နောက်ဆုံးသတင်း/ဆောင်းပါးများ

ပွင့်ဖြူချောင်း ကျေးရွာ အုပ်ချုပ်ရေးမှူးက နယ်ခြားစောင့် ရဲတပ်ဖွဲ့ အတွက် ဒေသခံများထံမှ ငွေညှစ်




Rohingya Eye
RB News
2.6.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ပွင့်ဖြူချောင်း ကျေးရွာ အုပ်ချုပ်ရေးမှူးသည် ကျားခေါင်းတောင် ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ အတွက် ဒေသခံများထံမှ ငွေညှစ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ် မြောက်ပိုင်း ပွင့်ဖြူချောင်း ကျေးရွာ အုပ်ချုပ်ရေးမှူးသည် ဦးနူရ်ဟာရှိမ်သည် ကျားခေါင်းတောင် ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ဒုရဲအုပ် အောင်ဒင်က ငွေရှာပေးရန် ပြောထားသည့် အတွက် ဒေသခံများကို အကြောင်း အမျိုးမျိုး ရှာ၍ ငွေညှစ်လျက် ရှိကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

(၁) မေလ (၃၀) ရက်နေ့ နံနက် (၁၀) နာရီ အချိန်တွင် ဦးအဒူလ္လာ (ဘ) ဦးဘာဆာမျာ (အသက် ၃၃ နှစ်) ကို လက်ထပ် ထိမ်းမြားခွင့် အတွက် ခွင့်ပြုချက် မယူဟု မဟုတ်မမှန် လုပ်ကြံ စွပ်စွဲ၍ ငွေကျပ် ၉၀၀၀၀/- ညှစ်ယူခဲ့သည်။ ဦးအဒူလ္လာသည် မည်သည့် အခါကမှ လက်ထပ်ထိမ်းမြား ခဲ့ခြင်း မရှိသော်လည်း နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ဒုရဲအုပ် အောင်ဒင်မှ ညှဉ်းပန်း နှိပ်စက်မည်ကို ကြောက်၍ အုပ်ချုပ်ရေးမှူး ညှစ်သည့်ငွေကို ပေးခဲ့ရသည်။

(၂) မေလ (၂၉) ရက်နေ့တွင် ဦးအာမီးန်အုလ္လာ (ဘ) ဦးဖေရုစ်ခန် (အသက် ၆၅) ၏ သားဖြစ်သူမှ ဇနီးနှင့် နှစ်ဦးသဘောတူ ကွာရှင်းသည်ကို အကြောင်းပြ၍ အုပ်ချုပ်ရေးမှူးက ဦးအာမီးန်အုလ္လာ ထံမှ ငွေကျပ် သုံးသိန်း ငါးသောင်း ညှစ်ယူခဲ့သည်။

(၃) မေလ (၂၃) ရက်နေ့တွင် ကိုမောန်ဆူးရ် (ဘ) ဦးမာမတ်ဆိဒိတ် (အသက် ၂၅ နှစ်) ကို ခြံထဲရှိ သစ်ပင်ကြီး တစ်ပင်ကို ခွင့်ပြုချက် မယူဘဲ ခုတ်သည်ဟု အကြောင်းပြ၍ အုပ်ချုပ်ရေးမှူးက ငွေကျပ် ၃၀၀၀၀/- ညှစ်ယူခဲ့သည်။

(၄) မေလ (၂၀) ရက်နေ့တွင် ဦးမောဂုလ်အာမတ် (ဘ) ဦးအေဇာရ် (အသက် ၇၀ နှစ်) သည် ဆိုင်ကယ် မောင်းနှင် နေစဉ် လူတစ်ဦးကို တိုက်မိခဲ့ပြီး၊ တိုက်ခံရသူကို လျော်ကြေး ပေးရန် မလိုအပ်ခဲ့သော်လည်း အုပ်ချုပ်ရေးမှူးက ဆိုင်ကယ် တိုက်မှုကို အကြောင်းပြ၍ ဦးမောဂုလ်အာမတ် ထံမှ ငွေကျပ် တစ်သိန်း ငါးသောင်း ညှစ်ယူခဲ့သည်။

ပွင့်ဖြူချောင်း ကျေးရွာ အုပ်ချုပ်ရေးမှူးက ငွေညှစ်ခဲ့သည့် ငွေများမှာ ဒုရဲအုပ် အောင်ဒင် အတွက်ဖြစ်ပြီး၊ ဒေသခံ ရွာသားများက ယခုကဲ့သို့ မတရား သဖြင့် ငွေညှစ်ခြင်း အတွက် မကျေမနပ် ဖြစ်နေသော်လည်း အာဏာကို အလွဲသုံးစား ပြုလုပ်၍ ညှဉ်းပန်း နှိပ်စက်မည်ကို စိုးရွံ၍ နှုတ်ဆိတ် နေရသည်ဟု ဆိုသည်။ ပွင့်ဖြူချောင်းတွင် လူဦးရေ နည်းပါးပြီး၊ ဆင်းရဲသည့် ရွာတစ်ရွာ ဖြစ်သည်။ ရွာသား အများစုမှာ ကျပန်း အလုပ်သမား ဖြစ်သည်ဟု ဒေသခံများက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus