နောက်ဆုံးသတင်း/ဆောင်းပါးများ

အမျိုး၊ ဘာသာ၊ သာသနာ ကာကွယ်ခြင်းလော … နာဇီဖက်ဆစ်စနစ် ထူထောင်ခြင်းလော..။

ဦးဦးမှော်ဆရာ
26.12.2012

အသက် ၆၅ နှစ်အရွယ် အပေါ်အဖြူ၊ အောက်အဖြူဝတ်ဆင် ထားသည့် ကျနော့်ဘကြီး ဦးရွှေလှ အောင် သည် လက်တစ်ဖက်က စိတ်ပုတီးကိုကိုင်၍ ကျန်တဖက်က တောင်ဝှေးကိုကိုင်ပြီး တရွေ့ရွေ့ လာနေသည်ကို မြင်နေရသည်။ ကျနော်၏ အိမ်ခြံဝင်းထဲသို့ ၀င်မည်အလုပ် ငကျားဟုခေါ်သောခွေးထီးက မဲမ ဟုခေါ်သော ခွေးမကို ဂဲ ဂဲ ဟူသောအသံဖြင့် ရန်မူမည်လုပ်နေသည်။ မဲမမှာကိန်ကိန် ဟူသော အသံနှင့် အတူ မြေကြီးပေါ် သို့လှဲချလိုက်ပြီး အော်သံ မဆုံးတော့ပေ။ မဲမမှာ မာယာ များကြောင်း ၊ အော် သံသည် ဆယ်မိနစ်ခန့် ဆက်တိုက် အော်တတ်ကြောင်းကို အိမ်နီးချင်းများကပါ သိနှင့်ပြီးသားမို့ မဲမ အော် သည် ကို မည်သူမျှ ဂရုမထားတော့ချေ။ မာန်ဖီနေသော ငကျားနှင့် ပက်လက်လန်နေသော မဲမ တို့ကို ဘကြီးမြင် လိုက်ရာ သနားကြင်နာတတ်သော၊ ဂရုဏာကြီးမားသော၊ တရားမျှတသည့်စိတ်ရှိသော ကျနော် ၏ ဘကြီးမှာ ငကျား ၏ကျောပြင်ကို တောင်ဝှေးဖြင့် ဆော်လိုက်ပါတော့သည်။ ငကျားမှာ မထင် မှတ်သော ရိုက်ချက်ကြောင့် လှဲကျ သွားရာမှအား ကုန်သုံးပြီး ထပြေးသည်။ ငကျားသည် ကိန်ကိန် ဟူသောအသံကို လုံးဝမထွက်အောင် အံခဲထားသည်ဟု ထင်သည်။ ဘာမှအော်မြည်ခြင်းမရှိ။ ကျနော်၏ ဘကြီးသည် ပါလာသော ကိတ်မုန့် တစ်လုံးကို မဲမရှေ့သို့ ချကျွေးလိုက်သည်။ မဲမမှာ ကိတ်မုန့်ကို စားနေ သည့်ကြားက ပင် ကိန် ဟူသော အသံကိုဆွဲပြီး အော်ပြထားသေးသည်။ ဘကြီးက ကျနော့်ကိုလှမ်းပြီး မင်းတို့ ဒီငကျားကို လွင့်ပစ် လိုက် ပါလား၊ ဒီအိမ်မှာ မထားနဲ့ စသဖြင့် ဂရုဏာဒေါသဖြင့် အော်သည်။

ကြင်နာတတ်သော ဘကြီး၏ လုပ်ရပ်သည် မှန်လော၊ မှားလော ကျနော် ကိုယ့်ကိုယ်ကိုမေးမိသည်။ မဲမ ၏ စရိုက်နှင့် အလေ့အထကို သေချာဂဏစွာမလေ့လာဘဲနှင့် မဲမ၏ ပြင်ပအမူအရာဟန်ပန်ကိုကြည့်ပြီး ဘကြီး အလွယ်တကူ ဆုံးဖြတ်လေသလား။ ငကျား၏ စရိုက်ကို ကျနော်တို့နှင့်အတူ အိမ်နီးချင်း များကပါ သိကြ သည်။ ……………………………………………………………………………………………………………………………………
ကမ္ဘာ့ကုလသမဂ္ဂ အပါအ၀င် သနားကြင်နာမှု၊ ကိုယ်ချင်းစာနာမှု တို့ဖြင့်ဖွဲ့စည်းထားသော အဖွဲ့အစည်းများ သည် ကျနော့်ဘကြီးကဲ့သို့ ပြင်ပသဏ္ဍာန် တစ်ခုထဲကို ကြည့်ပြီး မဆုံးဖြတ်ဘဲ ထိုထိုသော အကြောင်း အရာတို့၏ အတွင်းသဏ္ဍာန်တို့ကိုပါ ကြည့်ပြီးမှ ဆုံးဖြတ်သင့်ပေသည်။ ဤမျှကြီးကျယ်သော အဖွဲ့ အစည်းကြီး များသည် ကျနော့်ဘကြီးကဲ့သို့ ငကျားအပေါ် ထားသော ဒေါသ နှင့် မဲမအပေါ် ထားသော စေတနာတို့သည် ဘကြီးက မှန်သည်ထင်နေသော်လည်း ကျနော်နှင့်အတူမြင်နေကြသော မိသားစုဝင်များ၊ အိမ်နီးနားချင်း များအဖို့ ဘကြီးလုပ်ရပ်မမှန်ဆိုတာကို မြင်နေသည်၊ သိနေသည် မဟုတ်ပါလား။

************************************************************************
ခုရေးခဲ့တာက ကျနော်ဖတ်ခဲ့ရတဲ့ `ပစ္ဆိမရပ်ဝန်း´ ဆိုတဲ့ မဂ္ဂဇင်းတစ်အုပ်က ဆောင်းပါးတစ်ပုဒ်မှစာပိုဒ် တစ်ပိုဒ် ပါ။ ဒီလောက်လေးဖတ်လိုက်တာနဲ့ ဘာစာအုပ်မှန်းမသိသေးရင်တောင် ဘယ်အကြောင်းအရာကို ဦးတည်နေသလဲဆိုတာ စာဖတ်သူတို့ သတိထားမိမယ်ထင်ပါတယ်။

ကျနော့်အမြင်ကို ပြောရရင်`ပစ္ဆိမရပ်ဝန်း´မဂ္ဂဇင်းမှာ ရေးသားထားတဲ့ ဆောင်းပါးတွေအားလုံး နီးပါးက မွတ်ဆလင် မုန်းတီးရေး၊ အထူးသဖြင့် ရခိုင်ဒေသမှ မွတ်ဆလင်များကို ဆန့်ကျင်မောင်းထုတ်ရေးကို ဦးတည်ပြီး လှုံ့ဆော်ရေး သားထားတာတွေ့ ရပါတယ်။ အဲဒီဆောင်းပါးတွေထဲက `ရိုဟင်ဂျာဆို သည်´မှာ ဆောင်းပါး၊ `ဧည့်သည်မမည်´ဆောင်းပါး၊ `လူလူဟစ်တယ်´ ဆောင်းပါး၊ `ရိုဟင်ဂျာဆို  သူတို့ အပေါ် ဒေသခံတို့ အမြင်´ဆောင်းပါး၊ `သနားစရာ အရေခြုံ´ ဆောင်းပါးနဲ့ တခြားဆောင်းပါး အများစုဟာ ဘူးသီးတောင်-မောင်းတောဒေသမှာနေထိုင်တဲ့ ရိုဟင်ဂျာမွတ်ဆလင်များအပေါ် ဆိုးဆိုးဝါးဝါး မုန်းတီး ဆန့်ကျင်ကာ အဓိကရုန်း ဖြစ်လာစေရန် ရည်ရွယ်ချက်ရှိရှိ လှုံ့ဆော်ရေးသားထားတဲ့ ဆောင်းပါးတွေလို့ပဲ ကျနော်မြင်တယ်။

အဲဒီလိုမျိုး ဒေသတွင်းရှိ ဘာသာခြားလူမျိုးစုတစ်စုအပေါ် ဆန့်ကျင်နှိမ့်ချရေးသားထားတဲ့ မဂ္ဂဇင်းတစ်ခုမှာ ဦးဆောင်ပါဝင်နေတဲ့ သူတွေက အဲဒီဒေသကို လက်ရှိအုပ်ချုပ်နေသော ခရိုင်အဆင့်၊ မြို့နယ်အဆင့် အရာရှိကြီး များ ကိုယ်တိုင်ဖြစ်နေတဲ့အပြင် ၊ ဘုန်းကြီးတွေလည်း ပါဝင်နေပါတယ်။ ဒါထက်ပိုထူးခြားတာက စာပေလွတ်လပ် ခွင့်တင်းကြပ်လွန်းတယ် လို့ ခေတ်အဆက်ဆက် နာမည်ကြီးခဲ့သော မြန်မာနိုင်ငံ စာပေ စိစစ်ရေး အဖွဲ့က ဒီလို လူမျိုးရေ၊ ဘာသာရေး အဓိကရုန်းဖြစ်အောင်လှုံ့ဆော်ထားတဲ့ မဂ္ဂဇင်းကို တရားဝင် ခွင့်ပြုချက် (အမှတ် - ၅၃၀၁၂၀၁၂၁၁) နဲ့ ထုတ်ဝေခွင့်ပြုခဲ့တာပဲ ဖြစ်တယ်။ အစိုးရပေါ်လစီတွေ နဲ့ စာပေစိ စစ်ရေးဆိုတာက ကုလား မုန်းတီးရေးအတွက် ဆိုရင် Freedom of Right ကို အပြည့်အ၀ လိုက်နာ ပုံ ပေါ်ပါတယ်။


ကျနော် ဒီစာအုပ်ကို ဖတ်မိတော့ ဖက်ဆစ်နာဇီတွေရဲ့ ဂျူးမုန်းတီးရေးဝါဒဖြန့်မှုအဖြစ် ထုတ်ဝေခဲ့တဲ့ စာအုပ်တွေ၊ စာစောင်တွေကို သွားစဉ်းစားမိတယ်။ မိတ်ဆွေတို့လည်း ဖက်ဆစ်နာဇီတွေရဲ့ လူမျိုးရေး မုန်းတီးမှုအတွက် ၀ါဒဖြန့်မှုတွေနဲ့ လက်ရှိမြန်မာပြည်က ၀ါဒမှိုင်းတိုက်မှုတွေ နှိုင်းယှဉ်ကြည့်နိုင်ဖို့  ရေးသားလိုက်ပါတယ်။

(၁) `မြက်ခင်းလွင်ပြင်ဒေသက မြေခွေး နဲ့ ကမ္ဘာပေါ်မှာရှိသမျှ ဂျူးတွေရဲ့ ဘယ်လိုကျိန်ဆိုတဲ့ စကား ပဲဖြစ်ဖြစ် မယုံနဲ့´

“မြက်ခင်းလွင်ပြင်ဒေသက မြေခွေးတွေ ဘယ်တော့မှ မြက်မစားသလို၊ ဂျူးလူမျိုးဆိုတာလည်း ဘယ်လိုပဲ ကျိန်ဆိုပြောပါစေ ..ဘယ်တော့မှ ကတိမတည်ဘူး။ မြက်ခင်းလွင်ပြင်ဒေသက မြေခွေးတွေဟာ သူတို့ သားကောင်ကို ဖမ်းမိဖို့အတွက် မာယာအမျိုးမျိုးနဲ့ ချဉ်းကပ်ကြသလို ၊ ကမ္ဘာပေါ်မှာရှိသမျှ ဂျူးဆိုတဲ့လူမျိုး ဟာလည်း သူတို့ပတ်ဝန်းကျင်ကလူတွေကို ဖျက်လိုဖျက်ဆီးလုပ်ဖို့၊ တခြားသူတွေရဲ့ ဥစ္စာပစ္စည်းတွေကို အချောင်သိမ်းပိုက်ဖို့၊ ဂျာမန်မိန်းမပျိုးလေးတွေကို သိမ်းပိုက်ဖို့ နည်းမျိုးစုံနဲ့လိမ်လည်လှည့်ဖျားလေ့ရှိတယ်။”

ဒီလိုစိတ်ဝင်စား စရာကောင်းအောင် အစချီထားတဲ့ စာအုပ်ဟာ ဖက်ဆစ်နာဇီရဲ့ ဂျူးဆန့်ကျင်ရေး ၀ါဒဖြန့်ချိဖို့ ရည်ရွယ်ချက်ဖြင့် ထုတ်ဝေခဲ့တဲ့ ကလေးဖတ်စာအုပ် သုံးအုပ်ထဲက ပထမဦးဆုံး တစ်အုပ်ဖြစ် တယ်။ နာ မည်ကြီး သတင်းစာတိုက်နဲ့စာအုပ်တိုက်ပိုင်ရှင် ဂျူးလီယပ်စတွိုက်ချာရဲ့ `ဒါစတားမား´ စာအုပ်တိုက် မှ ၁၉၃၅ ခုနှစ်မှာ အုပ်ရေ တစ်သိန်းကျော် ထုတ်ဝေခဲ့ပြီး ကျောင်းသုံးဖတ် စာအုပ် အဖြစ်ပင် ပြဌာန်းခဲ့ပါတယ်။ အဲဒီစာအုပ် ရေးသားသူ အဲလ်ဗီရာဘေယာ က အသက် ၁၈ နှစ်အရွယ် အနုပညာကျောင်းသူ တစ်ယောက် သာဖြစ်ပါတယ်။

ဘေယာရဲ့စာအုပ်ထဲက စွပ်စွဲမှုတစ်ခုကတော့ `ယုဒ ဟာ ယေရှုခရစ်တော်ကို သစ္စာဖေါက်ခဲ့သလိုပဲ ဂျာမ နီက ပြည် တွင်းနေ ဂျူးလူမျိုးတွေဟာလည်း အဖဂျာမနီပြည်ကြီးကို သစ္စာဖေါက်ခဲ့ကြတဲ့အတွက် ပထမ ကမ္ဘာစစ်ကြီး မှာ ဂျာမနီစစ်ရှုံးခဲ့ရတယ်။´ လို့ ဆိုပါတယ်။



(၂) ဂျူးဆန့်ကျင်ရေး ၀ါဒမှိုင်းတိုက်မှုအဖြစ် ဂျူးလီယက်စတွိုက်ချာရဲ့ `ဒါးစတာမား´စာအုပ်တိုက်မှ ဒုတိယ မြောက်ထုတ်ဝေခဲ့တဲ့စာအုပ်ကတော့ Ernst Hiemer ရေးသားတဲ့ `အဆိပ်ရှိသော မှိုများ´ ဆိုတဲ့ စာအုပ် ပါ။

ဖရန့် ဆိုတဲ့ကလေးကို သူ့အမေက `မှိုတွေထဲမှာ စားလို့ကောင်းတဲ့ မှိုတွေရှိသလို၊ လူကိုအန္တ ရာယ်ဖြစ်စေ တဲ့ မှိုတွေလည်း ရှိကြောင်း၊ လူတွေမှာလည်း အဲဒီလိုပဲ ကောင်းတဲ့လူတွေရှိသလို ယုတ်မာကောက် ကျစ်တဲ့၊ လူ့အသိုင်းအ၀ိုင်းကို ဒုက္ခရောက်စေတဲ့လူမျိုးတွေရှိကြောင်း´ ဆုံးမနေပုံနဲ့ အစချီထားပြီး စိတ်ဝင် စားစရာ ကောင်းအောင် ရေးသားထားတယ်။ အဲဒီစာအုပ်ထဲမှာ ဂျူးလူမျိုးတွေကို စက်ဆုပ် မုန်းတီးစေရန် စနစ်တကျ ဖန်တီးရေးသားထားတာပါ။ ဂျူးလူမျိုးဆိုတာ မာရ်နတ်က လူယောင်ဆောင် ထားတဲ့ကောင်တွေ လို့လည်း ကလေးတွေကို ဆုံးမထားပါသေးတယ်။ ဂျူးလူမျိုး တစ်ယောက်ရဲ့ သွင်ပြင်သဏ္ဍာန် ကိုဖေါ်ပြ ရာမှာ လည်းမုတ်ဆိတ်မွေးထူလဗျစ်နဲ့ နှာခေါင်းကောက်  ကောက် ကြီးတွေ နဲ့ပေါ့ဗျာ။



ဂျူးလူမျိုးတွေ ဂျာမနီပြည်ထဲ ဘယ်လိုရောက်လာသလဲဆိုတဲ့ ခေါင်းစဉ်အောက်မှာတော့ ဂျူးလူမျိုးတွေဟာ ကမ္ဘာ့အရှေ့ပိုင်းဒေသကနေ ဂျာမနီပြည်ထဲခိုးဝင်လာကြတယ်.. တဲ့ (ဖြစ်ပုံချင်းတူတာက အံ့သြစရာဗျာ)။ ၀င်လာတုန်းက ခြူးပြားတစ်ပြားတောင်မရှိတဲ့စုတ်စုတ်ပြတ်ပြတ်အလုပ်ကြမ်းသမားတွေ၊ဒီလိုမြေကောင်း ရေကောင်းရောက် မှဂျူးတွေဟာတောက်တောက်ပြောင်ပြောင် ဖြစ်လာခဲ့ကြတယ်..ခုတော့ဂျာမန်လူမျိုးတွေရဲ့စည်းစိမ်ဥစ္စာတွေ ကို လက်ဝါးကြီးအုပ် လာခဲ့ကြပြီ။ဂျာမန် လူမျိုးတွေ နိုး ထကြလော့ .. လို့ နှိုးဆော် ထား ပါသေးတယ်။
စာရှည်သွားမှာစိုးလို့ အကုန်ရေးမနေတော့ဘူးဗျာ။ ခပ်တိုတိုပြောရရင် ဒီစာအုပ်ဟာ ကလေးသူငယ်တွေ အတွက်အဓိက ရည်ရွယ်ပေမဲ့ အောက်ခြေထိ လူထုတရပ်လုံး ဂျူးလူမျိုးမုန်းတီးဆန့်ကျင်ရေး ပိုမိုပြန့်ပွား လာအောင် ပုံစံမျိုးစုံနဲ့ လူပြိန်းကြိုက်ရေးသားထားတာတွေ့ရတယ်။ အဆုံးမှာတော့ `ဂျူးလူမျိုးတွေဟာ ဂျာမနီနိုင်ငံအတွက် ကြမ္မာဆိုးတွေသယ်ဆောင်လာတဲ့ ဂြိုဟ်မွှေတဲ့ကောင်တွေပဲ´ လို့ခပ်ပြတ်ပြတ် ကောက် ချက်ချထားတယ်။



`အဆိပ်ရှိသော မှိုများ´ ဆိုတဲ့စာအုပ်ထဲက ဘာသာရေးအရသွေးထိုးပေးတဲ့ အခန်းကဏ္ဍပေါ့။

(၃) ၁၉၄၀ခုနှစ်မှာ `ဒါစတားမား´စာအုပ်တိုက်ကထုတ်ဝေခဲ့တဲ့ တတိယမြောက် ဂျူးမုန်းတီးရေးဝါဒဖြန့် စာအုပ် ကတော့ `ခွေးဗန္ဓတ်၊ တောခွေးရိုင်းများ နဲ့ စက်ဆုပ်ဖွယ်တိရိစ္ဆာန်များ´ ဆိုတဲ့ (အဆင်ပြေ သလို ဘာ သာပြန်ထားခြင်းဖြစ်သည်) စာအုပ်ပါ။ ဒီစာအုပ်ကိုလည်း Ernst Hiemer ကပဲရေးသားခဲ့တာပါ။

ဂျူးဆန့်ကျင်ရေး စာအုပ်သုံးအုပ်ထဲမှာ ဒီစာအုပ်က အဆိုးဝါးဆုံးစာအုပ်လို့ပဲ ကျနော်မြင်ပါတယ်။ စာအုပ် ထဲမှာ ဂျူးတွေကို တောခွေးရိုင်း၊ ဥသြငှက်၊စာကလေး၊ ပျားထီး၊ ကျိုင်းကောင်၊ ပုတ်သင်ညို၊ မြွေပွေး၊ ကြမ်းပိုး၊ သန်ကောင်၊ ခွေးဗန္ဓတ် စတဲ့တိရိ စ္ဆာန်ပေါင်းများစွာနဲ့ နှိုင်းယှဉ်ဥပမာပေးထားပြီး ဂျူးလူ မျိုးတွေ ဟာ ကောက်ကျစ်စဉ်းလဲကြောင်း၊ အလို ရမက်ကြီးကြောင်း၊ သူတပါးအပေါ် ဂုတ်သွေးစုတ်ဖို့ ပဲချောင်းနေ တဲ့ အချောင်သမားများဖြစ်ကြောင်း၊ လူ့အဖွဲ့အစည်းအတွက်အသုံးမ၀င်တဲ့လူပိုတွေဖြစ်ကြောင်း၊ သစ္စာ မဲ့ကြောင်း၊ဟန်ဆောင်ကောင်းပြီးအလွန်ရက် စက်ကြောင်း၊ တခြားလူမျိုးတွေ ကိုသွေးနှောပစ်ပြီး ဂျာမန် လူမျိုး ပျောက်အောင် ကြိုးစားနေကြောင်း၊ ဂျာမန်တမျိုးသားလုံး အတွက်သာမက တကမ္ဘာလုံးက လူသား မျိုးနွယ် အားလုံး အတွက်ပါ လူ့အန္တရာယ်ကောင်တွေဖြစ်ကြောင်း .. တိရိစ္ဆာန်တွေနဲ့ဥပမာပေးရင်း လက်လွတ်စပယ် လူမျိုးရေးနှိမ့် ချစော်ကားပြီး ရေးသားထားပါတယ်။ ဒါတင်ဘယ်ကမလဲ .. ဂျူးတွေ ဟာ နိုင်ငံခြားသားများဖြစ်ပေမဲ့ အိမ်ရှင်ဖြစ် တဲ့ဂျာမန်လူမျိုးတွေကို ဂျာမနီပြည်ကြီးကနေမောင်း ထုတ်ဖို့ ဘယ်လို ကြိုးစားနေကြောင်း ဥသြငှက်နဲ့ ဥပမာပေးပြီး တင်ပြထားသေးတယ်။ (တိုက်ဆိုင်ပုံ ကို ပြော ပါ တယ်)



အဆိုးဆုံးကတော့ ဂျူးလူမျိုးဆိုတာ ကမ္ဘာပေါ်ရှိ အခြားသောလူသားမျိုးနွယ်တွေအတွက် အသက် အန္တရာယ်ပေးနေတဲ့၊ ၊ ကြမ္မာဆိုးတွေသယ်ဆောင်လာတဲ့ ဘက်တီးရီးယား/ဗိုင်းရပ်စ် ပိုးမွှားတွေပဲ လို့ ပြင်းပြင်း ထန်ထန်ဖေါ်ပြထားတာပါ။ ဒီလို ဘက်တီးရီးယား/ ဗိုင်းရပ်စ်ပိုးမွှားတွေကို သတ်ပစ် နိုင်မှ လူ သားတွေကျန်းမာနိုင်မှာဖြစ်သလို၊ လူ့အဖွဲ့အစည်းကြီး အေးချမ်းသာယာဖို့ အတွက် ဂျူးလူ မျိုးတွေကို ကမ္ဘာပေါ်ကနေ ကိစ္စတုန်းအောင်ရှင်းပစ်ရမယ်လို့ ကောက်ချက်ချရင်း အဆုံးသတ် ထားပါတယ်။ (ဒီလို လူမျိုးဖြုတ်သုတ်သင်ရေး လမ်းကြောင်းတစ်ခုကို ဖေါ်ဆောင်ရာ ရောက်စေ တဲ့အတွက် လူသား မျိုးနွယ် တစ်ခုကို ဘက်တီးရီးယား/ဗိုင်းရပ်စ် နဲ့ နှိုင်းပြီးပြောတာဟာ အလွန်ဆိုး ရွားတဲ့ RACISTS တွေရဲ့ အသုံး အနှုန်းတစ်ခုပဲ ဖြစ်ပါတယ်။)



(လူ့အဖွဲ့အစည်းအေးချမ်းသာယာစေဖို့ ဗိုင်းရပ်စ်သဖွယ် ဂျာမနီပြည်ထဲဝင်ရောက်နေတဲ့ ဂျူးလူမျိုးများကို အပြတ် ရှင်းပစ်ရမယ်လို့ ဆိုထားတဲ့ `ခွေးဗန္ဓတ်၊ တောခွေးရိုင်းများနှင့် စက်ဆုပ်ဖွယ်တိရိစ္ဆာန်များ´ ဆိုတဲ့ စာအုပ်ပါ)

ကျနော့်အမြင်ကတော့ ဂျူးမုန်းတီးရေးဝါဒဖြန့် စာအုပ်တွေထဲမှာ အဆိုးဆုံးစာအုပ်ပါပဲ.. ဒီစာအုပ် ထုတ်ဝေပြီး နှစ်အနည်းငယ်အကြာမှာ ဂျူး မျိုးပြုတ်သတ်ဖြတ်မှုတွေ စတင်လာ ခဲ့ပါတော့တယ်။ ဒီစာ အုပ်တွေ ရဲ့ အစွမ်းထက်မှုကြောင့် ဂျာမန်လူထုကလည်း နာဇီပါတီရဲ့ ဂျူးလူမျိုးသုဉ်းသတ်ဖြတ်တာဟာ လုပ်သင့် လုပ်ထိုက် တဲ့ လုပ်ရပ်တစ်ခုအဖြစ် မြင်လာကြပါတော့တယ်။ ဤသည်ပင်လျှင် နာဇီဝါဒဖြန့် ချိရေးရဲ့ အစွမ်းထက်မြက်မှု ပဲဖြစ်ပါတယ်။

ကျနော်ခုလို မြန်မာ့မျိုးချစ်လုပ်ရပ်တွေကို ဖက်ဆစ်နာဇီလုပ်ရပ်တွေနဲ့နှိုင်းထားတယ်ဆိုတော့ ပေါက်ကွဲလိမ့် မယ်ဆိုတာ သိပါတယ်။

`ဒါဆို ခိုးဝင်လာသူတွေကို ဘာမှမလုပ်ရတော့ဘူးလား´လို့ စာဖတ်သူများက ကျနော့်ကိုမေးချင်ပါလိမ့် မယ်။ ဥပဒေချိုးဖေါက်သူတွေအတွက် စီရင်မဲ့ဥပဒေတွေရှိပါတယ်။ တရားဥပဒေစိုးမိုးမှုရှိလာအောင်၊ တရား စီရင်ရေး စနစ် မှန်မှန်ကန်ကန်ဖြစ်လာအောင် ကျနော်တို့ကြိုးပမ်းရမှာပါ။ ကျနော်ရေးသားခဲ့သမျှဟာ ဥပဒေမဲ့ လုပ်ရပ်တွေကို အားမပေးဖို့ကိုသာ တိုက်တွန်းခဲ့တာပါ။ ဥပဒေမဲ့လုပ်ရပ်တစ်ခုကို ကျနော်တို့ မသိ ယောင်ဆောင်နေလိုက်ခြင်းဟာ တချိန်ချိန်မှာကျနော်တို့အပေါ်မှာလည်း ဒီလိုမျိုး လုပ်ဆောင်စေဖို့ ခွင့်ပြုပေးလိုက်ရာရောက်ပါတယ်။ အမျိုး၊ဘာသာ၊သာသနာ ကာကွယ်ရေးဆိုတဲ့ ခေါင်းစဉ်ကတော့ နားထောင်လို့ကောင်းပါတယ်။ ဒါပေမဲ့ လုပ်ရပ်ကဘယ်လမ်းကြောင်းကို ဦးတည်နေတယ်ဆိုတာ သတိပြု ကြပါ။ အဲဒီလမ်းကြောင်း၊ အဲဒီစနစ်ဟာကမ္ဘာသမိုင်းတလျောက် ရုပ်အဆိုးဆုံး၊ အရှက်သိက္ခာ အကင်းမဲ့ဆုံး ဖက်ဆစ်စနစ်ဆိုးကြီးတစ်ခုအဖြစ် မှတ်တမ်းဝင်ထားပါတယ်။ ဒီလိုမျိုးတရားဥပဒေကို စိမ်ခေါ်ပြီး ကိုယ့်နည်း ကိုယ့်ဟန်နဲ့ ဖြေရှင်းတတ်သည့်အလေ့အထဟာ မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှုတစ်ရပ် ဖြစ်မသွားစေရန် ကျနော် တို့တားဆီးရပါလိမ့်မယ်။ ကျနော်တို့ကိုယ်တိုင်လည်း အမုန်းကိုကျော်လွန်ပြီး မကြည့်နိုင်ပါက ဘယ်သူ ကမှ ၀ါဒဖြန့်၊ မှိုင်းတိုက်နေစရာပင်မလိုဘဲ လက်တွေ့ကျတဲ့ အခြေအနေမှန် ကိုမြင်တွေ့နိုင်မှာ မဟုတ်ပါ…။

(ဒီဆောင်းပါးမှ ပုံများကိုရှင်းရှုင်းလင်းလင်း ကြည့်ချင်ပါက ပုံဆိုက်အကြီးများကို ကျနော့် Wall ပေါ်မှာ အဲလ် ဘမ် တစ်ခုလုပ်ထားပါတယ်။

ဒီနေရာမှာ သွားယူနိုင်ပါတယ် >>>https://www.facebook.com/media/set/?set=a.430254123712454.99888.100001836114921&type=3 )

Comment ရေးရန်

Rohingya Exodus