နောက်ဆုံးသတင်း/ဆောင်းပါးများ

ကံပူးကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့က ရွာသားများထံမှ ငွေညှစ်

MYARF
RB News
21.4.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း၊ အလယ်သံကျော် နယ်မြေအပိုင် ကံပူးကျေးရွာအုပ်စုတွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့က ရွာသားများထံမှ မတရားသဖြင့် ငွေညှစ်လျက်ရှိကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ် တောင်ပိုင်း၊ အလယ်သံကျော်နယ်မြေအပိုင်၊ ကံပူးကျေးရွာအုပ်စုမှ ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူ ဦးဆော်ယာဒ်အာလောမ်၊ အဖွဲ့ဝင်ဖြစ်သူ ဦးမော်တော်လောဖ်နှင့် ရပ်ရွာလူကြီးဖြစ်သူ ဦးအဒူရှကူရ်တို့ (၃) ဦးသည် ကျေးရွာအုပ်ချုပ်ရန် အာဏာရထားသည့် လူကြီးများ ဖြစ်သော်လည်း လိုင်စင်ရ ဓါးပြများအဖွဲ့ကဲ့သို့ ကျေးရွာအတွင်းတွင် ကြမ်းကြမ်းတမ်းတမ်း ပြုမှု လှုပ်ရှားဆောင်ရွက်လျက် ရှိကြောင်း ဒေသခံရွာသားများက RB News သို့ပြောပါသည်။ ကျေးရွာအုပ်ချုပ်ရေးမှူး ဖြစ်သူသည် အမျိုးသမီးများကို ကိုယ်ထိလက်ရောက် စော်ကားခြင်း၊ အဖွဲ့ဝင်ဖြစ်သူက အတင်းအဓမ္မ ငွေကောက်ခံခြင်းနှင့် ရပ်ရွာလူကြီး ဖြစ်သူက အရက်သောက်၍ ရမ်းကားခြင်းများ ပြုလုပ်နေသဖြင့် ရွာသားများ စိတ်အနှောက်အယှက်ဖြစ်လျက် ရှိကြောင်း သိရှိရသည်။

ဧပြီလ (၇) ရက်နေ့မှ (၉) ရက်နေ့အတွင်းတွင် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့က ဦးမိုဟာမတ်နော်ဇိရ် (ဘ) ဦးအိုမောရ်ဒေါ်ရာဇ် ကို ဖမ်းဆီး၍ ခြောက်ပေါက် ထည့်ထားပြီးနောက် ခြိမ်းခြောက်၍ ငွေကျပ် (၃) သိန်း၊ ဦးအဒူမူနာဖ် (ဘ) ဦးမော်တီအူရာမာန် ကို အိမ်ပြုပြင်သည်ဟု စွပ်စွဲ၍ အမှုဖွင့် အရေးယူမည်ဟု ခြိမ်းခြောက်၍ ငွေကျပ် (၃) သိန်း၊ ဦးရော်ဟီမူလ္လာကို နွားရောင်းခဲ့သည်ဟု စွပ်စွဲ၍ ငွေကျပ် (၂) သိန်း ညှစ်ယူခဲ့ကြောင်း ရွာသားများက ပြောပါသည်။

ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့သည် ဆင်းရဲသည့် ရွာသားများ သမီးပျို မိန်းကလေးများကို ကိုယ်ထိလက်ရောက် ကာအိနြေ္ဒပျက်ယွင်းစေသည့်အထိ စော်ကားနေသည့်အပြင် မုဒိမ်းကျင့်သည့် အထိ ရှိနေကြောင်း၊ သို့သော်လည်း မိဘဖြစ်သူများက ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ကို ကြောက်ရွံ၍ သက်ဆိုင်ရာသို့ တိုင်ကြားခြင်း မပြုနိုင်ဘဲ ရှိနေကြောင်း၊ မိန်းကလေးများ၏ ဘ၀နှင့် ဂုဏ်သိက္ခာကို ရှေ့ရှု၍ အမည်များ ထုတ်ဖော်မပြောနိုင်ခြင်း ဖြစ်ကြောင်း၊ အုပ်ချုပ်သည့်သူများက အရက်သေစာ သောက်စား မူးယစ်ရမ်းကားနေသည်ကို လူငယ်များက အတုယူ၍ ပျက်စီးနေကြကြောင်း၊ ရွာသားများထံမှ နေ့စဉ်လိုလို မတရားသဖြင့် ငွေညှစ်နေခြင်းများ ပြုလုပ်နေသဖြင့် အထက်အာဏာပိုင်များက အမြန်ဆုံး ဟန့်တား အရေးယူပေးရန် လိုလားကြောင်း ဒေသခံ ရွာသားများက RB News သို့ပြောပါသည်။




Comment ရေးရန်

Rohingya Exodus