ပေါက်တော အနောက်ရွဲ့မှ ဒုက္ခသည်များကို မူလ နေရာ ပြန်မယူရန် စည်းရုံးမှု စတင်
7.5.2016
ပေါက်တော ။ ။ ရခိုင်ပြည်နယ်၊ ပေါက်တော မြို့နယ်မှ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဒု-ဦးစီးမှူး ဦးကြည်အေး သည် ဆင်တက်မော် ရဲကင်း စခန်းမှ စခန်းမှူး ဦးကျော်ဇံ၊ အနောက်ရွဲ့ ဒုက္ခသည် စခန်း တာဝန်ခံ ဒုရဲအုပ် ထွန်းသာ တို့နှင့် အတူ မေလ (၄) ရက်နေ့ နံနက် ၁၀ နာရီ အချိန်တွင် ပေါက်တော မြို့နယ် အနောက်ရွဲ့ ရိုဟင်ဂျာ ဒုက္ခသည် စခန်းသို့ သွားရောက်၍ ဒုက္ခသည် များနှင့် တွေ့ဆုံ ခဲ့ကြသည်။
ထိုသို့ တွေ့ဆုံရာတွင် ဦးကြည်အေးက “ခင်ဗျားတို့ နေထိုင်ရေး အဆင်ပြေ ချောမွေ့စေဖို့ ကျွန်တော်တို့ အစိုးရအဖွဲ့က ဒီနေရာမှ လုံးချင်းအိမ်တွေ ဆောက်ပေးသွားမယ်၊ ခင်ဗျားတို့က အဲဒီ လုံးချင်းအိမ်တွေကို လက်ခံရမယ်၊ နောက်တစ်ချက်က ခင်ဗျား အုပ်ချုပ်ရေး အဖွဲ့ကို ပြန်လည် ဖွဲ့စည်း ပေးသွားမယ်၊ လုံးချင်းအိမ်တွေကို လက်ခံလာအောင် စည်းရုံးနိုင်တဲ့သူကိုသာ အုပ်ချုပ်ရေးမှူး ခန့်မယ်၊ အုပ်ချုပ်ရေးမှူး လုပ်ချင်တဲ့ ဆန္ဒရှိသူက ကျွန်တော်တို့ရဲ့ ၀မ်းရေးကိုလည်း ဦးစားပေးရမယ်” ဟု ပြောဆို၍ နံနက် ၁၀း၃၀ နာရီတွင် ပြန်လည် ထွက်ခွာသွားခဲ့သည်။
အုပ်ချုပ်ရေးမှူး လုပ်ချင်သူက ၎င်းတို့၏ ၀မ်းရေးကိုလည်း ဦးစားပေးရမည်ဟု ပြောဆိုခြင်းမှာ လာဘ်ငွေ ပေးရန် သွယ်ဝိုက်၍ ပြောဆိုသွားခြင်း ဖြစ်သည်ဟု ဒုက္ခသည် တစ်ဦးက RB News သို့ပြောသည်။
“အဲဒီ ဒု-ဦးစီးမှူး ဦးကြည်အေးက အုပ်ချုပ်ရေးမှူး ရာထူး မက်လုံး ပေးလိုက်တော့ အုပ်ချုပ်ရေးမှူး အသစ် ဖြစ်ချင်သူတွေနဲ့ ယခု လက်ရှိ အုပ်ချုပ်ရေးမှူး ဖြစ်နေတဲ့သူတွေရယ်၊ အရင် အဟောင်းတွေရယ် အားလုံးက သူတို့ အုပ်ချုပ်ရေးမှူး ဖြစ်လာရေး အတွက် လူတွေကို မူလနေရာ ပြန်မတောင်းဖို့၊ ဒုက္ခသည် စခန်းရှိတဲ့ အနောက်ရွဲ့မှဘဲ လုံးချင်းအိမ် ဆောက်ပေးတာကို လက်ခံပြီး အခြေချ နေထိုင်သွားဖို့ စည်းရုံးပြီး တစ်မျိုး ခြိမ်းခြောက်ပြီး တစ်ဖုံ နည်းမျိုးစုံနဲ့ ဒုက္ခပေး နေတယ်” ဟု အဆိုပါ ဒုက္ခသည်က ပြောပါသည်။
သတင်းနှင့် ဓါတ်ပုံကို Peace Muhammad Arkani မှ ပေးပို့သည်။