လုံခြုံရေး စစ်ဗိုလ်တစ်ဦးက ဒေသခံ ရိုဟင်ဂျာ တစ်ဦး၏ အိမ်မှ ပစ္စည်းများလုယက်
RB News
16.4.2014
ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ကျောင်းတောင် ကျေးရွာ အုပ်စု အခြေစိုက် လုံခြုံရေး စစ်ဗိုလ် တစ်ဦးက ဒေသခံ ရိုဟင်ဂျာ တစ်ဦး၏ နေအိမ်မှ ပစ္စည်းများ လုယက်ခဲ့ကြောင်း သတင်း ရရှိပါသည်။
ဧပြီလ (၈) ရက်နေ့ နေ့လည် ၁၂ နာရီ အချိန်တွင် ဘူးသီးတောင်မြို့နယ် ကျောင်းတောင် ကျေးရွာ အုပ်စု အခြေစိုက် တပ်ရင်း ၃၅၃ မှ လုံခြုံရေး စစ်ဗိုလ် တစ်ဦးသည် ဘဒကား ကျေးရွာ အုပ်စု၊ တောင်ဘဒကားရွာရှိ ဦးအေဒရီးစ် (ဘ) ဦးအဗ်ဒူမာလိခ်၏ နေအိမ်သို့ ၀င်ရောက်၍ ပစ္စည်းများ လုယက် ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။
“အဲဒီ စစ်ဗိုလ်က ဦးအေဒရီးစ်ရဲ့ အိမ်ကို ၀င်တဲ့ အချိန်မှာ ဦးအေဒရီးစ်က အိမ်မှာ မရှိဘူး။ သူ့ရဲ့ ဇနီး ရှိပါတယ်။ စစ်ဗိုလ်က ဦးအေဒရီးစ်ရဲ့ ဇနီးကို လက်ဆွဲပြီး အိမ်ပြန်ထုတ်လိုက် ပါတယ်။ ပြီးတော့ အိမ်မှာရှိတဲ့ ဆိုလာပြား အကြီးကြီး တစ်ခု၊ ဘက်ထရီ တစ်လုံးနဲ့ ၀ါယာကြိုးခွေ တို့ကို ယူပြီး ထွက်သွားပါတယ်” ဟု ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။
အဆိုပါ စစ်ဗိုလ် လုယက်သွားသည့် ဆိုလာပြားမှာ ငွေကျပ် ၁၂၀၀၀၀ တန်ဖိုးရှိပြီး၊ ဘက်ထရီမှာ ငွေကျပ် ၂၅၀၀၀ တန်ဖိုးရှိကြောင်း သိရှိရပါသည်။
ဦးအေဒရီးစ်က အိမ်သို့ ပြန်လာပြီးနောက် ရွာအုပ်ချုပ်ရေးမှူးကို ၎င်းအိမ်မှ လုယက်ခံရသည့် ကိစ္စကို တိုင်ကြား ခဲ့ပြီး၊ ရွာအုပ်ချုပ်ရေးမှူးမှ တဆင့် ၎င်း၏ ပစ္စည်းများကို ပြန်လည် ပေးအပ်ရန် စစ်ဗိုလ်ထံမှ တောင်းခဲ့သော်လည်း စစ်ဗိုလ်က ပြန်လည် ပေးခြင်း မရှိသည့်အပြင် ရိုက်နှက်မည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း သိရှိရပါသည်။