နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်တောမြို့မှ အပြစ်မဲ့ ရိုဟင်ဂျာ ၁၇ ဦးကို ထောင်ဒဏ် (၅) နှစ်စီ မတရားသဖြင့် ချမှတ်



Rohingya Eye
RB News
30.10.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် လွန်ခဲ့သည့်လမှ စ၍ အပြစ်မဲ့ ဒေသခံ ရိုဟင်ဂျာများကို တဖက်နိုင်ငံရှိ လက်နက်ကိုင် အဖွဲ့နှင့် ဆက်သွယ်သည်ဟု မဟုတ်မမှန် စွပ်စွဲ၍ ဖမ်းဆီးခဲ့ရာ၊ ဖမ်းဆီးခံထားရသူ များထဲမှ ၁၇ ဦးကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၅) နှစ်စီ ချမှတ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ် အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များနှင့် စစ်တပ်စခန်းများမှ စစ်သားများသည် လွန်ခဲ့သည့်လမှ စ၍ ရွာများထဲသို့ ၀င်ရောက်၍ အပြစ်မဲ့ ဒေသခံ ရိုဟင်ဂျာများကို တဖက်နိုင်ငံရှိ လက်နက်ကိုင် အဖွဲ့နှင့် ဆက်သွယ်နေသည်ဟု မဟုတ်မမှန် စွပ်စွဲ၍ ဖမ်းဆီးခဲ့သည်။ လုပ်ကြံ ဖမ်းဆီးခံထား ရသူများထဲမှ (၁၇) ဦးကို အောက်တိုဘာလ ၂၇ ရက်နေ့ နေ့လည် ၂ နာရီ အချိန်တွင် မောင်တောမြို့နယ် တရားရုံးက လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေ ပုဒ်မ ၁၃/၁ ဖြင့် တရားစွဲဆိုပြီး အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၅) နှစ်စီ ချမှတ်လိုက်ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

ဖမ်းဆီးခံရသူ များကို တရားခွင်တွင် ချေပနိုင်ရန် အတွက် ရှေ့နေ ငှားရမ်းခွင့် မပေးဘဲ၊ မတရား သဖြင့် ထောင်ဒဏ် ချမှတ် ခဲ့ခြင်းသာ ဖြစ်သည်။ တရားခွင်တွင် အပြစ်မဲ့သော်လည်း တရားခံ ဖြစ်နေရသူ တစ်ဦး ဖြစ်သော ဗန္ဓုလ ကျေးရွာမှ ဦးမူဖီဇူရာမန် (ခ) ကျော်မြင့် (ဘ) ဦးဘာဆာမျာ (အသက် ၄၂ နှစ်) က “မိမိသည် တဖက်နိုင်ငံသို့ မည်သည့်အခါကမှ သွားရောက်ဖူးခြင်း မရှိသလို၊ ယင်းနိုင်ငံကို မြင်လည်း မြင်ဖူးခြင်း မရှိကြောင်း” ပြောဆိုသော်လည်း၊ တရားသူကြီးက “မင်းတို့ နယ်စပ်မှာ နေတဲ့အတွက် အခုလို ထောင်ချရတာ ဖြစ်တယ်” ဟုသာ ပြန်လည် ဖြေဆိုခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

အပြစ်မဲ့ ရိုဟင်ဂျာ (၁၇) ဦးကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၅) နှစ်စီ ချမှတ်လိုက်သော်လည်း တရားလို အဖြစ် တရားစွဲဆိုခဲ့သော နယ်ခြားစောင့် ရဲတပ်ဖွဲ့တွင် ၎င်းတို့ စွပ်စွဲသည်ကို သက်သေပြရန် မည်သည့် အထောက်အထား တစ်စုံတစ်ရာ မရှိဘဲ၊ တရားသူကြီးနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့တို့က ၎င်းတို့ လက်ဝယ်ရှိ အာဏာဖြင့် မတရားသဖြင့် ထောင်ချလိုက်ခြင်း ဖြစ်သည်။

အခြားသော အပြစ်မဲ့ ရိုဟင်ဂျာ (၆) ဦးကိုလည်း ပုဒ်မ ၁၃/၁ ဖြင့် တရားစွဲဆို ထားသဖြင့် မိသားစုများက အထူး စိုးရိမ်လျက် ရှိသည်ဟု ဒေသခံများက ပြောပါသည်။

အာဏာပိုင်များက ဖမ်းဆီးထားသူ များကို မိသားစုနှင့် တွေ့ဆုံခွင့် မပေးသလို၊ တရားခွင်သို့လည်း မိသားစုများကို လာရောက်၍ ကြားနာ စစ်ဆေးမှုကို နားထောင်ခွင့် မပေးကြောင်း သိရှိရပါသည်။

Comment ရေးရန်

Rohingya Exodus