နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်တော စ.ရ.ဖ နှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့များက ဒေသခံများကို ရိုက်နှက်၍ ငွေညှစ်




RB News
21.5.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ကြိမ်ချောင်း စ.ရ.ဖ က ငွေညှစ်ခြင်း၊ ရေတွင်းပြင် ကင်းစခန်းမှ နယ်ခြားစောင့် ရဲတပ်ဖွဲ့က ငါးဖမ်းသမား များကို ရိုက်နှက်၍ ငွေညှစ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

မေလ (၂၀) ရက်နေ့ နံနက် (၁၁) နာရီ အချိန်တွင် မောင်တောမြို့နယ်၊ ကြိမ်ချောင်း ကျေးရွာ အုပ်စု အခြေစိုက် စ.ရ.ဖ မှ ဦးစည်သူအောင်နှင့် တပည့် ဖြစ်သူ ဦးတော်ယုဘ် တို့က လောင်းဒုံး ကျေးရွာမှ ဦးဆော်လိမ် (ဘ) ဦးနာဂူ (အသက် ၄၀ နှစ်) နှင့် ငါးခူရ ကျေးရွာမှ ဦးနူရ်အာလမ် တို့ထံမှ ငွေကျပ် နှစ်သောင်းစီ ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ ငွေညှစ်ခံရသူ နှစ်ဦးသည် တောင်ပြိုလက်ဝဲ မြို့နယ်ခွဲမှ ပစ္စည်းများ ၀ယ်ယူလာပြီး မိမိတို့၏ ကျေးရွာ များတွင် ပြန်လည် ရောင်းချ၍ အသက်မွေးဝမ်း ကျောင်းပြုနေသူများ ဖြစ်ကြသည်။ စ.ရ.ဖ မှ ဦးစည်သူအောင်က ၎င်းတို့ကို ဘင်္ဂလားဒေ့ရှ်မှ ပစ္စည်းများ ရောင်းသည်ဟု စွပ်စွဲ၍ ငွေညှစ်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

မေလ (၁၉) ရက်နေ့တွင် မောင်တောမြို့နယ်၊ ရေတွင်းပြင် ကျေးရွာမှ ငါးဖမ်းရန် ဆွဲပိုက် ပိုက်ငယ် များဖြင့် ငါးဖမ်း ထွက်ခဲ့သူများကို ကင်းစခန်းမှ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များက ရိုက်နှက်၍ ငွေညှစ်ခဲ့သည်။ ငါးဖမ်းရန် သွားသူများသည် ငါးဖမ်းကွက်ကြေးနှင့် လိုင်စင်ကြေးများကို ပုံမှန် ပေးသွင်း နေသူများ ဖြစ်သည့် အပြင်၊ စခန်း အမှတ် (၁၀) ကိုလည်း လစဉ် ဆက်ကြေးငွေ တစ်သောင်းကိုလည်း ပုံမှန် ပေးသွင်း နေသူများ ဖြစ်ပါသည်။ ထို့အပြင် ရေတွင်းပြင် စခန်းကိုလည်း မကြာခဏ ဆက်ကြေး သဖွယ် ပေးနေရသည်။

အောက်ပြူးမ ကင်းစခန်းမှ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များသည် အောက်ပြူးမ ချောင်းတွင် ငါးရှာနေသည့် ငါးဖမ်းသမား များကို စက်လှေဖြင့် သွားရောက်၍ ဖမ်းဆီးခဲ့ပြီး လူမဆန်စွာ ရိုက်နှက်ခဲ့သည်။ ငါးဖမ်းသမား တစ်ဦး ဖြစ်သည့် ဦးဟာမိတ်ကို သေနတ်ဖြင့် ရိုက်နှက်ခြင်းကြောင့် ဒူးကွဲသွားကြောင်း သိရှိရပါသည်။ ထို့အပြင် ရဲတပ်ဖွဲ့ဝင်များက လှေများနှင့် ပိုက်များကို သိမ်းယူပြီး ငါးဖမ်းသမား များကို အောက်ပြူးမချောင်းအား ရေကူး၍ ကူးစေခဲ့သည်။ မေလ (၂၀) ရက်နေ့တွင် ရဲတပ်ဖွဲ့ဝင် များက လှေနှစ်စီးနှင့် ပိုက်များကို ငွေကျပ် နှစ်သိန်း ပေးမှသာ ပြန်လည် ပေးမည်ဟု ပြောဆိုခဲ့ရာ၊ ငါးဖမ်းသမားများက လှေနှစ်စီး အတွက် ငွေကျပ် လေးသောင်း ပေးမည်ဟု ညှိနှိုင်း၍ ငွေကျပ် လေးသောင်း ပေးခဲ့ရကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ရဲတပ်ဖွဲ့ဝင်များက ငွေကျပ် လေးသောင်းယူပြီး လှေနှစ်စီးနှင့် ပိုက်များကို ပြန်လည် ပေးခဲ့သော်လည်း လှော်တက်များနှင့် သတင်းပို့သည့် စာအုပ်များကို ပြန်လည် ပေးအပ်ခြင်း မရှိဟု ငါးဖမ်းသမားများက ပြောပါသည်။

ရိုက်နှက်၊ ငွေညှစ်ခံရသည့် ငါးဖမ်းသမား များမှာ --

လှေ (၁) –

(၁) ကိုဂျာဟန်ဂိရ် (ဘ) ဦးဆော်ဖောရ်ဒိန် (အသက် ၂၅ နှစ်) -- ဆွဲပိုက်ပိုင်ရှင်
(၂) ကိုဆော့သာရ် (ဘ) ဦးဟာဆူမျာ (အသက် ၂၁ နှစ်) -- ငါးဖမ်းလုပ်သား
(၃) ကိုဟာမိတ် (ဘ) ဦးအဒူလိုက် (အသက် ၂၇ နှစ်) -- ငါးဖမ်းလုပ်သား
(၄) မိုဟာမတ်ဇူဘိုင်ရ် (ဘ) ဦးဟူဆောင် (အသက် ၁၁ နှစ်)
(၅) ကိုအီနုစ် (ဘ) ဦးဆော်ဖောရ်ဒိန် (အသက် ၁၉ နှစ်)


လှေ (၂) –

(၁) ဦးဆွေတာလမ် (ဘ) ဦးအဒူဇော်လိလ် (အသက် ၆၀ နှစ်) -- ဆွဲပိုက်ပိုင်ရှင်
(၂) ဦးအဘူဆီဒိတ် (ဘ) ဦးဆွေတာလမ် (အသက် ၃၅ နှစ်)
(၃) ရော်ဖိတ် (ဘ) ဦးအဘူဆီဒိတ် (အသက် ၁၀ နှစ်)
(၄) အာယာစ် (ဘ) ဦးဆောဒုလ်အာမီးန် (အသက် ၁၂ နှစ်)
(၅) ကိုဇာမာလ် (ဘ) ဦးဖော့ကိရ်အာမတ် (အသက် ၂၅ နှစ်) -- တို့ဖြစ်သည်။

Comment ရေးရန်

Rohingya Exodus