင်း နားလည်လာစေဘို့သာ ရည်ရွယ်ပါတယ်။

အခြားတစ်ဘက်မှာ ရိုဟင်ဂျာ ကို ရိုဟင်ဂျာ အဖြစ် လက်မခံဘဲ တင်းခံနေခြင်းများ အားလုံးက ဗဟိုအစိုးရရဲ့ လူမျိုးတုံး သုတ်သင်ရှင်းလင်းမှု မူတစ်ရပ်သာ ဖြစ်ပြီး-၊ ဒီအမှုအတွက် လက်ရှိ ဗမာ အစိုးရဟာ ကမ္ဘာ့ ခုံရုံးပေါ် မှာ ရှင်းကို ရှင်းရမယ့် ကိစ္စရပ် ဖြစ်ကြောင်း ထပ်မံ အတည်ပြု ပြောကြားပါရစေ။


မုဟမ္မဒ်တွာဟေရ် (ဌေးလွင်ဦး)
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ
Civil Rights Movement




ဌေးလွင်ဦး
RB News
10.6.2014

ဗမာ အမျိုးသားရေးဝါဒီ မျက်ကန်း အစိုးရဟာ လက်မရွံ့ လက်ပါးစေ တစ်သိုက်ကို မွေးမြူပြီး ရခိုင်ဒေသရဲ့ မူလဘူတ လူမျိုး "ရိုဟင်ဂျာ" တွေကို လူမျိုးတုံးသုတ်သင်ဘို့၊ မြန်မာနိုင်ငံအတွင်းရှိ သန်းပေါင်းများစွာသော အစ္စလာမ် သာသနာဝင်တို့ကို ကျေးကျွန်ဘ၀၊ မော်မကြည့်ရဲတဲ့ ဖိနှိပ်ခံဘ၀မျိုး အဖြစ် စနစ်တကျ ဖန်တီးခဲ့ပါ တယ်။

အရိုးခံ ရိုဟင်ဂျာများ၊ ပြည်တွင်းမှ အစ္စလာမ် သာသနာဝင်များဟာ အများပြည်သူများကဲ့သို့ ရိုးရိုးသားသား လုပ်ကိုင်စားသောက်ရင်း ဘ၀များကို ရပ်တည်နေရချိန်မှာ ဗမာ အစွန်းရောက် လူမျိုးကြီးဝါဒီ လူဆိုးလူမိုက် အစိုးရ အဆက်ဆက်က အစ္စလာမ် သာသနာ သုတ်သင်ရေး အတွက် ငွေအား၊ လူအား၊ အာဏာအား၊ လက်နက်အားများနဲ့ နေ့ည မနား နှစ်ပေါင်း ၆၀ ကျော် စနစ်တကျ စီမံ အကွက်ချ ဖန်တီးခဲ့ပါတယ်။ လူနည်းစု လူမျိုးများနဲ့ အစ္စလာမ် သာသနာဝင်များရဲ့ ဘ၀ သိမ်ဖျင်းသောင်လှီ သွားပြီလို့ သူတို့ ယုံကြည်လောက်တဲ့ အချိန် မှာမှ ဗမာ- ဗမာချင်း ဒီမိုကရေစီ အယောင်ပြပြီး ဗမာများသာ မင်းမူဗိုလ်ကျရေး စနစ်ကို ဖန်တီးလိုက်ပါတော့ တယ်။ စစ်အာဏာရှင်များကလည်း ငါတို့ လုပ်ခဲ့တာ တာဝန်ကျေပြီလို့ ဗမာ အမျိုးသားရေး ၀ါဒီတွေရှေ့မှာ သက်သေပြနိုင်ဘို့ နောက်ဆုံးအနေနဲ့ ၂၀၁၂ မှာ လူနည်းစု သုတ်သင်ရေး ပွဲကြီးကို အပိုင်ရိုက်ချလိုက်ပါတော့ တယ်။ ထိုသို့ ပြုလုပ်နိုင်ရန် -

(၁) ဗမာ မာဖီးယား အစိုးရမှ လက်သပ်မွေးထားသော အနောက်သား ဘင်္ဂလီ ရခိုင်များ စိုးမိုးတဲ့ ပါတီကို ဦးဆောင်စေပြီး ဗမာ မဟုတ်သော ဗုဒ္ဓဘာသာများသာ အားသာသော တိုင်းရင်းညီအစ်ကိုများ ပါတီစု ကိုလည်း- တစ်ဘက်မှ ဖန်တီးခဲ့ပါတယ်။

(၂) အဓိက အတိုက်အခံ အင်အားစုများ၊ ဒုတိယ မျိုးဆက်များကိုလည်း အမျိုးသားရေး မှိုင်းတိုက် မဟာ ဗမာ ဗုဒ္ဓ၀ါဒနဲ့ ပုံသွင်းထားနိုင်ခဲ့ပါတယ်။

(၃) လူထုတစ်ရပ်လုံးကို ဘုန်းကြီး ဘန်းပြကာ ဘာသာရေး ပိုက်ကွန်ကြီးနဲ့ အုပ်ထားလိုက်ပြန်ပါတယ်။

ရိုဟင်ဂျာများအား အပြီးသုတ်သင်ဘို့၊ ပြည်တွင်းမှာ အစ္စလာမ် သာသနာအား အပျောက်ရိုက်ဘို့၊ ခရစ်ယာန် ကချင်တို့အား အပိုင် အပွေးသပ်ဘို့၊ ခရစ်ယာန်များ ဖြစ်တဲ့ ကရင်၊ ချင်းတို့ကို သေးသိမ်သွားစေဘို့ ဆိုတဲ့ အယုတ်တမာ အမျိုးသားရေးဝါဒီတို့ရဲ့ မှန်းချက်ဟာ နှမ်းထွက်နဲ့ လွဲသွားစေဘို့ မျှော်လင့်မထားဘဲ ထိပ်တိုက် တိုးခဲ့ရပါပြီ။

အဓိက သော့ချက်က အစိုးရ တစ်ရပ်ကို အပိုင်လှဲဘို့ Genocide ကျူးလွန်တယ် ဆိုတဲ့ အမှုကို ရအောင် ဖေါ်ဆောင်နိုင်ခဲ့ခြင်းသာ ဖြစ်ပါတယ်။ မည်သည့် အစိုးရ မဆို သူတို့ အကြောက်ဆုံး အရာက - "ကမ္ဘာ့ အသိုင်း အ၀ိုင်းက အဆိုပါ အစိုးရတစ်ရပ်သည် Genocide ကျူးလွန်လိုက်ပြီ၊" လို့ သတ်မှတ်ခြင်းသာ ဖြစ်ပါတယ်။ Genocide ကို ကျူးလွန်တဲ့ တရားခံဟာ အာဏာရှင် သမ္မတကြီး တစ်ဦး ဖြစ်နေပါစေ- သူအမှုက လွတ်မြောက် ဘို့ ဘယ်လိုမှ ရုန်းထွက်နိုင်စွမ်း မရှိပါ။

Genocide ကျူးလွန်ပြီလို့ UN က ထုတ်ပြောလိုက်တဲ့နေ့ကစ ထိုသို့ လူမျိုးတုံးသတ်ဖြတ် သုတ်သင်ခံနေရတဲ့ လူမျိုးတစ်ရပ်၊ လူမျိုး တစ်စုအား မည်သည့်နည်းဖြင့်မဆို ကာကွယ်စောင့်ရှောက်ဘို့ရာလည်း ကမ္ဘာ့ အသိုင်း အ၀ိုင်းမှာ တာဝန်တစ်ရပ် ဖြစ်သွားပါတော့တယ်။ ဒီနေရာမှာ "မည်သည့်နည်းဖြင့် မဆို" ဆိုတဲ့ စကားလုံးကို တော့ စာဖတ်သူများ နားလည်မှာပါ။ (သို့သော် UN အနေဖြင့် Genocide ကျူးလွန်ပြီ ဆိုတဲ့ Term ကို ထုတ် ပြောဘို့ ခက်ပါတယ်။ Genocide ကျူးလွန်ပြီ ဆိုတဲ့ စကားလုံးကို ထုတ်ပြောမိရင်- UN အပေါ်မှာ Genocide အဆင့် မဖြစ်မှီ ဘာကြောင့် မကာကွယ်ခဲ့သလဲ ဆိုတဲ့ တာဝန်တစ်ရပ် ဖြစ်သွားရလို့ပါ။) ဒါကြောင့် UN ဟာ Heading to Genocide (လူမျိုးတုံး သတ်ဖြတ်မှုဆီ ဦးတည်နေပြီ)လို့သာ ပြောခွင့်ရှိပါတယ်။ သို့မှသာ သူတို့က ဘယ်နည်းနဲ့ မဆို တားမြစ်ရမယ် ဆိုတဲ့ အဓိပ္ပါယ်ကိုလည်း ပေးပါတယ်။ ဒီစကားလုံးကို UN ထိပ်တန်းအရာရှိ ကြီးများက လျှို့ဝှက် အစည်းအဝေးတွေမှာ ထုတ်ဖေါ်ပြောခဲ့ပါပြီ။ လျှို့ဝှက် ဆိုပေမယ့် သူတို့ရဲ့ သဘောထားကို သိန်းစိန်အစိုးရဆီသို့လည်း အစိုးရအဆင့် ပြောပြီး ဖြစ်ခဲ့ပါပြီ။ UN လူ့အခွင့်အရေး အထူးအရာရှိ ကင်တားနား ကလည်း လူသိရှင်ကြား ပြောပြီး ဖြစ်ခဲ့ပါပြီ။

တရားခံ ဘ၀က ပြေးမလွတ်နိုင်မှန်း သိတဲ့ သိန်းစိန် အစိုးရဟာ ဘင်္ဂလားနဲ့ စစ်တိုက်ပြီး တိုင်းပြည်ကို ၀ရုန်း သုန်းကား အခြေအနေနဲ့ ဖန်တီးထားကာ အချိန်ဆွဲဘို့ ကြိုးစားလိုက်ပါသေးတယ်။ ကမ္ဘာ့ အသိုင်းအ၀ိုင်းက သူတို့ ဘာလုပ်မယ် ဆိုတဲ့ တစ်ကွက်ချင်းကို ကြိုပိတ်ပြီးသား ဖြစ်နေကို သူတို့ ခမြာ ရိပ်မိလိုက်ဟန် မရှိပါ။

နောက်ဆုံး ပိတ်မိသွားတဲ့ အဆင့် ဘာလုပ်မလဲ----။

ကျွန်တော်တို့ ကြိုသိပြီး အတိုင်း "ကျွန်တော်တို့က ဒီအမှုကို ကျူးလွန်ခြင်း မဟုတ်ပါ။ ကျွန်တော်တို့ ထိမ်းသိမ်း ပါတယ်။ သို့သော် ထိမ်းမနိုင်သိမ်းမရ ဖြစ်ခဲ့ရတာပါ၊" ဆိုတဲ့ အကြောင်းပြချက် တစ်ခုကို ဆွဲထုတ်ဘို့ သူတို့ မွေးထားတဲ့ မျောက်တွေကို သူတို့ ချကျွေးရမယ့် အဆင့်ကို ရောက်သွားခဲ့ပါတယ်။

ဝိရသူ လို အကောင်က "ဦးဇင်းတို့ ခိုင်းလို့ အစိုးရက လုပ်တာပဲ ရှိတယ်၊" ဆိုတဲ့ စကား ကမ္ဘာ့ ဘယ်ပညာရှင်က လက်ခံမလဲ။ ၁၉၈၈ အရေးအခင်းကြီး တစ်ခုလုံးကို တစ်ရက်တည်းနဲ့ ဖြေရှင်းနိုင်တဲ့ စစ်အင်အားကို ပိုင်ဆိုင် ထားတဲ့ စစ်တပ် အစိုးရက သင်္ကန်းပတ် တစ်ကောင်နှစ်ကောင်ကို ကြောက်စရာ လိုခဲ့လို့လား။--- "၀ိရသူ ကရော ဒီစကားလုံးကို သူ့စိတ်နဲ့သူ ပြောမယ် ထင်ကြလို့လား၊ တစ်ကယ်တော့ ချကျွေးချင်လာတဲ့အခါ- သေနတ်ထောက် ပြောခိုင်းလိုက်ခြင်းသာ၊ ဆိုတဲ့ အချက် ကလေးက အစ သိနိုင်ပါတယ်။"

စစ်တုရင်ကွက်မှာ ဘုရင် မကျရေး အတွက် နယ်ရုပ်၊ မြင်း၊ စစ်သူကြီး-- နောက်ဆုံး အလှုပ်ရှားနိုင်ဆုံး ဘုရင်မ ထိ ထိုးကျွေးခံရမှာတော့ သဘာဝပါ။

သို့သော် ဘယ်ကောင်ကိုပဲ ထိုးကျွေးထိုးကျွေး- ရိုဟင်ဂျာများ၊ မြန်မာပြည်မှာ အစ္စလာမ်သာသနာဝင်များ၊ လူနည်း စုများ နစ်နာနေသမျှ၊ နစ်နာခဲ့ရသမျှ ပြန်လည် ပေးဆပ်ရမယ် ဆိုတာကိုတော့ ဦးသိန်းစိန် အစိုးရနဲ့ အမျိုးသားရေး ၀ါဒီများ မမေ့စေချင်ပါ။ နစ်နာခဲ့ရတဲ့ အများပြည်သူ မကျေနပ် သ၍၊ တန်းတူညီမျှ အခွင့်အရေး ဥပဒေ မပြဌာန်းသ၍၊ လူနည်းစု ကာကွယ်စောင့်ရှောက်ရေး ဥပဒေ မပြဌာန်းသ၍- ဒီ အရေးယူမှု ဖြစ်စဉ် တစ်ခု လုံးကို လှုပ်ရှားနေတဲ့ ကျွန်တော်တို့ကို မည်သည့် အပေးအယူဖြင့်မျှ လက်ခံစဉ်းစားမည် မဟုတ်ပါ။


မုဟမ္မဒ်တွာဟေရ် (ဌေးလွင်ဦး)
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ
Civil Rights Movement

ဌေးလွင်ဦး
RB News
26.4.2014

ဦးသိန်းစိန် အစိုးရအား အကြံပေးလိုခြင်း ဖြစ်သည်။ လူမှုရေး နယ်ပယ်တွင် အမှားတစ်ခုအား ကျူးလွန် မိသည်သောအခါ "ခွင့်လွှတ်ပါဗျာ" ဆိုသည့် "ဘွာခတ်"ရန် စကားလုံး ရှိသော်လည်း နိုင်ငံရေးတွင် မှား လျှင် "ဘွာခတ်" နိုင်ခွင့် မရှိပါ။ အမှားသေးသေး တစ်ခုအား ကျူးလွန်မိလျှင်ပင် အနည်းဆုံး ရာထူးမှ နှတ်ထွက်ပေးရမည် ဖြစ်သည်။

အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု၊ ထိုသို့ သတ်ဖြတ်ခြင်းအား အရေး မယူ လျှစ်လျူရှုထားမှု၊ လူမျိုး တစ်မျိုးအား လူမျိုးတုံး သုတ်သင်မှု၊ လူမျိုးတုံးသုတ်သင်ရန် ကြံစည်မှု၊ လူမျိုးတုံးသတ်ဖြတ်ရန် ကြံစည်လုပ်ဆောင်နေသူတို့အား မသိကျိုးကျွံပြု လွှတ်ပေးထားမှု၊ အမုန်း စကား၊ အမုန်းတရား ပြောဆိုနေသူတို့အား ဘေးမဲ့ပေးထားယုံမျှ မက နယ်လှည့် အမုန်းတရား ဟောပြော ခိုင်းထားမှုတို့ အတွက် အရေးယူခြင်း မရှိ မသိဟန်လွှဲ မျက်စပစ်ပေးထားမှုတို့ စသည့် ကြီးမားသော ရာဇ၀တ်မှုတို့ အတွက် ခွင့်လွှတ်ပေးနိုင်သော ဇာတ်လမ်း ဟူ၍ မရှိပါ။

ရိုဟင်ဂျာ လူမျိုးစု အပေါ် အစိုးရုံးကိုယ်တိုင်မှာ လုပ်ကြံသတင်းများ ဖြန့်ချီလျှက် လူမျိုးတုံး သုတ်သင် ရန် ကြံစည်မှုကြီးနှင့် ရိုဟင်ဂျာ လူမျိုးတုံး သုတ်သင်မှုကြီးအား အစိုးရကိုယ်တိုင်မှ စနစ်တကျ အကွက် ဆင်လုပ်ကိုင်ခဲ့ကြောင်း တိကျသေချာသည့် အထောက်အထားများအား ကမ္ဘာ့အသိုင်းအ၀ိုင်းမှ လက် ဆုပ်လက်ကိုင် ရထားပြီး ဖြစ်နေသည်။

ရိုဟင်ဂျာ လူမျိုးဟူသည် မရှိ ကျူးကျော်သူ ဘင်္ဂလီများသာ ဖြစ်သည်ဟု လုပ်ကြံဝါဒဖြန့်မှုကြီးမှာလည်း ဦးသိန်းစိန်အစိုးရနှင့် ၎င်း၏ လက်ပါးစေ ရာဇ၀တ်ကောင်များ၏ ထွင်လုံးသာ ဖြစ်ကြောင်း ကမ္ဘာ့ အသိုင်းအ၀ိုင်းမှ တပ်အပ်သေချာ သိနေခဲ့ပြီ။ မိမိတို့၏ ထွင်လုံးအား မရအရ ပုံသွင်းဖြစ်တည်လာစေ ရန် ရိုဟင်ဂျာ ဟူသည့် အမည်နာမကိုယ်ပင် လက်မခံ ဇွတ်ငြင်းနေခြင်းများ၊ အစိုးရ အာဏာ ပါဝါတို့ အား အလုံးအရင်းဖြင့် ပုံအောလျှက် ရိုဟင်ဂျာတို့ကို ဘင်္ဂလီအဖြစ် ခံယူခိုင်းခြင်းများမှာ ဦးသိန်းစိန် အစိုးရအတွက် အချိန်ကုန် လူပန်း အိပ်ပျက် စားရိတ်တက်မည့် အလုပ်သာ ဖြစ်သည့် အပြင် မိမိတို့၏ လည်ပင်းအား အသင့်ရှိနေပြီး ဖြစ်သော ညွှတ်ကွင်း (ကြိုးကွင်း) ထဲသို့ မရမက ထိုးထည့်ပေးနေခြင်း သာ ဖြစ်နေတော့သည်။ (ဤသည် ခြိမ်းချောက်မှု မဟုတ်)

ရိုဟင်ဂျာတို့သည် သူတို့၏ သမိုင်း စဉ်ဆက် ပိုင်မြေတွင် ရိုးအေးစွာ နေထိုင်သူများသာ ဖြစ်ပြီး ခွဲထွက် ရေးတောင်းဆိုခြင်း မရှိ (အစိုးရ လုပ်ကြံသော သတင်းများသာ ရှိသည်။) ပြည်ထောင်စု အတွင်း တန်း တူညီမျှ အခွင့်အရေးမှ လွဲ၍ သူတစ်ပါးထက် ပိုမိုသော အခွင့်ထူး တောင်းဆိုခြင်းလည်း မရှိဘဲလျှက် ရိုဟင်ဂျာ ဟူသည့် အမည်တစ်ခုသည် အချုပ်အခြာ အာဏာကို ထိခိုက်စေသည်ဟူသော ဟာသ မြောက်သည့် စကားလုံးများဖြင့် တိုင်းသူပြည်သားတို့အား အစိုးရကိုယ်တိုင်မှ မှိုင်းတိုက် အမုန်းဖြန့်ချီ နေခြင်းကိုလည်း ကမ္ဘာ့ အသိုင်းအ၀ိုင်းမှ တပ်အပ်သိနေပြီး ဖြစ်သည်။

ဝုန်းဒိုင်းကြဲ အဓိကရုဏ်း ဖန်တီးကာ မျိုးပြုတ် သုတ်သင်နိုင်ခြင်း ဗျူဟာ ကျဆုံး သွားသော အခါ- စားရေး ရိက္ခာ ဆေးဝါး ဖြတ်တောက် ပိတ်ဆို့သော နည်းဖြင့် မှည့်ချွေချွေခြင်း ဗျူဟာကို ဆက်လက် ကျင့်သုံးနေခြင်း၊ စိတ်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်မှု အဖြစ် အတင်း အဓမ္မ ဘင်္ဂလီ ဇတ်သွင်း နေခြင်းတို့မှာ ဦးသိန်းစိန် အစိုးရ ကိုယ်တိုင်က လူမျိုးတုံး သတ်ဖြတ်မှု Genocide ကို ဗြောင်တိုက် လုပ်ဆောင် နေကြောင်း လက်တွေ့ မျက်တွေ့ ၀န်ခံနေခြင်းပင် ဖြစ်သည်။

ရိုဟင်ဂျာတို့ အတွက် တော်လှန်ရေး လုပ်ဆောင်နေသော ပြည်ပ ခေါင်းဆောင်များသည်- ဦးသိန်းစိန် အစိုးရမှ ဦးစီးလျှက် ရခိုင်သမိုင်းကို ဗြောင်လိမ်ခဲ့စဉ်က သမိုင်းဖေါ် တော်လှန်ရေးကိုသာ လုပ်ခဲ့သော ကြောင့် သူတို့သည် သမိုင်း ဆရာ များသာ ဖြစ်သည်။ သမိုင်းရေးရင်း အချိန်များ ကုန်လွန် စေသူများသာ ဖြစ်မည်ဟု လျှော့တွက်မိလျှင် လွန်စွာ မှားယွင်းနေပေမည်။

၁၉၄၂ မှ စ၍ နည်းမျိုးစုံ ဖိနှိပ် ညှင်းဆဲခံခဲ့ရသော အတွေ့အကြုံများအား ရင်းလျှက် ရိုဟင်ဂျာ ခေါင်း ဆောင်များမှာ တော်လှန်ရေး အနုပညာအား ကျွမ်းကျင်လိမ္မာစွာ တတ်မြောက်ခဲ့ပေပြီ။ ဦးသိန်းစိန် အစိုးရမှ မျှားခေါ်သွားမည့် လမ်းကြောင်းထဲသို့ မည်သည့်အခါမျှ လိုက်သွားမည် မဟုတ် သကဲ့သို့ ထို မျှားခေါ်သွားမည့် လမ်းကြောင်းတိုင်းအား ကြိုတင်သိနေလျှက် ထိုလမ်းကြောင်း တစ်ခုစီအား ဦးသိန်း စိန် အစိုးရ အတွက် ထောင်ချောက် ညွှတ်ကွင်း အဖြစ် ကြိုတင်စီမံထားနိုင်သော အရည်အချင်းများ ဉာဏ်ပညာ ဗဟုသုတများ ရှိနေပြီး ဖြစ်သည်။

တနည်းအားဖြင့် တော်လှန်ရေးတွင် ရန်သူက တစ်ကွက်ဦးစေမည့် မူဝါဒအား မည်သည့်အခါတွင်မျှ အဖြစ်ခံမည် မဟုတ်ဘဲ- မိမိဘက်မှ အနည်းဆုံး နှစ်ကွက်ဦးနေစေမည့် မူဝါဒကိုသာ ကျင့်သုံးသွားမည် ဖြစ်သည်။ လက်ရှိ အခြေအနေတွင် ဦးသိန်းစိန်တို့ဘက်မှ မည်သည့်နည်းနှင့်မျှ ရုန်းထွက်၍ မရနိုင် တော့ပေ။ ထိုအခြေအနေအား ဦးသိန်းစိန် အစိုးရမှ ပွင့်ပွင့်လင်းလင်း သိစေလိုပါသည်။

တိုင်းပြည်အား ဦးဆောင်နေသည့် တိုင်းပြည်တစ်ခု၏ တာဝန်အရှိဆုံး ပုဂ္ဂိုလ်ဖြစ်သည့် ဦးသိန်းစိန် အနေဖြင့် သိစေလိုသည်မှာ ယခု ငြိနေပြီ ဖြစ်သော ကြိုးကွင်းမှာ ၀ုန်းကနဲ ရှေ့တိုးသည် ဖြစ်စေ၊ ၀ုန်းက နဲ နောက်ဆုတ်သည် ဖြစ်စေ စိကနဲ လည်မြိုအား ညှစ်မည့် ကြိုးကွင်း ဖြစ်နေပြီ။ မသိမသာ အနုနည်း ဖြင့် ရှေ့တိုးရန်လည်း မဖြစ်နိုင်လောက်အောင် တံတိုင်းကြီး ကာရံပြီး ဖြစ်သည်။ သို့ဖြစ်၍ တစ်ခုတည်း သော နည်းလမ်းမှာ ဖြေးဖြေး ညှင်သာ နောက်သို့ တစ်လှမ်းချင်း ဆုတ်ရန်သာ အကန့်အသတ်နှင့် ရှိနေသည်။

စစ်သားများ ဖြစ်ခဲ့သည့် အတွက် နောက်ဆုတ်ဗျူဟာ ဆိုသည်အား အထူးသင်ပေးရန် လိုမည်မဟုတ် ပေ။ ရာဇ၀တ်မှုအတွက် တိုက်ရိုက်ကျူးလွန်ခဲ့သူများ စိတ်ဓါတ်စစ်ဆင်ရေးဖြင့် တစ်ဘက်သတ် စိတ်ဓါတ် အနိုင်ကျင့်ခဲ့သူများအား ထိရောက်သေချာစွာ ဖမ်းဆီး အပြစ်ပေးရမည်။ ရိုဟင်ဂျာတို့အား ရိုဟင်ဂျာ အမည်နာမဖြင့်သာ တန်းတူညီမျှ အခွင့်အရေးကို ပေးရမည်၊ အခြားသူများ နည်းတူ တိုင်းပြည်အနှံ့ လွတ်လပ်၍ စိတ်ချမ်းသာစွာ နေထိုင်လုပ်ကိုင် စားသောက်ခွင့်ပြုပေးရမည်၊ မြန်မာ ပြည်မမှ မွတ်ဆလင်တို့အား တန်းတူညီမျှ အခွင့်အရေးပေးရမည်၊ အမုန်းတရား ဟောပြော နေသူ တို့အား ထိရောက်စွာ အရေးယူ အပြစ်ပေးရမည်။ အထိကရုန်းကာလများ အတွင်း ခုခံပိုင်ခွင့် အလျှောက် ခုခံခဲ့သည့် ဖမ်းဆီးခံ မွတ်ဆလင်တို့အား ချက်ချင်း ချွင်းချက်မရှိ လွှတ်ပေးရမည်။ ဤသည် ဦးသိန်းစိန် အစိုးရ အတွက် တစုံတရာ အချိန်မှီသေးသော စစ်ဆုတ်နည်း ဗျူဟာသာ ဖြစ်တော့သည်။ ဤသည်ကို မသိကျိုးကျွံပြု အချိန်ဆွဲနေလျှင်- ကျွန်ုပ်တို့ဘက်မှ ရွေ့နေသော အရွေ့ သည် ရပ်တန့်နေခြင်း မဟုတ် ဟူသည်ကိုလည်း သိစေလိုပါသည်။


မုဟမ္မဒ်တွာဟေရ် (ဌေးလွင်ဦး)
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ
Civil Rights Movement

ဌေးလွင်ဦး
RB News
22.3.2014


နိုင်ငံရေးမှာ အဖြူထည် ပကတိ မရှိ- ဆိုတာကို လက်ခံပါတယ်။ သို့သော် ဉာဏ်အမျှော်အမြင်နဲ့ ရိုးသားမှု ကိုတော့ အခြေခံရပါမယ်။ အာဏာရမက်တွေနောက်ကို လိုက်ရင်း လူမျိုးကြီးဝါဒ-၊ မျက်ကန်း အမျိုးသားရေးဝါဒ တွေနဲ့ ကြီးနိုင်ငယ်ညှင်း တောရိုင်းစိတ် ၀ါဒတွေကို နှလုံးပိုက်လျှက်- အပြုံးမျက်နှာတုကို မိတ်ကပ်ဖို့ထားလို့ ရနိုင်တဲ့ ခေတ်ကာလ မဟုတ်တော့ပါ။

မြန်မာ့နိုင်ငံရေး သမားများ၊ အာဏာပိုင်များ၊ လူငယ်မျိုးချစ်များ- အများစုဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀- ၆၀ လောက်က မြန်မာပြန်ထုတ်ဝေခဲ့တဲ့ နိုင်ငံရေးစာအုပ်များ၊ ကမ္ဘာ့ခေါင်းဆောင်များရဲ့ အတ္ထုပ္ပတ္တိနဲ့ သူတို့ရဲ့ လှုပ်ရှား များကို အားကျ ပုံတူကူးယူခဲ့ရသူက ရာနှုန်းများနေပါတယ်။ ဥပမာ- ကျူဘားပြည်က ကြယ်နီ တို့၊ ချေဂွေဗားရား တို့ တရုတ်ပြည်က ကြယ်နီတို့ အာရဗ်အစ္စရေးလ် ခြောက်ရက်စစ်ပွဲတို့- စတဲ့ ဒုတိယကမ္ဘာစစ်ပြီးကာလ နိုင်ငံရေး သီအိုရီများသာ ဘ၀ကို စခဲ့ရသူက များနေပါတယ်။

အခုအချိန်ဟာ ဒုတိယ ကမ္ဘာစစ်ပြီးကာလနဲ့ ခေတ်သုံးခေတ်ခြားနားသွားခဲ့ပါပြီ။- စစ်အေးခေတ်၊ ၀ါဒအားပြိုင် ခေတ်- နဲ့ ကွန်မြူနစ် စနစ်အားနဲ့သွားချိန်မှာ ဘာသာရေးအသွင်လွှမ်း နိုင်ငံရေးဝါဒ ခေတ်များကို ကျော်လွန်ခဲ့ လေပြီ။- ဒါတွေကို မြန်မာ့နိုင်ငံရေး သမားတို့ ပြတ်ကျန်ခဲ့ကြောင်း မြန်မာ့နိုင်ငံရေး အခင်းအကျင်းနဲ့ ဖြစ်တည်နေ မှုများက မျက်ဝါးထင်ထင် သက်သေပြနေပါတယ်။

ပိုဆိုးတာက- မြန်မာ့နိုင်ငံရေး သမားတိုင်း (အားလုံးနီးပါး)ရဲ့ ပါးစပ်က - ပထ၀ီ နိုင်ငံရေး ဆိုတဲ့ ဝေါဟာရကို တွင် တွင်ကြီး သုံးစွဲ လက်ခံနေမှုများပါ။- တစ်ကယ်တော့ အဲ့ဒီ သီအိုရီကို စစ်အစိုးရက သေသေသပ်သပ် ပုံသွင်းခဲ့ ခြင်းသာ ဖြစ်ပါတယ်။ ပထ၀ီ နိုင်ငံရေး ဆိုတဲ့ စကားလုံးက လူပြိန်းကြိုက် စကားမျှသာ ဖြစ်ပါတယ်။ မိမိနိုင်ငံရဲ့ ပထ၀ီ အနေအထားကို ဘယ်လို ကာကွယ်မလဲ ဆိုတဲ့ သီအိုရီကသာ ပညာရပ်ဆန်တဲ့ အဖြေဖြစ်လာမှာပါ။ လူပြိန်းကြိုက်စကားလုံးတွေကိုသာ တွင်တွင်ကျယ်အောင် ပြောတတ်ပြီး- အဲ့ဒီ ပထ၀ီကို ဘယ်လိုကာကွယ်လေ မလဲလို့ အဖြေကို ဘယ်သူကမှ တိတိကျကျ မထုတ်ပြနိုင်ခဲ့ဘူး။

မျက်ကန်း အမျိုးသားရေးဝါဒကို လက်ကိုင်ထားရင် ကာကွယ်နိုင်မယ်လို့ ထင်ယောင်ထင်မှား တွေးနေမှုကြောင့် တရုတ်ကြီးက မြန်မာ့ ပထ၀ီ မြေပုံကို တစ်ဝက်လောက် ဖျက်ထားခဲ့လေပြီ။ မကြာမှီ တိဘက်ကို မြိုသလို မြိုလိုက်တော့မယ် ဆိုတဲ့ အသိ ဒီနေ့ထိ လူထုကြားမှာ မကိန်းဝပ်နိုင်သေးပါ။ ဒါဟာ လူထုကို ဦးဆောင်တဲ့ အစိုးရနဲ့ နိုင်ငံရေးသမားတို့ရဲ့ ဗဟုသုတ ပြတ်လပ်မှုလို့ မညှာမတာ ဆင်ခြင်ရပါတော့မယ်။

ပထ၀ီ ကို ကာကွယ်လိုရင်- (၁) ငါတို့ရဲ့ မြန်မာနိုင်ငံ မြေပထ၀ီ ဟာ ဘယ်က ဘယ်အထိ ဆိုတဲ့ တိကျတဲ့ အဖြေ ကို လူထုရှေ့မှာ လူထုသိအောင် တိတိကျကျ ချပြရပါမယ်။ (၂) အာဏာပိုင် အစိုးရကိုယ်တိုင်က မြေပထ၀ီကို ဖဲ့ရောင်းခြင်း အလုပ်တွေကို ရှောင်ကြဉ်ရပါမယ်။ (၃) သတ်မှတ်ပြီး နယ်နိမိတ် အတွင်း ရှိနေသူ လူသားအားလုံး မျိုးနွယ်အားလုံးကို အတူနေချင်စိတ်များ ကိန်းဝပ်လာအောင် တရားမျှတ သင့်မြတ်လျှော်ကန်တဲ့ တန်းတူညီမျှ ခွင့်ကို ပေးရဲရပါမယ်။

ငါတို့ရဲ့ မြေပထ၀ီဟာ ဘယ်က ဘယ်အတိ ကျယ်ဝန်းတယ်၊ ရှိတယ် ဆိုတာ လူထုက သိနေမှ လူထုကိုယ် တိုင်က ကိုယ့်မြေကို ကိုယ်ကာကွယ်နိုင်မှာ ဖြစ်သလို-၊ မသမာတဲ့ အစိုးရအာဏာပိုင်များက မြေကိုဖဲ့ရောင်းမယ် ဆိုရင်လည်း လူထုက အစိုးရကို ကန့်ကွက်ဆန္ဒပြမှုများ ပြုလုပ်နိုင်ပါတယ်။ (အခုတော့ မြန်မာပြည်မြေပုံ ဆိုတာ လောက် လူထုကို ဆွဲပြသင်ကြားနေပြီး- လူထုကိုယ်တိုင် နယ်ခြားစည်းက ဘယ်မှာ ဆိုတာ တိတိကျကျ မသိ တဲ့ ဘ၀မျိုးပါ။ ဟိုနေ့ ထိုင်းနဲ့ ပြသနာတက်လိုက်၊ ဒီနေ့ ဘင်္ဂလားနဲ့ ပြသနာတက်လိုက်- ထအော်လိုက် အခြေ အနေမျိုးသာ ရှိနေပါတယ်။ အင်အားကြီးတဲ့ တရုတ် နဲ့ အိန္ဒိယကို ဖဲ့ပေးလိုက်ရတဲ့ မြေတွေတော့ လူမသိ ရှင်မကြား ဖြစ်နေရပါတယ်။) ဒီအခြေအနေဟာ လွတ်လပ်ရေး ရပြီးကတည်းကပါ- အခုအချိန်ထိ လူထုက မျက် မမြင်ဆင်စမ်း ဘ၀နဲ့ ပထ၀ီနိုင်ငံရေးကို သံယောင်လိုက်နေရတဲ့ အဆင့်ပါ။

အခြေအနေ အဆိုးဆုံးက ပထ၀ီကို ကာကွယ်ဘို့- မျက်ကန်းအမျိုးသားရေးဝါဒကို ရိုက်သွင်းလိုက်ခြင်းပါပဲ။ နိုင်ငံ တစ်နိုင်ငံမှာ လူထု ဆိုတာ ရွှေရည် ငွေရည် စိမ်ခံရတဲ့ သတ္တုအဆင့်မျှသာ ဖြစ်ပါတယ်။ ခေါင်းဆောင်တွေက ရွှေရည်စိမ်ပေးနိုင်ရင် လူထုက ရွှေဖြစ်လာတယ်။ ခေါင်းဆောင်တွေက ငွေရည်စိမ်ပေးနိုင်ရင် လူထုက ငွေဖြစ် လာတယ်- ဆိုတဲ့ သီအိုရီ ချည်းပါပဲ။ အမျိုးသားရေး ဆိုတာ နိုင်ငံသားတိုင်းမှာ ရှိသင့်တဲ့ စိတ်ဓါတ်ပါ။ သို့သော် မြန်မာ့ခေါင်းဆောင်တွေဟာ ဉာဏ်ပညာ ဗဟုသုတမှာ အင်မတန်နောက်ကျနေပြီး- မိမိကိုယ်တိုင်က ရွှေအတု ငွေအတုတွေ ဖြစ်နေကာ- လူထုကို ရွှေအတု အရည်စိမ်ပေးနေကြတယ်- ငွေအတု အရည်စိမ်ပေးနေကြတယ် လို့ ပြောရတော့မှာပါ။
ခေါင်းဆောင်ဆိုသူတွေရဲ့ အဓိပ္ပါယ်ဖွင့်ဆိုမှု အမျိုးသားရေးဝါဒ ဆိုတာက နိုင်ငံအတွင်း ရှိသမျှ လူသား အားလုံး ကို ထေရ၀ါဒ ဗုဒ္ဓဘာသာ ပုံစံခွက်ထဲမှာထည့်ပြီး ဗမာမှုပြုခြင်း လို့ ခိုင်ခိုင်မာမာ နှလုံးပိုက်ထားခြင်းပါ။ ဒီကြားထဲ မိမိပုံသေနည်းကို တရားသေလက်ကိုင်ထားပြီး အခြား ဘယ်ဗဟုသုတကိုမှ သူတို့ရဲ့ ဦးနှောက်များ နှလုံးသား များ လက်ခံစဉ်းစားပေးနိုင်ခြင်း မရှိတဲ့ တတ်ယောင်ကား အစွဲကလည်း ကြီးမားနေပြန်ပါတယ်။

ရွှေအတု အရည်စိမ်ခံရတဲ့ လူထု၊ ငွေအတု အစိမ်ခံရတဲ့ လူထုမှာ မိမိကို စိမ်လိုက်တာ ရွှေအတုမှန်းမသိ၊ ငွေ အတုမှန်း မသိဘဲလျှက်- မိမိသည် ရွှေဖြစ်ပြီ၊ မိမိသည် ငွေ ဖြစ်ပြီလို့ ခံယူသွားမှာ သေချာပါတယ်။ ခံယူချက်က နှစ်ကာလကြာလာရင် အစွဲ ဖြစ်လာပါတော့တယ်။ ဒါတွေကို ရိုးရိုးသားသား ပါးပါးနပ်နပ် မဖြေရှင်းဘဲ- မိမိရဲ့ အမှားကို ခေါင်းဆောင်တွေကိုယ်တိုင်က မပြုပြင်ဘဲ- ဟိတ်ကြီးဟန်ကြီးလုပ်ကာ ငါ မှန်တယ်ဟေ့လို့ ဆက် လက် ကြွေးကြော်နေရင်- တိုင်းပြည်ရဲ့ အနာဂါတ်ဟာ စဉ်းစားလို့ ရဲလောက်တဲ့ အဆင့်မှာ မရှိတော့ပါ။

ဗုဒ္ဓဘာသာ ပုံစံခွက်ထဲမှာ ဗမာမှုပြုခြင်း- ဆိုတာဟာ ကြိုးချည်ရိုက် ပုံသွင်းခြင်းဖြစ်နေပါတယ်။ လူသားသဘာဝ လွတ်လပ်မှုကို ကြိုက်တယ်။ လွတ်လပ်မှုအတွက် လူသားဟာ အမြဲရုန်းကန်လှုပ်ရှားနေတယ်။ လုံးဝ မလွတ် လပ်သည့်တိုင် ကြပ်တည်းကျဉ်းမြောင်းထုထောင်းခံရတဲ့ ဘ၀က ကျယ်ဝန်း သက်သာ အထုအထောင်းမခံရတဲ့ ဘ၀ကို လိုချင်တယ်။ အဲ့ဒီ အတွက် လူတိုင်းဟာ နည်းမျိုးစုံနဲ့ ကြိုးစားနေကြတယ် ဆိုတဲ့ အချက်ကို မေ့မထား ဘို့ လိုပါမယ်။

ဗုဒ္ဓဘာသာ ပုံစံခွက်ချင်း တူညီနေရင်တောင်- ဗမာမှု ပြုခြင်းကို မခံမရပ်နိုင်တဲ့ ရခိုင်၊ မွန်၊ ရှမ်း လို လူသားတွေ လည်း မြန်မာ့ပထ၀ီမြေထဲမှာ အင်နဲ့အားနဲ့ တည်ရှိနေပါတယ်။ ဗမာမှုပြုခံချင်သော်လည်း ဗုဒ္ဓဘာသာ ပုံစံခွက်ထဲ ကို မ၀င်ချင်သူများကလည်း အင်နဲ့အားနဲ့ ရှိနေပါတယ်။ ဗုဒ္ဓဘာသာ ပုံစံခွက်တည်းကိုလည်း မ၀င်လို ဗမာမှု လည်း အပြုမခံနိုင်တဲ့ လူသားထုကြီးကလည်း မြန်မာပြည်ထဲမှာ အင်နဲ့အားနဲ့ ရှိနေပါတယ်။ အဲ့ဒီ အင်အားစု တစ်ရပ်စီအတွက် သွေးခွဲအုပ်ချုပ်ရေး စနစ်က ဘယ်အထိ ရပ်တည်နိုင်မလဲ။ သူတို့အားလုံးက သူတို့ကို သွေးခွဲ အုပ်ချုပ်ရေးနဲ့ ထိန်းချုပ်ထားကြောင်း အသိတရားများ- သတိတရားများ ရှိလာနေပါပြီ။ တနည်းအားဖြင့် ဗမာ ဆိုရင် ငြီးငွေ့နေတဲ့ လူထုကြီးက မြန်မာ့ပထ၀ီ ဧရိယာထဲမှာ ထက်ဝက်လောက် ရှိနေပါပြီ။

ရိုဟင်ဂျာများကို အသံထုတ် မထောက်ခံသော်လည်း ရိုဟင်ဂျာများအပေါ် မတရားပြုကျင့်နေတယ် ဆိုတဲ့ အချက်ကို ကချင်၊ ကရင်၊ ၀၊ ရှမ်း၊ မွန် တို့က တစ်ချိန်မှာ ငါတို့ကိုလည်း ဒီအတိုင်း ပြုကျင့်မှာပဲလို့ သင်ခန်းစာ ယူနေပါတယ်။- အလားတူ ခရစ်ယာန် ဘာသာဝင်များတဲ့ အုပ်စုတွေကလည်း မျက်ခြေမပြတ် စောင့်ကြည့်နေပါ တယ်။ ဒီလောက် မတရားမှုနဲ့ အကြံပက်စက်နေသူတို့အား ဘယ်သူတွေက အယုံအကြည် ရှိလေမလဲ-၊ ဆိုတာ တော့ ယေဘုယျ နားလည်ထားဘို့ လိုပါမယ်။

ဒီကြားထဲမှာ ပူပူနွေးနွေး ကရိုင်းမီးယား သီရိုရီ တစ်ခုက ထပ်ဆင့် ဖြစ်တည်လာပါတယ်။ ဒါဟာ မြန်မာပြည် အတွက် သင်ခန်းစာ မဖြစ်မနေယူရမယ့် ကိစ္စပါ။ ယူကရိန်းမှာ ဥရောပ လိုလားတဲ့ အုပ်စုက အာဏာကို သိမ်း လိုက်နိုင်ပေမယ့်-၊ အာဏာရသွားတဲ့ အုပ်စုက ယူကရိန်းအမျိုးသားရေးဝါဒနဲ့ ရောယှက်ပြီး- ရုရှားဘာသာစကား ပြော လူထုအပေါ် ခွဲခြား ဆက်ဆံလိုက်တဲ့ ကိစ္စပါ။ ဒါကို အကြောင်းပြပြီး ရုရှားက သူလူမျိုးနွယ်ကို ကာကွယ် ဘို့ ကြားဝင်စွက်ဖက်လိုက်ပါတော့တယ်။

ယူအင်မှာ အကြိတ်အနယ် ဖြစ်တော့ ရုရှားဘက်က- လူတစ်မျိုးဟာ ဘာသာစကား ကွဲပြားယုံမျှနဲ့ ခွဲခြားခံရမယ်၊ ချောင်ထိုးခံရမယ်၊ ဖိနှိပ်ခံရမယ် ဆိုတာ လူ့အခွင့်အရေး မဟုတ်ဘူး၊ ဒီမိုကရေစီ မဟုတ်ဘူး- ဒါကို ကျွန်တော်တို့ ကာကွယ်တာ တရားမျှတမှု ရှိတယ်လို့ တုန့်ပြန်ခဲ့ပါတယ်။ သူတို့ဘက်က တင်ပြမှု ယုတ္တိရှိနေတာ့ ဘယ်သူကမှ ကျယ်ကျယ်လောင်လောင် မကန့်ကွက်တော့ပါ။- ကျန်ခဲ့တဲ့ ယူကရိန်း စိတ်ပြေယုံမျှပဲ ဥရောပနဲ့ ယူအက်စ်က ဆိုင်းဝိုင်းတီးပေးခဲ့ရပါတော့တယ်။

မြန်မာပြည်မှာလည်း ဘာသာအယူ မတူယုံမျှနဲ့၊ ဘာသာစကားပြော ကွဲပြားယုံမျှနဲ့ လူမျိုးနွယ် တစ်စုကို အသိ အမှတ်မပြု ဖိနှိပ် ညှင်းပန်းနေမယ် ဆိုရင်- ဘင်္ဂလားက အကြောင်းပြချက်ရလာမယ်၊ ယိုးဒယားက အကြောင်းပြ ချက်ရလာမယ်၊ အိန္ဒိယက အကြောင်းပြချက်ရလာမယ်၊ တရုတ်က အကြောင်းပြချက် ရလာမယ်- ဆိုတာ ပြေး မလွတ်ပါ။

အကယ်၍ ကချင်နဲ့ ၀ တို့ကသာ ကျုပ်တို့ ဗမာနဲ့ အတူမနေနိုင်ဘူး-လို့ တရုတ်ကို ညှိလိုက်ရင် တရုတ်က သူ့မျိုး နွယ်ဆိုပြီး ၀င်ရောက်စွက်ဖက်တော့မှာပါ။ အလားတူ ဇူမီး (ချင်း)တို့ကို ပစ်ပါယ်ထားရင် ခွဲခြားဆက်ဆံနေရင်၊ လူရာ မသွင်းရင်- အိန္ဒိယ အတွက် အကြောင်းပြချက် ဖြစ်သွားမှာ သေချာပါတယ်။ ရှမ်း၊ ကရင်တို့ကလည်း ဗမာ နဲ့ အတူနေမယ့် အတူ- ယိုးဒယားနဲ့ ပေါင်းလိုက်မယ် စိတ်ကူးမိတာနဲ့ ယိုးဒယားက ၀င်စွက်တော့မှာပဲ။ ရိုဟင်ဂျာ ကိစ္စတောင် ဘင်္ဂလားက စကားဟနေပါပြီ။ ဒီနေရာမှာ ယိုးဒယားနဲ့ ဘင်္ဂလားကို စစ်ရေးအရ အထင်သေး အမြင် သေး လျှော့တွက်မိရင်- ဒီခေတ်က အလောင်းဘုရားအုပ်ချုပ်တဲ့ ခေတ်မဟုတ်တော့ဘူး ဆိုတာလောက်ပဲ မြန်မာ့ခေါင်းဆောင်တွေ တွေးမိဘို့ လိုပါမယ်။ ဘင်္ဂလားနဲ့ ယိုးဒယား ဆိုတာ ရှေ့က အပြ သရုပ်ဆောင်ရတဲ့ နိုင်ငံတွေ ဖြစ်နေပြီး နောက်ကွယ်မှာ မဟာ အင်အားတွေ ရှိနေပါတယ်။

ယိုးဒယား၊ ဘင်္ဂလား နောက်က မဟာအင်အားတွေကို ခုခံဘို့ တရုတ်ကြီးကို ပြေးကပ်မိရင် တရုတ်က ကချင် နဲ့ ၀ လောက်သာ မဟုတ် မြန်မာပြည် တစ်ဝက်ကို တိဘက်ဇတ် သွင်းလိုက်မှာ သေချာသလို-၊ ယိုးဒယား၊ ဘင်္ဂလား နောက်ကွယ်ကလည်း အောက်ဗမာပြည်ကို စားပစ်လိုက်မှာ သေချာနေတယ်။ နောက်ဆုံး ယူကရိန်း လို ဝေစားမျှစားပေါ့။ ဗမာတွေဘက်က ကျူးကျော်သူ လို့ ငယ်သံပါအောင် အော်ရင်လည်း နောက်ကျခဲ့ရတော့ မယ့် အဖြစ်ပါ။

အချိန်တွေ နောက်မကျဘို့ လက်မတင်လေးမှာ ရှိနေပါတယ်။ ဒါကို မြန်မာ့နိုင်ငံရေးသမားများ၊ မြန်မာ့အာဏာ ပိုင်များ လိမ်မာပါးနပ်ဘို့ လိုပါမယ်။ တိုင်းပြည်တွင်းက လူသားအားလုံး တရားသဖြင့် စိတ်ကြေနပ် စိတ်ချမ်းသာ အောင် ဆောင်ကြဉ်းနိုင်ဘို့ လိုပါမယ်။ မတရားတဲ့ မျက်ကန်း အမျိုးသားရေးဝါဒီ ရာဇ၀တ်ကောင်များကို အလို လိုက်မနေဘဲ အမြစ်ပြုတ် အပစ်ပေးပစ်ဘို့ လိုပါမယ်။

တိုင်းပြည်ကို တစ်ကယ်ချစ်ရင် ရိုးသား ဖြူစင်ဘို့ လိုပါပြီ။

မုဟမ္မဒ်တွာဟေရ် (ဌေးလွင်ဦး)
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ
Civil Rights Movement

ဌေးလွင်ဦး
RB News
19.3.2014

ယဉ်ကျေးမှု မဖွံ့ဖြိုးမှီ ခေတ်ကာလများဆီက- သမိုင်းကို နိုင်သူရေးခဲ့ကြပါတယ်။ အင်အားကြီးတဲ့ အုပ်စုက အင်အားငယ်တဲ့ အုပ်စုကို မျိုးပြုတ်ရှင်းထုတ်လိုက်ပြီး- အရှင်းခံလိုက်ရတဲ့ အုပ်စုဟာ မကောင်းလို့- ဆိုးသွမ်းလို့ လူ့ပတ်ဝန်းကျင်အတွက် ဒုစရိုက်မှုတွေနဲ့ ထကြွသောင်းကျန်းနေလို့- ရှင်းလိုက်ရတာပါ ဆိုတဲ့ အကြောင်းပြချက် တွေနဲ့ နိုင်သူတွေဘက်က ကြိုက်သလို ပုံကြီးချဲ့ ရေးသားနိုင်ပြီး- မျိုးပြုတ်ရှင်းခံလိုက်ရတဲ့ အုပ်စုမှာတော့- မျိုးပြုတ်သွားပြီ ဖြစ်တဲ့ အတွက် နိုင်သူများဘက်က တစ်ဘက်သတ်ရေးသား မှတ်တမ်းတင်နေခြင်းများ အတွက် ခုခံချေပ တင်ပြနိုင်ခွင့်များ မရရှိခဲ့တော့ပါ-။ အဲ့ဒီ အခါ မျိုးပြုတ်ရှင်းခံလိုက်ရ ယုံမျှမက ကမ္ဘာ့ဇတ်ခုံမှာ တရားခံ တွေလည်း ဖြစ်ခဲ့ရပါတော့တယ်။

ယဉ်ကျေးမှုတွေ မြင့်မားလာတဲ့ ခေတ်ကာလမှာ လူတွေဟာ ဂုဏ်သိက္ခာတွေကို ပိုမို တန်ဘိုးထားတတ်လာပါ တယ်။ ယဉ်ကျေးလာလေ ဂုဏ်သိက္ခာက အရေးကြီးလေ ဖြစ်လာပါတယ်။ အဲ့ဒီလို ခေတ်ကာလမျိုးမှာ အမှား တစ်ခုကို ကျူးလွန်ဘို့ရာ ယဉ်ကျေးသူတိုင်းက ဆင်ခြင်လာပါတော့တယ်။ လူတွေကိုရဲ့ ယဉ်ကျေးမှုနဲ့ ဂုဏ်သိက္ခာကို ထပ်မံပံ့ပိုးပေးတဲ့ အခြား အကြောင်းရင်း တစ်ခုက ဆိတ်ကွယ်ရာများ မှေးမှိန်လာခြင်းတို့ ဖြစ်ပါတယ်။

လုပ်ရပ်တစ်ခုကို သိနေနိုင်တဲ့ မျက်လုံး များလေလေ ဆိတ်ကွယ်ရာ ဆိုတာ ပျောက်လေလေ ဖြစ်တတ်ပြီး- အဲ့ဒီ လိုခေတ်ကာလမျိုးမှာ မတော်မတရားတဲ့နည်းနဲ့ ကြီးနိုင်ငယ်ညှင်းလုပ်နိုင်ခြင်းက ခတ္တခဏသာ ဖြစ်ပေါ်နိုင်ပြီး အဆိုပါ ကြီးနိုင်ငယ်ညှင်း အမှုကို ကျူးလွန်သူများဟာ သားစဉ်မြေးဆက် ဂုဏ်သိက္ခာပျက်ပျယ် ဘ၀တုံးသွားရ ပါတော့တယ်။

မြန်မာနိုင်ငံအနေနဲ့ အနီးစပ်ဆုံး ဥပမာများကို ဆင်ခြင်သော်- လွတ်လပ်ရေးဖခင်ကြီးများအား လုပ်ကြံခဲ့သော သူများ-၊ တိုင်းပြည်ကို လွဲမှားသော စနစ်တစ်ခုဖြင့် ဦးဆောင်ခဲ့သော သူများရဲ့ ဂုဏ်သိက္ခာ နိဂုံးများနဲ့ သားစဉ် မြေးဆက်ဘ၀များကို ပြန်ကြည့်ပါ-၊ အဆိုပါ တရားခံများမှာ တစ်သီးပုဂ္ဂတိုင်းပြည် ချစ်ခဲ့မှု၊ တိုင်းပြည်အတွက် အကောင်းဘက်မှ လုပ်ဆောင်ခဲ့မှုများ ရှိခဲ့သော်လည်း- လွဲမှားမှု တစ်ခုအတွက် လုပ်ခဲ့သမျှ အကောင်းတွေကို ဖျက်ပယ်ပြီး ဖြစ်သလို သားစဉ်မြေးဆက်ရဲ့ ဘ၀များကိုပါ အဆုံးသတ်စီရင်ခဲ့သူများသာ ဖြစ်ပါတော့တယ်။- အဆိုပါ အမှုကျူးလွန်ခဲ့သူများရဲ့ သားစဉ်မြေးဆက်ဟာ ဒီနေ့ ဒီအချိန်မှာ ပါရဂူကြီးတွေ၊ သူဌေးကြီးတွေ ဖြစ်နေ နိုင်ပါတယ်- သို့သော် ကျွန်တော်/ကျွန်မက ဘယ်သူ့သား/သမီးပါ-။ ဘယ်သူရဲ့ မြေးပါ- လို့ ဖွင့်ဟ ၀န်ခံရဲခြင်း မရှိတော့သလို-၊ လူထုက သူတို့မျိုးရိုးကို သိလိုက်တာနဲ့ အော့နှလုံးနာသွားရပါတော့တယ်။

တစ်ကယ်တော့ သားစဉ်မြေးဆက်မှာ အပြစ်မရှိပါ။ သူတို့တွေလည်း အဲ့ဒီမိဘက မွေးလာတဲ့ ကလေးများ ဖြစ်ချင်မှာ မဟုတ်ပါ။ လူရယ်လို့ မဖြစ်တည်မှီ- ဘယ်မိဘဆီမှာ အမွေးခံမယ်လို့ ဆုံးဖြတ်ခွင့်ရခဲ့ရင် သူတို့ကိုယ် တိုင် အဲ့ဒီလို မိဘများကို မိဘ အဖြစ် ရွေးချယ်ခဲ့မှာ မဟုတ်ပါ။ သို့သော်---၊ အပြစ်မရှိပေမယ့် အပြစ်ရှိသူတစ်ဦး ရဲ့ ပရောဂက- သူ့သားစဉ်မျိုးဆက်ကို အမည်းစက်ထင်ခဲ့ရပါပြီ။

ကမ္ဘာ့မျက်လုံး အောက်ကို ရောက်နေတဲ့ ကာလ ၂၁ ရာစု မြန်မာနိုင်ငံမှာ နောက်ထပ် အမည်းစက် တစ်ခုကို မျက်လုံးစုံမှိတ် ကျူးလွန်နေသူများမှာ ရိုဟင်ဂျာ လူမျိုးနွယ်သမိုင်းကို အကြောက်အကန် ငြင်းဆန်နေသူများသာ ဖြစ်ပါတယ်။ သမိုင်းတစ်ခုကို မသိလို့ သို့မဟုတ် မလေ့လာရသေးလို့ ငြင်းတယ်ပဲ ထားပါ-၊ ဒီလူမျိုးစုကို ဥပဒေအရ တရားမျှတစွာ ဆုံးဖြတ်ဘို့သာ ငြင်းခုံသင့်ပါတယ်။ ဆွေးနွေးရမှာ ဖြစ်ပါတယ်။ အဲ့ဒီ လူမျိုးစုကို မျိုးတုံး ရှင်းထုတ်ဘို့-၊ အနိုင်ကျင့်ဘို့-၊ လူယက်မီးရှို့ဘို့၊ ငွေညှစ် ဓပြတိုက်ဘို့၊ သိမ်ငယ်ထွက်ပြေးသွားအောင် လုပ်ဘို့ ဗြောင်ငြင်းနေခြင်းများက- လူသားမျိုးနွယ်တစ်ခုအပေါ် ကြီးမားတဲ့ ရာဇ၀တ်မှုကို တရားဝင်ပြုလုပ်ခွင့် ရစေဘို့ ငြင်းဆန်နေခြင်းသာ ဖြစ်ပါတယ်။

ခုခေတ်ခုအခါမှာ ကြက်အရိုးတစ်ချောင်းကို တူးဖေါ်ရရှိပြီး- အဲ့ဒီ ကြက်အရိုးကို ကြည့်ကာ ဒီကြက်မျိုးရိုးဟာ အာရှပစ္စပိတ်ကျွန်းဒေသများက ကြက်မျိုးရိုးဖြစ်သလား-၊ ဥရောပတိုက်က ကြက်မျိုးရိုး ဖြစ်သလား- DNA စစ်-စုံ စမ်းလျှက်- အကယ်၍ အာရှပစ္စပိတ်က ကြက်မျိုးရိုး ဖြစ်ခဲ့ရင် ဒီကြက်ကို ယူလာသူများက အာရှပစ္စပိတ်ဒေသ သားများ ဖြစ်မယ်- ဒါကြောင့် အမေရိကတိုက်ကို ပထမ တွေ့ရှိ ဆိုက်ရောက်ခဲ့သူများက အာရှပစ္စပိတ်ဒေသ သားများ ဖြစ်မယ်- လို့ စုံစမ်းဖေါ်ထုတ်နေတဲ့ ခေတ်ကာလ ဖြစ်ပါတယ်။ Old Chicken Bones May Tell the True Story of Who Discovered the Americas (၂၀၁၄ မတ်လ ၁၈ ရက် yahoo ဆောင်းပါးကို ဖတ်ကြည့်ပါ။)

ဒီလို ခေတ်ကလမျိုးမှာ ရိုဟင်ဂျာတို့ရဲ့ လူ့သမိုင်းကို ဗြောင်ငြင်းလို့ မရတော့သလို- အရက္ခဒေသရဲ့ ဒေသ သမိုင်းကိုလည်း ဗြောင်ငြင်းလို့ မဖြစ်နိုင်တော့ပါ။ အရပ်ဒေသ တစ်ခုမှာ လူတစ်စုက အင်အားကောင်းခိုက် အာဏာသုံး ဗြောင်ငြင်းမယ်၊ သမိုင်းအတုတွေကို ဆက်လက်ရေးသားမယ် ဆိုရင်လည်း ပင့်ကူအိမ် သဘောမျှ သာ ဖြစ်ပါတော့တယ်။ ကမ္ဘာသူ ကမ္ဘာသားတွေ မျက်လုံးပွင့်သွားတဲ့ ခေတ်ကာလမှာ ကမ္ဘာ့မျက်လုံးကို ကန်း အောင်လုပ်ဘို့ မဖြစ်နိုင်တော့ပါ။

ဒီနေ့ ရခိုင်လို့ ခေါ်နေတဲ့ အရပ်ဒေသရဲ့ သမိုင်းကို ရခိုင်လို့ ခေါ်တွင်နေသူများကိုယ်တိုင် ရေးသားထားတဲ့ အတိုင်း သူတို့လက်ရာ သမိုင်းများကို ပြန်ကြည့်ပါ။ (အလွယ်တစ်ကူ Google မှာ ဖတ်နိုင်ပါတယ်။) ရခိုင်တို့ဟာ အာရီယာန်မျိုးနွယ်များ ဖြစ်တယ်၊ နီဂရစ်တို မျိုးနွယ်များ ဖြစ်တယ် ဆိုတာ တွေ့ရပါလိမ့်မယ်။ မိမိကိုယ် မိမိ ရခိုင် အဖြစ်ခံယူပြီး အဲ့လို ရေးနေသူများ ကိုယ်တိုင်က မွန်ဂိုနွက် မျိုးနွယ်က လူသားများ ဖြစ်နေကာ-၊ အာရိယန် မျိုးနွယ်၊ နီဂရစ်တို မျိုးနွယ် (သို့မဟုတ် အာရီယန် နီဂရစ်တို -ကပြား)များ ဖြစ်တဲ့ ရိုဟင်ဂျာတို့ကို ရခိုင် မဟုတ်ဘူး- အရက္ခဒေသရဲ့ မူလဘူတ လူမျိုးမဟုတ်ဘူးလို့ စွပ်စွဲနေခြင်းများကို အံ့သြစွာတွေ့မြင်ရပါလိမ့်မယ်။

အရက္ခဒေသ ရဲ့ ရှေးအကျဆုံး ကျောက်စာများမှာ ဒီနေ့ရိုဟင်ဂျာ စကားများနဲ့သာ တူနေပါလျှက် အဲ့ဒါက သက္ကတစာပေက ဖြစ်တယ် ရှေးဟောင်း ရခိုင်တွေလည်း ဒီစကားကို ပြောခဲ့ပါတယ်လို့ ဗြောင်ငြင်းလိုမှုကလည်း ကိုယ့် အငြင်းနဲ့ကိုယ်ပတ်လျှက်- ရခိုင်ရယ်လို့ ကြွေးကြော်နေသူများကိုယ်တိုင် ရိုဟင်ဂျာတို့ရဲ့ သားစဉ်မြေးဆက် များ ဖြစ်နေတယ်လို့ ၀န်ခံရာကို ရောက်နေပြန်ပါတယ်။ (ရခိုင်ထဲမှာ ရှိတဲ့ ကုလားရုပ်ထွက်သူ မွန်ဂိုနွက် + အာရိယန်+ နီဂရစ်တို ကပြားများကို ဆိုလိုတာပါ။) မွန်ဂိုနွက် အစစ်များကတော့ ဘယ်လို ပုံသွင်းပုံသွင်း မူလရခိုင် မျိုးနွယ်က လုံးဝ မဖြစ်နိုင်ပါ။ ကျူးကျော်ဝင်ရောက်လာတဲ့ ရှေးဦးမြန်မာမျိုးနွယ်ကသာ ဖြစ်ပြီး သူတို့ ကိုယ် သူတို့ ရခိုင်မှု ပြုလိုက်သာ ဖြစ်ပါတော့တယ်။

ဒီနေ့အခါမှာ ရိုဟင်ဂျာတို့ အပေါ် မတရား ဆက်ဆံမှုများ၊ သတ်ဖြတ်မှုများ၊ မီးရှို့လုယက် အနိုင်ကျင့်မှုများက ကျူးလွန်ခဲ့ပြီးပါပြီ။ ဘွာခတ်လို့လည်း မရနိုင်တော့ပါ။ အဲ့ဒီလို ကျူးလွန်ဘို့ရာ တွန်းအားပေးခဲ့ခြင်းမှာ ရိုဟင်ဂျာ သမိုင်းကိုဖျောက် ရခိုင်သမိုင်းလိမ်ဇတ်လမ်းဟာ အဓိက နေရာက ပါဝင်ခဲ့ပါတယ်။ ဒီအမှုကို ကျူးလွန်ခဲ့သူများ ဟာ ဒီခေတ်ဒီအခါမှာ ရှောင်ပြေးလို့ မရတော့တဲ့ တရားခံများ ဖြစ်ပါတယ်။ သမိုင်းရေးရင်း သမိုင်းတရားခံ ဖြစ်သွားသူများလို့ ဆိုနိုင်ပါတယ်။ သမိုင်းကို နိုင်သူရေးလို့ရတယ် ဆိုတဲ့ ခေတ်နောက်ကျသော- မယဉ်ကျေး သော- သိက္ခာမဲ့သော ခေတ်တွေ ကုန်ဆုံးသွားခဲ့ပြီ ဆိုခြင်းဟာ အဆိုပါ သမိုင်းပညာရှင်ခံယူများ ကိုယ်တိုင် မသိလိုက်လေသလား မပြောတတ်ပါ။

သေချာတဲ့ အချက်က အဆိုပါ သမိုင်းပညာရှင်ဆိုသူများဟာ တရားခံများ ဖြစ်သွားခဲ့လေပြီ။ သူ့သား၊ သူ့မြေး တို့က - နောင်တစ်ချိန်မှာ ကျွန်တော်/ကျွန်မဟာ ဘယ်သူ့ သား/သမီးပါ။ ဘယ်သူ့မြေးပါ လို့ ဂုဏ်ယူဝံ့ကြွား ပြောဆိုနိုင်ခြင်းများ ဆိတ်သုဉ်းသွားခဲ့လေပြီ။

သူတစ်ပါးအား မျိုးတုံးသတ်ဘို့ အားထုတ်ရင်း မိမိရဲ့ သားစဉ်မြေးဆက်ကို မျိုးတုံးသတ်ခဲ့လေပြီ တကား--။


မုဟမ္မဒ်တွာဟေရ် (ဌေးလွင်ဦး)
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ
Civil Rights Movement



ဌေးလွင်ဦး
RB News
14.2.2014

မောင်ရင်လေးကဗုဒ္ဓဘာသာဝင် မဟုတ် ပေမယ့်- ဗုဒ္ဓ ဘာသာရဲ့ သိက္ခာကို တစ်ချိန်မှာ အဖတ် ဆယ် ပေးရ လိမ့်မယ်- လို့ ရွှေကျင် ဆရာတော်က ကျွန်တော့ကို ပြောခဲ့တဲ့ စကား တစ်ခွန်း နားထဲမှာ ပဲ့ တင် ရိုက်နေ ဆဲပါ။ ၂၀၀၆ ခု တောင်ဥက္ကလာပ ၁၆ ရပ်ကွက်က ကျွန်တော့ တပည့်လေး တစ်ယောက် အိမ်ကို ဆ ရာတော် ကြွလာခိုက် ကြုံဆုံ စကား ပြောရင်း- ဆရာတော်ကို ဖူးမျှော်ဘို့ ရောက်လာတဲ့ ဒကာ၊ ဒကာ မတွေ ရှေ့မှောက်မှာ ကျွန်တော့ကို ပြောခဲ့ဘူး ပါတယ်။

ကျွန်တော် အခုရေးတဲ့ ဆောင်းပါးရဲ့ ခေါင်းစဉ်က ဗုဒ္ဓ ဘာသာလည်း ပျက်ခဲ့ရပြီ- လို့ ပေးထား ပေမယ့်-၊ ဗုဒ္ဓ ဘာသာ သာသနာ တစ်ရပ်လုံး ပျက်စီး ဆုံးရှုံး သွားလေ ပြီလို့ မဆိုလိုပါ။ မြန်မာ၊ သိရိလင်္ကာနဲ့ အချို့သော တိုင်း ပြည်တွေက- အချို့သော သင်္ကန်းဝတ် လူသတ်ဂိုဏ်း များကြောင့် ဗုဒ္ဓဘာသာရဲ့ ဂုဏ်သိက္ခာ ကမ္ဘာမှာ ပျက်စီးရ ပြီလို့သာ ဆိုလို ပါတယ်။

ကျွန်တော် ကိုယ်တိုင် ဗုဒ္ဓကို သက်ဝင် ယုံကြည်သူ တစ်ဦး မဟုတ် ပေမယ့်-၊ ငယ်စဉ် ကပင် ဗုဒ္ဓဘာသာ ၀န်းကျင် ကြီးမှာ ကြီးပြင်း ခဲ့ရပြီး-၊ အစ္စလာမ့် ၀တ်ကျောင်းတော် ဗလီ ဆိုတာကို မသိ၊ မရောက်ဘူးမှီ အ လျှင် နှစ်ပေါင်းများ စွာကတည်းက ဘုန်းကြီးကျောင်း များမှာ အကျွမ်း တ၀င် နေထိုင် ခဲ့သူ တစ်ဦး ဖြစ် ပါ တယ်။ ကျွန်တော့ကို ပြုစု စောင့်ရှောက် ဆုံးမ သွန်သင် ခဲ့တဲ့ ဆရာတော်ကြီး များရဲ့ ကျေးဇူး တရား ကို လည်းဘယ်သောအခါမှမမေ့ခဲ့ပါ။မြန်မာ့ဒီမိုကရေစီတော်လှန်ရေးမှာပါဝင် ပတ်သက် ခဲ့စဉ် တစ်လျှောက်လုံး မှာလည်းလုပ်ဖေါ် ကိုင်ဘက် ရဟန်း ပျိုများ ရောက်ရာ အရပ်မှာ တည်းခို နေထိုင် ခဲ့ရတဲ့ ဘုန်းကြီး ကျောင်း များ များစွာ ရှိခဲ့ ပါတယ်။ တွေ့ကြုံ ခဲ့ရတဲ့ ရဟန်း သံဃာတွေ ထဲမှာ မိမိ ဘာသာမှ အပ အခြား ဘာသာ တရား အကြောင်း မလေ့လာ ဘူးတဲ့ ကိုယ်တော်များ လည်း များစွာ ကြုံဘူး ပါတယ်။-- 

သို့သော် ထို ရဟန်း သံဃာ များရဲ့ သဘာဝမှာ ကိုယ်က သူသိတဲ့ တရားနဲ့ သူ သိမ်မွေ့ နေသူ များ သာ ဖြစ်ပြီး- အခြား ဘာသာ တစ်ခုကို အတင်း အဖျင်း ပြောခြင်း မနာလို ၀န်မှုစိတ် ထားခြင်း အလွန် နည်း ပါး လှပါတယ်။

ကျွန်တော် ရိုဟင်ဂျာ အရေး ကိစ္စကို ဆောင်ရွက် နေခြင်းမှာ ရိုဟင်ဂျာ တို့သည် အစ္စလာမ် သာသနာ ၀င် များ ဖြစ်နေခြင်းကြောင့် ဆိုတဲ့ သာသနာရေး အကြောင်း ပြချက်ကြောင့် မဟုတ်ပါ။ မဟုတ်မမှန် သ မိုင်းဖျောက် လူမျိုး ဖျောက်ရန် ကြံစည်မှု များကို ကာကွယ် ရန်သာ ဖြစ်ပါတယ်။ အကယ်၍ ရိုဟင်ဂျာ များဟာ အစ္စလာမ် သာသနာဝင် မဟုတ်သူများ ဖြစ်ခဲ့ရင်လည်း ကျွန်တော့ အနေနဲ့ နစ်နာ နေရတဲ့ သူတို့ ဘက်က ရပ်တည်မှာ သေချာ ပါတယ်။ ဒီရပ်တည် မှုကြောင့် ကျွန်တော်နဲ့ ရင်းနှီး ဆက်ဆံ နေတဲ့ ရဟန်း သံ ဃာ များကလည်း ကျွန်တော့ အပေါ် ငြိုငြင်ခြင်း တစ်စုံ တစ်ရာ မရှိကြောင်း တွေ့ရပါတယ်။

ကျွန်တော့ရဲ့ တစ်သီး ပုဂ္ဂလ ခံစားမှု အရ- ရောက်ရာ အရပ်မှာ ဘုန်းကြီး ကျောင်းနဲ့ စေတီနဲ့ မြင်တွေ့ ရမှုကို စိတ်ဘ၀င် ကျမိ ပါတယ်။ ဒီထက်ပိုပြီး တိကျအောင် ပြောရရင် စိတ်အေးချမ်း မှုကို ခံစားမိ ပါတယ်။ ဒီလို စိတ်ခံစား မှုမျိုးကြောင့် မိမိက မကိုးကွယ် သည့်တိုင်- ဘယ်နိုင်ငံ ဘယ်နေရာ ရောက်ရောက် ဘုန်း ကြီး ကျောင်း ကန် ရှိစေချင်တဲ့ စေတနာများ ရှိခဲ့ပြီး ထိုင်းနိုင်ငံမှာ နေစဉ်- အမေရိကန်ကို ရောက်စဉ် မှာ လည်း ဘုန်းကြီး ကျောင်းများ ဖြစ်လာစေ ဘို့ အဘက် ဘက်က ကူညီ ဆောင်ရွက် ခဲ့ပါတယ်။ အချို့နေရာ များမှာ ခေါင်းခံ၊ ခေါင်းရင်း- လုပ်ဆောင် ပေးရတာ များလည်း ရှိခဲ့ ပါတယ်။

ကမ္ဘာ့ အဆက် အသွယ်၊ ကမ္ဘာ့ မြို့ပြ ထွန်းကားမှုနဲ့ အဆက် အသွယ် ပြတ်ကျန် ခဲ့တဲ့ ကျွန်တော့ မွေး ရပ် မြန်မာပြည် လေးမှာ ၂၀၁၂ နှစ်ကစ သင်္ကန်းဝတ် လူသတ်ဂိုဏ်း တစ်ခု ဘွားကနဲ ပေါ်ပေါက် လာချိန်မှာ ကျွန်တော် အကြီး အကျယ် စိတ်မကောင်း ဖြစ်ခဲ့ရပြီး-၊ သင်္ကန်းဝတ် လူသတ်ဂိုဏ်းနဲ့ စပ်လျှဉ်းကာ ပြင်းပြင်း ထန်ထန် ဝေဖန်တဲ့ ဆောင်းပါး များကို ကျွန်တော် ရေးဖြစ် ခဲ့ပါတယ်။ ပညာသင် ယူခွင့် အဆက်ပြတ် နေ တဲ့ မြန်မာနိုင်ငံ သားများ အနေနဲ့ မိမိရဲ့ သက်ဆိုင်ရာ ဘာသာ တရား တစ်ခုကို အပြစ်တင် ဝေဖန် တယ် လို့ မြင်ကောင်း မြင်နိုင် ပေမယ့်- ကျွန်တော့ စေတနာ ကျွန်တော် ယုံတဲ့ အတွက် ကျွန်တော် ရေး ရဲ ပြော ရဲ ပြောပါတယ်။ ဒီအတွက် နောင်တ ဆိုတာလည်း ရှိမှာ မဟုတ်ပါ။

ငယ်ငယ်က စာသင်ချိန်မှာ ဆရာတော်ကြီး စကားတစ်ခွန်း ကိုလည်း မမေ့အပ်ပါ။ ဆရာတော် ကြီးက--၊ သံ ဟနီ တီတိ သံဃော-၊ (သံသရာကို ပါယ်သတ် နိုင်သူမှ သံဃာလို့ ခေါ်တယ်)- ဆိုပြီး ဟောကြား ခဲ့ပါတယ်။ အခုတော့ အဲ့ဒီ ဓလေ့၊ အဲ့ဒီ အလေ့ အကျင့်၊ အဲ့ဒီ စရိုက် များနဲ့ လိုက်လျှော ညီထွေ နေတဲ့ သံဃာများ မြန် မာပြည်မှာ တစ်ကယ် ကျန်သေး ရဲ့လား-လို့ သံသယ စိတ်တွေ ၀င်မိ ပါတော့တယ်။ ကျန်နေ သေးတယ် ဆိုရင်လည်း ၀ဇီပိတ် ကျင့်နေရတဲ့ အဖြစ်များလား-လို့ မေးခွန်းတွေ ဆက်မေးစရာ ဖြစ်လာ ပါတော့တယ်။ (ကျန်တော့ ကျန်နေသေး တယ် သို့သော် ပြောဆိုခွင့် မရတဲ့ နေရာများ၊ သို့မဟုတ် လူထုနဲ့ အလှမ်း ဝေး တဲ့ နေရာများပဲ ဖြစ်နိုင် ပါတော့တယ်။)

ပါဏာတိ ပါတကံကို အပြင်း အထန် တားမြစ်ထား ပါတယ်လို့ ကမ္ဘာက နားလည် ထားတဲ့ ဘာသာ တစ်ခု က ဦးဆောင် သာသနာ့ ပုဂ္ဂိုလ် သင်္ကန်းဝတ်တွေ ကိုယ်တိုင် သေနတ် ကြီးကိုင် ဗုံးကြီး ချိတ်ပြီး လူသတ်ဘို့ စစ်သင် တန်းပေးတာ သို့မဟုတ် သင်္ကန်း ၀တ်ကြီးနဲ့ စစ်သင်တန်း ယူနေ တာတော့-၊ မြန်မာ နိုင်ငံမှာ ဗုဒ္ဓ ဘာသာကို သင်္ကန်း ၀တ်တွေ ကိုယ်တိုင် ဖျက်လိုက် ကြပြီလို့ သက်သေ ပြလိုက် ခြင်း သာ ဖြစ် ပါ တော့ တယ်။ 

သင်္ကန်း ၀တ်ကြီးနဲ့ စစ်တိုက်ဘို့ ပြင်ဆင်ခြင်းက ဗုဒ္ဓဘာသာ ချင်းတော့ မဖြစ်နိုင်ပါ။ ဘာသာ မတူသူ တွေ ကို တိုက်ခိုက် သတ်ဖြတ်ဘို့ အတွက် ပြင်ဆင် ခြင်းသာ သေချာ နေပါတယ်။- လူသား ချင်းကြား မေတ္တာ ထား ဘို့၊ ကရု ဏာထားဘို့ ပါးစပ်က ပြောနေသူ များက လက်တွေ့မှာ ငါ့ဘာသာကို မကိုးကွယ်ရင် မျိုး ပြုတ် ရှင်းမယ် ဆိုတဲ့ ပုံဆောင်ချက် ကိုသာ ဟန်ပြနေ ပါတယ်။ 

ဗုဒ္ဓ ဘာသာ မဟုတ်တဲ့ ခရစ်ယာန် ကချင်များ၊ မွတ်ဆလင် များအား မျိုးတုံး သတ်ဖြတ်မှု သို့မဟုတ် တိုင်း ရင်း သား ရှင်းလင်းမှုနဲ့ ကမ္ဘာက စောင့်ကြည့် နေချိန်မှာ သင်္ကန်းဝတ် များရဲ့ မိုက်လုံးကို ဆက် တိုက် ဖေါ်ပြလိုက် လေတော့- အစဉ် အလာ ရှိခဲ့တဲ့ မြန်မာပြည်ရဲ့ ဂုဏ်သိက္ခာကို သင်္ကန်းဝတ်များ၊ မျက် ကန်း အမျိုးသားရေး ၀ါဒီ များက ဂွင်းလုံး ကျွတ်- ချွတ်ပြ လိုက်ပြီလို့ ပြောရ တော့မှာပါ။

လူ့ယဉ်ကျေးမှုနဲ့ သိက္ခာ ရှိတဲ့ မြန်မာ နိုင်ငံသား တိုင်းမှာ- မိမိလူမျိုးနဲ့ မိမိနိုင်ငံရဲ့ ဂုဏ်သိက္ခာ အတွက် လက် ပိုက် ကြည့်မနေ သင့်တော့ပါ။ 


မုဟမ္မဒ် တွာဟေရ် (ဌေးလွင်ဦး)
ဦးဆောင် လှုပ်ရှားမှု တာဝန်ခံ
Civil Rights Movement

ဌေးလွင်ဦး
RB News
7.2.2014

ဥပဒေ ဘောင်ကို ကျော်လွန်တဲ့ ရာဇ၀တ်သား တစ်ဦးဟာ သူ့ကို အရေး မယူ နိုင်မိထိ သူကတော့ လူတွင်ကျယ် လုပ်နေဦး မှာပဲ-၊ သို့သော် တစ်ကယ် လက်တွေ့ အရေးယူ ခံတော့မယ့် အချိန်မှာ ကျွန်တော် မခိုးခဲ့ပါ၊ ကျွန်တော် မ သတ်ခဲ့ပါ၊ ကျွန်တော် ဓားပြမတိုက် ခဲ့ပါ- ဆိုတဲ့ အကြောင်း ပချက် တွေကို သူ့ ဘက် က တတ်နိုင်မျှ ခြေပ တင်ပြမှာ ဖြစ်ပါတယ်။

အလားတူ ပါပဲ--၊ အစိုးရ တစ်ရပ်ကို အရေးယူခြင်း ဆိုတာ လွယ်ကူတဲ့ အလုပ် မဟုတ်ပါ။ မြန်မာ့ သမိုင်းမှာ လူသတ်မှု ပေါင်းများစွာ၊ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု ပေါင်းများစွာကို အကြိမ်ပေါင်း မရေမတွက် နိုင်အောင် ကျူးလွန် ခဲ့တဲ့ အစိုးရ အဆက်ဆက် အရေးယူ ခံရခြင်း- ဆိုတဲ့ ဖြစ်ရပ် မကြုံခဲ့ဘူး လေတော့-၊ လက်ရှိ အစိုးရက လည်း- သူတို့ကို ဘယ်သူမှ အရေး မယူနိုင်ဘူး ရယ်လို့ ဘ၀င်မြင့် နေခဲ့တာ အဆန်းတော့ မဟုတ်ပါ။

ငါတို့က ရေပိုင် မြေပိုင် အစိုးရ တစ်ရပ်၊ ယှဉ်ပြိုင် လာရင် ငါတို့မှာ ငွေ၊ ရွှေ၊ လက်လက်၊ အင်အား ရှိတယ်လို့ ကျွန်တော်တို့ ပြည်ပရောက် အင်အားစု များကိုလည်း သူတို့ လျှော့တွက် ခဲ့ဟန် ရှိပါတယ်။ ပြည်တွင်းက လူနည်းစု ဖြစ်တဲ့ ရိုဟင်ဂျာနဲ့ အစ္စလာမ် သာသနာ ၀င်များကို အကြမ်းဖက် ရိုက်ထုတ်တဲ့ နည်းနဲ့ မဖြစ် စလောက် လက်နက်ကိုင် အဖွဲ့များ ပေါ်လာ စေရေး ကိုလည်း တစ်ဘက်မှာ အသည်း အသန် တွန်းပေး ခဲ့ပါတယ်။

ဖြစ်ခဲ့သမျှ လုပ်ခဲ့သမျှ ပွဲတိုင်းမှာ မင်းတို့ လူမျိုး ပြည်ပရောက် အကောင်တွေ ကလေကြီး မိုးကြီး လျှောက် ပြော နေ တာ ကလွဲ ဘာမှ မလုပ်နိုင်ဘူး- လို့ သူတို့ မွေးထားတဲ့ မီဒီယာ တွေက ၀ါဒ တွင် တွင် ဖြန့်ပြီး ပြည်တွင်းက မွတ်ဆလင်များ အနေနဲ့ ပြည်ပ အင်အားစု များကို အားမ ကိုးချင် ဖြစ် လာ အောင်လည်း ဖန်တီးလိုက် ပါသေးတယ်။ အလုပ် တစ်ခု လုပ်တိုင်းမှာ အချိန် ကာလ တစ်ခုစီ ပေးဆပ် ရတယ် ဆိုတဲ့ သီအိုရီကို သူတို့ဘက်က သိထားပြီး အဲ့ဒီ ပေးဆပ် ကျော်ဖြတ် နေရတဲ့ ကာလ အခိုက် အတန့် များမှာ အစိုးရ ဘက်က ရသမျှ အခွင့် အရေးကို သုံးကာ ထိုးကွင်း ထပြမှု များကလည်း မရေ မတွက် နိုင်အောင် ဖြစ်ခဲ့ ရပါတယ်။

အခုတော့-၊ သူတို့ အလှည့်ကို ရောက်သွား ပါပြီ။- ရခိုင် ပြည်နယ်မှ ဖြစ်တဲ့ ကိစ္စနဲ့ မြန်မာ တစ်ပြည်လုံးမှာ အစ္စလာမ် သာသနာဝင် များကို မတရား ဖိနှိပ်မှု အုပ်စုဖွဲ့ အနိုင်ကျင့်မှု အားလုံး အစိုးရ မှာသာ တာဝန် ရှိတယ်လို့ တစ်ကမ္ဘာလုံးက သက်သေခံ လိုက်ပါပြီ။ ရာဇ၀တ်မှု တစ်ခုတိုင်းရဲ့ အဖြစ် အပျက် များကို လိမ်ညာ ဖုံးကွယ်လို့ မရတဲ့ သက်သေ အထောက် အထား တွေလည်း ရှိသွား ခဲ့ပါပြီ။ တနည်း အားဖြင့် အစိုးရ တစ်ရပ်ကို အရေးယူ နိုင်ဘို့ ဒီဂရီ စံချိန်ပြည့် သွားခဲ့ ပါပြီ။- ကမ္ဘာ့ ခုံရုံးနဲ့ UN လုံခြုံရေး ကောင်စီမှာ ကျွန်တော်တို့ တင်ထားတဲ့ အမှုဖိုင်တွဲ အတွက် အရေးယူဘို့ လုံလောက်တဲ့ အဆင့်ကို ရောက်သွား ခဲ့ပါပြီ။ (အမှုက တင်ပြီးသား ရှိနေ ပါတယ်။ အခုမှ အမှုသစ် ဖွင့်နေစရာ မလိုတော့ပါ။)

လူထု တစ်ရပ်လုံးကို သူတို့ လိမ်ခဲ့သမျှ ပေါ်ကျရ တော့မယ့် အချိန်မှာ နောက်ဆုံး ခံတပ် အဖြစ် ရသမျှ မီဒီယာများ နဲ့ လူသိ နည်းနည်း ရှိပြီးသူ များကို အပိုင်ဝယ်တဲ့ နည်း အားလုံးကို သုံးပြီး - (မောင်းတော) ဒူချီ ယာတန်း ကိစ္စကို သူတို့ မကျူးလွန် ရပါဘူးရယ်လို့ အတင်းငြင်းချက် ထုတ်နေ ရပါတယ်။ သို့သော် မအောင် မြင်ပါ။- သူတို့ လုပ်လိုက် တဲ့ အကွက်တွေက- 

(၁) ဆူပူ သောင်းကျန်းလို့ သို့မဟုတ် သောင်းကျန်းသူနဲ့ ပတ်သက်လို့ နှိမ်နှင်း ရတာပါ- ဆိုပြီး အကြောင်း ပြ ဘို့ RSO ဆိုတဲ့ အဖွဲ့ကို အတင်း ပွဲထုတ်လိုက် ပါသေးတယ်။ (သောင်းကျန်းသူနဲ့ ဆက်သွယ် သူကို တစ်ကယ်လည်း ချေမှုန်း နိုင်ခွင့် ရှိတဲ့ ဥပဒေက ရှိနေ တာကိုး)- သို့သော် ကမ္ဘာကို လိမ်လို့ မ ရတော့- သူတို့ မအောင်မြင် လိုက်ပါ။

(၂) သူတို့ရဲ့ လုပ်ကြံ ဇတ်လမ်းဟောင်း အတိုင်း ကျူးကျော်သူ ဘင်္ဂလီများ ဆိုတဲ့ အသိကို လူထု ကြားမှာ ခံစား ရစေဘို့ မီဒီယာ များကို အပိုင်ဝယ် လက်သိပ်ထိုး လိမ်ခိုင်းလိုက် ပြန်ပါတယ်။- သူတို့ မအောင်မြင် လိုက်ပါ။

သူတို့ ဗဟုသုတ ရှိသလောက် အကွက်တွေကို သုံးခဲ့ပေမယ့်-၊ သူတို့ဘက်က မအောင်မြင် တော့ပါ။- သူတို့ အတွက် ပြေးမလွတ် တော့တဲ့ လမ်းကို သူတို့ လျှောက်မိ သွားခဲ့ ပါပြီ။

သို့သော်--

အစိုးရ တစ်ရပ်ကို လျှော့တွက်လို့ မရပါ။ 

မငြင်းနိုင်တဲ့ အဆုံးမှာ ရှောင်မယ့် အကွက်ကို ပြင်ဆင် ပြီးသား ရှိနေ ပါတယ်။- သမ္မတ ဦးသိန်းစိန်ရဲ့ ပါးစပ်က ရိုဟင်ဂျာ ဆိုတဲ့ လူမျိုး အမည် နာမကို HRW ရှေ့မှာ ၀န်ခံ လိုက်ပြီး- သူကတော့ ရိုဟင်ဂျာ လူမျိုးကို အသိ အမှတ် ပြုပေးချင် သယောင်- သို့သော် အစိုးရတွင်း အုပ်စုကွဲ နေတယ်လို့ စကားဟ ပေးလိုက် ပါတယ်။ တနည်း အားဖြင့် သဘောထား ပြင်းထန်တဲ့ Hard Liner တွေက ရှိနေ တယ်လို့ ပြောလိုက် ခြင်းပါ။ ခုံရုံးပေါ်ကို တက်ရရင် သို့မဟုတ် ကမ္ဘာ့ အသိုင်း အ၀ိုင်းမှာ ဖြေရှင်း ရရင် သူပြောတဲ့ Hard Liner တွေကို ထိုးကျွေး လိုက်မယ် ဆိုတဲ့ ပြင်ဆင် ချက်ပါ။ သူ့ အစိုးရ အဖွဲ့ထဲက သူနဲ့ မသင့်မြတ်တဲ့ လူတစ်စုနဲ့ သင်္ကန်းဝတ် သီတဂူရဲ့ တပ်ရင်းများ-၊ ကို ထိုးကျွေးဘို့ ပြင်ဆင် ထားတဲ့ သဘောပါ။

နောက်တစ်ချက်က- ဒီလောက် ပဋိပက္ခ တွေနဲ့ သွေးဆူ ရှုပ်ထွေး နေတဲ့ ရက်များမှာ ရခိုင်တို့နဲ့ ရုပ်ရည် မတူတဲ့ ဂေါ်ရခါး လူမျိုး လ၀က လက်ထောက် ဦးစီးမှုး တစ်ယောက်ကို ပဋိပက္ခ ဖြစ်နေတဲ့ နေရာထဲ ပစ်ထည့် လိုက်တဲ့ အကွက်ပါ။- အဲ့ဒီ ပုဂ္ဂိုလ် ကိုလည်း ရခိုင်တွေက မလိုလားဘဲ အန္တရာယ် ပြုဘို့ ကြိုးစား တယ်လို့ ဖြစ်အောင် တွန်းလိုက် ခြင်းပါ။- ဒီကိစ္စက ရိုးရိုး ကြည့်ရင် ရခိုင် လူမျိုးတွေ ကိုယ်တိုင်က လူမျိုးရေး ခွဲခြား နေတာလို့ သာမန် လူထုက မြင်နိုင် ပေမယ့်-၊ 

ပြသနာကို ရင်ဆိုင် နေရတဲ့ အစိုးရ တစ်ရပ်က အဲ့ဒီအပေါ် ကစားလို့ ရတယ် ဆိုတဲ့ အချက်ပါ။ ကမ္ဘာနဲ့ ရှင်းရတဲ့ အခါမှာ- ကျွန်တော် တို့က ပြုပြင် ပြောင်းလဲရေး ကာလ တတ်နိုင် သမျှ ကြိုးစားပြီး ရှင်းပေး ပါတယ်- သို့သော် ရခိုင် လူမျိုးတွေ ကိုယ်တိုင်က လူမျိုးရေး အစွဲကြီး နေလို့ ပြဿနာ တွေကို ထိန်းမနိုင် သေးတာပါ- တစ်ကယ်တမ်း ရခိုင် မှာ ဖြစ်ခဲ့တဲ့ ပြဿနာ တွေဟာ ရခိုင် လူမျိုးတွေ ကြောင့်သာ ဖြစ်ရတာ ပါလို့- ရခိုင် လူမျိုးတွေ အပေါ် ထိုးကျွေးဘို့ ပြင်ဆင်ချက် ဖြစ်ပါတယ်။

အစိုးရ ကိုယ်တိုင် ခုံရုံးပေါ်ကို ကိုယ်တွေ့ မရောက်သေး-၊ ခုံရုံး ပေါ်မှာ မဖြေရှင်း ရသေး ပေမယ့်-၊ ရခိုင် နယ်မှာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်တွေ အားလုံး အတွက် အစိုးမှာ တာဝန် ရှိတယ်။ အစိုးရဟာ လူတစ်ယောက် ချင်းရဲ့ လုံခြုံရေး အတွက် တာဝန်ယူ ပေးရမယ်-၊ အကူ အညီ ပေးမယ့် သူတွေရဲ့ ကူညီမှု တွေကို ကန့်သတ် ပိတ်ပင်တွေ မပြုလုပ် ရဘူး- ဆိုတဲ့ တောင်းဆို ချက်နဲ့ ကြုံရတော့-၊ ဒီအပေါ်မှာ ဦးသိန်းစိန် အစိုးရ အနေနဲ့- သူတို့ အတွက် ခုံရုံးက ရှောင်ထွက် နိုင်ဘို့ လူတစ်ယောက်ချင်း စီရဲ့ လုံခြုံရေးကို တာဝန်ယူ ပေးရမယ် ဆိုတဲ့ အချက်ကို နင်းပါ လိမ့်မယ်။ အဲ့ဒီ စကားလုံးကို ကမ္ဘာက ကျေနပ်အောင် ဖေါ်ဆောင်ဘို့ ရခိုင် လူမျိုး များကို ညက်ညက် ကြေအောင် နှိပ်ကွပ် ပါတော့မယ်။ ဒါဟာ သေချာတဲ့ အချက် ဖြစ်နေပါပြီ။ အဲ့ဒီလို နှိပ်ကွက် ပြီးရင် ဥပဒေ စိုးမိုးရေး လို့ အကြောင်းပြ ပါလိမ့်မယ်။

တစ်ကယ်တမ်း နှိပ်ကွပ် ရမှာက ခွဲထွက်ရေး သောင်းကျန်း နေတဲ့ အနောက်သား ဘင်္ဂလီ အုပ်စုပါ။ သို့သော် အဲ့ဒီ အနောက်သား ဘင်္ဂလီ အုပ်စုကို ရခိုင် ဟန်ဆောင် လက်သပ် မွေးပြီး အစိုးရရဲ့ လက်ကိုင်တုတ် အဖြစ် မွေးစား ထားလေတော့- အပြစ်မဲ့တဲ့ ဒေသခံ ရခိုင် လူမျိုး စစ်စစ် များကိုသာ ရွေးချယ် နှိပ်ကွပ် သွားဘို့ ရှိနေပါတယ်။ သူ့လက်ကိုင် တုတ်ကို သူ ရိုက်ချိုး ဘို့တော့ မဖြစ်နိုင်ပါ။ ငြိမ်ငြိမ် နေပေးလိုက် ဘို့ပဲ ဆွဲထိမ်း ထားလိုက်ပြီး- ကျန် အပြစ်မဲ့ လူထုကိုပဲ ရာဇ၀တ် ကောင်များ အဖြစ် ကင်ပွန်းတပ် အပြစ် ပေးပြဘို့ သေချာ နေပါတယ်။

အပြစ်မဲ့ လူထုကို ဖမ်းဆီး နှိပ်ကွပ် အပြစ် ပေးမှာကို ကျွန်တော်တို့ ဘက်က စိုးရိမ် ပါတယ်။- သို့သော် မွတ်ဆလင် တစ်ဦး တစ်ယောက်ကို သော်မျှ ဆက်လက် မမှားစေနဲ့ လို့တော့ အသိပေး လိုပါတယ်။


မုဟမ္မဒ် တွာဟေရ် (ဌေးလွင်ဦး)
ဦးဆောင် လှုပ်ရှားမှု တာဝန်ခံ
Civil Rights Movement

Rohingya Exodus