နောက်ဆုံးသတင်း/ဆောင်းပါးများ

ခင်ပွန်းဖြစ်သူကို မတွေ့၍ ဇနီးနှင့် သမီးပျိုကို ဖမ်းဆီး ထိပ်တုံးခတ် ထားကာ ငွေညှစ်



MYARF
RB News
10.10.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း ရေနောက်ငါးသား ကျေးရွာ အုပ်စုရှိ ဒိုင်းနက် ရွာသား တစ်ဦး၏ ၀က်ငယ် တစ်ကောင် ပျောက်ဆုံးသွားခဲ့ပြီး၊ အဆိုပါ ၀က်ငယ်သည် ဒိုင်းနက်ရွာ၏ တစ်ဖက်ကမ်းရှိ တမန်းသား ကျေးရွာအုပ်စု၊ ပါနိုရ်ဆောရားရွာမှ ဦးအာလီဇူဟာရ် (ဘ) ဦးအဒူမော်တော်လော်ဖ်၏ ခြံဝင်းအနီး ချောင်းတွင် သေဆုံးနေသည်ကို တွေ့ရှိခဲ့သည်။

သေဆုံးနေခြင်းနှင့် ပတ်သက်၍ အောက်တိုဘာလ (၈) ရက်နေ့ နံနက် ၁၁း၃၀ နာရီ အချိန်တွင် ရေနောက်ငါးသား ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်မြက တမန်းသား ကျေးရွာရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ တာဝန်ခံ ဒုရဲအုပ်မိုးသူ အပါအ၀င် နယ်ခြားစောင့်ရဲ များကို ခေါ်ယူ၍ ဦးအာလီဇူဟာရ် အိမ်သို့ သွားရောက်ပြီး ဦးအာလီဇူဟာရ်ကို ဖမ်းဆီးရန် ရှာဖွေခဲ့သည်။ 

ဦးအာလီဇူဟာရ်အား မတွေ့ရှိသောကြောင့် ၎င်း၏ ဇနီးဖြစ်သူ ဒေါ်ရော်ရှီဒါဘေဂမ် (ဘ) ဦးနူရ်ဟူစိန်း (အသက် ၄၂ နှစ်) နှင့် သမီးပျို မဟာဆီနာဘေဂမ် (အသက် ၁၉ နှစ်) တို့ကို ဖမ်းဆီး၍ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းသို့ ခေါ်ဆောင် သွားပြီး ငွေကျပ် တစ်သိန်းနှစ်သောင်း တောင်းရာ ၎င်းတို့က အလွန်ဆင်းရဲသဖြင့် နယ်ခြားစောင့်ရဲများ တောင်းသည့် ငွေကို မပေးနိုင်သောကြောင့် မိခင်နှင့် သမီးနှစ်ဦးစလုံးကို တစ်နေကုန် ထိပ်တုံးခတ်ထားခဲ့သည်။ 

တမန်းသားကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးတို့က နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းသို့ လိုက်သွားပြီး အမျိုးသမီး နှစ်ဦးကို ပြန်လည် လွှတ်ပေးရန်၊ ပေးရမည့်ငွေကို ၎င်းတို့နှစ်ဦးက တာဝန်ယူပြီး နောက်ရက်တွင် လာပေးမည်ဟု ပြောကြားသော်လည်း နယ်ခြားစောင့်ရဲ များက လွှတ်ပေးရန် သဘောမတူခဲ့ပေ။ ထို့နောက် ည ၉ နာရီ အချိန်တွင် ဒုရဲအုပ်မိုးသူက မှောင်နေပြီ ဖြစ်၍ ထွက်မပြေးနိုင်ဟု ဆိုကာ ထိပ်တုံး ဖြုတ်ပေးခဲ့သော်လည်း ပြန်မလွှတ်ဘဲ အခန်းတစ်ခန်းထဲတွင် သော့ခတ်ထားခဲ့သည်။ 

ထိုသို့ အခန်းထဲတွင် သော့ခတ်ထားခြင်းကြောင့် ကာအိနြေ္ဒပျက်ပြားအောင် ပြုလုပ်မည်ကို အထူး စိုးရိမ်ခဲ့ရသည်။ နယ်ခြားစောင့်ရဲများက အောက်တိုဘာလ (၉) ရက်နေ့ နံနက်ပိုင်းတွင် အမျိုးသမီးနှစ်ဦးထံမှ ငွေကျပ် ကိုးသောင်း ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ 

ရေနောက်ငါးသား ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်မြက ၎င်း၏ ရွာသားများကို မတရားနှိပ်စက်၍ မတင်းတိမ်သည့် အပြင် ၎င်း၏ အုပ်ချုပ်မှု မဟုတ်သည့် အနီးအနား ကျေးရွာများက ရွာသားများကိုပင် မတရား ညှဉ်းပန်း နှိပ်စက်ရန် ခြေလှမ်းပြင် လျက်ရှိသည်။ နယ်ခြားစောင့်ရဲ များနှင့် ရေနောက်ငါးသား ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်မြ တို့သည် တမန်းသား ကျေးရွာ ပိုင်နက် အတွင်းသို့ ၀င်ရောက်၍ အမျိုးသမီး နှစ်ဦးကို ဖမ်းဆီးခဲ့ရာတွင် တမန်းသား ကျေးရွာ အုပ်ချုပ်ရေးမှူးကို အသိပေးခဲ့ခြင်း မရှိကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus