နောက်ဆုံးသတင်း/ဆောင်းပါးများ

၉၁၄ ဘေးတွင် ကွက်လပ် ထားမည်ကို ရိုဟင်ဂျာများ လက်ခံပေးရန် အာဏာပိုင်များ ညှိနှိုင်းခဲ့



RB News
5.4.2014

စစ်တွေ ။ ။ ရခိုင်ပြည်နယ် အတွင်းရှိ ဒေသခံ ရိုဟင်ဂျာများကို သန်းခေါင်စာရင်းတွင် ၉၁၄ ဘေး၌ လူမျိုးအမည် မဖြည့်ဘဲ ကွက်လပ်ထားရန် ကိစ္စကို လက်ခံပေးရန် ဒေသဆိုင်ရာ အာဏာပိုင်များက ဧပြီလ ၄ ရက်နေ့တွင် ညှိနှိုင်းခဲ့ကြောင်း သတင်း ရရှိပါသည်။

ဧပြီလ (၄) ရက်နေ့ နံနက်ပိုင်းတွင် ရခိုင်ပြည်နယ် ပြည်နယ် လ.၀.က မှူး ဦးကျော်ယဉ်ဦး ဦးဆောင်သည့် အဖွဲ့သည် စစ်တွေမြို့ အောင်မင်္ဂလာ ရပ်ကွက်သို့ လာရောက်၍ ဒေသခံ ရိုဟင်ဂျာ ရပ်မိရပ်ဖ ၃၀ ဦးခန့်နှင့် တွေ့ဆုံ၍ သန်းခေါင်စာရင်း ကောက်ရာတွင် ကုဒ်နံပါတ် ၉၁၄ ဘေးတွင် လူမျိုးအမည် မဖြည့်ဘဲ ကွက်လပ် ထားရန် (သို့မဟုတ်) လူမျိုး အမည်နေရာတွင် မွတ်စလင်ဟု ရေးသားရန် လာရောက်၍ ညှိနှိုင်းခဲ့ကြောင်း အောင်မင်္ဂလာ ရပ်ကွက်မှ ဒေသခံ ရိုဟင်ဂျာ တစ်ဦးက RB News သို့ ပြောပါသည်။ သို့သော်လည်း ဒေသခံ ရပ်မိရပ်ဖ များက ၎င်းတို့ အနေဖြင့် လက်မခံနိုင်ကြောင်း အကြောင်းပြန်ကြား ခဲ့ပြီး၊ ရိုဟင်ဂျာ သက်ကြီး တစ်ဦးနှင့် အမျိုးသမီးငယ် တစ်ဦးတို့က ဦးကျော်ယဉ်ဦးကို မေးခွန်းများ ထုတ်ခဲ့သော်လည်း ရေရာ သေချာသည့် အဖြေများ မပေးနိုင်ဘဲ တွေ့ဆုံ ညှိနှိုင်းပွဲကို အဆုံးသတ် ခဲ့ရကြောင်း သိရှိရပါသည်။

အလားတူ မောင်တောမြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်များမှ ပြည်နယ် လွှတ်တော် အမတ်များ ဖြစ်သည့် ဦးအောင်မျိုးမင်းနှင့် ဒေါက်တာ ဘရှီးရ်အာမတ် တို့ကိုလည်း ဒေသဆိုင်ရာ အာဏာပိုင်များ ဖြစ်သည့် တပ်မမှူး၊ ဗျူဟာမှူးများက မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ရုံးသို့ ဖိတ်ခေါ်၍ တွေ့ဆုံ ညှိနှိုင်းခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ ဒေသဆိုင်ရာ အာဏာပိုင်များက လူမျိုးအမည် နေရာတွင် ကွက်လပ် ထားရန် ညှိနှိုင်းခဲ့ပြီး၊ ပြည်နယ် လွှတ်တော်အမတ်များက ပြည်ထောင်စု အစိုးရက ကြေညာချက် ထုတ်ပြန်ပါက ထိုကိစ္စကို ဒေသခံ ပြည်သူများနှင့် ညှိနှိုင်းရန် လွယ်ကူမည် ဖြစ်ကြောင်း ပြန်လည် ဆွေးနွေးခဲ့သည်ဟု သိရှိရသည်။

“၁၉၇၃၊ ၁၉၈၃ ခုနှစ်တုန်းက ကျွန်တော်တို့ ရိုဟင်ဂျာ ဖြည့်တာကို အစိုးရက ဖျက်ပြီး ဘင်္ဂလီလို့ ပြင်တယ်။ အခု ကွက်လပ် ထားပေးလိုက်ရင်တော့ အစိုးရ စိတ်ကြိုက်ပေါ့။ ကျွန်တော်တို့ အဲဒီလောက်ထိ ပညာမမဲ့သေးဘူး။ ကျွန်တော်တို့က ဥပဒေဘောင် အတွင်းက ကျွန်တော်တို့ လူမျိုးနာမည် ကျွန်တော်တို့ ရေးဖို့ ပြောနေတာပါ။ အစိုးရက ဥပဒေ ချိုးဖောက်ပြီး အမျိုးမျိုးလုပ်နေတာ။ အခုလည်း ကျွန်တော်တို့ သန်းခေါင်စာရင်းကို သပိတ်မှောက် နေတယ် ဆိုတာ လုံးဝ မမှန်ကန်ဘူး။ ကျွန်တော်တို့ သန်းခေါင်စာရင်း အကောက်ခံ နေတယ်။ အစိုးရက ရိုဟင်ဂျာ ဆိုရင် မကောက်တာ။ ကျွန်တော်တို့က ရိုဟင်ဂျာပါ။ ရိုဟင်ဂျာက အမြဲ ရိုဟင်ဂျာလို့ဘဲ ပြောမှာပါ” ဟု ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

Comment ရေးရန်

Rohingya Exodus