နောက်ဆုံးသတင်း/ဆောင်းပါးများ

နယ်ခြားစောင့် နယ်မြေမှူး အမည်သုံး၍ အလယ်သံကျော် ကညင်တန်း အုပ်ချုပ်ရေးမှူး ငွေညှစ်




Rohingya Eye
RB News
19.2.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း အလယ်သံကျော် ကညင်တန်း ကျေးရွာ အုပ်ချုပ်ရေးမှူးက နယ်ခြားစောင့် ရဲတပ်ဖွဲ့ နယ်မြေမှူး၏ အမည်ကိုသုံး၍ ခြိမ်းခြောက်ပြီး ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

ဖေဖော်ဝါရီလ (၁၆) ရက်နေ့ ည ၉ နာရီ အချိန်တွင် မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော် ကညင်တန်း ကျေးရွာမှ ဟာဘဲစ်အာမတ် (ဘ) ဦးဟာဘီရောန် (အသက် ၂၃ နှစ်) သည် ဦးလေး ဖြစ်သူ ဦးနူရ်မာမတ် (ဘ) ဦးအဒူရှုကူရ် (အသက် ၅၅ နှစ်) ၏ နေအိမ်သို့ အလည်အပတ် ရောက်ရှိနေစဉ် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဆီရာဇူလ္လာနှင့် အဖွဲ့က ရုတ်တရက် နေအိမ်ကို ၀န်းရံလိုက်ပြီး ဟာဘဲစ်အာမတ်က ကြောက်လန့်ပြီး ထွက်ပြေး သွားခဲ့သည်။ ဖေဖော်ဝါရီလ (၁၇) ရက်နေ့တွင် ကျေးရွာ အုပ်ချုပ်ရေးမှူးက ဦးနူရ်မာမတ်ကို ဆင့်ခေါ်ပြီး အကြောင်းမဲ့ ငွေကျပ် သိန်း ၂၀ တောင်းခံခဲ့သည်။ တောင်းခံသည့် ငွေများကို နယ်ခြားစောင့် ရဲတပ်ဖွဲ့ အမှတ် (၇) နယ်မြေမှူးနှင့် အလယ်သံကျော် ကျေးရွာ အခြေစိုက် စ.ရ.ဖ တို့ကို ပေးရန် ဖြစ်သည်ဟု ပြောဆိုသဖြင့် ဦးနူရ်မာမတ်က ရိုက်နှက် ညှဉ်းပန်း နှိပ်စက် ခံရမည်ကို စိုးရိမ်၍ ငွေကျပ် (၄) သိန်း ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

ကျေးရွာ အုပ်ချုပ်ရေးမှူးက ဦးနူရ်မာမတ်ထံမှ ငွေကျပ် (၄) သိန်း ယူပြီးနောက် ကျန်သည့် (၁၆) သိန်းကို ဦးနူရ်မာမတ် နေအိမ်မှ ကြောက်လန့်၍ ထွက်သွားခဲ့သည့် ဟာဘဲစ်အာမတ် ထံမှ တောင်းခံလျက် ရှိသည်ဟု ဆိုသည်။ အကယ်၍ ၎င်းတောင်းခံသည့် ငွေကို မပေးပါက နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် စ.ရ.ဖ တို့အား ဖမ်းဆီး ခိုင်းမည်ဟု ဆိုကာ ခြိမ်းခြောက်လျက် ရှိကြောင်း သိရသည်။ ကျေးရွာ အုပ်ချုပ်ရေးမှူးက ဟာဘဲစ်အာမတ်ကို ဦးလေး၏ သမီးဖြစ်သူနှင့် ချိန်းတွေ့သည်ဟု ဆိုကာ လုပ်ကြံ၍ ယခုကဲ့သို့ ငွေညှစ်နေခြင်း ဖြစ်သည်ဟု အဆိုပါ ဒေသခံက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus