နောက်ဆုံးသတင်း/ဆောင်းပါးများ

ကြိမ်ချောင်း စ.ရ.ဖ နှင့် နယ်ခြားစောင့်တပ် တို့က ခြိမ်းခြောက်၍ ငွေညှစ်




MYARF
RB News
16.5.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ကြိမ်ချောင်း ကျေးရွာ အခြေစိုက် စ.ရ.ဖ နှင့် နယ်ခြားစောင့်တပ် တို့က ခြိမ်းခြောက်၍ ငွေညှစ်ခြင်းများ ပြုလုပ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

မေလ (၁၅) ရက်နေ့ နံနက် ၁၁ နာရီ အချိန်တွင် မောင်တောမြို့နယ် မြောက်ပိုင်း ကြိမ်ချောင်း ကျေးရွာ အခြေစိုက် စ.ရ.ဖ မှ ဦးစည်သူအောင်သည် ကြိမ်ချောင်း အလယ်ရွာမှ ဦးအဘူတောယုဘ် (ဘ) ဦးဖူရုခ်နှင့် အတူ အောင်စစ်ပြင် ကျေးရွာ အုပ်စု၊ ဒုံးပိုက်ရွာသို့ သွားရောက်၍ ၀ါးကုန်သည် တစ်ဦး ဖြစ်သူ ဦးအလီကို သမီးဖြစ်သူအား နိုင်ငံခြားသို့ ပို့ခဲ့သည်ဟု ဆိုကာ ငွေကျပ် ၅၀၀၀၀/- (ငါးသောင်း) ညှစ်ယူခဲ့သည်။

အဆိုပါ စ.ရ.ဖ ဦးစည်သူအောင်သည် မေလ (၅) ရက်နေ့ကလည်း ကြိမ်ချောင်းဈေးရှိ ဆေးဆိုင် ပိုင်ရှင်များ ဖြစ်သည့် (၁) ဦးရှော်ရိဖ် (၂) ဦးဖော်ရိတ် (၃) ဦးဟာဘီအုလ္လာ (၄) ဦးလောင်းဒေါရ် (၅) ဦးဖေရာန်အလီ တို့အပါအ၀င် ဆေးဆိုင် ပိုင်ရှင် (၁၅) ဦးထံမှ ငွေကျပ် ၃၀၀၀၀/- စီ အကြောင်းမဲ့ ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ ဦးစည်သူအောင်က ၎င်းတို့ကို “ငါ့အတွက် တိုင်ချင်ရင် ကြိုက်တဲ့ နေရာကို သွားတိုင်၊ ဘယ်သူ့ကိုမှ ငါမကြောက်ဘူး” ဟု ပြောဆို၍ လုပ်ပိုင်ခွင့် အာဏာကို အလွဲသုံးစား ပြုလုပ်၍ ငွေညှစ်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

မေလ (၁၂) ရက်နေ့ နံနက် ၁၀ နာရီ အချိန်တွင် ကြိမ်ချောင်း ကျေးရွာရှိ ရဲကင်းစခန်းမှ နယ်ခြားစောင့်တပ် ဒုရဲအုပ် တစ်ဦးနှင့် တပ်ဖွဲ့ဝင် တစ်ဦးတို့သည် ကြိမ်ချောင်းရှိ ပရိဘောဂ ဆိုင်သို့ သွားရောက်၍ စခန်းမှူး အတွက် CDMA ဖုန်း တစ်လုံး ၀ယ်ပေးရန် ငွေကျပ် လေးသိန်း မတရားသဖြင့် တောင်းခံခဲ့ရာ၊ ဆိုင်ရှင် ဖြစ်သူက မပေးနိုင်ဟု ဆိုကာ ငြင်းဆို သဖြင့် ဆိုင်ရောင်းခွင့် ပိတ်ပင်၍ လူကိုပါ ဖမ်းဆီးမည်ဟု ခြိမ်းခြောက်ခဲ့သည်။ ထို့နောက် ဒုရဲအုပ်က CDMA ဖုန်းအတွက် ငွေကျပ် လေးသိန်းကို ရက်ပေါင်း ၂၀ အတွင်း ပေးရမည်ဟု ပြောဆို၍ ထွက်ခွာသွားခဲ့ကြောင်း အမည် မဖော်လိုသည့် ဆိုင်ရှင်က ပြောပါသည်။

Comment ရေးရန်

Rohingya Exodus