နောက်ဆုံးသတင်း/ဆောင်းပါးများ

ဒုချီရာတန်းမှ ရိုဟင်ဂျာ အများအပြား အသတ်ခံရ၊ ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင်နေရ

RB News
15.1.2014

မောင်တော ။ ။ ဇန်န၀ါရီလ (၁၂) ရက်နေ့တွင် ဘူးသီးတောင် မြို့နယ်မှ မောင်တော မြို့နယ်တွင် အလုပ်လုပ်ရန် မေယု တောင်တန်းကို ဖြတ်၍ လာသော ရိုဟင်ဂျာ ၈ ဦးကို ဒုချီရာတန်း ကျေးရွာ အုပ်စု အုပ်ချုပ် ရေးမှူး ဦးအောင်ဇံဖြူက ဖမ်းဆီးပြီး ကြိုးများဖြင့် ချည်နှောင်၍ ၎င်း၏ အိမ်တွင် ချုပ်နှောင် ထားခဲ့သည်။ ထို့နောက် ဖမ်းဆီး ခံရသူ အပြစ်မဲ့ ရိုဟင်ဂျာ ၈ ဦးကို ဦးအောင်ဇံဖြူနှင့် အဖွဲ့က သတ်ဖြတ်၍ မြောင်းတစ်ခု ထဲတွင် နစ်မြှပ်ထား ခဲ့သည်။ ထိုကဲ့သို့ သတ်ဖြတ်၍ မြောင်းထဲတွင် နစ်မြှပ် ထားသည်ကို ဦးအောင်ဇံဖြူ၏ အိမ်တွင် ရေခပ်သည့် အလုပ်လုပ်သော အလုပ် သမားမှ မြင်တွေ့ ခဲ့ကြောင်း သိရှိ ရပါသည်။

အဆိုပါ အလုပ် သမားသည် ဒုချီရာတန်း ရွာရှိ ၎င်း၏ အိမ်သို့ ပြန်သွား ပြီးနောက် ရွာသား များကို လူ ၈ ဦးကို သတ်ဖြတ် ခြင်းနှင့် ပတ်သက်၍ အသိပေး ခဲ့သည်။ ဇန်န၀ါရီလ ၁၃ ရက်နေ့ ညနေ ၆ နာရီတွင် ရွာသား များသည် ရိုဟင်ဂျာ ၈ ဦးကို မြှပ်နှံ ထားသည့် မြောင်းကို တူးဖော်၍ ရှာဖွေရာ အလောင်း ၈ လောင်းကို ရှာဖွေ တွေ့ရှိ ခဲ့သည်။ ရှာဖွေ တွေ့ရှိသည့် အလောင်း များမှာ အပိုင်းပိုင်း ဖြစ်နေသည်ဟု သိရှိ ရပါသည်။ ရွာသား များက အလောင်း များကို ဗီဒီယိုဖြင့် မှတ်တမ်း တင်ပြီးနောက် အလောင်း တစ်လောင်းကို ရွာထဲသို့ သယ်ဆောင် သွားရာ လမ်းတွင် ခရေမြိုင် နတလ ရွာမှ ရခိုင် များက တွေ့ရှိ သွားပြီး၊ ဦးအောင်ဇံဖြူ ထံသွားရောက်၍ အကြောင်းကြား ခဲ့သည်။ ထို့နောက် ဦးအောင်ဇံဖြူနှင့် အဖွဲ့သည် ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်း ရှိရာ ရဲကင်း စခန်းသို့ သွားရောက်၍ ဆွေးနွေး တိုင်ပင် ခဲ့ကြသည်။ အပြစ်မဲ့ ရိုဟင်ဂျာ ၈ ဦးကို သတ်ဖြတ် ခဲ့သည့် ကိစ္စကို ဖုံးကွယ်ရန် လိုအပ်နေသည့် ဦးအောင်ဇံဖြူ၊ ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်းနှင့် အဖွဲ့ တို့သည် ဒုချီရာတန်း မွတ်စလင် ရွာသို့ သွားရောက်၍ ဦးအောင်ဇံဖြူ၏ အလုပ်သမားနှင့် အလောင်း ရှာဖွေရန် သွားသူ များကို ဖမ်းဆီးရန် ကြိုးစား ခဲ့ကြသည်။ ဖမ်းဆီးရန် ရှာဖွေ နေစဉ် အတွင်း အလောင်း ရှာရန် သွားသူ တစ်ဦး၏ ညီမကို မုဒိန်း ၀ိုင်းကျင့်ရာ မုဒိန်း ကျင့်ခံရသူ အမျိုးသမီးက ရွာသား များကို အော်ဟစ် အကူအညီ တောင်းခံမှုကြောင့် ရွာသား အများအပြား ရောက်ရှိ လာပြီး ရဲများ၊ ရခိုင်များ၊ ဦးအောင်ဇံဖြူ တို့နှင့် စကားများ ခဲ့ကြသည်။ ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်းမှ စကားများ နေစဉ် အချိန် အတွင်း သေနတ်ဖြင့် ပစ်ခတ်ရာ ရိုဟင်ဂျာ နှစ်ဦး ပွဲချင်းပြီး သေဆုံး ခဲ့ရသည်။ ထို့နောက် ရွာသား များက မတရား အနိုင်ကျင့်သည့် ရဲများကို ခုခံ တိုက်ခိုက်ရာ ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်း သေဆုံး သွားပြီး၊ ဦးအောင်ဇံဖြူနှင့် အဖွဲ့ ထွက်ပြေး သွားခဲ့ကြောင်း သိရှိ ရပါသည်။ 

ဇန်န၀ါရီလ ၁၄ ရက်နေ့ နံနက် ၁ နာရီ အချိန်တွင် မောင်တော ခရိုင် ရဲတပ်ဖွဲ့မှူးနှင့် အဖွဲ့ ရောက်ရှိ လာပြီး၊ အစပိုင်းတွင် မိုးပေါ်ထောင်၍ သေနတ် ပစ်ခဲ့ပြီး၊ နောက်ပိုင်းတွင် လူအုပ် ထဲသို့ တိုက်ရိုက် ပစ်ခတ်ရာ ၁၁ ဦး ပွဲချင်းပြီး သေဆုံး ခဲ့ရသည်။ သေဆုံးသူ များ၏ အလောင်း များကို ရဲတပ်ဖွဲ့ဝင် များက သယ်ဆောင် သွားပြီး ယခု အချိန်ထိ အလောင်းပြန် အပ်နှံခြင်း မရှိကြောင်း သိရှိ ရပါသည်။ 

နံနက်ပိုင်းတွင် စစ်တပ်မှ အကြီး အကဲများ၊ စစ်သားများ၊ ခရိုင် ရဲတပ်ဖွဲ့မှူး၊ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် များ၊ ခရိုင်နှင့် မြို့နယ် အုပ်ချုပ် ရေးမှူးများ ဒုချီရာတန်းသို့ ရောက်ရှိ လာပြီး ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်းကို ရှာဖွေ ခဲ့သော်လည်း အသတ်ခံ ရသည့် အပြစ်မဲ့ ရိုဟင်ဂျာ များနှင့် ပတ်သက်၍ ပြောကြားခြင်း မရှိဟု ဒေသခံ များက RB News သို့ ပြောပါသည်။ ထို့အပြင် ဒုချီရာတန်း အရှေ့၊ အနောက်၊ တောင်နှင့် အလယ်ရွာ တို့မှ ရိုဟင်ဂျာ အမျိုးသမီးများ၊ အမျိုးသားများနှင့် သက်ကြီး ရွယ်အို များကို ဖမ်းဆီး၍ မောင်တောမြို့ ရဲစခန်းသို့ ခေါ်ဆောင် သွားခဲ့သည်။ ထိုသို့ အပြစ်မဲ့ များကို ဖမ်းဆီး နေမှုကြောင့် ဒုချီရာတန်း ရွာမှ ရိုဟင်ဂျာ အမျိုးသားများ ထွက်ပြေး တိမ်းရှောင် ကြပြီး၊ ရွာတွင် အမျိုးသမီး များနှင့် ကလေးများသာ ကျန်ခဲ့သည်။ 

စစ်တပ်နှင့် ရဲများက ဒုချီရာတန်းနှင့် ဂေါ်ဒူဆာရာ ရွာများရှိ အိမ်များကို တစ်အိမ် တက်ဆင်း ရှာဖွေ ခဲ့သည်။ ဒေသခံ များ၏ ပြောကြားချက် အရ ဒုချီရာတန်းတွင် အမျိုးသမီး အလောင်း ၁၂ လောင်းနှင့် အမျိုးသား အလောင်း ၃ လောင်း ထပ်မံ တွေ့ရှိကြောင်း သိရှိ ရသည်။ ရဲများနှင့် ရခိုင်များက အမျိုးသမီး အများ အပြားကို မုဒိန်းကျင့်ပြီး၊ ရင်သား များကို ဓါးဖြင့် ဖြတ်၍ အပိုင်းပိုင်း ခုတ်ခဲ့ကြောင်း၊ ၁၀၃ နှစ် အရွယ်ရှိ အဖွားအိုနှင့် မြေးနှစ်ယောက်ကို ရခိုင် များက ရဲများ ရှေ့တွင် ဓါးဖြင့် ထိုးသတ် သော်လည်း ဟန့်တားခြင်း မရှိ ခဲ့ကြောင်း ဒေသခံ များမှ ပြောပါသည်။ 

ကင်းချောင်း၊ ဗောဓိကုန်းနှင့် ခရေမြိုင် တို့မှ ရခိုင်များ ဒုချီရာတန်းနှင့် ဂေါ်ဒူဆာရာသို့ ၀င်ရောက် လာပြီး ရိုဟင်ဂျာ လူမျိုးများ ပိုင်ဆိုင်သည့် ပစ္စည်းများ၊ ကျွဲနွား များကို ယူဆောင် သွားခဲ့သည်။ လုံခြုံရေး တပ်ဖွဲ့ဝင် များက ဟန့်တားခြင်း မရှိသည့် အပြင် ကူညီ ဖေးမ၍ သယ်ဆောင် ပေးခဲ့ကြောင်း သိရှိ ရပါသည်။ 

ဇန်န၀ါရီ ၁၃ ရက်နေ့ ညမှ စ၍ အသတ် ခံရသူများ စာရင်း (အသတ်ခံ ရသည့် အပြစ်မဲ့ ရိုဟင်ဂျာ ၈ ဦး ဤစာရင်းတွင် မပါဝင်ပါ)

(၁) ဒေါ်မာရီယမ်ခါတူ (ဘ) ဦးဇော်မီရာ အူဒင် (အသက် ၁၀၃ နှစ်)
(၂) ဒေါ်ဇာဟီဒါ ဘေဂမ် (ဘ) ဦးအဟမတ်ဟူစိန်း (အသက် ၄၅ နှစ်)
(၃) မာမတ်ဆိုဟဲလ် (ဘ) ဦးဆော်လီမုလ္လာ (အသက် ၁၀ နှစ်)
(၄) ဒေါ်ဟူမီရာ (ဘ) ဦးအဒူရာဇတ် (အသက် ၃၅ နှစ်)
(၅) ဒေါ်မူဆနာ (ဘ) ဦးဆယဒ်အဟမတ် (အသက် ၄၀ နှစ်)
(၆) ဒေါ်နူရ်ဘေဂမ် (ဘ) ဦးဟိုရ်မူစ် (အသက် ၅၀ နှစ်)
(၇) ဒေါ်ဘေဂမ် (ဘ) ဦးမိုဟာမတ် (အသက် ၄၅ နှစ်)
(၈) အီစီဘေဂမ် (ဘ) ဦးဆယဒ်အဟမတ် (အသက် ၁၅ နှစ်) -- သုံးပိုင်းခုတ်ခံရ
(၉) အဘူဘကဲရ် ဆီဒိတ် (ဘ) ဦးအူမာရ် ဟမီးဒ် (အသက် ၂၀ နှစ်)
(၁၀) ဦးအဒူဆလာမ် (ဘ) ဦးအဒူရှကူရ် (အသက် ၆၀ နှစ်) - အဖမ်းခံ ရပြီးနောက် မောင်တောတွင် ကြိုးကွင်း စွပ်၍ သတ်ခံရ
(၁၁) ဒေါ်ဆေတာရာ (ဘ) ဦးအူမာရ်မျာ (အသက် ၃၄ နှစ်) -- တို့ဖြစ်သည်။ 

အထက်ပါ စာရင်း အပြင် ကလေးငယ် (၇) ဦး အသတ် ခံရပြီး၊ ၂ ဦးမှာ ဒေါ်မာရီယမ် ခါတူ၏ မြေးများ ဖြစ်ပြီး၊ ၂ ဦးမှာ ဒေါ်ဘေဂမ်၏ မြေးနှစ်ဦး ဖြစ်သည်။ ကျန်သည့် ကလေး ၃ ဦးမှာ ဦးနူရ် အစ္စလာမ်၏ သားသမီး ၃ ဦး ဖြစ်ကြောင်း သိရှိ ရပါသည်။ 

ပြင်းထန်စွာ ဒဏ်ရာ ရရှိသူ နှစ်ဦးမှာ --

(၁) ဦးကဘီရ် အဟမတ် (ဘ) ဦးဆယဒ် အာလမ် (အသက် ၂၅ နှစ်) - သေနတ်ဖြင့် ပစ်ခတ် ခံရ
(၂) ဒေါ်အမီနာ (ဘ) ဦးဟာဘီ အုလ္လာ (အသက် ၄၅ နှစ်) - ရိုက်နှက်၍ ခြေလက် ချိုးခံရ

ဒုချီရာတန်း ကျေးရွာတွင် ရိုဟင်ဂျာ တစ်ဦး တစ်ယောက်မှ မရှိတော့ဘဲ ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင် နေရသည်။ အစပိုင်းတွင် အမျိုးသား များသာ တိမ်းရှောင် ခဲ့သောကြောင့် အမျိုးသမီး အများစုမှာ မုဒိန်းကျင့် ခံရခြင်း၊ ရိုက်နှက် ခံရခြင်းနှင့် အသတ်ခံ ရခြင်း များစွာ ရှိကြောင်း သိရှိ ရသည်။ အသတ်ခံ ရသူ အရေ အတွက် များပြား သော်လည်း ရွာထဲသို့ လူဝင် မခံသဖြင့် အသတ်ခံ ရသူများ၏ အမည် များကို စုံစမ်းရန် ခက်ခဲ လျက်ရှိသည်။ 

ဖမ်းဆီး ခံရသူများ ထဲမှ အမျိုးသား နှစ်ဦး၊ အမျိုးသမီး ၃ ဦးနှင့် ၁၀ နှစ်အရွယ်ရှိ ကလေး ၃ ဦး ပျောက်ဆုံး လျက်ရှိသည်။ နံနက်ပိုင်းတွင် ဖမ်းဆီး သွားသော အမျိုးသမီး များကို အာဏာပိုင် များက ဂေါ်ဒူဆာရာ ကျေးရွာ အုပ်ချုပ် ရေးမှူးသို့ လွှဲပြောင်း ပေးခဲ့ပြီး ဒုချီရာတန်းသို့ ပြန်မလွှတ်ရန် မှာကြား ခဲ့ကြောင်း သိရှိ ရသည်။

ဒုချီရာတန်း၏ ပတ်ဝန်းကျင်ရှိ ရွာများတွင် အာဏာပိုင် များက ဒုချီရာတန်းမှ တိမ်းရှောင် လာသူ များကို စာရင်း ပြုစု၍ အာဏာပိုင် များထံ အစီရင်ခံရန် ညွန်ကြားထား သည်ဟု သတင်း ရရှိပါသည်။

MYARF နှင့် Sindi Khan တို့မှ ဤသတင်း အတွက် အချက် အလက်များ စုဆောင်း ပေးသည်။


Comment ရေးရန်

Rohingya Exodus