နောက်ဆုံးသတင်း/ဆောင်းပါးများ

BGP ရဲမှူးက ဘာသာရေး ဆရာများကို လမ်းမထွက်ရန် ခြိမ်းခြောက် ပြောဆို



Rohingya Eye
RB News
17.10.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော် ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ရဲမှူးက ဘာသာရေး ဆရာများကို လမ်းထွက်ရန် ခြိမ်းခြောက် ပြောဆိုမှုများ ပြုလုပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

အောက်တိုဘာလ (၁၄) ရက်နေ့ နေ့လည် ၂ နာရီ အချိန်တွင် မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော် ကျေးရွာ အခြေစိုက် အမှတ် (၇) နယ်မြေ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ရဲမှူးက ရပ်မိရပ်ဖများကို နယ်မြေရုံးသို့ ဆင့်ခေါ်၍ အစည်း အဝေး တစ်ရပ် ကျင်းပခဲ့သည်။

အစည်းအဝေးတွင် အမှတ် (၇) နယ်မြေ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ရဲမှူးက ဘာသာရေး ဆရာ (မော်လ၀ီ) များသည် တဖက်နိုင်ငံမှ အစွန်းရောက် အဖွဲ့များနှင့် အဆက်အသွယ် ရှိနေသူများ ဖြစ်သည်ဟု မဟုတ်မမှန် စွပ်စွဲ၍ ပြောကြားခဲ့ပြီး၊ မော်လ၀ီများကို သတိထားရန်၊ မုတ်ဆိတ်ရှည် ရှိသူများ မုတ်ဆိတ်ရိတ်ရန် ဘာသာရေး လွတ်လပ်ခွင့်ကို ချိုးဖောက်၍ ခြိမ်းခြောက်​ ပြောဆိုမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

ထို့အပြင် မော်လ၀ီများကို ကျောင်းများနှင့် ဈေးများတွင် မမြင်ရစေရန် အတွက် လမ်းမထွက်ရန်ပင် ခြိမ်းခြောက် ပြောဆိုမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါရဲမှူးက ဒေသခံ ရိုဟင်ဂျာများကို ည (၆) နာရီမှ နံနက် (၆) နာရီ အတွင်း အပြင်မထွက်ရန် အလယ်သံကျော် အုပ်ချုပ်ရေးမှူး ရုံးက တဆင့် အမိန့် ထုတ်ပြန် ခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များ အရ သိရှိရပါသည်။

အစည်းအဝေးကို ညနေ (၄) အချိန်တွင် ရုတ်သိမ်းခဲ့ပြီး၊ ဒေသခံ အချို့ကို ဖမ်းဆီးမည်ဟု သတင်းများ ထွက်ပေါ် ခဲ့သောကြောင့် ကျေးရွာအတွင်း အထိတ်တလန့်များ ဖြစ်ပေါ်လျက် ရှိနေကြောင်း သိရှိရပါသည်။

Comment ရေးရန်

Rohingya Exodus