နောက်ဆုံးသတင်း/ဆောင်းပါးများ

အလယ်သံကျော် အခြေစိုက် နယ်ခြားစောင့်ရဲ များက ရိုက်နှက် ငွေညှစ်၊ လုယက်မှု ပိုမို ပြုလုပ်လာ



RB News
24.11.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း၊ အလယ်သံကျော် အခြေစိုက်၊ အမှတ် (၄) နယ်ခြားစောင့် ရဲတပ်ဖွဲ့ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များသည် ဒေသခံ ရိုဟင်ဂျာများကို ရိုက်နှက် ညှဉ်းပန်း နှိပ်စက်၍ ငွေညှစ် နေမှုများ တစ်နေ့တစ်ခြား ပိုမိုများပြား လာနေသည်ဟု သတင်း ရရှိပါသည်။ 

မောင်တော မြို့နယ် အလယ်သံကျော် ကညင်တန်း ကျေးရွာအုပ်စု၊ နှာခေါင်းဒိုးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များသည် နိုဝင်ဘာလ (၂၂) ရက်နေ့ ည ၉ နာရီ အချိန်တွင် MPT ဖုန်းဖြင့် စကားပြောနေသည့် ဦးအာဘူကာလာမ် (ဘ) ဦးအာဇီရာမန် (အသက် ၅၅ နှစ်) ကို ၎င်းတို့၏ တပည့်ဖြစ်သူ ဇာဟိတ်အူလ္လာ (ဘ) ဦးအာဘူတာဟဲရ် (အသက် ၂၇ နှစ်) နှင့် အတူ သွားရောက်၍ ဖမ်းဆီးပြီး ဘင်္ဂလား ဆင်းမ်ကဒ် သုံးစွဲနေသည်ဟု လုပ်ကြံကာ ငွေကျပ် တစ်သိန်း ငါးသောင်း ညှစ်ယူခဲ့သည့် အပြင် ရိုက်နှက်မှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ 

တစ်ဖန် အဆိုပါ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များသည် အလယ်သံကျော် ကညင်တန်း ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးမှ စာရေး တစ်ဦး ဖြစ်သူ ဦးမော်နုနှင့် ဆယ်အိမ်မှူး ဖြစ်သူ ဦးနော်ဇီရ်တို့ကိုလည်း အကြောင်းမဲ့ လူမဆန်စွာ ရိုက်နှက်ခဲ့သည်။ အဆိုပါ ဖြစ်ရပ်ကို အုပ်ချုပ်ရေးမှူး ဦးဆီရာဇူလာက အမှတ် (၄) နယ်ခြားစောင့် ရဲတပ်ဖွဲ့ တပ်ရင်းမှူးအား တိုင်တန်းခဲ့ကြောင်း သိရှိရသည်။

ယင်းနေ့ နေ့လည်ပိုင်းတွင် အလယ်သံကျော် ကျေးရွာအုပ်စု၊ အထက်ကမ်းပိုင်းကြီးရွာမှ ဦးဆုလ်တာန်မာမိဒ် (ဘ) ဦးမုရ်တာဇာ (အသက် ၆၀ နှစ်) သည် ကံပူးကျေးရွာမှ ပြန်လာစဉ် နယ်ခြားစောင့်ရဲ များက ခေါ်ယူ စစ်ဆေးပြီး “ဘယ်ရွာကလဲ၊ ရွာထွက်လက်မှတ် ကျေးရွာ အုပ်ချုပ်ရေးမှူး ထောက်ခံစာ ပါလား” စသည့်ဖြင့် မေးမြန်းပြီးနောက် အိတ်ထဲတွင် ပါလာသည့် ငွေကျပ် ငါးသောင်းကို ဓါးပြသဖွယ် နှိုက်ယူကာ ပြန်လွှတ်ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus