နောက်ဆုံးသတင်း/ဆောင်းပါးများ

စစ်သားများက ဒေသခံတစ်ဦး၏ ဆိုင်ကယ်ကို ခဏဟု ဆိုကာ ယူ၍ ရောင်းစား၊ နယ်ခြားစောင့်ရဲများက ဒေသခံများကို လုပ်အားပေးခိုင်း

Rohingya Eye
RB News
23.1.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း၊ ကျောက်ပန္ဒူး ကျေးရွာအခြေစိုက် စစ်တပ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ တို့မှ ဆိုင်ကယ်ငှား၍ ပြန်မပေးဘဲ ရောင်းစားခြင်း၊ ဒေသခံများကို အတင်းအဓမ္မ လုပ်အားပေးခိုင်းခြင်းများ ပြုလုပ်လျက် ရှိကြောင်း သတင်းရရှိပါသည်။

မောင်တောမြို့နယ် တောင်ပိုင်း၊ ကျောက်ပန္ဒူး ကျေးရွာအုပ်စု အခြေစိုက် စစ်တပ်မှ စစ်သားများသည် ဇန်န၀ါရီလ (၅) ရက်နေ့ နံနက် (၇) နာရီ အချိန်တွင် စေတီရွာသို့ သွားရောက်၍ ဦးနူရ်ကာမာလ် (ဘ) ဦးမာမတ်နော်ဘီ (အသက် ၂၅ နှစ်) ၏ နေအိမ်မှ ဦးနူရ်ကာမာလ်၏ ကျပ် ၁၅ သိန်းတန် Honda အမျိုးအစား အနက်ရောင် ဆိုင်ကယ်ကို ခဏအတွက်ဟု ဆိုကာ ယူဆောင်သွားခဲ့သည်။ 

ပိုင်ရှင်ဖြစ်သူက ၎င်းထံ ဆိုင်ကယ်လာရောက် အပ်နှံခြင်းမရှိသဖြင့် ဇန်န၀ါရီလ (၁၈) ရက်နေ့တွင် လူတစ်ဦး စေလွှတ်၍ ပြန်တောင်းခိုင်းခဲ့ရာ စစ်သားများက “ဆိုင်ကယ်ကို မပေးနိုင်ကြောင်း၊ လိုအပ်တဲ့အတွက် ယူထားတာ ဖြစ်ကြောင်း” ပြန်လည်ပြောဆိုခဲ့သည်။ ဆိုင်ကယ်ကို စစ်တွေမြို့သို့ ပို့ဆောင်၍ ရောင်းစားလိုက်ကြောင်း စစ်သားများနှင့် နီးစပ်သူတစ်ဦးထံမှ သိရှိရသည်။ 

ယင်းကျေးရွာအုပ်စု၊ ရွာကြီးရွာနှင့် စေတီရွာများရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းများ အတွက် ရွာနှစ်ရွာမှ လူ (၁၀) ဦးစီကို အတင်းအဓမ္မ လုပ်အားပေးခိုင်းလျက် ရှိသည်။ အဆိုပါ ကင်းစခန်းများတွင် ခြံစည်းရိုး ကာရံခြင်းနှင့် အခြားလုပ်ငန်းများ အတွက် အတင်းအဓမ္မ ခိုင်းစေလျက် ရှိသည်မှာ တစ်လကြာ ရှိနေပြီ ဖြစ်ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။ 

အလားတူ အင်းဒင်ကျေးရွာရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်း ခြံစည်းရိုး ကာရံရန် အတွက်ဟု ဆိုကာ သ၀န်ချောင်း၊ ကျောက်ပန္ဒူး၊ အင်းဒင်ကျေးရွာများမှ ငွေကျပ် (၁၀) သိန်းစီ တောင်းခံလျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောသည်။ 




Comment ရေးရန်

Rohingya Exodus