မျော်လင့်ချက် ကမ္ဘာ ပျက်သွားတဲ့ည (သို့မဟုတ်) ငရဲပြည် ဖြစ်သွားတဲ့ ညတစ်ည
(ဓါတ်ပုံ - Reuters) |
ရေးသားသူ - ယျာတင် (MYARF)
RB ကဗျာ
11.6.2014
မျော်လင့်ချက် ကမ္ဘာ ပျက်သွားတဲ့ည (သို့မဟုတ်) ငရဲပြည် ဖြစ်သွားတဲ့ ညတစ်ည
အဲ့ဒီညပေါ့…
အဲ့ဒီညပေါ့…
အဲ့ဒီညပေါ့…
**** အပြစ်မဲ့ ရိုဟင်ဂျာများ တစ်ဖက်သတ် အကြမ်းဖက်ခံခဲ့ရသည့် ၂၀၁၂ ခုနှစ် ဇွန်လ (၁၀) ရက်နေ့ကို အောက်မေ့၍ ရေးဖွဲ့ပါသည်။
မျော်လင့်ချက် ကမ္ဘာ ပျက်သွားတဲ့ည (သို့မဟုတ်) ငရဲပြည် ဖြစ်သွားတဲ့ ညတစ်ည
အဲ့ဒီညပေါ့…
"ကီယာမဒ်နေ့"လား ထင်မိခဲ့
သွေးပျက်ဖွယ် သေနတ်ပစ်သံက
အသိတရားတွေကို တုံးစေ
မီးတောင် ပေါက်ကွဲ နေတာလား
ပတ်ပတ်လည်က အဟုန်ပြင်းပြင်း
လောင်နေတဲ့ မီးအလယ်မှာ အသိတရားမဲ့စွာ
ရုန်းကန်ခဲ့ရ....။
အဲ့ဒီညပေါ့…
အဲ့ဒီညပေါ့…
ကိုယ့်မွေးမြေကိုစွန့်ခွါခဲ့ရ
ကိုယ့်အိမ်ဂေဟာလည်း မီးထဲပါသွား
နောက်လှည့်ခွင့်မသာဘဲနဲ့ သေနတ်သံမကြားနိုင်တဲ့ နေရာဆီလှမ်းခဲ့
နေရာတိုင်းဟာ ငရဲပြည်လို ဖြစ်နေခဲ့ ခိုလှုံစရာအရိပ်တစ်ခုကို
ဟိုပြေးဒီပြေးနဲ့ ရူးမိုက်စွာလိုက်ရှာခဲ့ရင်း
မနက်မိုးလင်းချိန်ကို ရင်တမမနဲ့ စောင့်စားခဲ့....။
အဲ့ဒီညပေါ့…
အဲ့ဒီညပေါ့…
နှစ်နဲ့ချီပြီး စုဆောင်းခဲ့သမျှတွေ
တခဏအတွင်း လက်လွှတ်ဆုံးရှုံးခဲ့ရ
စားစရာကအစ
သားလေးရဲ့ ကျောင်းစာအုပ်တွေကအလယ်
သမီးငယ်လေးရဲ့ ကစားစရာကအဆုံး
အရာရာ ထားရစ်ပြီးပြေးခဲ့ရ....။
အဲ့ဒီညပေါ့…
အဲ့ဒီညပေါ့…
ဥကွဲသိုက်ပျက်သွားရ
မျက်နှာပေါ်က အပြုံးတွေပျောက် ရင်ခွင်ထဲမှာ သောကတွေရောက်
မျော်လင့်ချက် ကမ္ဘာ ပျက်စီးသွားခဲ့....။
အဲ့ဒီညပေါ့…
အဲ့ဒီညပေါ့…
အပျိုစင် မိန်းမပေါင်း များစွာရဲ့ဘဝ
ရစရာမရှိအောင် ဖျက်ဆီးခံရ
အပြစ်ကင်းစင်တဲ့ လူအိုကြီးများရဲ့အသက်
လောကအကြောင်း မသိသေးသော
ကလေးငယ် များစွာရဲ့ အသက်
ဓါးအောက် မီးအောက်မှာ ဆုံးရှုံးခဲ့ရ
အားလုံးရဲ့ရင်ထဲမှာ နာကျင်မှု မြစ်စီးဆင်းခဲ့....။
အဲ့ဒီညပေါ့…
ဘဝရဲ့ အခက်ခဲဆုံးကာလ
ဘဝတစ်လျှောက် မေ့ဖို့ခက်မယ့် အခိုက်
ဘဝကို အမှောင်ထဲတွန်းဖို့ ခဲ့တဲ့ည....။
အဲ့ဒီညပေါ့…
အဲ့ဒီညပေါ့…
ဖြစ်ချင်တာနဲ့ ဖြစ်နေတာ ကွာခြား
အမေကသားမရှာ
သားကအမေ မရှာအား
လောလောဆယ် ချည်ဆံမမှန်ဖို့အတွက်
သူပြိုင်ကိုယ်ပြိုင်ပြေးရ...။
အဲ့ဒီညပေါ့…
အဲ့ဒီညပေါ့…
စစ်မြေပြင်အလား ရွာမှာ
ရန်သူ၏ ရယ်သံများ ဟိန်းသွား
ရင်ထဲကို သောကလှိုင်တွေ ထပ်ခါထပ်ခါ
ဒူးမထောက်ရဖို့ကို အနိုင်နိုင်ပြေးခဲ့ရ...။
အဲ့ဒီညပေါ့…
အဲ့ဒီညပေါ့…
လူ့ဘဝရဲ့ခက်ခဲဆုံးညကို
ခက်ခဲစွာဖြတ်သန်းခဲ့ရ အမှောင်ညဟာပို၍မှောင်လာ
မျော်လင့်ချက်များ ပို၍မှေးမှိန်လာ
ကူညီမယ့်သူလည်းပေါ်မလာ
အားငယ်စွာ ရုန်းကန်ပြေးခဲ့ရ....။
အဲ့ဒီညပေါ့ …
အဲ့ဒီညပေါ့ …
သည်းထန်စွာရွာ သေနတ်မိုး
သေနတ်ပစ်သံ ခါးခါးလေးတွေက
နားရွက်ပေါင်း များစွာကို ပင့်စေခဲ့
ပက်ပက်စက်စက် အော်ဟစ် ဆဲရေးသံ များက
နှလုံးသားပေါင်း များစွာကို နာကျင်စေခဲ့.....။
အဲ့ဒီညပေါ့…
အဲ့ဒီညပေါ့…
လဲနေသူကို လှောင်ပြောင်နေတဲ့ ရယ်မောသံများက
နှလုံးသားနုနုလေးများစွာကို အခုန်နှေးစေခဲ့
ဒေါသပြည့် ဓါးရှည်တွေက
အပြစ်မဲ့ ဇီဝပေါင်းများစွာကို အသက်မဲ့စေခဲ့....။
အဲ့ဒီညပေါ့…
ရိက္ခာတွေထားရစ် သိက္ခာသယ်ခဲ့
သိက္ခာသယ်ဖို့ အမှောင်ထဲပြေးခဲ့
ပြေးအား ကုန်ခမ်းလဲကျသွားခဲ့
ရက်စက်မူက ကိုယ်ပေါ်ကျရောက်လာခဲ့
ကြမ်းကြုတ်မူက အသက်ကိုနုတ်ယူသွားခဲ့
အဖိနှိပ်ခံဆုံး ဂုဏ်ပုဒ် ပို၍ပီပြင်ခဲ့...။
အဲ့ဒီညပေါ့…
အဲ့ဒီညပေါ့…
တစ်လောကလုံးကို
သိမ်ငယ်သံတွေကသာစိုးမိုးခဲ့
အားငယ်သံတွေကသာ အုပ်မိုးခဲ့ ပတ်ဝန်းကျင်မှာ နာကျင်သံတွေ ဆူညံသွားခဲ့
ဝမ်းနည်းသံတွေ ပွက်ရိုက်ခဲ့
သောကလှိုင်းတွေ ရင်ထဲရိုက်ခတ်ခဲ့...။
အဲ့ဒီညပေါ့ …
အဲ့ဒီညပေါ့ …
မျက်ရည်တွေ မြစ်လိုစီးခဲ့
ခန္ဓာပေါ်ဝယ် အဖျားခိုကပ်
လူသေအလောင်းတွေတောင်လိုပုံခဲ့
ကောင်းကင်ကလည်း အမှောင်ရင့်ခဲ့
စစ်တွေရှိ ရိုဟင်ဂျာရွာများ
စစ်မြေပြင်လို ငရဲပြည်လိုဖြစ်ခဲ့
အမှောင်ညဟာ ပို၍မှောင်လာခဲ့ အပြစ်မဲ့လူသားများ အမြစ်ပြတ်
မျိုးတုန်းသုတ်သင်ခံခဲ့
ကမ္ဘာကြီးလည်း လက်ပိုက်ကြည့်နေခဲ့.....။
**** အပြစ်မဲ့ ရိုဟင်ဂျာများ တစ်ဖက်သတ် အကြမ်းဖက်ခံခဲ့ရသည့် ၂၀၁၂ ခုနှစ် ဇွန်လ (၁၀) ရက်နေ့ကို အောက်မေ့၍ ရေးဖွဲ့ပါသည်။