နောက်ဆုံးသတင်း/ဆောင်းပါးများ

အလယ်သံကျော်ရှိ ငါးဖမ်းလှေနှင့် စက်လှေ ပိုင်ရှင်များထံမှ နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်း ဆောက်ရန် အတင်းအဓမ္မ ငွေကောက်ခံနေ

RB News
23.1.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော် ကျေးရွာအုပ်စုရှိ ငါးဖမ်းလှေနှင့် စက်လှေပိုင်ရှင်များထံမှ နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းများ ဆောက်လုပ်ရန် အတင်းအဓမ္မ ငွေကောက်ခံလျက် ရှိကြောင်း သတင်း ရရှိပါသည်။ 

မောင်တောမြို့နယ် တောင်ပိုင်း၊ အလယ်သံကျော် ကျေးရွာအုပ်စု၊ ကံပူးရွာရှိ ပင်လယ်ကမ်းခြေတွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းတစ်ခုနှင့် မောင်တူလာကျေးရွာ အပိုင် ချိန်ခါလီချောင်းဝတွင် ကင်းစခန်းတစ်ခု ဆောက်လုပ်ရန် အာဏာပိုင်များ စီစဉ်လျက်ရှိကြောင်း စုံစမ်းသိရှိရသည်။ 

ကင်းစခန်းနှစ်ခု ဆောက်လုပ်ရန် နိုင်ငံတော်က ဘဏ္ဍာငွေချပေးထားသော်လည်း ယခုအခါ လှေပိုင်ရှင်များထံမှ အတင်းအဓမ္မ ကောက်ခံလျက်ရှိကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။ 

“ပထမတော့ စက်လှေတစ်စီးကို ၈ သောင်း၊ စက်မပါတဲ့ ရိုးရိုးလှေ တစ်စီးကို ၄ သောင်း တောင်းတယ်။ လူတွေက လုံးဝ မသွင်းနိုင်ဘူးလို့ ပြန်ပြောကြတော့ တစ်ဝက်လျှော့လိုက်တယ်။ အခု စက်လှေတစ်စီး ၄ သောင်း၊ ရိုးရိုးလှေ တစ်စီးကို ၂ သောင်းနှုန်းနဲ့ ကောက်နေတယ်” ဟု အဆိုပါ ဒေသခံက ပြောပါသည်။ 

အလယ်သံကျော်မှ ပင်လယ် ငါးဖမ်းကော်မတီ ဦးဆောင်သော ဦးမောင်မြင့် (ခ) ဘိုက်လာနှင့် အဖွဲ့က ကောက်ခံလျက် ရှိကြောင်း သိရှိရသည်။ ပင်လယ် ငါးဖမ်း ကော်မတီကို မြို့နယ် အုပ်ချုပ်ရေးအဖွဲ့က ဖွဲ့စည်းပေးခဲ့ပြီး ငါးဖမ်းသမားများနှင့် အာဏာပိုင်များ အကြား လိုအပ်သည်များကို လိုက်လံဆောင်ရွက် ပေးရသည့် အဖွဲ့ ဖြစ်သည်။ အာဏာပိုင်များက အဆိုပါ အဖွဲ့ကို မကြာခဏဆိုသလို ရန်ပုံငွေများ ကောက်ခံခိုင်းလေ့ ရှိကြောင်း ဒေသခံများက ပြောပါသည်။ 

၂၀၁၆ ခုနှစ် အောက်တိုဘာလ (၉) ရက်နေ့ နောက်ပိုင်းမှ စ၍ စက်လှေများ ပင်လယ်သို့ သွား၍ ငါးဖမ်းခွင့် ပိတ်ပင်ခံထားရကြောင်း၊ ငါးဖမ်းခွင့် ပေးရန် ဒု-သမ္မတ ဦးမြင့်ဆွေ၊ ပြည်နယ် ၀န်ကြီးချုပ် ဦးညီပုတို့ကို တင်ပြခဲ့သော်လည်း ယခုအချိန်ထိ ငါးဖမ်းခွင့် မရသေးကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရှိရသည်။ 

“ငါးဖမ်းခွင့်လည်း မရှိဘဲ ၀င်ငွေမရှိတဲ့ စက်လှေသမားတွေဆီက ငွေကောက်နေတော့ ပေးဖို့ အခက်အခဲ ရှိပါတယ်။ ထမင်းနပ်မှန်အောင် စားဖို့ အနိုင်နိုင် ဖြစ်နေတဲ့ အချိန်ပါ။ ပြီးတော့ စခန်းဆောက်ဖို့ နိုင်ငံတော် ဘဏ္ဍာနဲ့ ဆောက်ရမှာပါ။ ကျွန်တော်တို့ဆီက ငွေတောင်းနေတာက အနိုင်ကျင့်ပြီး ကောက်ခံနေတာ။ ကွပ်ကဲရေးမှူး သူရဦးစန်းလွင် အနေနဲ့ ဒီကိစ္စကို ရပ်တန့်ပေးဖို့ လိုပါမယ်” ဟု ဒေသခံတစ်ဦးက ပြောပါသည်။ 

အလယ်သံကျော် ကျေးရွာအုပ်စုတွင် စက်လှေ ၁၀၀ ကျော်ရှိကြောင်း သိရှိရပါသည်။ 




Comment ရေးရန်

Rohingya Exodus