နောက်ဆုံးသတင်း/ဆောင်းပါးများ

P.O.E နယ်ခြားစောင့်ရဲ များ၏ လူမဆန်စွာ ရိုက်နှက်မှုကြောင့် တံငါးသည် တစ်ဦး သေဆုံး



MYARF
RB News
22.6.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် P.O.E အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များက ရိုဟင်ဂျာ တံငါးသည် သုံးဦးကို လူမဆန်စွာ ထိုးကြိတ်ရိုက်နှက်ခဲ့ရာ တစ်ဦး သေဆုံးသွားကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ် တောင်ပိုင်း ပဒင်း ကျေးရွာအုပ်စုမှ အောက်ဖော်ပြပါ ရိုဟင်ဂျာ တံငါးသည်များသည် ဇွန်လ (၂၁) ရက်နေ့ ညနေ (၄) နာရီ အချိန်တွင် သက်ဆိုင်ရာ မန်ကျည်းချောင်းဝ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းသို့ သွားရောက် သတင်းပို့ပြီး လှေတစ်စီးဖြင့် ငါးဖမ်းရန် အတွက် ထွက်ခွာခဲ့သည်။ ည (၁၀) နာရီ အချိန်ခန့်တွင် ၎င်းတို့သည် နတ်မြစ် ကမ်းခြေတစ်လျှောက် ငါးဖမ်းရင်း မောင်တော ချောင်းဝနားသို့ ရောက်သည့်အခါ မောင်တော P.O.E အခြေစိုက် နယ်ခြားစောင့်ရဲများက အမြန်ရေယာဉ် တစ်စီးဖြင့် ကင်းလှည့်နေစဉ် ၎င်းတို့အား တွေ့ရှိပြီး တစ်စုံတစ်ရာ မေးမြန်းခြင်း မပြုလုပ်ဘဲ ဖမ်းဆီးချုပ်နှောင်၍ ၎င်းတို့တွင် ရှိသည့် MPT ဆင်းမ်ကဒ်သုံး မိုဘိုင်းဖုန်း သုံးလုံး၊ ငါးရောင်းရငွေ နှစ်သိန်းခုနှစ်သောင်းကျပ် တို့ကို လုယူပြီး “ငါ-ိုးမကောင်တွေ မင်တို့ ဘယ်ဒေသကလဲ မင်းတို့က မြန်မာနိုင်ငံသား မဟုတ်ဘူး၊ ဘင်္ဂလားဒေ့ရှ်ကလည်း မဟုတ်ဘူး၊ မင်းတို့ ဘယ်နိုင်ငံကလဲပြော” ဟုဆဲဆို၍ မညှာမတာ ထိုးကြိတ် ရိုက်နှက်ခဲ့သည့် အပြင် သေလုမျှောပါး ဖြစ်နေသည့် တံငါးသည်များကို နတ်မြတ်ရေပြင်တွင် ပစ်ချခဲ့သည်။

ထိုးကြိတ်ရိုက်နှက်ခံရပြီး ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခဲ့သည့် တံငါးသည်များမှာ --

(၁) ဦးအဒူလ်ဟာမိတ် (ဘ) ဦးရှုကူရ်
(၂) ဦးအီလီယာစ် (ဘ) ဦးအဒူလ်ဟာလိမ်
(၃) ဦးမာမူရော်ရှိတ် (ဘ) ဦးအဒူလ်ဟာလိမ် -- တို့ဖြစ်သည်။

ထိုးကြိတ်ရိုက်နှက်ခံရပြီး သေလုမျှောပါး ဖြစ်နေသည့် တံငါးသည်များ၏ သတင်းကို ၎င်းတို့၏ ဆွေမျိုးသားချင်း များက ရရှိပြီးနောက် ဇွန်လ (၂၂) ရက်နေ့ နံနက်ပိုင်းတွင် လိုက်လံ ရှာဖွေခဲ့ပြီး နံနက် (၉) နာရီ အချိန်တွင် ရှာဖွေ တွေ့ရှိခဲ့ကာ မောင်တောဆေးရုံသို့ ဆေးကုသရန် ခေါ်ဆောင် သွားစဉ် ဒဏ်ရာပြင်းထန်နေသည့် ဦးမာမူရော်ရှိတ် (ဘ) ဦးအဒူလ်ဟာလိမ်မှာ လမ်းတစ်ပိုင်းတွင် သေဆုံးသွားခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။

ထို့နောက် ရုပ်အလောင်းကို နေရပ်သို့ ပြန်လည် သယ်ဆောင်နေစဉ် မန်ကျည်းချောင်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ စခန်းမှူးက တွေ့ရှိခဲ့ပြီး၊ စခန်းမှူးက “မင်းတို့က ဌာနတစ်ခုခုကို ဒီဟာနဲ့ ပတ်သက်ပြီး ဘာလို့ မတိုင်တာလဲ” ဟု ပြောဆိုပြီး ရုပ်အလောင်းကို ခွဲစိတ်ရန် မြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင် စေခဲ့ပြီး ရဲထောက်ခံချက် အတွက် ၎င်းကိုယ်တိုင် သေဆုံးသွားသူ၏ မိသားစုများနှင့် အတူ လိုက်ပါခဲ့သည်။ ရဲစခန်းမှ အပြန်တွင် စခန်းမှူးက သေဆုံးသူ ဦးမာမူရော်ရှိတ်၏ ဖခင်ကိုခေါ်၍ “ဟိုကောင်တွေဆီက ထိန်းသိမ်းခဲ့တဲ့ ဖုန်းတွေ၊ ပိုက်ဆံတွေကို တာဝန်ယူပြီးတော့ အကုန်ပေးလိုက်မယ်၊ မင်းတို့ ဘယ်ဌာနကိုမှ ဒီအကြောင်း သွားမတိုင်နဲ့” ဟု ပြောဆိုခဲ့ရာ ဦးမာမူရော်ရှိတ်၏ ဖခင်က လက်မခံနိုင်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် စခန်းမှူးက “ကဲ မင်းတို့ သဘောပဲ” ဟု ပြောဆိုပြီး ပြန်လည် ထွက်ခွာသွားခဲ့သည်။

နေ့လည် (၃) နာရီအချိန်တွင် မြို့နယ် ပြည်သူ့ဆေးရုံမှ ဦးမာမူရော်ရှိတ်၏ ရုပ်အလောင်းကို မိသားစုထံ လွှဲပြောင်း ပေးခဲ့ကြောင်း ဒေသခံများက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus