နောက်ဆုံးသတင်း/ဆောင်းပါးများ

ဆားသိပ်များနေပြီ ဦးကိုကိုကြီး | အောင်တင်



စာပေါင်းများစွာ ရေးခဲ့ဘူးပါပြီ။ ရင်နင့်နင့်နဲ့ ရေးရတဲ့ စာတွေလည်း ရှိခဲ့ပါတယ်။ ဒီစာရေးရတာလောက် ရင်ထဲမှာ ပြင်းပြင်းထန်ထန် ခံစားရတာမျိုး မကြုံဖူးသေးဘူး။ တိုင်းပြည်အတွက် အလေးထား အားကိုးရတဲ့ ရှစ်လေးလုံးမျိုးဆက် ခေါင်းဆောင်တွေဖြစ်နေလို့ပါ။ နောင်ကို ဒီလိုခံစားမှုမျိုးနှင့် ဘယ်တော့မှ မရေးရပါစေနှင့်လို့ ဆုတောင်းပါတယ်။

သမ္မတကြီး ဦးသိန်းစိန်ရဲ့ မနေ့က VOA အင်တာဗျူးအပေါ် ဦးကိုကိုကြီးရဲ့ တုန့်ပြန်ချက်ကို ဖတ်ရတော့ ဖြစ်မှ ဖြစ်ရလေ ဦးကိုကိုကြီးရယ်လို့ ရေရွတ်ရင်း ရေးဖြစ်သွားတာပါ။ ကျနော်တို့ အလွန်လေးစားအားကိုးတဲ့ ခေါင်းဆောင်တစ်ယောက်ရဲ့ အားနည်းချက်ကြောင့် ပြည်သူလူထုအကျိုး တိုင်းပြည်အကျိုးကို ထိခိုက်မှုတွေ ရှိခဲ့တဲ့အပြင် နောင်လည်း ဆက်ထိခိုက်မဲ့ အလားအလာတွေကို ထပ်တွေ့လိုက်ရတာမို့ မရေးမဖြစ် ရေးလိုက်ရပါတယ်။

အထိကရုဏ်းတွေ စဖြစ်ကတည်းက ဦးကိုကိုကြီးသည် တာဝန်ရှိတဲ့ ခေါင်းဆောင်တစ်ဦးအနေနှင့် နိုင်ငံတော် လုံခြုံရေး၊ အမျိုးသား အကျိုးစီးပွါးနှင့် အခြေခံလူ့အခွင့်အရေး၊ တရားဥပဒေစိုးမိုးရေးတွေကို ဒေါင့်စုံက မျှအောင်ကြည့်ပြီး အကြမ်းဖက်မှုတွေဖြစ်ပွါးနေတဲ့ လူအုပ်စုနှစ်ခုကို ပထမဦးစားပေးအနေနှင့် ထိမ်းထိမ်းသိမ်းသိမ်း အေးငြိမ်းသွားအောင် တိုက်တွန်းရမဲ့အစား ဘက်တစ်ဘက်ကို သွေးမြောက်စေပြီး အခြားတစ်ဖက်ကို သိမ်းကြုံးပြီး ခိုးဝင်လာတဲ့ အခြေအမြစ်မဲ့၊ ရေမျောကမ်းတင်များသဖွယ် ပစ်ပစ်ခါခါပြောခဲ့ပါတယ်။ အထိကရုဏ်းဆိုတာမျိုးဟာ ဘယ်လောက်ကြောက်စရာကောင်းပြီး ဘယ်လောက် တရားလက်လွှတ်ဖြစ်တတ်တယ်ဆိုတာကို ကုလား-ဗမာ၊ တရုပ်-ဗမာ အထိကရုဏ်းတွေကို ကြုံဖူး၊ ကြားဖူးတဲ့သူတိုင်း သိကြပါတယ်။ သွေးဆူပြီး အင်မတန်ကြောက်စရာကောင်းတဲ့ အဲဒီလို အထိကရုဏ်းကာလမျိုးမှာ သွေးအေးစေဖို့၊ လူသားတိုင်းနှင့် ထိုက်တန်တဲ့ လူ့အခြေခံအခွင့်အရေးတွေ တန်ဖိုးထားဖို့၊ အပြစ်မဲ့ပြီး အားနည်းတဲ့ သက်ကြီးရွယ်အိုတွေ၊ ခလေးသူငယ်တွေကို အထူးသဖြင့် အကာအကွယ်ပေးဖို့၊ စိတ်လိုက်မာန်ပါ မလုပ်ဆောင်ကြဖို့ တာဝန်ရှိတဲ့ ခေါင်းဆောင်တစ်ယောက်အနေနှင့် တစ်ခွန်း တစ်ပါဒမျှ မဆိုခဲ့ပါဘူး။ မဆိုခဲ့တဲ့အပြင် ဆိုင်လည်း မဆိုင် လိုလည်း မလိုအပ်ဘဲနှင့် နိုင်ငံတော် အချုပ်အခြာကြီးကို အတင်းဆွဲသွင်းပြီး တပ်မတော်နှင့် လက်တွဲချေမှုံးမယ်ဆိုပြီး ခြိမ်းချောက်လိုက်ပြန်တယ်။ ဒီလိုပြောလုံးမျိုးတွေကြောင့် ကမ္ဘာ့သမိုင်းမှာ ကြေကွဲစရာဖြစ်ရပ်တွေ အများကြီးဖြစ်ခဲ့ရတာတွေကို ဦးကိုကိုကြီးကို လေးစားလျှက် ရှိနေသေးသောကြောင့် ဥပမာဆောင်ပြီး နှိုင်းယှဉ် မဖေါ်ပြရက်ပါဘူး။ 

ဦးကိုကိုကြီးရဲ့ ရခိုင်ခရီးစဉ်တွေကိုလည်း စိတ်ဝင်စားစွာ လေ့လာနေမိတယ်။ ဦးခင်ရီရဲ့ သတင်းစာရှင်းလင်းပွဲအရ ဒုက္ခသည် ခြောက်သောင်းကျော်မှာ ရခိုင်က ရှစ်ထောင်ကျော်ဖြစ်ပြီး ကျန်တဲ့ငါးသောင်းကျော်က ရိုဟင်ဂျာတွေဖြစ်ကြောင်း သိရတယ်။ ဆင်းရဲဒုက္ခရောက်နေကြတဲ့ သွေးချင်းရခိုင်တွေကို အင်မတန်စာနာ နားလည်နေတဲ့ ဦးကိုကိုကြီးဟာ ရိုဟင်ဂျာတွေနှင့် ရခိုင်က အခြားမွတ်စလင်တွေကို စာနာမှုအပြင် အပိုဆုအဖြစ် လူ့အဖွဲ့အစည်းမှာ ကောင်းကောင်းမွန်မွန် နေထိုင်ကြဖို့ တွေ့တိုင်း ဆုံးမသြဝါဒ ပေးနေတာတွေကိုလည်း အထူးသတိထားမိပါတယ်။ ရိုဟင်ဂျာတွေနှင့် မွတ်စလင်တွေကသာ အထူးဆိုဆုံးမပေးဖို့ လိုအပ်နေတယ်လို့ ဦးကိုကိုကြီး ယူဆနေဟန်တူပါတယ်။

သမ္မတကြီးက ခိုးဝင်လာသူ မရှိသလောက်ရှိပါတယ်လို့ မနေ့တုန်းက ဆိုလိုက်မှ ဦးကိုကိုကြီးက ဧရာဝတီနှင့် သြဂုတ်လ(၁၅) အင်တာဗျူးမှာ “အဆိုပါ အချက်သည် ၄င်းတို့အဖွဲ့ တွေ့ရှိချက်များဖြင့် ထပ်တူဖြစ်၍ ကြိုဆိုကြောင်း ဧရာဝတီသို့ ပြောသည်။

“သဘောထားခြင်းက မကွာဘူး။ ဆိုတာက ကျနော်တို့ သိထားတာက လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော်က ၀င်လာတာက များတယ်။ ဒီဘက်ပိုင်းမှာ ဟိုဘက်ကမ်းက စီးပွားရေး၊ နိုင်ငံရေး၊ အုပ်ချုပ်ရေးက ကိုယ့်ထက်တောင် သာတယ်” ဟု သူက ဆိုသည်။”

ဦးကိုကိုကြီး ရခိုင်ကို နှစ်ခေါက်ရောက်ခဲ့ပြီးပါပြီ။ အရင်ကတည်းကသိနေတာကို ဘာဖြစ်လို့ မပြောဘဲ သိမ်းထားရတာလဲလို့ မေးခွင့်ပြုပါ။ စောစောပြောရင် မြန်မာပြည်သူတွေ စောစော အမှန်တရားကို သိသွားမှာကို စိုးလို့လား။ တစ်ဖက်အုပ်စုကို အမုန်းတရား နည်းသွားမှာ စိုးလို့လား။ အခု သမ္မတကြီးပြောပြီးမှ ဟုတ်ပါတယ်လို့ ဘာဖြစ်လို့ အမှီလိုက်ပြောရတာလဲ ဦးကိုကိုကြီးခင်ဗျား။ 

အဲဒီ ဧရာဝတီသတင်းထဲမှာဘဲ ဦးဝင်းတင်က “သမ္မတ အရင်က ပြောတာက အပြင်က ၀င်လာတဲ့သူက အများကြီး ပြောခဲ့တယ်။ အခုတော့ ၀င်လာတဲ့သူက လူနည်းစုလို့ ပြောတယ်။ ကျနော်တို့ နားလည်တာက အများစု ဖြစ်နေတယ်” မိမိသိခဲ့တာကို သိခဲ့တဲ့အတိုင်း ရိုးရိုးရှင်းရှင်းပြောကြားလိုက်တဲ့ ဦးဝင်းတင်နှင့် သိလျှက်နှင့် မြုံထားခဲ့တဲ့ ဦးကိုကိုကြီးပြောတာကို နှိုင်းယှဉ် စဉ်းစားနေမိတယ်။

တစ်ဆက်တည်းမှာဘဲ ပြသနာ ဖြေရှင်းပြေငြိမ်းရေးနှင့် သဟဇာတဖြစ်ရေးကို အစိုးရနှင့် ကာယကံရှင် ရခိုင်ပါတီတွေကတောင် အလေးထား ဝိုင်းဝန်းဆောင်ရွက်နေတဲ့ကာလမှာ ဦးကိုကိုကြီးက ထပ်ဖေါက်ပြီး ဆန်းဆန်းကပြီး ဖွပြော ပြောလိုက်သေးတာကို ဖတ်လိုက်ရတော့ အတော်လေး အံ့သြမိရပြန်တယ်။ ဦးကိုကိုကြီးက “သူတို့ကလည်း ကိုယ့်ကိုယ်ကိုယ် ဘင်္ဂါလီ လူမျိုးဆိုတာ မှန်မှန်ကန်ကန် ဖော်ပြဖို့ လိုတယ်။ အဲဒီလိုမဟုတ်ဘဲနဲ့ တခြား ရှိပြီးသား တိုင်းရင်းသား တမျိုးမျိုးအမည်ကို ခံပြီးတော့ မရိုးမဖြောင့်တဲ့နည်းလမ်းနဲ့ နိုင်ငံသားဖြစ်မှုကို ကြိုးစားတာမျိုး နောက်တခါ သီးခြား နာမည်တခု ဖန်တီးပြီးတော့ ဌာနေတိုင်းရင်းသားအဖြစ်နဲ့ နိုင်ငံသားဖြစ်ဖို့ ကြိုးစားတာမျိုးကိုသာ ကျနော်တို့က ထောက်ပြပြောဆိုနေတာ။”ပြောလိုက်ပြန်တယ်။

ဘာရည်ရွယ်ချက်နှင့် အခုလိုပြောလိုက်တာပါလဲ ဦးကိုကိုကြီးခင်ဗျာ။ အခုဖြစ်နေတဲ့ ကြေကွဲဖွယ်ရာ အထိကရုဏ်းသည် တစ်ဖက်နိုင်ငံသားများ အစုလိုက် အပြုံလိုက် အစီအစဉ်ရှိရှိ ထိုးဖေါက်ဝင်ရောက်လာမှုကြောင့်၊ မှူးဇော်ကဆို လက်နက်ကိုင် အကြမ်းဖက်သမားတွေ အုပ်စုလိုက် ကျူးကျော်မှုကြောင့် တိုင်းပြည်ကာကွယ်ရေးအတွက်ဆိုပြီး စဖြစ်ရတဲ့ ပြသနာဖြစ်ပါတယ် ဦးကိုကိုကြီး။ နိုင်ငံသားနှင့် ခိုးဝင်သူအပေါ်မှာ အခြေခံပြီး ဖြစ်ရတဲ့ ပြသနာဖြစ်တယ်။ နိုင်ငံသားဘဲဖြစ်သလား။ တိုင်းရင်းသားကော ဖြစ်သလားဆိုတဲ့ အငြင်းပွါးမှုကြောင့် ဖြစ်လာတဲ့ ပြသနာ လုံးဝ မဟုတ်ပါဘူး။ နိုင်ငံသားတွေအချင်းချင်း (လူဝင်မှုဝန်ကြီး ဦးခင်ရီပြောအရဆိုရင် တစ်အိမ်ထဲနေ ညီအစ်ကိုချင်း အချင်းများကြတဲ့ကိစ္စ) ဖြစ်ခဲ့ရတာမို့ နိုင်ငံတကာ လေ့လာစုံစမ်းရေး ကော်မရှင်ဖွဲ့ဖို့ မလိုတဲ့အပြင်၊ ရိုဟင်ဂျာဆိုသူတွေရဲ့ ဖွံ့ဖြိုးရေး၊ ပညာရေးအတွက် ရခိုင်အမျိုးသားတွေနှင့် နိုင်ငံတော်အစိုးရက ပူးပေါင်းဆောင်ရွက်တော့မဲ့ကာလမှာ ဘာကြောင့် တိုင်းရင်းသားကိစ္စကို ပိုမရှုပ် ရှုပ်အောင် ဆွဲသွင်းရပြန်ပါသလဲ။ ရှင်းလာတော့မဲ့ ပြသနာကို ပြန်ရှုပ်သွားအောင်၊ ဒီတမီးငြိမ်းမယ် မကြံသေးဘူး နောက်တမီး ကူးအောင် မလိုအပ်သေးဘဲ ကြီးကြီးကျယ်ကျယ် ကြိုမစဉ်းစားဖို့ တောင်းပန်ပါရစေ ဦးကိုကိုကြီး။

ရခိုင်ပြည်နယ်မှာ အထူးသဖြင့် ဆင်းရဲမွဲတေနေတဲ့ မွတ်စလင်လူများစုကြီးကိုသာ ရေနစ်ရာ ဝါးကူထိုးသလို အစားအစာ မရောင်းရ၊ အဆက်အဆံ မလုပ်ရ။ အလုပ်အကိုင် မပေးရ။ ဆေးဝါး မပေးရ။ အကူအညီ မပေးရဆိုတဲ့ ကြေညာချက်တွေကို အဖွဲ့အစည်း အမျိုးမျိုးတွေ၊ တံဆိပ်တုန်း အမျိုးမျိုးတွေနှင့် တရားဝင် လက်မှတ်ရေးထိုး ပလူပျံအောင် ထုတ်ပြန်နေတာ၊ လက်တွေ့အကောင်အထည် ဖေါ်နေတာ၊ လူသားချင်း စာနာစိတ်နှင့် အကူအညီပေးမိတဲ့ လူသားဆန်တဲ့ ရခိုင်လူမျိုးတွေကို အဲဒီအစွန်းရောက်တွေကဘဲ လူပုံလယ်မှာ အရှက်ရအောင် အပြစ်ဒါဏ်တွေ ပေးနေတာကိုကော ဦးကိုကိုကြီးရဲ့ ရခိုင်ပြည်ခရီးစဉ်မှာ မသိခဲ့ပါဘူးလို့ ဆိုရဲလား။ စဉ်းစားပါဗျာ။ ဒါကို သိလျှက်နှင့် ဘာဖြစ်လို့ မကန့်ကွက်ရပါသလဲ။ မှန်တယ်ထင်လို့ မကန့်ကွက်ရတာလား။ အမျိုးသားရေးမှာ ဆားများလို့ မရသလို ဆားနည်းလို့ မရဘူးလို့ ဦးကိုကိုကြီး ဆိုခဲ့ပါတယ်။ ဆားနည်းရင် တိုင်းပြည်အချုပ်အခြာနှင့် လုံခြုံရေးကို ထိခိုက်သလို ဆားများသွားရင် လူမျိုးရေး အစွန်းရောက်(Rascisim) ဖြစ်ပါတယ်။ ဆားကို မလို မပို ပုံမှန်လေးထည့်ဖို့ သတိပေးပါရစေ ဦးကိုကိုကြီး။

ပြည်ထောင်စုကာကွယ်ရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီးလှမင်းက သြဂုတ်(၈)၊၂၀၁၂ခု ရခိုင်ပါတီနှစ်ခုနှင့် အစိုးရဆွေးနွေးပွဲမှာ “ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၏ ရခိုင်ပြည်နယ်အရေးအခင်းမှာ ပါဝင်ပတ်သက်မှုများ”ကို ပြောခဲ့ပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌက “ဆက်မလုပ်ကြရန်၊ လုပ်ရင်တော့ အရေးယူမည်”လို့ ပြောလိုက်ပါပြီ။ တစ်ကယ်တော့ RNDP ဥက္ကဌ ဒေါက်တာဦးအေးမောင်နှင့် သူ့အမှုဆောင်အဖွဲ့ဝင်တွေရဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှု၊ လူမျိုးရေး အစွန်းရောက်မှု၊ လှုံ့ဆော်မှုတွေ၊ အစ္စရေးနိုင်ငံတည်ထောင်တဲ့အခါ ပါလက်စတိုင်းတွေကို လုပ်(မောင်းထုတ်၊ သတ်ဖြတ်)သလိုလုပ်ရမယ် ဆိုတာကို လူသိရှင်ကြား ပြောထား၊ ထုတ်ပြန်ထားတာတွေက အီလက်ထရောနစ်ခေတ်မှာ အထင်ကရ အထောက်အထားတွေ ဖြစ်နေပါပြီ။ ဦးကိုကိုကြီးလို ထင်ရှားတဲ့ ခေါင်းဆောင်တစ်ဦးက သိထားပြီးဖြစ်မှာပါ။ တော်ကြာ သမ္မတကြီးက အစွန်းရောက်တွေကို အရေးယူတဲ့အခါကျမှ ကျနော်သိထားတာနှင့် အတူတူဘဲဆိုပြီး နောက်ကလိုက်ပြောရတာမျိုး ထပ်မဖြစ်ရလေအောင် အဲဒီရခိုင်ပါတီတွေကို ဦးကိုကိုကြီးက ဆိုဆုံးမတာတွေကို အချိန်သိပ်မနှောင်းခင် အမြန်လုပ်ထားဖို့ လေးစားစွာ တိုက်တွန်းလိုက်ပါတယ်။

အောင်တင် 
သြဂုတ်(၁၅) ၂၀၁၂

  1. ကိုကိုကြီးရေ ဘယ်လိုပဲကြည့်ကြည့် မင်းတို့လုပ်နေတာတွေက ပြည်သူလူထု အတွက် မဟုတ်ပါဘူး၊ မင်းတို့အတွက် လုပ်နေတယ်ဆိုတာ ရှင်းနေတာပါပဲ။ပ၊ အခုအချိန်မှာ ပညာရှာမယ်ဆိုတော့လည်း ခွေးကြီးမှ လက်ပေးသင်သလို အရာမရောက် တော့ပါဘူး၊ ရှိပြီးသားပညာအရည်အချင်းကလည်း ယနေ့လို အိုင်တီခေတ်ကြီးထဲမှာ ဘာမှလုပ်ကိုင် စားသောက်လို့မရတော့ ကိုယ့်ဘာသာ နိုင်ငံရေး သူရဲကောင်းဘွဲ့ခံပြီး မြိုးမြိုးမြက်မြက်နဲ့ မိသားစု ၀င်ငွေ ရအောင် နိုင်ငံရေးသူတောင်းစား လုပ်စားဖို့ပဲ ရှိတော့တာပေါ့။ နိုင်ငံရေး ဇာတ်ခုံပေါ်ကနေ ခွေးကျမကျ ပါစေနဲ့လို့ ဆုတောင်းပေးလိုက်ပါတယ်။
    ကိုကိုကြီးအေဖွဲ့အနေနဲ့ လူမှုရေးလုပ်ငန်းတွေမှာသုံးစွဲဖို့ဆိုပြီး ပြည်တွင်း ပြည်ပက လှူဒါန်းထားတဲ့ငွေကြေးတွေကို သူတို့အဖွဲ့ရဲ့ ရုံးခန်းဖွင့်လှစ်ဖို့ကိစ္စ၊ ရုံးသုံးတယ်လီဖုန်းတပ်ဆင်တဲ့ကိစ္စနဲ့ တစ်ဦးချင်း တယ်လီဖုန်းဝယ်ယူသုံးစွဲမှုတွေအပြင် အဖွဲ့ဝင်တွေထဲက မပြေလည်သူတွေရဲ့စားဝတ်နေရေးကို ထောက်ပံ့ပေးတာကိုလဲ သုံးစွဲခဲ့တယ်လို့ပြောပါတယ်။ ဒါ့အပြင် သူတို့အဖွဲ့တွေပြည်တွင်းနိုင်ငံရေးဟောပြောတဲ့ ခရီးစဉ်တွေမှာလဲ ငွေကြေးတွေ သုံးစွဲခဲ့ပါတယ်။ ပြည်ပခရီးစဉ်တွေမှာ သုံးစွဲဖို့ အတွက်လည်း ငွေကြေးအမြောက်အမြား ချန်ထားတဲ့အကြောင်းနဲ့ အမှန်တကယ် ဆင်းရဲဒုက္ခရောက်နေတဲ့ ပြည်သူတွေ သုံးစွဲတဲ့ ငွေကြေးပမာဏဟာ ပြောပလောက်စရာမရှိဘူးလို့ မေလ (၁၆) ရက်နေ့က ကျင်းပပြုလုပ်တဲ့ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီဌာနချုပ်ရုံးမှာ ဦးခင်မောင်ဆွေ (စမ်းချောင်း)က ထောက်ပြပြောဆိုခဲ့ပါတယ်။]

  2. တကယ်တော့ ကိုကိုကြီးရော ဦးဇာဂနာရော နိုင်ငံရေးကို ကိုယ်ကျိုးစွန့်လုပ်ခဲ့ကြပါတယ်
    ဒါပေမဲ့ အမေစုလိုတော့ အသိပညာ ဗဟုသုတ ဥာဏ်ပညာ ကြီးမားတာတွေကို လုံးဝမ
    မှီပါဘူး မသိရင်နှုတ်ပိတ်နေတာကောင်းတယ် ဟောင်ဖွာ ဟောင်ဖွာနဲ့ ရှောက်ပြောနေရင်
    လူမုန်းခံရတာပဲ အဖတ်တင်မယ်
    ဗုဓ္ဓဘာသာ အမှန်ဆိုရင်တော့ မကောင်းတဲ့ စကား မကောင်းတဲ့အပြုအမူ ကို ရှောင်ကျဉ်
    ကြပါတယ် လူသားတွေကို လူသားတွေလို့ မြင် ကြပါတယ်

  3. ထောင်ထွက်ကိုကိုကြီးက ထောင်အကြောင်းဘဲးနားလည်မှာပါ နိုင်ငံေ၇းမှာကတော့ သူးများပြောတာတွေကို
    သံေ၇ာင်လိုက်ပြီးေ၇ာ၇ိုက်နေတော့မှာလေ ဒါမှစားဝတ်နေေ၇ ကိစ္စလေးကအစဉ် ပြေ့မှာပါ အပြင်မှာ၇ှာဖွေစားသောက်ဘို့က ပညာကလည်း ဟိုမေ၇ာက်ဒီမေ၇ာက် နားလည်ပေးကြပါခင်ဗျာ ။။။

  4. မရဲ့ ကမန်းလေးတွေ တော်တော် သဘောကျစရာကောင်းပါတယ်။ ရဲရဲဝံ့ဝံ့ ပြောဆိုတတ်ဒါကို လဲ လေးစားပါတယ်။ ကံကောင်းပါစေလို့ ဆုမွန်ကောင်းပါးအပ်ပါတယ်။

Comment ရေးရန်

Rohingya Exodus