နောက်ဆုံးသတင်း/ဆောင်းပါးများ

ဘူးသီးတောင်တွင် ၀မ်းပျက် ၀မ်းလျှော ရောဂါကြောင့် ၂၈ ဦး သေဆုံး




RB News
11.6.2014

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင် ၀မ်းပျက် ၀မ်းလျှော ရောဂါ ဖြစ်ပွားလျက် ရှိပြီး၊ မေလ (၂၀) ရက်နေ့မှ ဇွန်လ (၁၁) ရက်နေ့ အတွင်း ၂၈ ဦး သေဆုံးခဲ့ရကြောင်း သတင်း ရရှိပါသည်။

ဘူးသီးတောင်မြို့နယ်ရှိ ကျေးရွာ (၁၀) ရွာတွင် ၀မ်းပျက် ၀မ်းလျှော ကာလ၀မ်း ရောဂါ ဖြစ်ပွားလျက် ရှိပြီး မေလ (၂၀) ရက်နေ့မှ ဇွန်လ (၁၁) ရက်နေ့ အတွင်း သေဆုံးသူပေါင်း ၂၈ ဦး ရှိသွားပြီ ဖြစ်ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ကာလ၀မ်း ရောဂါကြောင့် လူများ သေဆုံးလျက် ရှိသော်လည်း မြို့နယ် အုပ်ချုပ်ရေးနှင့် ကျန်းမာရေး ဦးစီးဌာန တို့မှ လိုအပ်သည့် အကူအညီများ မပေးသည့် အပြင် NGO, INGO များကိုလည်း ကူညီ ဆောင်ရွက် ပေးခွင့် မပေးကြောင်း အဆိုပါ ဒေသခံမှ ပြောပါသည်။ ကာလ၀မ်း ရောဂါ၏ ဒဏ်ကို ဒေသခံများ အလူးအလဲ ခံစားနေရသော်လည်း အကူအညီမဲ့ ဖြစ်နေသည်ဟု ဆိုသည်။

“အကူအညီမဲ့ ဖြစ်နေတဲ့သူတွေ အတွက် ဆေးဝါးတွေ၊ ရေသန့်နဲ့ ဓါတ်ဆားတွေ အရေးတကြီး လိုအပ်နေပါတယ်။ လိုအပ်တာတွေ လှူဒါန်းပေးဖို့ အလှူရှင်များကို မေတ္တာ ရပ်ခံပါတယ်” ဟု အဆိုပါ ဒေသခံမှ RB News သို့ပြောပါသည်။

သေဆုံးသွားသူ ၂၈ ဦးမှာ သိမ်တောင်ရွာမှ (၂) ဦး၊ ၀ါရှီးလာရွာမှ (၇) ဦး၊ သပိတ်တောင်ရွာမှ (၄) ဦး၊ ဒါးပိုင်ဆရာရွာမှ (၃) ဦး၊ တပ်မင်းချောင်းရွာမှ (၃) ဦး၊ ကင်းတောင်ရွာမှ (၂) ဦး၊ ရွာမရွာမှ (၁) ဦး၊ နံ့ယာကုန်းရွာမှ (၂) ဦး၊ ခြင်းသမားရွာမှ (၂) ဦးနှင့် စိမ်းညှင်းပြာရွာမှ (၂) ဦးတို့ ဖြစ်ပါသည်။

Comment ရေးရန်

Rohingya Exodus