နောက်ဆုံးသတင်း/ဆောင်းပါးများ

ရခိုင်ပဋိပက္ခနဲ့ ပထဝီနိုင်ငံရေး

(ဓါတ်ပုံ Reuters)

ဇော်ဝင်း (၈၈ ဗကသကျောင်းသားဟောင်း) ရေးသားသည်။
21.10.2017

ရခိုင်ပြည်နယ်ဟာ မဟာဗျူဟာအရအရေးပါတယ်ဆိုတာ အားလုံးသိကြပြီး ဖြစ်မှာပါ။ တရုတ်ရဲ့ အမြွှာပိုက်လိုင်းရှိတယ်။ ကျောက်ဖြူရေနက်ဆိပ်ကမ်းရှိတယ်။ ကျောက်ဖြူ အထူးစီးပွားရေးဇုံရှိတယ်။ အမြွှာပိုက်လိုင်းဟာ မြန်မာနိုင်ငံကရေနံနဲ့ ဓာတ်ငွေ့ကို တင်ပို့ဖို့သက်သက် မဟုတ်ဘူး။ အာဖရိ၊ အရှေ့အလယ်ပိုင်းအပါအဝင် ကမ္ဘာတဝန်းက တရုတ်ရေနံမှန်သမျှကို တင်ပို့ဖို့ဖြစ်တယ်။

အရင်က တရုတ်ရေနံနဲ့ ဓာတ်ငွေ့တွေဟာ မလက္ကာရေလက်ကြားကို ဖြတ်ပြီး တင်ပို့နေရတာဖြစ်တယ်။ အခုမလက္ကာရေလက်ကြားကို ဖြတ်စရာ မလိုတော့ တရုတ်အတွက် ကီလိုမီတာ ၅၀၀၀ (မိုင်ပေါင်း ၃၀၀၀ ကျော်) သက်သာသွားတယ်။ ဒါ့အပြင် မလက္ကာရေလက်ကြားဟာ အမေရိကန်ရဲ့ စစ်ရေးစိုးမိုးမှု အောက်မှာရှိတယ်။ မလက္ကာရေလက်ကြားကို မှီခိုနေရတာဟာ တရုတ်အနေနဲ့ အမေရိကန်ရဲ့ စစ်ရေးခြိမ်းခြောက်မှုအောက်မှာ အမြဲကျရောက်နေရသလိုဖြစ်နေတယ်။ အဲဒီအခြေအနေဟာ တရုတ်အတွက် ဘယ်လိုမှ စိတ်အေးစရာမရှိဘူး။ တောင်ဆူဒန်နဲ့ ချတ်ဒ် နိုင်ငံတို့မှာ တရုတ်ဟာ အလားတူ အခြေအနေကို ရင်ဆိုင်ကြုံတွေ့ခဲ့ရပြီး အမေရိကန်ရဲ့လက်ချက်ကို ခံစားခဲ့ရပြီးဖြစ်တယ်။ (အမေရိကန်နဲ့ တရုတ်ရေနံလုပွဲကြောင့် ဆူဒန်နှစ်ခြမ်းကွဲခဲ့ရတာကိုလည်း ကျနော်တို့အမြဲသတိရနေသင့်တယ်။)

ကျောက်ဖြူရေနက်ဆိပ်ကမ်းဟာလည်း တရုတ်အတွက် အရေးကြီးတယ်။ ကျောက်ဖြူရေနက်ဆိပ်ကမ်းဟာ တရုတ်ရဲ့ ပုလဲသွယ်စီမံကိန်းလို့ အမေရိကန်က နာမည်ပေးထားတဲ့ ပုလဲပုတီးထဲက ပုလဲတလုံးလည်း ဖြစ်တယ်။ ဘင်္ဂလားဒေ့ရှ်က စစ်တကောင်းဆိပ်ကမ်း၊ ပါကစ္စတန်က ဂွာဒါ ဆိပ်ကမ်း၊ သီရိလင်္ကာက ကိုလံဘိုဆိပ်ကမ်းတို့ကလည်း အဲဒီပုလဲပုတီးထဲက တခြားပုလဲလုံးတွေ ဖြစ်တယ်။ အဲဒီပုလဲပုတီးဟာ တရုတ်ရဲ့ ရန်သူတော် အိန္ဒိယကို ရေကြောင်းကနေ ဝိုင်းထားနိုင်မယ့် ပုလဲပုတီးလည်း ဖြစ်တယ်။ မော်လ်ဒိဗ်နဲ့ ဆိုမားလီးယားတို့လို တခြားရေကြောင်းအချက်အချာဌာနတွေကိုပါ ပေါင်းစပ်ထည့်သွင်းပြီး တရုတ်ရဲ့ စစ်ရေး၊ စီးပွားရေး ကွန်ရက်တွေနဲ့ ဆက်စပ်လိုက်ရင် တရုတ်ပြည်မကနေ ဆူဒန်ဆိပ်ကမ်းအထိရောက်အောင်ကျယ်ပြန့်တဲ့ ကွန်ရက်ကြီး တခုလည်း ဖြစ်တယ်။ ပုလဲပုတီးဟာ ခေတ်သစ်ပိုးလမ်းမကြီးလို့ခေါ်တဲ့ ရပ်ဝန်းတခု၊ လမ်းတခုရဲ့ တစိတ်တဒေသလည်း ဖြစ်တယ်။ ဒါကိုကြည့်ရင် ရခိုင်ဟာ တရုတ်အတွက် ဘယ်လောက်အရေးပါတယ်ဆိုတာ သိသာထင်ရှားနေပါပြီ။ တဆက်တည်း စဉ်းစားဖို့ရာကတော့ တရုတ်အတွက် အရေးပါတဲ့အရာမှန်သမျှဟာ အမေရိကန်အတွက်လည်း အရေးပါတယ်ဆိုတာပါပဲ။

ကမ္ဘာမှာ ဒီနေ့ခေတ်ဖြစ်နေတဲ့ စစ်ပွဲအားလုံးဟာ ၁။ ရေနံကိုစိုးမိုးဖို့ ၂။ ပထဝီနိုင်ငံရေးဆိုင်ရာ သေနင်္ဂဗျူဟာ အချက်အချာ တွေကို စိုးမိုးဖို့အတွက် တိုက်နေတဲ့ တိုက်ပွဲတွေချည်းပဲ။ ရေနံအကျိုးစီးပွားနဲ့ ပထဝီနိုင်ငံရေးဆိုင်ရာ သေနင်္ဂဗျူဟာ အချက်အချာဆိုတာကလည်း တကယ်တော့ သိပ်ဆက်စပ်နေတယ်။ ပထဝီနိုင်ငံရေး ဆိုင်ရာ သေနင်္ဂဗျူဟာအရ အချက်အချာကျမကျဆိုတာကလည်း အဓိကအားဖြင့် အချက်နှစ်ချက်အပေါ် အခြေခံလေ့ရှိတယ်။ ပထမတချက်ကတော့ အင်အားကြီး နိုင်ငံတွေကို ဝိုင်းရံနေတဲ့နေရာတွေ၊ အဲဒီအင်အားကြီး နိုင်ငံတွေဆီကို လက်လှမ်းမီတဲ့ နေရာတွေဟာ သေနင်္ဂဗျူဟာအရ အရေးပါကြတယ်။ စစ်တုရင်ခုံပေါ်မှာ အရပ်ရှစ်မျက်နှာကို စိုးမိုးနိုင်အောင် အလယ်ဗဟို လေးကွက်ကို စိုးမိုးဖို့ကြိုးစားရတာနဲ့ သဘောတရား အတူတူပဲဖြစ်တယ်။ ဒုတိယအချက်ကတော့ ရေနံအမြောက်အမြားထွက်တဲ့ဒေသ သို့မဟုတ် ရေနံအမြောက်အမြားသယ်ပို့နိုင်တဲ့ လမ်းကြောင်းပေါ်ကဒေသတွေဟာလည်း သေနင်္ဂဗျူဟာအရ အချက်အချာကျတယ်။ အဲဒီသီအိုရီနဲ့ စဉ်းစားကြည့်ရင် မြန်မာနိုင်ငံဟာ သေနင်္ဂဗျူဟာအရ အချက်အချာဒေသဖြစ်ဖို့ အတွက် လိုအပ်တဲ့ အချက် နှစ်ချက်စလုံးနဲ့ ကိုက်ညီနေတယ်။

ဒီပထဝီနိုင်ငံရေးသီအိုရီဟာ ရခိုင်အရေးအပေါ်မှာ တော်တော်လေး သြဇာညောင်းတာကို သတိထားမိတယ်။ ဒီသီအိုရီအပေါ်အခြေခံစဉ်းစားကြတဲ့အခါ အမြင်နှစ်မျိုးထွက်လာတယ်။ ပထမတမျိုးကတော့ ရခိုင်မှာ တရုတ်အကျိုးစီးပွားတွေ သိပ်ရှိနေတယ်။ ဒါ့ကြောင့် တရုတ်နဲ့ စစ်အစိုးရတို့ ပေါင်းပြီး ရခိုင်ပြည် မငြိမ်မသက်ဖြစ်အောင် လုပ်တယ်၊ ရိုဟင်ဂျာပြဿနာကို ဖန်တီးတယ်ဆိုတဲ့ အမြင်ပါ။ တကယ်တော့ ဒီအမြင်ဟာ ရှေ့နောက်မညီဘူး။ ဒီအမြင်မဖြစ်နိုင်ကြောင်းကို အချက်အလက်တော်တော် များများပြပြီး သက်သေထူလို့ ရတယ်။ တရုတ်ဟာ သူ့အိမ်နီးနားမှာ ဆူဆူပူပူ ဖြစ်မှာကို မလိုလားဘူး။ ဒါက တကယ်တော့ တရုတ်တနိုင်ငံတည်း မဟုတ်ဘူး။ ဘယ်နိုင်ငံမဆိုဟာ သူတို့အိမ်နားမှာ အပူကွက် ပေါ်ထွန်းလာတာကို ကြိုက်နှစ်သက်လေ့မရှိဘူး။ ဒါကပထမအချက်။ ဒုတိယတချက်က တရုတ်ဟာ ရခိုင်ပြည်နယ်ကို စီးမိပြီးသားဖြစ်တယ်။ သူကစင်ပေါ်ကလူ။ စင်ပေါ်ကလူတို့ရဲ့ သဘာဝဟာ တည်မြဲအနေ အထား အတိုင်းရှိစေချင်ကြတယ်။ ဒါမှ သူတို့အသာစီးရထားပြီးသား အခြေအနေဟာ ကြံ့ခိုင်တောင့်တင်းမယ်။ ရခိုင်ပြည်ဆူပူခြင်းထက် ငြိမ်းချမ်းခြင်းက တရုတ်အတွက်ပိုပြီး အကျိုးရှိတယ်။ ဒါ့ကြောင့် ရခိုင်ရိုဟင်ဂျာ အရေးဟာ တရုတ်အတွက် ဘယ်လိုမှ အကျိုးဖြစ်ထွန်းစရာ အကြောင်းမရှိလို့ ရခိုင် အရေးတရုတ်ဖန်တီးတယ်ဆိုတဲ့ အမြင်ဟာ ကျိုးကြောင်းဆီလျော်တဲ့ အမြင်မဟုတ်ဘူး။

ဒုတိယအမြင်ကတော့ ရခိုင်ပြည်နယ် မငြိမ်မသက်ဖြစ်အောင် အမေရိကန်က လုပ်တယ်ဆိုတဲ့ အမြင်ဖြစ်တယ်။ ဒီအမြင်နဲ့ပတ်သက်ပြီး ကျယ်ကျယ်လောင်လောင်အသံထွက်လာတာကတော့ ရုရှားသိပ္ပံအကယ်ဒမီ၊ အရှေ့တိုင်းလေ့လာရေးဌာနရဲ့ ညွှန်ကြားရေးမှူး ဒမစ်ထရီ မိုဆရာကော့ဗ် ကိုကိုးကား ရေးသားထားတဲ့ စပွတ်တနစ်သတင်းဌာနထုတ် ဆောင်းပါးဖြစ်ပါတယ်။ မိုဆရာကော့ဗ် ရဲ့အမြင်မှာ အဓိက အချက် ၃ ချက်ပါတယ်။

၁။ ဒါဟာ တရုတ်ဆန့်ကျင်ရေးကစားပွဲဖြစ်တယ်။ တရုတ်ရင်းနှီးမြှုပ်နှံမှုတွေ အကြီးအကျယ်လုပ်ထားတဲ့ ရခိုင်ဒေသကို ဝင်ပြီးနှောက်တာဖြစ်တယ်။
၂။ အရှေ့တောင်အာရှမှာ မွတ်ဆလင် အစွန်းရောက်ဝါဒကို ဓာတ်ဆီလောင်းမီးမွှေးပေးတာဖြစ်တယ်။
၃။ အာဆီယံအဖွဲ့ အတွင်းမှာ ပဋိပက္ခမျိုးစေ့ချပေးတာဖြစ်တယ်။ ( မွတ်ဆလင်နိုင်ငံတွေဖြစ်တဲ့ မလေးရှား၊ အင်ဒိုနီးရှားနဲ့ မြန်မာတို့ကို မသင့်မတင့်ဖြစ်အောင်ဖန်တီးတာဖြစ်တယ်။)

ပထမအချက် တရုတ်အကျိုးစီးပွားကို ကမောက်ကမဖြစ်အောင်လုပ်ချင်လို့ အမေရိကန်က ရခိုင်ပြည်နယ် မငြိမ်မသက်ဖြစ်အောင် လုပ်ချင်တယ်ဆိုရင် ဒါဟာ ကျိုးကြောင်းဆီလျော်တဲ့ ယူဆချက်လို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် ရခိုင်အရေးဟာ အမေရိကန်ကစတာ ဟုတ်ရဲ့လား။ အမေရိကန်မှာ စနိုင်တဲ့ အခြေအနေရှိသလား။

ဒုတိယအချက် အရှေ့တောင် အာရှမှာ မွတ်ဆလင် အစွန်းရောက်ဝါဒကို အမေရိကန်က ဓာတ်ဆီလောင်း မီးမွှေးပေးတယ်ဆိုတဲ့ အယူအဆဟာ တာလီဘန်နဲ့ အယ်လ်ခိုင်းဒါးကို အမေရိကန်မွေးမြူသင်တန်းပေးခဲ့ပုံ နဲ့ အိုင်အက်စ်ကို အမေရိကန်တို့ စတင်လက်နက်တပ်ဆင်ပေးခဲ့ပုံ နမူနာတွေကိုကြည့်ပြီး ပြောတာဖြစ်ပုံရပါ တယ်။ ဒါပေမယ့် ARSA ကိုမွေးဖွားပေးတဲ့ လက်သည်ဟာ အမေရိကန်ဟုတ်ရဲ့လား။ အာဆာဟာ ဘယ်သူ့ကြောင့် ပေါ်ပေါက်လာရတာလဲ။

တတိယအချက် အာဆီယံထဲမှာ ပဋိပက္ခမျိုးစေ့ကို မွေးမြူပေးတယ်ဆိုတဲ့အချက်ကို သံသယရှိပါတယ်။ အာဆီယံလို အဖွဲ့အစည်းမျိုးကို အမေရိကန်က ဖျက်ဆီးလေ့မရှိပါဘူး။ တပည့်ဖြစ်လာအောင် မွေးမြူလေ့ရှိပါတယ်။

၂၀၁၁-၂၀၁၂ မှာ ရခိုင်မှာ တရုတ်မြန်မာရေနံတူးဖော်ရေးပရောဂျက်စတဲ့အချိန်မှာ ရိုဟင်ဂျာတွေ နိုင်ငံတကာကို သိန်းနဲ့ချီပြီး ဒုက္ခသည် အဖြစ်ထွက်ပြေးကြတာဟာ တိုက်ဆိုင်မှုတခုမဖြစ်နိုင်ဘူး၊ အမေရိကန်နဲ့ အနောက်နိုင်ငံတွေရဲ့ လက်ချက်ဖြစ်မယ်လို့ ရုရှား People’s Friendship University တက္ကသိုလ်ရဲ့ ညွန်ကြားရေးမှူး ဒမစ်ထရီ အီဂိုချန်ကော့ဗ် ကိုကိုးကားပြီး စပွတ်တနစ် ဆောင်းပါးကကောက်ချက် ချပါတယ်။ ဒီကောက်ချက်က ဝေးလွန်းလှပါတယ်။ ရိုဟင်ဂျာတွေ လှေစီးပြီး ထိုင်းတို့ မလေးရှားတို့ အင်ဒိုနီးရှားတို့ သြစတြေးလျတို့ဘက်ကို ထွက်ပြေးတာဟာ အမေရိကန်လက်ချက် ဆိုတာ ဖြစ်နိုင်ခြေရှိမရှိ ကျနော်တို့ မြန်မာတွေ အသိဆုံးပါ။ တကယ်တော့ ပင်လယ်ထဲမှာမျောနေတဲ့ ရိုဟင်ဂျာတွေကို ဟိုနိုင်ငံကလက်မခံဒီနိုင်ငံကလက်မခံဘဲ ပင်လယ်ထဲ ပြန်မျှောတဲ့အချိန်ကျမှသာ အနောက်တိုင်းမီဒီယာတွေနဲ့ အနောက်နိုင်ငံတွေသိကြတာပါ။

စပွတ်တနစ်ဆောင်းပါးမှာပါတဲ့ နောက်တချက်ကတော့ ဆိုးရော့စ်က ငွေကြေးအများအပြားထောက်ပံ့ထား တဲ့ Burma Task Force အဖွဲ့တွေဟာ မြန်မာနိုင်ငံထဲမှာ ၂၀၁၃ ခုနှစ်ကတည်းက လည်ပတ်လှုပ်ရှားနေခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီအချက်ဟာမှားပါတယ်။ Burma Task Force မှာပါတဲ့ အဖွဲ့ တစ်ဖွဲ့မှ မြန်မာနိုင်ငံတွင်းမှာ လှုပ်ရှားခွင့် မရပါဘူး။ Burma Task Force မှာပါတဲ့ အဖွဲ့ တွေက ဒီအဖွဲ့တွေပါ။

၁။ Burmese Rohingya Association of North America, ၂။ Free Rohingya Campaign, ၃။ Council on American-Islamic Relations (CAIR), ၄။ Council of Islamic Organizations of Greater Chicago (CIOGC), ၅။ Islamic Circle of North America (ICNA NY and Canada), ၆။ Islamic Council of New England (ICNE), ၇။ Islamic Organization of North America (IONA), ၈။ Islamic Society of North America (ISNA), ၉။ Justice For All, ၁၀။ DawaNet, ၁၁။ Majlis Shura of Atlanta, ၁၂။ Michigan Muslim Community Council, ၁၃။ Muslim Alliance of North America (MANA), ၁၄။ Muslim Public Affairs Council (MPAC), ၁၅။ Muslim Ummah of North America (MUNA), ၁၆။ Muslim Leadership Council of New York ၁၇။ Muslim Peace Coalition USA

Burma Task Force မှာပါတဲ့ အဖွဲ့အားလုံးဟာ မွတ်ဆလင် အဖွဲ့အစည်းတွေဖြစ်ပြီး အားလုံး ပြည်ပ အခြေစိုက်တွေချည်းပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီအဖွဲ့တွေက ရခိုင်ပဋိပက္ခကို ဖန်တီးတယ်ဆိုတာ မဖြစ်နိုင်ပါဘူး။

ဆိုးရော့စ်က ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီး ပြောခဲ့ရာမှာ “မြန်မာ့နိုင်ငံရေးကူးပြောင်းမှုဖြစ်စဉ်ကို လောလောလတ်လတ် ခြိမ်းခြောက်နေတဲ့ အရာကတော့ မွတ်ဆလင်ဆန့်ကျင်ရေးစိတ်ဓာတ်နဲ့ ရိုဟင်ဂျာတွေအပေါ် မတော်မတရားလုပ်နေတာကို တရားဝင် ခွင့်ပြုပေးထားတဲ့ အချက်ဖြစ်ပါတယ်” လို့ ပြောခဲ့ဖူးတာမှန်ပါတယ်။ Burma Task Force ကို အမေရိကန်နဲ့ ဆိုးရော့စ်တို့က ငွေကြေးထောက်ပံ့မှုတွေ ပေးနေတာလည်း အမှန်ပါပဲ။ ဒါပေမယ့် ဒါကိုကြည့်ပြီး ဆိုးရော့စ်တို့ အမေရိကန်တို့က ရိုဟင်ဂျာတွေကို မြှောက်ပေးနေတာပဲလို့ ပြောရင် မပြည့်စုံပါဘူး။ အမေရိကန်နဲ့ ဆိုးရော့စ်တို့က ငွေကြေးထောက်ပံ့နေတဲ့ တခြား အဖွဲ့အစည်းတွေကိုလည်း ကြည့်ဖို့လိုပါလိမ့်မယ်။ အမေရိကန် NED နဲ့ ဂျော့ခ်ျဆိုးရော့စ်တို့ ထောက်ပံ့ပေးနေတဲ့ အဖွဲ့အစည်းတွေထဲမှာ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်တိုင်နဲ့ ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပါဝင်ကြပါတယ်။ ပြည်တွင်းမှာ သူတို့က အများဆုံးရကြပါတယ်။ ရိုဟင်ဂျာအပေါ်မှာ သူတို့ရဲ့သဘောထားဟာ Burma Task Force ရဲ့ သဘောထားနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေတာကို တွေ့ရပါလိမ့်မယ်။ အဲဒါကိုကြည့်ပြီး ပြောမယ်ဆိုရင် ဆိုးရော့စ်ငွေကြေးထောက်ပံ့ထားတဲ့ အဖွဲ့အစည်းတွေဟာ ရိုဟင်ဂျာတွေကို မြန်မာ့မြေပေါ်က အပြီးအပိုင် မောင်းထုတ်နေကြပါတယ်လို့ ပြောရမလိုဖြစ်နေပေဘူးလား။

နောက်တခုထောက်ပြချင်တာက ARSA ဟာ အကြမ်းဖက် အဖွဲ့အစည်း (terrorist organization) ပါလို့ ပထမဆုံးပြောတဲ့ အဖွဲ့အစည်းဟာ အစိုးရစစ်တပ်ဖြစ်ပါတယ်။ ဒါပေမယ့် အစိုးရစစ်တပ်လက်ထဲမှာ ဘာအထောက်အထားမှမရှိပါဘူး၊ အထောက်အထား နှမ်းတစေ့မှ မပြနိုင်ပါဘူး။ ARSA ကို အကြမ်းဖက်နဲ့ တကယ်တန်း ကြိုးစားဆက်စပ်ပေးတဲ့ အဖွဲ့အစည်းက အိုင်စီဂျီခေါ် နိုင်ငံတကာ ပဋိပက္ခဆိုင်ရာအဖွဲ့ (International Crisis Group) ဖြစ်ပါတယ်။ သူတို့ဆက်စပ်ပေးတာက အာဆာခေါင်းဆောင် အာတာအူလာဟာ ပါကစ္စတန်နဲ့ ဆော်ဒီအာရေဗျမှာ နေခဲ့ဖူးတယ်ဆိုတဲ့အချက်နဲ့ ဆော်ဒီအာရေဗျအခြေ စိုက် ရိုဟင်ဂျာတွေက အာဆာကို ငွေကြေးကူညီထောက်ပံ့တယ်ဆိုတဲ့အချက် ဖြစ်ပါတယ်။ ဒါကလုံလောက် ခိုင်မာတဲ့ သက်သေအထောက်အထား မဟုတ်ပေမယ့် အိုင်စီဂျီက အဲသလိုပြောတဲ့ အချက်ကို နိုင်ငံတကာ (အထူးသဖြင့် အနောက်နိုင်ငံတွေ) က အလေးအနက်ထားပါတယ်။ အာဆာကို အဲသလို အကြမ်းဖက် အဖွဲ့ အစည်း အမည်ပေါက်အောင် ကူညီပေးတဲ့ အိုင်စီဂျီအဖွဲ့ရဲ့ အမှုဆောင်အဖွဲ့ဝင် သို့မဟုတ် အိုင်စီဂျီ ဂေါပက စာရင်းမှာ (Board of Trustees မှာ) ဆိုးရော့စ်ပါပါတယ်။ အဲဒါတင်မကပါဘူး။ အိုင်စီဂျီဟာ အာဆာကို ကြီးထွားမလာအောင် ဘာတွေ လုပ်ဆောင်သင့်တယ်ဆိုပြီး မြန်မာအစိုးရနဲ့ စစ်တပ်ကို တိုက်ရိုက်ဆက်သွယ် အကြံပေးနေတဲ့ အဖွဲ့အစည်းလည်း ဖြစ်ပါတယ်။

ဒီတော့ ဆိုးရော့စ်နဲ့ အမေရိကန်ဟာ ရိုဟင်ဂျာဘက်သားတွေ၊ ရိုဟင်ဂျာတွေကို မြှောက်ပေးပြီး ရခိုင်ပြည် မတည်မငြိမ်ဖြစ်အောင် လုပ်နေတယ်ဆိုတဲ့ စပွတ်တနစ်ရဲ့ မှတ်ချက်ဟာ တိမ်လွန်းပါတယ်။ ဖြစ်ချင်းဖြစ်ရင် အမေရိကန်နဲ့ ဆိုးရော့စ်ဟာ နှစ်ဘက်စလုံးခွကစားနေတဲ့သူသာ ဖြစ်ပါလိမ့်မယ်။

ဒါပေမယ့် သေချာတာတခုကတော့ ရခိုင်ပြဿနာကို စပြီးမီးမွှေးသူဟာ အမေရိကန်နဲ့ ဆိုးရော့စ် မဟုတ်ဘူး။ ဒီပြဿနာဟာ အပြင်ဘက်က ဖန်တီးတဲ့ ပြဿနာ မဟုတ်ဘူး။ ရခိုင်ပြည်နယ်ထဲက စတဲ့ ပြဿနာ။ အမေရိကန်နဲ့ ဆိုးရော့စ်ဟာ ရခိုင်ပြည်နယ်ထဲမှာ ပြဿနာကို စတင်မီးမွှေးနိုင်လောက်အောင် ခြေကုတ်မရှိဘူး။

ရခိုင်ပြဿနာကို စပြီးမီးမွှေးသူဟာ ARSA အာဆာလည်း မဟုတ်ဘူး။ အာဆာမှာ အဲသလောက် အင်အား မရှိဘူး။ အာဆာရဲ့ အင်အားဟာ တရာတောင် ပြည့်ချင်မှပြည့်မယ်။ အာဆာဟာ ပဋိပက္ခကို စတင်သူမဟုတ်ဘူး။ စစ်တပ်ရဲ့ မတရားဖိနှိပ်စော်ကားမှုတွေကို မခံနိုင်လို့ ရရာလက်နက်ကိုင်ပြီး ထပုန်ကန်တဲ့ သူပုန်သူကန် အဆင့်လောက်ပဲရှိတယ်။ အာဆာဟာ ခုခံသူမျှသာဖြစ်တယ်။

တကယ်တန်းပြဿနာကို စတင်သူဟာ အစိုးရစစ်တပ်ပဲဖြစ်တယ်။ ရခိုင်တပြည်လုံး မီးဟုန်းဟုန်းတောက်အောင်၊ ရိုဟင်ဂျာတွေကို သတ်ဖြတ်မောင်းထုတ်သူဟာ အစိုးရ စစ်တပ်ပဲ ဖြစ်တယ်။ ရိုဟင်ဂျာအရပ်သားတွေကတော့ သန်းရွှေ၊ သိန်းစိန်၊ မင်းအောင်လှိုင် စစ်အာဏာရှင်အုပ်စုရဲ့ စစ်တပ်ကြီးစိုး ရေး စီမံကိန်းမှာ ဓားစာခံဖြစ်ခဲ့ရတဲ့ သားကောင်တွေမျှသာဖြစ်ပါတယ်။

ရိုဟင်ဂျာတွေ မခံမရပ်နိုင်ဖြစ်လာပြီး အာဆာဆိုတဲ့ အဖွဲ့အစည်းပေါ်ထွက်လာအောင် ဖန်တီးသူဟာလည်း အစိုးရစစ်တပ်ပဲ ဖြစ်တယ်။ အာဆာကို မွေးမြူဖန်တီးသူဟာ အမေရိကန်မဟုတ်ဘူး၊ ဆိုးရော့စ်မဟုတ်ဘူး၊ စစ်တပ်နဲ့ စစ်အာဏာရှင်တွေသာဖြစ်တယ်။ စစ်တပ်နဲ့ စစ်အာဏာရှင်တွေဟာ ရခိုင်ပြဿနာ ရေရှည်ဖို့ ပဋိပက္ခ အဓွန့်ရှည်ဖို့ အတွက် အာဆာကို ပြီးပြတ်အောင် မသုတ်သင်ဘဲ ကြီးထွားလာအောင် အချိန်ပေး စောင့်ဆိုင်းမွေးမြူပေးသူလည်း ဖြစ်တယ်။ အာဆာဟာ ကေအိုင်အေ မဟုတ်ဘူး၊ တအာင်းမဟုတ်ဘူး၊ ကိုးကန့်မဟုတ်ဘူး။ သူတို့ထက် အဆပေါင်းများစွာသေးငယ်သလို သူတို့လိုမျိုး ခေတ်မီလက်နက်လည်း ကိုင်ဆောင်နိုင်ကြတဲ့ အဖွဲ့အစည်းမျိုးမဟုတ်ဘူး။ အဲသလို အဖွဲ့မျိုးကို စစ်တပ်က ဖျက်ဆီးချေမှုန်းပစ်ဖို့ ဟာ ဘာမှမခက်ခဲဘူး။ အဲသလို မခက်ခဲတဲ့ အလုပ်ကို ခက်ခဲသယောင်လုပ်တာဟာ စစ်တပ်ဖြစ်တယ်။ အာဆာကို ဧရာမကြီးအဖြစ်သရုပ်ဖော်ပြောဆိုသူဟာလည်း စစ်တပ်ပဲ ဖြစ်တယ်။ အာဆာကို ကြီးထွားလာအောင် လွှတ်ပေးထားသူဟာလည်း စစ်တပ်ပဲ ဖြစ်တယ်။ ဘာ့ကြောင့် အဲသလိုလုပ်သလဲ ဆိုတော့ ဗုဒ္ဓဘာသာ အစွန်းရောက်စိတ်ဓာတ် ထွန်းကားလာဖို့၊ စစ်တပ်မရှိရင် မဖြစ်လို့ လူတွေထင်လာဖို့၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို လူတွေဆန့်ကျင်လာဖို့၊ စစ်အာဏာရှင်ကိုဆန့်ကျင်ခဲ့ဖူးတဲ့ ရခိုင့်အစဉ်အလာကို သုတ်သင်ဖျက်ဆီးနိုင်ဖို့၊ သံဃာထုကြားမှာ ရွှေဝါရောင်စိတ်ဓာတ် ဘယ်တော့မှပြန်ပြီး ခေါင်းထောင်ထမလာဖို့ပဲ။ အတိုချုပ်ပြောရရင် စစ်အာဏာရှင်စနစ် ရာသက်ပန် သက်ဆိုးရှည်ရေးပဲ။

စစ်အာဏာရှင်ဟာ သူတို့ကောင်းစားရေး အတွက် ရခိုင်၊ ရိုဟင်ဂျာနဲ့ ဗုဒ္ဓဘာသာကို ချနင်းခဲ့ပြီ။ ရခိုင်ပြည်ကို မီးလောင်တိုက်သွင်းခဲ့ပြီ။ ဒီမီးကို တရုတ်ကစမွှေးတာလည်း မဟုတ်ဘူး။ အမေရိကန်က စမွှေးတာလည်း မဟုတ်ဘူး။ ဒါပေမယ့် ဒီမီးကို ရေရှည်ဆက်ပြီးမွေးမြူနေမယ်ဆိုရင်တော့ မြန်မာ့မြေပေါ်မှာ တရုတ်နဲ့ အမေရိကန် အားပြိုင်တဲ့ အဆင့်ထိရောက်လာနိုင်တယ်။ နိုင်ငံကြီးတွေက သူတို့အကျိုးအတွက် အသုံးချလာနိုင်တယ်။ အဲဒီအခြေအနေထိဆိုက်ပြီဆိုရင်တော့ မြန်မာ့နောင်ရေးဟာ အင်မတန် ရင်လေးစရာ ဖြစ်လာတော့မှာပါပဲ။

(စစ်အာဏာရှင်တွေ ရိုဟင်ဂျာပဋိပက္ခကို အကွက်ချစီစဉ်ခဲ့ပုံအကြောင်း ဆက်ရေးပါဦးမယ်။)

Comment ရေးရန်

Rohingya Exodus