နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာကဒ် မပြနိုင်ဟုဆိုကာ လုံခြုံရေး လုံထိန်းများက ငွေညှစ်




RB News
9.4.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ရွှေဇား တံတား ရဲကင်းစခန်းတွင် လုံခြုံရေး တာဝန်ယူထားသည့် ရဲများက ခရီးသွား ရိုဟင်ဂျာများအား ရိုဟင်ဂျာကဒ် မပြနိုင်ဟု ဆိုကာ ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

ယနေ့ နံနက် ၁၀ နာရီ အချိန်တွင် မောင်တောမြို့နယ်၊ အမှတ် (၆) နယ်မြေ အပိုင် မင်္ဂလာကြီး ကျေးရွာမှ မောင်တောမြို့ပေါ်သို့ သွားနေသည့် တက္ကစီကား တစ်စီးကို ရွှေဇား တံတားရှိ လုံခြုံရေး လုံထိန်းများက တားပြီး ခရီးသွား များအား ရိုဟင်ဂျာ ကဒ်မပြနိုင်ဟု ဆိုကာ ငွေညှစ်ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

“ဒီနေ့ မနက် ၁၀ နာရီက မင်္ဂလာကြီး ကနေ မောင်တောမြို့ပေါ် သွားနေတဲ့ ဦးမာဘူလူ မောင်းတဲ့ တက္ကစီ သုံးဘီးကားကို ရွှေဇား တံတား ပေါ်က လုံခြုံရေး တွေက စစ်တယ်။ ကားပေါ်မှာ ခရီးသည် ၁၀ ယောက် ပါပါတယ်။ လုံထိန်းတွေက မင်းတို့ ရိုဟင်ဂျာကဒ် ပြလို့ ပြောတော့၊ ဘယ်သူ့မှ မပြနိုင်ကြဘူး။ အဲဒီတော့ လုံထိန်းက ရိုဟင်ဂျာ ကဒ်မရှိရင် တစ်ယောက်ကို ငွေတစ်ထောင် ပေးရမယ်လို့ ညစ်တယ်။ နောက်ဆုံးတော့ ခရီးသွားလာရတာ နှောင့်နှေးမှာ စိုးလို့ ခရီးသည် ၁၀ ယောက်က ငွေတစ်သောင်း ပေးမှ သွားခွင့် ပေးလိုက်တယ်” ဟု ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။

“ကျွန်တော်တို့ ကိုင်ထားတဲ့ ၀ှိုက်ကဒ်မှာ ဘင်္ဂလီ ရေးထားတာ မှန်ပါတယ်။ တချို့ကို မွတ်စလင်လို့ ရေးထားတယ်။ ၁၉၉၄ ခုနှစ်ကစပြီး ကျွန်တော်တို့ရဲ့ အမျိုးသား မှတ်ပုံတင်တွေကို အိမ်တိုင်ရာရောက် အတင်း အဓမ္မ သိမ်းခဲ့တယ်။ ပြီးတော့ ၀ှိုက်ကဒ်ကို အတင်း အဓမ္မ ပေးခဲ့တယ်။ ၀ှိုက်ကဒ်မှာ ရေးထားတဲ့ ဘင်္ဂလီကို ကန့်ကွက်ဖို့ ဆိုတာ မဖြစ်နိုင်ခဲ့ဘူး။ ကျွန်တော်တို့ကို သေနတ်နဲ့ ချိန်ပြီး ပေးခဲ့တာ။ အဲဒီတုန်းက စစ်အစိုးရက ဘယ်လောက် ရက်စက်တယ် ဆိုတာ လူတိုင်း သိပါတယ်။ အဲဒါကို အဲဒီတုန်းက ဘာလို့ မကန့်ကွက်ခဲ့ဘူးလို့ သမ္မတ ပြောရေးဆိုခွင့် ရှိသူ ဦးရဲထွဋ်က စောဒက တက်တာ တွေ့ရပါတယ်။ သူလည်း အဲဒီတုန်းက စစ်တပ်မှာ တာဝန်ထမ်းဆောင် နေခဲ့တဲ့ အချိန်ဖြစ်ပြီး၊ လူတွေကို ဘယ်လို ရက်ရက်စက်စက် ရိုက်နှက် သတ်ဖြတ်ခဲ့တယ် ဆိုတာ သူကိုယ်တိုင် သိပါတယ်။ အခု သန်းခေါင်စာရင်းမှာ ကျွန်တော်တို့က ကျွန်တော်တို့ရဲ့ လူမျိုး အမည်မှန် ရိုဟင်ဂျာလို့ ပြောတာကို အငြိုးထားပြီး အမျိုးမျိုး ဒုက္ခ ပေးနေတယ်” ဟု အဆိုပါ ဒေသခံက ဆက်လက် ပြောပါသည်။

Comment ရေးရန်

Rohingya Exodus