နောက်ဆုံးသတင်း/ဆောင်းပါးများ

ယာယီကဒ်ပြား အပ်နှံရာတွင် မူရင်းမရှိ၍ ကျေးရွာ အုပ်ချုပ်ရေးမှူးကို ငွေကျပ် ၅ သိန်း ပေးရ



Rohingya Eye
RB News
12.4.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း အလယ်သံကျော် ကညင်တန်းမှ သက်ကြီးရွယ်အို အဖွားအို နှစ်ဦးက ယာယီ သက်သေခံ ကဒ်ပြားများ အပ်နှံရာတွင် မူရင်း မရှိ၍ ကျေးရွာ အုပ်ချုပ်ရေးမှူးကို ငွေကျပ် ၅ သိန်း ပေးခဲ့ရကြောင်း သတင်း ရရှိပါသည်။

မောင်တော မြို့နယ် တောင်ပိုင်း အလယ်သံကျော် ကညင်တန်း (နတ်ခေါင်းဒီးယား) ကျေးရွာ အုပ်စု၊ ဆောန်းခေါသ်ဒါးဘီလ် ရွာမှ ဦးမိုဟာမတ်အာမီးန်၏ ဇနီး ဒေါ်ဇော်လာခါတူ (အသက် ၇၀ နှစ်) နှင့် ဦးအော်လီအူလ္လာ၏ ဇနီး ဒေါ်ရိုရှောန် (အသက် ၇၃ နှစ်) တို့သည် ဧပြီလ (၆) ရက်နေ့တွင် ကျေးရွာ အုပ်ချုပ်ရေးမှူးထံ သွားရောက်၍ ယာယီ သက်သေခံ ကဒ်ပြားများကို အပ်နှံခဲ့သည်။ နာရီဝက်ခန့် အကြာတွင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဆရာဇူလ္လာက ၎င်းတို့၏ ယာယီ သက်သေခံ ကဒ်ပြားများမှာ မူရင်းမဟုတ်ဘဲ ဓါတ်ပုံ ရိုက်ကူးထားသည့် မိတ္တူများသာ ဖြစ်သည့်အတွက် နယ်မြေ (၇) နယ်ခြားစောင့် ရဲတပ်ဖွဲ့ ရုံးသို့ သွားရမည်ဟု ပြောဆိုခဲ့သည်။

ထို့ကြောင့် သက်ကြီး အဖွားအို နှစ်ဦးက မိမိတို့သည် အသက်ကြီးပြီ ဖြစ်၍ လမ်းမလျှောက်နိုင် တော့သဖြင့် နယ်မြေရုံးသို့ သွားနိုင်တော့မည် မဟုတ်ကြောင်း အုပ်ချုပ်ရေးမှူးကို တောင်းပန် ပြောဆိုရာ အုပ်ချုပ်ရေးမှူးက ငွေကျပ် ၅ သိန်း ပေးလျှင် ပြဿနာ ပြီးဆုံးသွားမည်ဟု ပြောဆိုသဖြင့် မတရားသဖြင့် ဖမ်းဆီးခံရမည်ကို စိုးရိမ်၍ ညနေ ၅း၃၀ နာရီ အချိန်တွင် အုပ်ချုပ်ရေးမှူး တောင်းခံသည့် ငွေကျပ် ၅ သိန်းကို ပေးခဲ့ရကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

ယာယီ သက်သေခံ ကဒ်ပြား အပ်နှံခြင်းနှင့် ပတ်သက်၍ နယ်ခြားစောင့် ရဲတပ်ဖွဲ့တွင် လုပ်ပိုင်ခွင့် မရှိသော်လည်း ကျေးရွာ အုပ်ချုပ်ရေးမှူးက လက်နက်ကိုင် အဖွဲ့အစည်းကို အကြောင်းပြ၍ မတရားသဖြင့် ငွေညှစ်ခြင်း ဖြစ်သည်။

Comment ရေးရန်

Rohingya Exodus