နောက်ဆုံးသတင်း/ဆောင်းပါးများ



ဗွီအိုအေမြန်မာပိုင်း
19.11.2015

ကုလသမဂ္ဂ အထွေထွေ ညီလာခံရဲ့ လူ့အခွင့်အရေး တတိယ ကော်မတီကနေ ဗုဒ္ဓဟူးနေ့က မြန်မာနိုင်ငံမှာ လူနည်းစု မူဆလင်တွေ အပေါ် အစိုးရရဲ့ ခွဲခြား ဆက်ဆံမှုကို ပြစ်တင် ဝေဖန်လိုက်ပြီး ရိုဟင်ဂျာတွေကို နိုင်ငံသား ခံယူ ခွင့်ပြုနိုင်ဖို့ ၁၉၈၂ နိုင်ငံသား ခံယူခွင့် ဥပဒေကို ပြင်ဆင်ပေးဖို့ ဆုံးဖြတ်ချက် မူကြမ်း တရပ်ကို အတည်ပြု လိုက်ပါတယ်။

ဥရောပနိုင်ငံတွေ အပြင် အမေရိကန်ပြည်ထောင်စုနဲ့ တခြား အနောက်နိုင်ငံတွေက ပူးတွဲတင်သွင်းတဲ့ ဒီလိုက်နာဖို့ မလိုအပ်တဲ့ ဆုံးဖြတ်ချက်မူကြမ်းကို ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီးရဲ့ လူ့အခွင့်အရေး တတိယကော်မတီက တခဲနက် ထောက်ခံ အတည်ပြုခဲ့ပါတယ်။

ဒီဆုံးဖြတ်ချက်မူကြမ်းမှာ ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေနဲ့ တခြားလူနည်းစုတွေ ခွဲခြားဆက်ဆံခံနေရတာ လူ့အခွင့်အရေး ကျူးလွန်ချိုးဖောက်ခြင်း ခံနေရတာတွေအတွက် လွတ်လပ်စွာ စိုးရိမ်မကင်း ဖြစ်တဲ့အကြောင်း ထပ်လောင်း ဖော်ပြထားပါတယ်။

ဒါကြောင့် မြန်မာအစိုးရအနေနဲ့ လူနည်းစု ရိုဟင်ဂျာတွေ အပါအ၀င် နိုင်ငံတွင်းရှိ လူတိုင်းရဲ့ လူ့အခွင့်အရေးနဲ့ အခြေခံ လွတ်လပ်ခွင့်တွေကို လေးစားလိုက်နာဖို့လည်း ဒီဆုံးဖြတ်ချက်မူကြမ်းမှာ တိုက်တွန်းထားပါတယ်။

တချိန်တည်းမှာပဲ ဒီမူကြမ်းမှာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုအပြင် ဒီမိုကရေစီ ဖော်ဆောင်မှု အပါအ၀င် ဖွံ့ဖြိုးတိုးတက်မှုတွေကို ကြိုဆိုထားပြီး စစ်တပ်နဲ့ ရွေးကောက်ခံ လွှတ်တော်ဖွဲ့စည်းတဲ့ အရပ်သားအစိုးရ လက်အောက်မှာ အားလုံးအတူတကွ စုစည်းနေထိုင်ကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

ဒီဆုံးဖြတ်ချက်မူကြမ်းကို ရှေ့လ ကုလသမဂ္ဂရဲ့ အထွေထွေညီလာခံကြီးမှာ နောက်ထပ် မဲခွဲဆုံးဖြတ် အတည်ပြုမှာ ဖြစ်ပါတယ်။ မြန်မာသံအမတ်ကြီး ဦးကျော်တင့်ကတော့ သူ့အစိုးရအနေနဲ့ ဆုံးဖြတ်ချက်မူကြမ်းပါ အချက်အလက်တွေကို ကန့်ကွက်တဲ့အကြောင်း ကော်မတီကို ပြောကြားခဲ့ပြီး ရိုဟင်ဂျာ အသုံးအနှုန်းကိုလည်း ကန့်ကွက်ခဲ့ပါတယ်။

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီအနေနဲ့လည်း မြန်မာနိုင်ငံ နိုဝင်ဘာလ ၈ ရက်နေ့ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဒီသီတင်းပတ်အတွင်း ဆွေးနွေးဖို့ ရှိပါတယ်။



MYARF
RB News
18.11.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း၊ မြင်းလွှတ် ကျေးရွာအုပ်စု အနောက်ရွာမှ ဦးမူဖိစ် (ဘ) မော်လ၀ီ ဖော်ဇောလ်ကော်ရိမ်၊ အရှေ့ရွာမှ ဦးနူရူး (ဘ) ဦးဟာလာယာနှင့် တောင်ရွာမှ ဦးဖေရုစ် (ဘ) ဦးလှမောင် တို့သည် ၂၀၁၃၊ ၂၀၁၄ ခုနှစ်များမှ စ၍ လူကုန်ကူးမှု အကြီးအကျယ် ပြုလုပ်ခဲ့သော လူကုန်ကူး ပွဲစားများ ဖြစ်သည်။ 

၎င်းတို့ (၃) ဦးသည် ယခုမိုးရာသီ ကုန်ဆုံး၍ ဆောင်းရာသီ အစ ပင်လယ်လှိုင်းများ အားပျော့လာသည်နှင့် စက်လှေများဖြင့် ထိုင်းနှင့် မလေးရှားနိုင်ငံ များသို့ လူကုန်ကူးရန် ပြန်လည် စတင်လျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ ထိုသတင်းကို မြင်းလွှတ် ကျေးရွာမှ နယ်ခြားစောင့် ရဲတပ်ဖွဲ့၏ တပည့် ဦးမောင်တာစ်အုလ္လာ (ဘ) ဦးဂျဘူးက မြင်းလွှတ်ရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်း (ယခင် နယ်မြေ ၈ စခန်း) မှ ရဲမှူးထံ သတင်းပို့ခဲ့သည်။ 

ရဲမှူးက နိုဝင်ဘာလ လဆန်းပိုင်းတွင် အဆိုပါ လူကုန်ကူး ပွဲစား (၃) ဦးကို ဆင့်ခေါ်၍ “ငါ့ပိုင်နက် အတွင်း စက်လှေတွေနဲ့ လူကုန်ကူးမယ်ဆိုရင် အရင်နှစ်တွေကလို ငါ့ကို ငွေပေးရမယ်၊ ငါနဲ့ ပြေလည်မှသာ ချော့မွေ့စွာ လုပ်နိုင်မယ်” ဟု ပြောကြားခဲ့သည်။ လူကုန်ကူး ပွဲစား (၃) ဦးကလည်း ရဲမှူးနှင့် ပြေလည်မှု ရယူရန် သဘောတူခဲ့သည်။ ထို့အပြင် ရဲမှူးက ၎င်းအား တစ်လလျှင် ငွေကျပ် ငါးသိန်းစီ ပေးသွင်းရမည်ဟု ဆိုသဖြင့် ယခုလ (၅) ရက်နေ့တွင် အဆိုပါ လူကုန်ကူး ပွဲစား (၃) ဦးက ငွေကျပ် ၁၅ သိန်း ပေးခဲ့ရသည်။ 

ပွဲစား (၃) ဦး၏ လုပ်ငန်း ပြန်လည် စတင်နေသည်ကို မောင်တောမြို့နယ်ရှိ လူကုန်ကူးမှု တားဆီးရေး အဖွဲ့မှ ရဲအုပ်နှင့်အဖွဲ့က သိရှိသွားပြီး၊ နိုဝင်ဘာလ (၁၁) ရက်နေ့တွင် မြင်းလွှတ်ကျေးရွာသို့ သွားရောက်၍ ပွဲစား (၃) ဦးကို ရှာဖွေခဲ့သည်။ ပွဲစားများက ရှောင်နေခဲ့ရာ မတွေ့ရှိသဖြင့် ၎င်းတို့၏ ရုံးခန်းသို့ လာရောက် တွေ့ဆုံရန် ကျေးရွာ အုပ်ချုပ်ရေးမှူးကို မှာကြားခဲ့ကြောင်း သိရှိရသည်။



MYARF
RB News
18.11.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း၊ ကျောက်ပြင်ဆိပ် ကျေးရွာအုပ်စု၊ အရှေ့ရွာမှ မော်လ၀ီ ဆော်ယဒ်ဆော်လာမ် (ဘ) ဦးမာမတ်ဆော်လာမ်နှင့် မော်လ၀ီ ဂျာဖောရ်ဟူစိန်း (ဘ) ဦးအီဆုဖ် တို့သည် နိုဝင်ဘာလ (၁၃) ရက်နေ့ နံနက် ၉း၃၀ နာရီ အချိန်တွင် ဆိုင်ကယ် တစ်စီးဖြင့် မောင်တောမြို့သို့ သွားနေစဉ် ကျောက်ပြင်ဆိပ်နှင့် လှဖိုးခေါင်း ကျေးရွာကြား တံတား အနီးရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်း (လှဖိုးခေါင် စခန်း) ရှေ့သို့ ရောက်သောအခါ နယ်ခြားစောင့်ရဲ များက စစ်ဆေးမည်ဟု ဆိုကာ မော်လ၀ီနှစ်ပါးကို ရပ်တန့်ခိုင်းပြီး ဆိုင်ကယ်ကို စခန်း ဂိတ်ဝတွင် ထား၍ မော်လ၀ီနှစ်ပါးကို စခန်းထဲသို့ ခေါ်သွင်းခဲ့သည်။ 

ထို့နောက် နယ်ခြားစောင့်ရဲ တစ်ဦး ထွက်လာပြီး ဆိုင်ကယ်ထဲတွင် ဘင်္ဂလား ဆင်းမ်ကဒ် (Grameen) တစ်ကဒ် ထည့်သွင်းခဲ့သည်။ မော်လ၀ီနှစ်ပါးကို စခန်းထဲတွင် အ၀တ်များပင် ချွတ်ခိုင်း၍ စစ်ဆေးခဲ့သည်။ ထိုသို့ စစ်ဆေးနေစဉ် မော်လ၀ီ ဂျာဖောရ်ဟူစိန်း၏ အင်္ကျီထဲသို့ နယ်ခြားစောင့်ရဲ တစ်ဦးက ဘင်္ဂလား ဆင်းမ်ကဒ် (Grameen) တစ်ကဒ် ထည့်သွင်းပေးကာ ၎င်းကို ဖမ်းဆီးလိုက်သည်။ ထို့နောက် နယ်ခြားစောင့်ရဲ များက လူမဆန်စွာ ရိုက်နှက်ခဲ့သည်။ 

ထို့နောက် ဘင်္ဂလား ဆင်းမ်ကဒ် နှစ်ကဒ် တွေ့ရှိသည့် အတွက် တစ်ကဒ်လျှင် ငွေကျပ် ၃ သိန်းစီ ပေးရမည်ဟု တောင်းကြရာ ၎င်းတို့က ငွေကျပ် ၃ သိန်းသာ ပေးရန် သဘောတူသဖြင့် နယ်ခြားစောင့်ရဲ များက မကျေနပ်၍ နံနက် ၁၀း၃၀ နာရီ အချိန်တွင် နယ်မြေ (၆) (ကျောက်လှေကား စခန်း) ရှိ ရဲမှူးထံ ပို့လိုက်သည်။ 

ယင်းစခန်းတွင်လည်း မော်လ၀ီ နှစ်ပါးကို ထပ်မံ၍ လူမဆန်စွာ ရိုက်နှက်ခဲ့သည်။ ရဲမှူးက မော်လ၀ီ ဆော်ယဒ်ဆော်လာမ် ထံမှ ငွေကျပ် ၆ သိန်း ယူ၍ ပြန်လည် လွှတ်ပေးခဲ့သော်လည်း မော်လ၀ီ ဂျာဖောရ်ဟူစိန်းကိုမူ ဘင်္ဂလား ဆင်းမ်ကဒ် မိသဖြင့် အမှုဖွင့် အရေးယူသွားမည်ဟု ဆိုကာ ချုပ်နှောင် ထားခဲ့သည်။ နိုဝင်ဘာလ (၁၆) ရက်နေ့တွင် မောင်တော တရားရုံးသို့ ပို့ပြီး ရမန်ရယူပြီး မောင်တော ရဲစခန်းရှိ အချုပ်ခန်းတွင် ဆက်လက် ချုပ်နှောင် ထားသည်။ တရားရုံး တင်ချိန်တွင် ၎င်း၏ မိသားစုက တွေ့ဆုံခွင့် တောင်းသော်လည်း လုံးဝ တွေ့ဆုံခွင့် မပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။



MYARF
RB News
18.11.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် တောင်ပိုင်း ညောင်ချောင်း ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ စခန်းမှူး ရဲအုပ်တင်ထွန်းဦးနှင့် အဖွဲ့သည် နိုဝင်ဘာလ (၁၁) ရက်နေ့ ညသန်းခေါင်ယံ အချိန်တွင် သိမ်တောင်ပြင် ကျေးရွာ (ကီးတာရီဘိလ်) သို့သွားရောက်၍ လွှသမား (သစ်ခွဲသမား) ခေါင်းဆောင် ဦးဒီလူး (အသက် ၃၅ နှစ်) ကို နေအိမ်မှ ဖမ်းဆီးခဲ့သည်။ ထို့နောက် ဈေးဆိုင်ရောင်းသူ ဦးအေနာယဒ်အုလ္လာ (ဘ) ဦးအိုလာမျာ၏ နေအိမ်သို့ သွားရောက်ပြီး ၎င်းကိုလည်း ဖမ်းဆီးကာ စခန်းသို့ ခေါ်ဆောင် သွားခဲ့သည်။ 

နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းသို့ ရောက်သည်နှင့် ဖမ်းဆီးခံထားရသူ များကို နယ်ခြားစောင့်ရဲ များက ၀ိုင်း၍ ထိုးကြိတ်ခဲ့သည်။ ၎င်းတို့နှစ်ဦးကို တစ်ညလုံး ချုပ်နှောင်ထားပြီး နိုဝင်ဘာလ (၁၂) ရက်နေ့ နံနက်ပိုင်းတွင် စခန်းမှူး ရဲအုပ်တင်ထွန်းဦးက ဦးဒီလူးက ၂၀၁၄ ခုနှစ်တွင် အဖွဲ့သားများနှင့် သစ်ခွဲနေစဉ် သစ်တုံးပိ၍ အဖွဲ့သား တစ်ဦး သေဆုံးခဲ့ကြောင်း သတင်း ရရှိကြောင်း၊ သို့ဖြစ်၍ လူသတ်မှုနှင့် တရားဆွဲခံရမည်ဟု ခြိမ်းခြောက်၍ ငွေကျပ် ၃ သိန်း ညှစ်ယူကာ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ 

ဦးအေနာယဒ်အုလ္လာကိုမူ မလေးရှားနိုင်ငံရှိ ညီဖြစ်သူက ငွေများများပို့ကြောင်း၊ ယင်းငွေများနှင့် ကျေးရွာတွင် ဆိုင်ဖွင့် ရောင်းစားနေသည်၊ သို့ဖြစ်၍ စခန်းမှူးအား ငွေကျပ် ၅ သိန်း ပေးရမည်၊ ငွေမပေးပါက ထောင်ချမည်ဟု ခြိမ်းခြောက်၍ ငွေကျပ် ၂ သိန်း ညှစ်ယူခဲ့သည်။ နယ်ခြားစောင့်ရဲ များ၏ ထိုးကြိတ်မှုကြောင့် ဦးအေနာယဒ်အုလ္လာမှာ အိပ်ရာမှပင် မထနိုင်တော့သည့် အနေအထား ဖြစ်နေရသည်ဟု အဆိုပါ ဒေသခံက ပြောပါသည်။ 

နိုဝင်ဘာလ (၁၄) ရက်နေ့ နေ့လည် ၂း၃၀ နာရီ အချိန်တွင် ရဲအုပ်တင်ထွန်းဦးနှင့် အဖွဲ့သည် သိမ်တောင်ပြင် ကျေးရွာသို့ တစ်ဖန် သွားရောက်၍ အာဘူလ်ဟာရှိမ် (ဘ) ဦးဂူလာမ်ကာဒိရ် (အသက် ၂၈ နှစ်) ကို ၎င်း၏ နေအိမ်မှ ဖမ်းဆီးပြီး စခန်းသို့ ခေါ်ဆောင် သွားခဲ့သည်။ ထို့နောက် ညနေ နေ၀င်ချိန်ခန့်တွင် အာဘူလ်ဟာရှိမ်၏ မိခင်က သားအတွက် ညစာပို့ရန် ညောင်ချောင်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းသို့ သွားရောက်ခဲ့ရာ ကင်းစောင့် နယ်ခြားစောင့်ရဲက ယင်းစခန်းတွင် မရှိကြောင်း ပြောသဖြင့်၊ မိခင်ဖြစ်သူက မည်သည့် စခန်းသို့ ပြောင်းရွှေ့ထားသနည်းဟု ထပ်မံ မေးမြန်းရာ နယ်ခြားစောင့်ရဲက မသိရှိကြောင်း ဖြေကြားခဲ့သည်။ 

သားဖြစ်သူ၏ နောက်ဆက်တွဲ သတင်းကို မရရှိသော မိခင်မှာ သားအတွက် ပူပန်နေရသည်။ ထိုသို့ မဟုတ်မမှန် လုပ်ကြံ ငွေညှစ်ရခြင်းမှာ ယင်းကျေးရွာမှ ဦးရော်ရှိတ်အာမတ် (ဘ) ဦးမာတုလ်ဟူစိန်း၏ လုပ်ကြံ သတင်းများကြောင့်သာ ဖြစ်သည်ဟု ဒေသခံများက ပြောပါသည်။ ဦးရော်ရှိတ်အာမတ်ကို ရဲအုပ်တင်ထွန်းဦးက ၎င်း၏ သတင်းပေး အဖြစ် ထားရှိပြီး၊ ဦးရော်ရှိတ်အာမတ်က ရဲအုပ်တင်ထွန်းဦးအား ငွေရှာပေးသူ ဖြစ်သဖြင့် သတင်းပို့နိုင်ရန် ဘင်္ဂလားဖုန်း တစ်လုံး ပေးထားသည်။ ယင်းဖုန်းနှင့် ရဲအုပ်ကို အမြဲဆက်သွယ်ကာ လုပ်ကြံ သတင်းများ ပို့လေ့ ရှိသည်။ ဦးရော်ရှိတ်အာမတ်က ယခုကဲ့သို့ မဟုတ်မမှန် သတင်းများ ပို့ခြင်းကို ဆက်လက် ပြုလုပ်နေပါက ရွာသားများနှင့် ပြဿနာ ကြီးကြီးကျယ်ကျယ် ဖြစ်လာနိုင်သည်ဟု ရွာသားများက ပြောဆိုနေကြသည်။



MYARF
RB News
17.11.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း၊ အလယ်သံကျော် ကျေးရွာအုပ်စု၊ ဈေးကုန်တန်းရွာမှ ရှာလောမ် (ဘ) ဦးအော်လီအာမတ်နှင့် သံဒါ ကျေးရွာအုပ်စု၊ ဒုသံဒါရွာမှ ဘေးဂူ (ဘ) ဦးဘိုင်လာ တို့သည် ယခင်ကပင် မူးယစ်ဆေးဝါး သုံးစွဲသော အကျင့်ပျက်များ ဖြစ်ကြသည်။ ယခုအခါ အဆင့်မြင့် မူးယစ်ဆေးဝါး ဖြစ်သော WY ဆေးပြားများ သုံးစွဲရသဖြင့် မူးယစ်ဆေးဝါးကို ယခင်ကထက်ပင် ဆွဲမက်သွားကြသည်။ သို့သော် အဆိုပါ နှစ်ဦးစလုံးသည် ဆင်းရဲသားများ ဖြစ်၍ WY ဆေးပြား ဈေးကြီးသောကြောင့် အမြဲ သုံးစွဲနိုင်ရန် မနည်း ရုန်းကန်ရသည်။ ၎င်းတို့သည် မူးယစ်ဆေးဝါး ရောင်းကြသူများ၏ ပစ္စည်းများ သယ်ပေး၍ WY သုံးစရိတ် ရှာခဲ့ရသည်။ 

ယခင်ကတည်းကပင် အကျင့်ပျက်များ ဖြစ်သောကြောင့် ဒေသခံ ရွာသားများက ၎င်းတို့ကို ယုံကြည်မှု မရှိကြကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ ၎င်းတို့သည် နောက်ဆုံးတွင် သူခိုးဘ၀သို့ ရောက်ခဲ့ကြသည်။ သူခိုးဘ၀မှ ဓါးပြဘ၀သို့ ရောက်ခဲ့ရသည်။ ၎င်းတို့ နှစ်ဦးက ၎င်းတို့၏ ကျေးရွာသားများ သာမက အနီးအနား ကျေးရွာမှ ရွာသားများကိုပါ အမြဲ နှောက်ယှက် ဒုက္ခပေးလေ့ ရှိသည်ဟု ဆိုသည်။ 

၎င်းတို့ နှစ်ဦးသည် နိုဝင်ဘာလ (၁၅) ရက်နေ့ နံနက် ၁ နာရီ အချိန်တွင် ဒုသံဒါ ကျေးရွာ အပြင်ဘက် လယ်တဲ တစ်ခုတွင် WY သုံးစွဲနေစဉ် ရွာသားများ၏ ၀ိုင်းဝန်း ကူညီမှုကြောင့် နယ်ခြားစောင့်ရဲများ၊ စ.ရ.ဖ စသော ဌာနပေါင်းစုံမှ သွားရောက်၍ ဖမ်းဆီးနိုင်ခဲ့သည်။ ၎င်းတို့နှင့် အတူ ပစ္စတို တစ်လက်၊ ဓါးတစ်လက်၊ WY ဆေးပြား အချို့ တွေ့ရှိခဲ့သည်။ ထို့နောက် ၎င်းတို့ နှစ်ဦးကို အလယ်သံကျော်ရှိ နယ်ခြာစောင့် ရဲတပ်ဖွဲ့ နယ်မြေ စခန်းသို့ ခေါ်ဆောင် သွားခဲ့သည်။ 

နိုဝင်ဘာလ (၁၅) ရက်နေ့ ညနေ ၅ နာရီ အချိန်တွင် အလယ်သံကျော်မှ နယ်ခြားစောင့် ရဲတပ်ဖွဲ့၊ စ.ရ.ဖ၊ အလယ်သံကျော် ကျေးရွာအုပ်စု၊ မောင်တိုလ္လာရွာမှ ဌာနဆိုင်ရာများ၏ တပည့် အဒူလ္လာ (ဘ) ဦးဇာဖောရ်အာမတ်နှင့် အခြား တပည့်တစ်ဦး တို့သည် ပညောင်ပင်ကြီး ကျေးရွာသို့ သွားရောက်၍ ဥက္ကဌဟောင်း ဦးဘာဆဲရ်၏ နေအိမ်နှင့် အိမ်ခြံဝင်း တို့ကို အသေးစိတ် ရှာဖွေ စစ်ဆေးခဲ့သည်။ 

ထို့နောက် အဆိုပါ အဖွဲ့သည် မော်လ၀ီ ရှားအာလောမ်၏ နေအိမ်သို့ သွားရောက်၍ နေအိမ်နှင့် ခြံအတွင်း ရှာဖွေ စစ်ဆေးခဲ့သည်။ နှစ်အိမ်လုံးတွင် တရားမ၀င် ပစ္စည်း တစ်စုံတစ်ရာ မတွေ့ရှိခဲ့ပေ။ ဦးဘာဆဲရ်နှင့် မော်လ၀ီ ရှားအာလောမ် တို့သည် အများပြည်သူ ရိုသေ လေးစားရသော လူရိုး လူကောင်းများ ဖြစ်ကြသည်။ မည်သည့် အခါကမှ ဥပဒေနှင့် မလွတ်ကင်းသော အလုပ်မျိုး ပြုလုပ်ခဲ့ခြင်း မရှိသလို ရွာသူရွာသား များကိုလည်း နှောက်ယှက် ရန်ပြုခြင်း မရှိခဲ့ပေ။ ယခု ဖမ်းဆီးခံရသော ဓါးပြများနှင့် မည်သို့မျှ ပတ်သက်ခြင်း မရှိကြောင်း ဒေသခံများက ပြောပါသည်။



MYARF
RB News
17.11.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း၊ ဒေသ (၂) ရုံး စခန်း (ယခင် နယ်မြေ ၅ စခန်း) မှ မ.က.ဖ ဦးစီးအရာရှိက ၎င်းစခန်းပိုင် ကျေးရွာများမှ ကျေးရွာ အုပ်ချုပ်ရေးမှူး များနှင့် အဖွဲ့များကို နိုဝင်ဘာလ (၁၀) ရက်နေ့ နေ့လည် ၁၁ နာရီအချိန်တွင် မ.က.ဖ ရုံးခန်းသို့ ခေါ်ယူပြီး အစည်းအဝေး တစ်ရပ် ကျင်းပခဲ့သည်။ 

အစည်းအဝေးတွင် မ.က.ဖ ဦးစီးက “၂၀၁၆ ခုနှစ် ဇန်န၀ါရီလ လဆန်းပိုင်းမှ စ၍ မ.က.ဖ များ ကျေးရွာများသို့ ဆင်း၍ ကျေးရွာ မြေပုံများ ရေးဆွဲမည် ဖြစ်ကြောင်း၊ ထို့နောက် ဇန်န၀ါရီလ ၂၁ ရက်နေ့မှ စ၍ ဆွဲ၊တင်၊စစ် စတင် စစ်ဆေးသွားမည် ဖြစ်ကြောင်း၊ ဆွဲ၊တင်၊စစ် တွင် ကလေး မွေးတိုးများ အိမ်ထောင်စု စာရင်းသို့ ပြန်လည် တင်ပေးခြင်း၊ အိမ်ထောင်စု တစ်စုမှ အခြား အိမ်ထောင်စုသို့ ပြောင်းရွှေ့ခြင်း၊ ထောင်ထွက်များကို အိမ်ထောင်စု စာရင်းသို့ ပြန်လည် တင်ပေးခြင်း စသည်များ ပြုလုပ်ပေးမည် ဖြစ်ကြောင်း၊ သို့သော် လူတိုင်းကို ပြုလုပ်ပေးမှာ မဟုတ်ဘဲ အစိမ်းနုရောင် ကဒ်ပြား လက်ခံယူထားသူ များကိုသာ ပြုလုပ်ပေးမှာ ဖြစ်ကြောင်း၊ အစိမ်းနုရောင် ကဒ်ပြား လက်မခံခဲ့သူများ အနေဖြင့် ကလေး မွေးတိုး တင်ခြင်း၊ အိမ်ထောင်စု တစ်စုမှ အခြား အိမ်ထောင်စုသို့ ပြောင်းရွှေ့ခြင်း၊ ထောင်ထွက်များကို အိမ်ထောင်စု စာရင်းသို့ ပြန်တင်ခြင်းများ ပြုလုပ်လိုပါက ဦးစွာ အစိမ်းနုရောင် ကဒ်ပြားကို လက်ခံယူမှသာ ပြုလုပ်ပေးမည် ဖြစ်ကြောင်း၊ အိမ်တိုးချဲ့ခြင်း၊ အသစ် ဆောက်လုပ်ခြင်း များကိုလည်း စစ်ဆေး အရေးယူသွားမှာ ဖြစ်သည်” ဟု ခြိမ်းခြောက် ပြောဆိုခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။



MYARF
RB News
16.11.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် တောင်ပိုင်း၊ ညောင်ချောင်း ကျေးရွာတွင် တာဝန်ကျနေသည့် စ.ရ.ဖ တပ်ဆွယ်မှူး ဦးညီညီက ၎င်း၏ တပည့်များ ဖြစ်သော ဖုရားပြင်အောင်ပ ကျေးရွာအုပ်စု အကွက် (၅) မှ ဦးဟာလာမျာနှင့် အကွက် (၆) မှ ဦးရှိချာ ဆိုသူတို့နှင့် အတူ နိုဝင်ဘာလ (၁၀) ရက်နေ့ ည ၈ နာရီ အချိန်တွင် သိမ်တောင်ပြင် ကျေးရွာသို့ သွားရောက်ပြီး လမ်းလျှောက် သွားနေသည့် ဦးဟာဘဲစ် အာမတ် (ဘ) ဦးအီမာန်ရှော်ရိဖ်ကို ခေါ်ယူ စစ်ဆေး၍ ၎င်း၏ MPT ဖုန်းထဲတွင် ဘင်္ဂလား ဆင်းမ်ကဒ် ထည့်သွင်း ပေးကာ ဘင်္ဂလား ဆင်းမ်ကဒ် မိသည်ဟု လုပ်ကြံ စွပ်စွဲ၍ ဖမ်းဆီးပြီး ရိုက်နှက်ကာ ငွေကျပ် တစ်သိန်းငါးသောင်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ 

စ.ရ.ဖ တပ်ဆွယ်မှူး ဦးညီညီသည် ၎င်း၏ တပည့်များနှင့် အတူ ညောင်ချောင်း ကျေးရွာ အနီးတ၀ိုက်ရှိ ကျေးရွာများသို့ မကြာခဏ သွားရောက်ပြီး ဒေသခံ ရိုဟင်ဂျာများကို လုပ်ကြံ ဖမ်းဆီး ရိုက်နှက်၍ ငွေညှစ်လေ့ ရှိသည်။ ညောင်ချောင်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ စခန်းမှူး ရဲအုပ်တင်ထွန်းဦးက ယူနီဖောင်း မပါဘဲ အရပ်ဝတ်ဖြင့် ညောင်ချောင်း အနီးတ၀ိုက်ရှိ ရိုဟင်ဂျာ ရွာများသို့ အချိန်မတော် သွားရောက်၍ ရွာသားများကို စစ်ဆေးမှုများ ပြုလုပ်၍ လုပ်ကြံ ငွေညှစ်ခြင်း၊ ရိုက်နှက်ခြင်း၊ ငွေ ပစ္စည်းများ လုယက်ခြင်း စသည်များ မကြာခဏ ပြုလုပ်လျက် ရှိသည်။



MYARF
RB News
16.11.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် ရွှေဇား ကျေးရွာအုပ်စု၊ ဂုံးနားရွာ တံတား အနီးရှိ နယ်ခြားစောင့်ရဲများ၊ ၎င်းကျေးရွာ အုပ်စု၊ ကန်ဘဲ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းနှင့် ရွှေဇား ကျေးရွာအုပ်စု ဒိလ်ဖာရာရွာမှ နယ်ခြားစောင့်ရဲများ ပူးပေါင်း၍ နိုဝင်ဘာလ (၉) ရက်နေ့ ည ၇း၄၅ နာရီ အချိန်တွင် နယ်ခြားစောင့်ရဲ (၈) ဦးသည် ရွှေဇား ကျေးရွာအုပ်စု၊ စေတီပြင်ရွာ တောင်ပိုင်းသို့ သွားရောက်ပြီး၊ လမ်းလျှောက်သွားနေသည့် ဦးနူရ်အာလောမ် (ဘ) ဦးအာမီးရ်ဟူစိန်းကို ခေါ်ယူစစ်ဆေးရာ မည်သည့် တရားမ၀င် ပစ္စည်း တစ်စုံတစ်ရာ မတွေ့ရှိခဲ့သော်လည်း နောက်ဆုံး၌ WY မူးယစ်ဆေးဝါး သုံးစွဲခဲ့သည်ဟု စွပ်စွဲ၍ ဖမ်းဆီးခဲ့သည်။

ထို့နောက် စေတီပြင်ဈေးမှ ဆိုင်ပိတ်၍ အိမ်ပြန်နေသော မော်လ၀ီ ဇူဘိုင်ရ် (ဘ) ဦးရှောမ်ရှုကို ဖမ်းဆီးပြီး ၎င်းလက်ထဲရှိ MPT ဆင်းမ်ကဒ်ပါ Huawei ဖုန်းကို ရဲများက လုယက်ရန် ကြိုးစားသဖြင့် မော်လ၀ီ ဇူဘိုင်ရ်က ၎င်း၏ ဖုန်းကို သိမ်းဆည်း သွားမည်ကို စိုးရိမ်၍ ရဲများကို ဖုန်းမပေးဘဲ အဝေးသို့ ဝေ့၍ ပစ်လိုက်သည်။ နယ်ခြားစောင့်ရဲ များက ပစ်လိုက်သော နေရာသို့ သွားရောက်၍ ဖုန်းကို ရှာယူပြီး၊ မော်လ၀ီ ဇူဘိုင်ရကို ၀ိုင်းဝန်း ထိုးကြိတ်၍ ဖမ်းဆီးထားသူ နှစ်ဦးစလုံးကို ဂုံးနားရွာ တံတား ကင်းစခန်းသို့ ခေါ်ဆောင် သွားခဲ့သည်။

မော်လ၀ီ ဇူဘိုင်ရ်၏ မိသားစုက ထိုသတင်းကို ကြားသိပြီး နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းသို့ သွားရောက် စုံစမ်းရာ နယ်ခြားစောင့်ရဲ များက ငွေအဆမတန် တောင်းရာ နောက်ဆုံးတွင် ငွေကျပ် လေးသိန်း ပေးပြီး မော်လ၀ီ ဇူဘိုင်ရ်ကို ရွေးယူခဲ့ရသည်။ 

နယ်ခြားစောင့်ရဲ များက ဦးနူရ်အာလောမ် ထံမှ ငွေကျပ် ၃ သိန်း တောင်းခံလျက် ရှိပြီး၊ ဦးနူရ်အာလောမ်သည် နေ့စား အလုပ်သမား တစ်ဦး ဖြစ်သဖြင့် နယ်ခြားစောင့်ရဲများ တောင်းခံသည့် ငွေကျပ် ၃ သိန်းကို မပေးနိုင်၍ ယခုအချိန်ထိ ဂုံးနားရွာရှိ တံတား ကင်းစခန်းတွင် ချုပ်နှောင် ခံထားရကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။



MYARF
RB News
16.11.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် ငါးခူရ ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်း (နယ်မြေ ၅) မှ နယ်ခြားစောင့်ရဲ (၈) ဦးသည် နိုဝင်ဘာလ (၁၂) ရက်နေ့ ည ၈း၃၀ နာရီ အချိန်တွင် ငါးစကြူး ကျေးရွာအုပ်စု နီးယာရ်ဘိလ်ရွာသို့ သွားရောက်ပြီး၊ ကွမ်းယာဆိုင်တွင် ထိုင်၍ ကွမ်းစားနေသော မော်လ၀ီ အီနုစ်၊ မော်လ၀ီ မာမန်ဆီဒိခ်နှင့် ဦးယာစီးန် တို့ကို စစ်ဆေးပြီး MPT ဖုန်းများသာ တွေ့ရှိသော်လည်း ရဲများက MPT ဖုန်းများထဲတွင် ဘင်္ဂလား ဆင်းမ်ကဒ်များ တွေ့ရှိသည်ဟု လုပ်ကြံ၍ တစ်ဦးထံမှ ငွေကျပ် သုံးသိန်းစီ ညှစ်ခဲ့သည်။ 

လုပ်ကြံ စွပ်စွဲပြီး ငွေညှစ်ခံရသူ (၃) ဦးသည် ငွေကျပ် ၃ သိန်းကိုသာ လက်ငင်း ပေးနိုင်ခဲ့ပြီး ကျန်သည့် ၆ သိန်း အတွက် ကျေးရွာ အုပ်ချုပ်ရေးမှူးက တာဝန်ယူသည်ဟု ပြောကြားမှသာ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။



MYARF
RB News
16.11.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် ရဲစခန်းမှ ဒုရဲအုပ် ဦးဆောင်သည့် နယ်ထိန်းရဲ ငါးဦး ပါဝင်သည့် အဖွဲ့သည် နိုဝင်ဘာလ (၁၅) ရက်နေ့ ညနေ (၄) နာရီခန့် အချိန်တွင် မြောင်နား ကျေးရွာ တံတားသို့ သွားရောက်ပြီး တံတားပေါ်မှ ဖြတ်သန်း သွားလာသည့် ဒေသခံ ရိုဟင်ဂျာများကို စစ်ဆေးခဲ့သည်။ ၎င်းတို့သည် ဖုန်းများကိုသာ အဓိက ဦးစားပေး စစ်ဆေးခဲ့သည်။ 

ဖုန်းများတွင် အင်တာနက် ချိတ်ထားသည်၊ ဘင်္ဂလားဒေ့ရှ် ဖုန်းနံပါတ် တွေ့ရှိသည်၊ အစိုးရအား စော်ကားသော ဓါတ်ပုံများ တွေ့ရှိသည်ဟု အမျိုးမျိုး ခေါင်းစဉ်တပ်ကာ ခြိမ်းခြောက်၍ ဒေသခံများ ထံမှ ငွေညှစ်ခဲ့သည်။ 

ကကျက်ဘက် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဟားဆူ၏ သားဖြစ်သူ ရှောမ်ရှုအာလောမ်၏ ဖုန်းတွင် ဘူးသီးတောင် မြို့နယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးရွှေမောင်၏ ဓါတ်ပုံများ တွေ့ရှိသောကြောင့် ဦးရွှေမောင်၏ ဓါတ်ပုံများကို သိမ်းထားသည်ဟု ပြစ်တင် ပြောဆိုကာ ငွေကျပ် တစ်သိန်း ရှစ်သောင်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။



MYARF
RB News
15.11.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တမန်းသား ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ စခန်းမှူး ဒုရဲအုပ်မိုးသူက ဒေသခံ ရိုဟင်ဂျာများ ထံမှ နေ့စဉ်နှင့် အမျှ မတရားသော နည်းဖြင့် ငွေညှစ်နေသည့် အပြင်၊ ချုပ်မိန့်နှင့် ပစ်မိန့် နှစ်ခုလုံးကို ပိုင်သည်၊ ကုလားများကို သတ်နိုင်လျှင် ရာထူးတိုးသည်ဟု ကြုံးဝါး ပြောဆို၍ အမျိုးမျိုး ဆဲဆို ခြိမ်းခြောက်ကာ ငွေညှစ်လျက် ရှိသည်ဟု ဒေသခံများက RB News သို့ပြောပါသည်။ 

နိုဝင်ဘာလ (၁၂) ရက်နေ့တွင် လောင်းဒုံ ကျေးရွာ အုပ်စု၊ မျှာဇင်ရွာမှ စက်ဘီးဖြင့် ရွာလည်၍ ရေခဲမုန့် ရောင်းသော ဦးရှားအာလောမ် (ဘ) ဦးခေါ်ဘိရ်အာမတ်က စခန်းရှေ့မှ ဖြတ်သွားနေစဉ် စခန်းဂိတ်ဝတွင် ကင်းစောင့်နေသာ နယ်ခြားစောင့်ရဲက ခေါ်ယူ စစ်ဆေးပြီး မည်သည့် တရားမ၀င် ပစ္စည်း တစ်စုံတစ်ရာ မတွေ့ရှိသော်လည်း ရေခဲမုန့် သေတ္တာထဲမှ ရေခဲချောင်း ၅ ချောင်းကို အတင်း အဓမ္မ လုယူခဲ့သည်။ 

ဆင်းရဲသား ဖြစ်သည့် ဦးရှားအာလောမ်က အလွန်ဆင်းရဲသူ ဖြစ်၍ ရေခဲချောင်း ငါးချောင်း အလကား မပေးနိုင်သောကြောင့် ငွေတောင်းရာ၊ အဆိုပါ နယ်ခြားစောင့်ရဲက ရေခဲချောင်းဖိုးဟု ဆိုကာ ပါးနှစ်ချက် ရိုက်ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ 

လွန်ခဲ့သည့် အပတ်က ဒုရဲအုပ်မိုးသူသည် နယ်မြေ (၂) အပိုင် ကျေးရွာများရှိ ဆိုင်ကယ် အငှားပြေးဆွဲသူ များကို ခေါ်ယူ တွေ့ဆုံ၍ စခန်း ရန်ပုံငွေ အတွက်ဟု ဆိုကာ ဆိုင်ကယ် တစ်စီးလျှင် လစဉ် ငွေကျပ် ၂၀၀၀ စီ ပေးသွင်းရမည်ဟု အမိန့် ထုတ်ပြန်ခြံသည်။ အဆိုပါ အမိန့် ထုတ်ပြန်ပြီးနောက် နိုဝင်ဘာလ (၁၃) ရက်နေ့တွင် ဆိုင်ကယ် အငှား ပြေးဆွဲသူ ၂၀ ဦး ထံမှ နိုဝင်ဘာလ အတွက်ဟု ဆိုကာ ငွေကျပ် ၂၀၀၀ စီ ကောက်ခံခဲ့ကြောင်း ဒေသခံများက ပြောပါသည်။



MYARF
RB News
15.11.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း၊ ကြိမ်ချောင်း ကျေးရွာရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ ဒုတပ်ကြပ် ခင်လှိုင်သည် နိုဝင်ဘာလ (၁၂) ရက်နေ့ နေ့လည် (၃) နာရီ အချိန်တွင် WY မူးယစ်ဆေးဝါး သုံးစွဲ မူးယစ်၍ စခန်းသို့ သွားရောက်ပြီး၊ တပ်ဖွဲ့ဝင်များကို ရန်ရှာရာ လက်ထောက် စခန်းမှူး ဒုရဲအုပ်က ဆဲဆို ဟန့်တား ဆုံးမခဲ့သဖြင့် ဒုတပ်ကြပ် ခင်လှိုင်က ဒေါသဖြင့် လက်ထောက် စခန်းမှူး ဒုရဲအုပ်ကို သေနတ်ဖြင့် ပစ်သတ်ရန် ကြိုးစားခဲ့သည်။ 

သို့သော်လည်း စခန်းရှိ တပ်ဖွဲ့ဝင် အားလုံးက ၀ိုင်းဝန်း တားဆီး ကာကွယ်ခဲ့သဖြင့် လက်ထောက် စခန်းမှူးမှာ အသက်ဘေး အန္တရာယ်မှ လွတ်မြောက် နိုင်ခဲ့သည်။ ထို့နောက် ဒုတပ်ကြပ် ခင်လှိုင်ကို ချုပ်နှောင်ပြီး၊ ကြိမ်ချောင်း ဆေးရုံသို့ ခေါ်ဆောင် သွားကာ သွေးနှင့်ဆီး စစ်ဆေးကာ ညနေ ၅း၃၀ နာရီ အချိန်တွင် စခန်းသို့ ပြန်လည် ခေါ်ဆောင်လာပြီး စခန်းတွင် ချုပ်နှောင် ထားကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

ကြိမ်ချောင်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှူးသည် စခန်းတွင် မရှိဘဲ ရန်ကုန်သို့ သင်တန်း တက်ရောက်၍ သွားနေသည်ဟု သိရသည်။ ဒုတပ်ကြပ် ခင်လှိုင်၊ ဇော်ဇော်အောင်၊ အောင်ကျော်မင်း တို့သည် ကြိမ်ချောင်း စခန်းမှူးကို ငွေရှာပေးသည့် ဓါးပြများ ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။



MYARF
RB News
15.11.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း၊ ဒေသ (၂) (နယ်မြေ ၅) စခန်းရှိ မ.က.ဖ ဦးစီးအရာရှိက ဒေသခံ ရိုဟင်ဂျာ (၂၀) ဦးကို BD ပြေးများ ဆိုကာ မတရားသဖြင့် စွပ်စွဲပြီး အိမ်ထောင်စု စာရင်းများမှ ပယ်ဖျက်မည်ဟု ကြေညာခဲ့သည်။

မောင်တော မြို့နယ် မြောက်ပိုင်း၊ လောင်းဒုံ ကျေးရွာအုပ်စု၊ ဖောကီးတောင်ရွာမှ သစ်လုပ်ငန်းရှင် ဦးမာမတ်ဆော်လာမ်၊ အောင်စစ်ပြင် ကျေးရွာအုပ်စု၊ ဒုံးပိုက်ရွာမှ သစ်လုပ်ငန်းရှင် ဦးအာလီဂျူဟာရ် (ဘ) ဦးအဒူဆော်လာမ်နှင့် ကြိမ်ချောင်း ကျေးရွာမှ ဥက္ကဌဟောင်း ဦးအီဒိရီစ်တို့သည် ၂၀၁၄ ခုနှစ် နိုဝင်ဘာလတွင် လုပ်ငန်း လုယက်မှု ဖြစ်ပွားပြီး အချင်းချင်း ရန်ဖြစ်ခဲ့သည်။ ထို့နောက် ဦးအာလီဂျူဟာရ်နှင့် ဦးအီဒိရီစ် တို့ပူးပေါင်း၍ ဦးမာမတ်ဆော်လာမ်သည် ဘင်္ဂလားဒေ့ရှ်ရှိ အကြမ်းဖက် အဖွဲ့အစည်းများနှင့် အဆက်အသွယ် ရှိသည်ဟု ကြိမ်ချောင်းရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းသို့ တိုင်တန်းခဲ့သည်။ 

ထိုသို့ တိုင်တန်းမှုကြောင့် ၂၀၁၄ ခုနှစ် နိုဝင်ဘာလ (၂၇) ရက်နေ့ ည (၆) နာရီအချိန်တွင် ကြိမ်ချောင်းမှ နယ်ခြားစောင့်ရဲ များက ဦးမာမတ်ဆော်လာမ်ကို ကြိမ်ချောင်းဈေးမှ ဖမ်းဆီးပြီး ဒီဇင်ဘာလတွင် အကြမ်းဖက် အဖွဲ့အစည်းနှင့် ဆက်နွယ်မှုဖြင့် ထောင်ဒဏ် ၁၄ နှစ်ချကာ ကျောက်ဖြူ အကျဉ်းထောင်သို့ ပို့ဆောင်ခဲ့သည်။

ယခုလ (၁၀) ရက်နေ့တွင် ဒေသ (၂)၊ အမှတ် (၅) နယ်မြေ ငါးခူရစခန်းမှ မ.က.ဖ ဦးစီးအရာရှိက ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့များအား အစည်းအဝေး ခေါ်ယူပြီး အစည်းအဝေး၌ ဦးမာမတ်ဆော်လာမ်နှင့် အတူ အကြမ်းဖက် အဖွဲ့အစည်းနှင့် ဆက်သွယ်ရာတွင် ပါဝင်ခဲ့သောကြောင့် လောင်းဒုံ ကျေးရွာအုပ်စု ဖောကီးတောင်ရွာမှ ၁၆ ဦး၊ လောင်းဒုံ ကျေးရွာအုပ်စု စေတီပြင်ရွာမှ တစ်ဦး၊ အောင်စစ်ပြင် ကျေးရွာအုပ်စု ဒုံးပိုက်ရွာမှ ဦးအာလီဂျူဟာရ် အပါအ၀င် ၃ ဦး တို့ကို BD ပြေးများ အဖြစ် ကြေညာကာ အိမ်ထောင်စု စာရင်းမှ ပယ်ဖျက်သွားမည်ဟု ပြောကြား ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ထို့နောက် အဆိုပါ ၂၀ ဦးမှာ မည်သူမည်ဝါ ဖြစ်ကြောင်း သက်ဆိုင်ရာ ကျေးရွာ အုပ်ချုပ်ရေးမှူး များထံသို့ စာရင်း ပေးပို့ခဲ့သည်။ ထိုသတင်းကို ဖောကီးတောင် ကျေးရွာသားများ ကြားသိပြီး ရွာအတွင်း အထိတ်တလန့် ဖြစ်နေကြသည်ဟု ဒေသခံများက ပြောပါသည်။



MYARF
RB News
15.11.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း၊ ကြိမ်ချောင်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်း၌ တာဝန် ထမ်းဆောင် နေသော နယ်ခြားစောင့်ရဲ ဇော်ဇော်အောင်နှင့် အဖွဲ့သည် နိုဝင်ဘာလ (၉) ရက်နေ့တွင် ကြိမ်ချောင်း အလယ်ရွာသို့ သွားရောက်ပြီး ဦးဘော်ရှော်ရ် (ဘ) ဦးဟာဆူမျာ အပါအ၀င် ရွာသား အချို့နှင့် ဦးမုစ်တောဖာ (ဘ) ဦးနူရ်ဆော်လာမ် အပါအ၀င် ရွာသား အချို့ကို WY မူးယစ်ဆေးဝါး ရောင်းဝယ် နေသည်ဟု လုပ်ကြံ စွပ်စွဲ ခြိမ်းခြောက်၍ ငွေကျပ် သိန်း ၂၀ စီ ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ 

ယင်းနေ့တွင်ပင် လူအုပ်စု နှစ်စုထံမှ ငွေကျပ် သိန်း ၄၀ ညှစ်ယူခဲ့ခြင်း ဖြစ်သည်။ 

နယ်ခြားစောင့်ရဲ ဇော်ဇော်အောင်သည် ဒေသခံ ရိုဟင်ဂျာများကို မဟုတ်မမှန် စွပ်စွဲ ခြိမ်းခြောက်၍ အမြဲတစေ ငွေညှစ်လေ့ ရှိသူ ဖြစ်သည်။ ငွေပေးရန် ငြင်းဆန်သူ များကို ဘင်္ဂလားဖုန်း မိသည်၊ WY ဆေးပြားမိသည်ဟု လုပ်ကြံ ဖမ်းဆီးပြီး ထောင်ကျအောင် ပြုလုပ်လေ့ ရှိသည်။ တရားရုံးကလည်း စီစစ်ခြင်း မရှိဘဲ၊ နယ်ခြားစောင့်ရဲများ မဟုတ်မမှန် လုပ်ကြံ ထားသည့် အမှုများ အားလုံးကို စီရင်လေ့ ရှိသည်။ ထိုကဲ့သို့ မတရားသဖြင့် ပြုလုပ်မှုများကြောင့် ဒေသခံ ရွာသားများက ကြောက်ရွံ၍ နယ်ခြားစောင့်ရဲများ တောင်းသည့် ငွေကို ပေး၍ မတရားသဖြင့် ထောင်ချခံရမည့် အရေးမှ ရှောင်ကွင်းရလေ့ ရှိသည်ဟု ဒေသခံများက ပြောပါသည်။



MYARF
RB News
15.11.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း၊ ရေနောက်ငါးသား ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်မြ (ဒိုင်းနက်လူမျိုး) သည် လွန်ခဲ့သော (၈) နှစ် ကတည်းပင် ကျေးရွာ ဥက္ကဌ (အုပ်ချုပ်ရေးမှူး) တာဝန်ကို တိုင်းရင်းသား ဟူသော သြဇာ အာဏာဖြင့် ရယူထားပြီး၊ ကျေးရွာလူထု များက ကန့်ကွက်နေသည့် ကြားက ခရိုင်နှင့် မြို့နယ် အုပ်ချုပ်ရေးမှူး များကို ပြေလည်အောင် ပေါင်းသင်း၍ ရွာသူရွာသား များကို ညှဉ်းပန်း နှိပ်စက်နေသည်မှာ ယနေ့တိုင်ပင် ဖြစ်သည်ဟု ဒေသခံများက RB News သို့ပြောပါသည်။ 

၎င်းသည် ကျေးရွာအုပ်စု အတွင်းရှိ ရိုဟင်ဂျာ ရွာများတွင် ဗိုလ်ကျ၊ မောက်မာ၊ ထောင်လွှားပြီး အကြမ်းဖက် ညှဉ်းပန်း နှိပ်စက် ဆက်ဆံနေသော်လည်း မည်သည့် ဌာနဆိုင်ရာကမှ အရေးယူခြင်း မရှိဟု ဒေသခံများက ဆိုသည်။ ၎င်း၏ နှိပ်စက်မှု၊ မြေယာ သိမ်းဆည်းမှု၊ ပစ္စည်း လုယက်မှု၊ ကိုယ်ထိ လက်ရောက် စော်ကားမှု၊ ရိုဟင်ဂျာ မိန်းကလေး များအား သြဇာ အာဏာပြကာ ဖျက်ဆီးမှု တို့ကို အကြိမ်ကြိမ် တိုင်တန်းသော်လည်း မည်သည့် ဌာနကမှ စီစစ် အရေးယူခြင်း မရှိသဖြင့် ဆက်လက်၍ ညှဉ်းပန်း နှိပ်စက်မှုများကို အဆက်မပြတ် ပြုလုပ်နေသည်ဟု ဒေသခံများက ပြောပါသည်။ 

ရေနောက်ငါးသား ကျေးရွာတွင် ၎င်းတစ်ဦးတည်းသာ လူဖြစ်ပြီး ရွာသူရွာသားများ အားလုံးကို တိရစ္ဆာန်၊ နွားကုလားဟု အမြဲ ဆဲဆိုလျက် ရှိနေသည်။ 

နိုဝင်ဘာလ (၁၂) ရက်နေ့တွင် နတ်ချောင်း ကျေးရွာအုပ်စု လောင်းဘုတ်ရွာ (ဂါရာတောရ်ဘိလ်) မှ ဦးနူရ်ဟာရှိမ် (ဘ) ဦးနူရ်အာလောမ်သည် ရေနောက်ငါးသား ကျေးရွာရှိ ဦးလေးဖြစ်သူ ဦးရှော်ဖီ နေအိမ်သို့ အလည်အပတ် သွားရောက်ခဲ့ရာ ညနေ (၄) နာရီ အချိန် ရေနောက်ငါးသား ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်မြက ဦးရှော်ဖီ နေအိမ်သို့ သွားရောက်ပြီး၊ ဦးနူရ်ဟာရှိမ်အား ရွာထွက် လက်မှတ်မရှိဘဲ ရောက်ရှိလာသောကြောင့် အုပ်ချုပ်ရေးမှူးကို အကြောင်း မကြားခဲ့ဟု ဆိုကာ ဦးနူရ်ဟာရှိမ်၏ စက်ဘီးနှင့် တကွ ဦးမောင်မြက ၎င်း၏ နေအိမ်ကို ခေါ်ဆောင် သွားပြီး ငွေကျပ် ငါးသောင်း တောင်းခံခဲ့သည်။ ဦးနူရ်ဟာရှိမ်က ငွေမပေးနိုင်သောအခါ စက်ဘီးကို သိမ်းဆည်းထားပြီး၊ နိုဝင်ဘာလ (၁၃) ရက်နေ့တွင် ဦးနူရ်ဟာရှိမ်က ငွေကျပ် ငါးသောင်း ပေး၍ စက်ဘီးကို ရွေးယူခဲ့ရကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။



သားညွန့်ဦး
15.11.2015

အသွင် ကူးပြောင်းရေးကို ချောမွေ့အောင် ဆောင်ရွက် သွားမယ်လို့ သမ္မတ ဦးသိန်းစိန်က ပြောလိုက် ပါတယ်။ အစိုးရ အဖွဲ့သစ်ကို စနစ်တကျ တာဝန် လွှဲပြောင်းပေးမယ် လို့လည်း ကတိပြု သွားပါတယ်။ ဒီကနေ့ ရန်ကုန်တိုင်း ဒေသကြီး အစိုးရရုံးမှာ နိုင်ငံရေး ပါတီတွေနဲ့ တွေ့ဆုံချိန် အတွင်း သမ္မတ ဦးသိန်းစိန်က အဲဒီလိုပြော သွားတာပါ။ တွေ့ဆုံပွဲမှာ ကိုယ်တိုင် သတင်းသွား ယူခဲ့တဲ့ ကိုသားညွန့်ဦးက အပြည့်အစုံ ပြောပြပါမယ်။

သမ္မတ ဦးသိန်းစိန်နဲ့ နိုင်ငံရေး ပါတီပေါင်း ၈၄ ပါတီက ကိုယ်စားလှယ်တွေ ဒီကနေ့ ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော်မှာ တွေ့ဆုံတဲ့ အဓိက ဆွေးနွေးပွဲ ကတော့ ရွေးကောက်ပွဲ အပြီးမှာ အာဏာအလွှဲအပြောင်းချောချောမွေ့မွေ့ဖြစ်စေဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တွေ့ဆုံတာဖြစ်တယ်လို့ သမ္မတ ဦးသိန်းစိန်က ပြောပါတယ်။ ဒါ့အပြင် ရွေးကောက်ပွဲရလဒ်အတိုင်း အာဏာအလွှဲအပြောင်းလုပ်သွားမယ်ဆိုတာကိုလည်း ဦးသိန်းစိန်က နိုင်ငံရေးပါတီခေါင်းဆောင်တွေကို ကတိပေးပြောဆိုသွားပါတယ်။

“ကျနော်တို့အစိုးရအဖွဲ့အနေနဲ့ ကျန်ရှိနေသေးတဲ့ အစိုးရ သက်တမ်းကာလ အတွင်းမှာ တည်ဆဲဥပဒေများ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ ပြဌာန်းချက်များအတိုင်း ဆက်လက်ဆောင်ရွက်ပြီး အသွင်ကူးပြောင်းရေးကို ချောမွေ့အောင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ကျနော့်အနေနဲ့ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဒုတိယအကြိမ် လွှတ်တော်များ စတင်ကျင်းပဖို့ ဖိတ်ကြားမှာဖြစ်ပါတယ်။ လွှတ်တော်များအနေ နဲ့ ဆောင်ရွက်ရန် ရှိသည်များကို အဆင့်ဆင့် ဆောင်ရွက်ပြီးတဲ့အခါမှာ ပေါ်ပေါက်လာမယ့် အစိုးရအဖွဲ့သစ်ထံကို သက်မှတ်အချိန်အတွင်း စနစ်တကျ တာဝန်လွှဲပြောင်းပေး အပ်သွားမှာ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး စိုးရိန်ပူပန်မှုမရှိစေဖို့နဲ့ တည်တည်ငြိမ်ငြိမ်နဲ့ ချောချောမွေ့မွေ့ဖြစ်စေဖို့ ဆောင်ရွက်မှာဖြစ်တယ်လို့ ထပ်မံပြောကြားလိုပါတယ်။”

အစိုးရသက်တမ်း ၅ နှစ်တာကာလအတွင်း ဖွံ့ဖြိုးရေးနဲ့ ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်နိုင်သမျှကို သူတို့ ဆောင်ရွက်နိုင်ခဲ့သလိုပဲ လာမယ့်ရွေးကောက်ခံ ပုဂ္ဂိုလ်တွေအနေနဲ့လည်း ဒေသ ပထဝီအနေအထားအရ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးကို အလေးထားဆောင်ရွက်နိုင်ဖို့ဆိုပြီးတော့ သမ္မတ ဦးသိန်းစိန်ကတိုက်တွန်းခဲ့ပါတယ်။

သမ္မတ ဦးသိန်းစိန်အနေနဲ့ ရွေးကောက်ပွဲအပြီးကာလမှာ နိုင်ငံရေးပါတီတွေနဲ့ ဒါဟာ ပထမဦးဆုံးအကြိမ်တွေ့ဆုံမှုဖြစ်သလိုပဲ ရွေးကောက်ပွဲအနိုင်ရပါတီ ခေါင်းဆောင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကနေပြီးတော့ အကူးအပြောင်းချောမွေ့ရေး အတွက် တွေ့ဆုံလိုတယ်ဆိုပြီးတော့ တောင်းဆိုထားချိန်မှာ နိုင်ငံရေးပါတီအားလုံးနဲ့ အခု သူ တွေ့ဆုံခြင်းဖြစ်ပါတယ်။

သူတို့အစိုးရအနေနဲ့ နိုင်ငံရေးပါတီတွေနဲ့ မကြာမကြာ အခုလိုမျိုးတွေ့ဆုံခဲ့ပြီးတော့ အကြံဥာဏ်ယူ ဆောင်ရွက်ခဲ့သလိုပဲ အခုဒီ အကူးအပြောင်း ကာလချောမွေ့စေနိုင်ရေးအတွက် နိုင်ငံရေးပါတီတွေရဲ့ အမြင်ကို ရယူဖို့ဖြစ်တယ်လို့ သမ္မတက ပြောပါတယ်။

ရေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စား တက်ရောက်လာတဲ့ အဖွဲ့ချုပ် ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ဦးဥာဏ်ဝင်းကတော့ NLD အနေနဲ့ အမျိုးသားရင်ကြားစေ့ရေးကို ဦးတည်ပြီးတော့ ရှေ့လုပ်ငန်းစဉ်တွေကို ချမှတ်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ အဲဒီအစည်းအဝေးမှာ ကတိပေးပြောဆိုခဲ့ပါတယ်။

ကျန်နိုင်ငံရေးပါတီအချို့ကတော့ လက်ရှိ ကျင့်သုံးနေတဲ့ နိုင်ငံခြားရေး မူဝါဒအတိုင်း အစိုးရသစ်အနေနဲ့ ဆောင်ရွက်သွားဖို့ တိုက်တွန်းခဲ့သလိုပဲ နိုင်ငံရေးပါတီအချို့ ကတော့ ဒီငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီး စိုးရိမ်မကင်း ဖြစ်မှုတွေ သတိထားမိပါတယ်။

ငြိမ်းချမ်းရေးနဲ့ပတ်သက်လုပ်တော့ လာမယ့် ဇန်နဝါရီလအတွင်းမှာ ပဏာမ နိုင်ငံရေးဆွေးနွေးပွဲတွေ စတင်သွားဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။ အခုဒီ အစည်းအဝေးပွဲမှာတော့ သမ္မတဦးသိန်းစိန် အပြင် အစိုးရ အဖွဲ့ ၀န်ကြီးတချို့ တက်ရောက်လာတာကိုလည်း တွေ့ရပါတယ်။



မအင်ကြင်းနိုင်
15.11.2015

IS အစွန်းရောက် အကြမ်းဖက် သမားတွေရဲ့ တိုက်ခိုက်မှုဟာ ပြင်သစ်နိုင်ငံကို စစ်ကြေညာ လိုက်တာ ဖြစ်တယ်လို့ ပြင်သစ် သမ္မတ François Hollande က ပြောကြား လိုက်ချိန်မှာပဲ အကြမ်းဖက် သမားတွေ ရန်ကနေ ၀ိုင်းဝန်း ကာကွယ်ဖို့ လူထုကြားမှာ နိုးကြားမှုတွေ ရှိနေတယ်လို့ ပြင်သစ်ရောက် မြန်မာတွေက ဗွီအိုအေကို ပြောပါတယ်။

သောကြာနေ့ညက ပဲရစ်မြို့လယ် လူစည်းကားတဲ့နေရာ (၆) နေရာကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ပဲရစ်မြို့မှာ နေထိုင်နေကြတဲ့ မြန်မာတချို့ကို မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

ပဲရစ်မြို့မှာ IS အကြမ်းဖက်သမားတွေ အဓိကပစ်မှတ်ထား တိုက်ခိုက်ခဲ့တဲ့နေရာတွေဟာ ပြင်သစ်လူငယ်တွေ အသွားအလာ အများဆုံးနေရာ ဖြစ်တယ်လို့ ပဲရစ်မြို့မှာနေထိုင်တဲ့ ကိုထွေးက ပြောပါတယ်။

“ဘောလုံးကွင်းရှိတဲ့နေရာကို တိုက်တာကတော့ ရှင်းတယ်လေ။ အဲဒီမှာ François Hollande ရှိနေတယ်။ အဲဒီ ဘောလုံးပွဲကြည့်နေလို့ တိုက်တာပေါ့။ ကျန်တဲ့နေရာက အကုန်လုံးက ပြင်သစ်လူငယ်လေးတွေပဲ။ စတိတ်ရှိုးတခုမှာ တိုက်လိုက်တာ။ အဲဒီရပ်ကွက်ဟာ ပြင်သစ်ရပ်ကွက်၊ ပြင်သစ်ချာတိတ်တွေပဲ သွားတဲ့ရပ်ကွက်။ သူတို့ အဲဒီနေရာကို တမင် ရွေးတိုက်တာ။”

အကြမ်းဖက် တိုက်ခိုက်မှုကြီးအပြီး စနေနေ့က လမ်းတွေပေါ်မှာ လူအသွားအလာ နည်းပါးခဲ့တယ်လို့လည်း ကိုထွေးက ပြောပါတယ်။

“လုံခြုံရေးကတော့ နေရာအနှံ့ပါပဲ။ ရဲတွေက ချထားတယ်လေ။ အခု ကျနော်က မနက် အလုပ်သွားတာပေါ့။ အလုပ်သွားတော့ လူတွေက အရမ်းကို ရှင်းနေတယ်။ မနက်ပိုင်းအလုပ်ကနေ ညနေပိုင်း အလုပ်ကူးတော့လည်း လူက သိပ်မရှိဘူး။ အရေးပေါ် လုံခြုံရေးအခြေအနေ ထုတ်ပြန်ထားတဲ့ အခါကျတော့ လူတွေကို အိမ်ထဲမှာပဲ နေခိုင်းထားတယ် အဲဒါကြောင့်။”

မေး - အကြမ်းဖက် တိုက်ခိုက်မှုတွေက ခဏခဏ ဖြစ်နေတဲ့အပေါ်မှာ ပြင်သစ်နိုင်ငံသားတွေပေါ့နော် ကိုထွေးတို့ကို ဘယ်လို ယူဆသလဲရှင့်။

ဖြေ - “ပြင်သစ်ကလေ ဥရောပမှာ ဂျူးတွေ အများဆုံး ခိုလှုံတဲ့ နိုင်ငံလည်းဖြစ်တယ်။ မူဆလင်တွေ အများဆုံးနေတဲ့ နိုင်ငံလည်းဖြစ်တယ်။ နောက်တခုက ပြင်သစ်က နိုင်ငံတကာရေးရာ ၀င်ရောက် စွက်ဖက်တဲ့အခါကျတော့ ဒီလိုမျိုး တုံ့ပြန်မှုတွေကတော့ ခံရတာပဲ။ နည်းနည်းတော့ စိတ်ပျက်တာပေါ့။ ကျနော်တို့အနေနဲ့ကတော့ နိုင်ငံခြားသားတွေပဲလေ။ နည်းနည်း အနေရ ကျပ်တယ်။”

အခုလို IS စစ်သွေးကြွအဖွဲ့ဝင်တွေရဲ့ တိုက်ခိုက်မှုကြောင့် ပြင်းပြင်းထန်ထန်ဒဏ်ရာရသူတွေကို ပဲရစ်မြို့သူမြိုသားတွေက ၀ိုင်းဝန်ကူညီနေကြတဲ့အပြင် အကြမ်းဖက်အန္တရာယ်ကို ၀ိုင်းဝန်ကာကွယ်ဖို့ နိုးကြားမှုတွေ ရှိနေတယ်လို့ ပဲရစ်မြို့က Science Po တက္ကသိုလ်မှာ ပညာသင်ကြားနေတဲ့ ကိုအောင်ခန့်က ပြောပါတယ်။

“ပြင်သစ်က ကြောက်လို့ရှိရင် ဒါ ရှုံးတယ်ဆိုပြီးတော့ မကြောက်ဘူး ဆိုပြီးတော့ အပြင်ထွက်ကြ၊ ကိုယ် လုပ်စရာရှိတာ လုပ်ကြ၊ အကူအညီပေးကြသူတွေကတော့ အကုန်လုံး ရှိပါတယ်။ ဆေးရုံက မနိုင်လောက်တဲ့အထိတောင် သွေးအလှူရှင်တွေ အများကြီး ရောက်ကြတယ်လို့ ကြားတယ်။”

လူအသေအပျောက်အများဆုံး ဖြစ်ခဲ့တာကတော့ ညဖက်လူစည်းကားတဲ့နေရာဖြစ်တဲ့ ဘာတာကလန် ဂီတ ဖျော်ဖြေပွဲ ခန်းမထဲမှာ ဖြစ်ပါတယ်။ အဲဒီမှာ ဖြစ်ခဲ့တဲ့ အခြေအနေတွေကို မနီးမဝေးမှာနေထိုင်တဲ့ ကိုအောင်ခန့် အခုလိုပြောပြပါတယ်။

“ဒီတီးဝိုင်းက ည ၈ နာရီလောက်ကတည်းက စတယ်ပေါ့။ အဲဒီမှာ လူတွေက အထဲမှာ ကျင်းပတဲ့အခန်းက လူ အယောက် ၅၀၀ လောက် ဆံ့တယ်။ ရှင်တဲ့လူတွေက ပြန်ပြောတာပေါ့နော်။ အဲဒီကို လူ ၄ ယောက်လောက် ၀င်လာတယ်တဲ့။ AK-47 တွေနဲ့ အကုန်ဝင်လာတာတဲ့။ ဘာမှ စကားလည်း မပြောဘူး။ အော်တာဟစ်တာလည်း ဘာမှ မကြားရဘူး။ ဒီအတိုင်းပဲ ပစ်ချလိုက်တာပဲလို့ ကျနော် ကြားတယ်။ တချို့လူတွေဆိုရင် အထဲမှာ ပိတ်မိပြီးတော့ ထွက်တောင် ထွက်လို့မရဘူးတဲ့။ ဘာလို့လဲဆိုရင် လူ အသေအရမ်းများလို့ တံခါးပေါက်ကိုတောင် မရောက်နိုင်ဘူးလို့ ပြောတယ်။ အဲဒီမှာ ခဏပုန်းနေရတယ်တဲ့။ နောက် ရဲတွေက ချက်ခြင်း ၀င်လာတော့ ရဲတွေကိုလည်း ထပ် ပစ်တယ်လို့ ကျနော် ကြားတယ်။”

လွန်ခဲ့တဲ့ (၁၀) လလောက်ကလည်း ပြင်သစ်နိုင်ငံမှာ ရှာလီ အက်ဘ်ဒို မဂ္ဂဇင်းတိုက်အပါအ၀င် ဂျူး လူမျိုးပိုင်ကုန်စုံဆိုင်တခုမှာလည်း အခုလိုမျိုး အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရတာပါ။ ပြင်သစ်နိုင်ငံဟာ လူ့အခွင့်အရေးကို ရှေ့တန်းတင်တဲ့ နိုင်ငံတနိုင်ငံ ဖြစ်တာကြောင့် အကြမ်းဖက်သမားတွေက ဒီအပေါ်မှာ အသုံးချနေတာဖြစ်တယ်လို့ ဝေဖန်ပြောဆိုမှုတွေလည်း ရှိနေတာပါ။ အခုလို ထိတ်လန့်စရာ အခြေအနေတွေ ရှိနေပေမဲ့လည်း ပဲရစ်မြို့သူမြို့သားတွေကတော့ အကြမ်းဖက်သမားတွေရဲ့ လုပ်ရပ်ကို သူတို့အနေနဲ့ ကြောက်ရွံ့သွားမှာ မဟုတ်ဘူးလို့ ပြောကြပါတယ်။



MYARF
RB News
14.11.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း ရွက်ညိုတောင် ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်း (ယခင် န.စ.က စခန်း ၁၂) မှ ရဲမှူးက ၎င်း၏ စခန်း လက်အောက်ရှိ ဓါးကြီးစား ကျေးရွာမှ ဦးအဒူရှကူရ် (ဘ) ဦးအဒူဇော်လိလ်၊ ဦးဆော်ယာဒ်အလီ (ဘ) ဦးအီဆုပ်နှင့် ဦးမာမတ်အလီ (ဘ) ဦးအဒူဂေါ်ဖာရ် တို့ (၃) ဦး၊ မြော်တောင်ကျေးရွာမှ ဦးကာမာလ် (ဘ) ဦးဟူဆောင်း၊ ရွက်ညိုတောင် ကျေးရွာမှ ဦးဆော်လီမူလ္လာ တို့နှင့် ပူးပေါင်း ၀ိုင်းဖွဲ့၍ ရဲမှူး၏ အာဏာကို သုံးကာ WY မူးယစ်ဆေးဝါး များကို လွတ်လပ်စွာ ရောင်းဝယ်လျက် ရှိသည်။ 

ရဲမှူးကိုယ်တိုင် ရှယ်ယာယူ၍ ရောင်းချနေသောကြောင့် ပေါ်ပေါ်တင်တင် ရောင်းချနိုင်ပြီး၊ အခြားသူများ ရောင်းသည်ဟု သတင်းရလျှင် ၀ိုင်းဖမ်းပြီး ငွေညှစ်၊ ပစ္စည်းတွေ့လျှင် လုယက်ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ ရဲမှူးနှင့် ပူးပေါင်း ရောင်းချသူများက ၎င်းတို့နှင့် ရန်ငြိုးရှိသူများကို WY ရောင်းချနေသည်ဟု ရဲမှူးအား တိုင်တန်းပြီး ငွေညှစ် စေသည်။ 

နိုဝင်ဘာလ (၉) ရက်နေ့က သရက်အုပ်ကျေးရွာမှ ဒေသခံတစ်ဦးထံမှ WY ဆေးပြား (၁၀၀၀) ကိုလည်းကောင်း၊ နိုဝင်ဘာလ (၁၀) ရက်နေ့က ဖားဝပ် ကျေးရွာမှ ဒေသခံတစ်ဦးထံမှ WY ဆေးပြား (၆၀၀၀) ကိုလည်းကောင်း ဓါးပြတိုက် လုယက်၍ ရဲမှူးနှင့် အတူ ရောင်းချ၍ ဝေစုခွဲဝေယူ ခဲ့ကြောင်း ဒေသခံများက ပြောပါသည်။ 

ရဲမှူးက ၎င်းနှင့်အတူ မူးယစ်ဆေးဝါး ရောင်းချသူများကို ဘင်္ဂလားဖုန်း တစ်လုံးစီ ပေးထားပြီး၊ အဆိုပါ ဖုန်းများဖြင့် ကျေးရွာသား များနှင့် ပတ်သက်၍ မဟုတ်မမှန် လုပ်ကြံ သတင်းများကို ရဲမှူးထံ ပို့လေ့ရှိသည်။ ထို့နောက် ရဲမှူးက နယ်ခြားစောင့်ရဲများ စေလွှတ်၍ ငွေညှစ်စေသည်။ 

ရဲမှူးက ဦးအဒူရှကူရ်ကို ပေးထားသည့် ဖုန်းနံပါတ်မှာ +880 1956687980 ဖြစ်သည်။

အလားတူ ဘူးသီးတောင် မြို့နယ် တောင်ပိုင်း ညောင်ချောင်း ကျေးရွာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်း တာဝန်ခံ ရဲအုပ် တင်ထွန်းဦးကလည်း ညောင်ချောင်း ရခိုင်ရွာရှိ ရခိုင်လူမျိုး လုပ်ငန်းရှင် များနှင့် ပူးပေါင်း၍ WY မူးယစ်ဆေးဝါးများ ရောင်းချနေသည်ဟု သိရသည်။ ရဲအုပ်တင်ထွန်းဦးက ရိုဟင်ဂျာရွာ များသို့ သွားတိုင်း WY ဆေးပြားများနှင့် ဘင်္ဂလားဆင်းမ်ကဒ်များ ယူဆောင် သွားကာ လမ်းတစ်လျှောက်၌ တွေ့ရှိသူများကို စစ်ဆေးရန်ဟု ဆိုကာ ခေါ်ယူ စစ်ဆေးပြီး အိတ်ထဲတွင် WY (သို့) ဘင်္ဂလားဆင်းမ်ကဒ် ထည့်သွင်းပေး၍ လုပ်ကြံ ငွေညှစ်လေ့ ရှိသည်ဟု ဒေသခံများက ပြောပါသည်။ ရဲအုပ်တင်ထွန်းဦးနှင့် ၎င်း၏ တပ်ဖွဲ့ဝင်များ ကိုယ်တိုင်လည်း WY ဆေးပြားများ သုံးစွဲနေသည်ဟု ဆိုသည်။



RB News
13.11.2015

လန်ဒန် ။ ။ ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့ အခြေစိုက် မြန်မာ ရိုဟင်ဂျာ အသင်း (ယူကေ) ဥက္ကဌ ဦးထွန်းခင်က တူရကီနိုင်ငံမှ သတင်းဌာနနှင့် တွေ့ဆုံ မေးမြန်းခန်းတွင် “ကျွန်တော်တို့ ရိုဟင်ဂျာတွေက ၁၉၉၀ ခုနှစ်ကတည်းက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကို ထောက်ခံခဲ့ပြီး၊ ရိုဟင်ဂျာ ပါတီ တွေကလည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နဲ့ မဟာမိတ်ဖွဲ့ပြီး အလုပ်လုပ်ခဲ့တယ်။ ဒါပေမယ့် ၂၀၁၂ ခုနှစ်မှာ ဦးသိန်းစိန်ရဲ့ ရိုဟင်ဂျာ လူနည်းစုကို တစ်ဖက်သတ် လူမျိုးတုန်း သတ်ဖြတ်မှု အပေါ် ဒေါ်အောင်ဆန်းစုကြည်က နှုတ်ဆိတ်နေခဲ့ခြင်းကို အင်မတန်မှ ၀မ်းနည်းခဲ့ရတယ်။ နိုင်ငံတကာ အနေနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို အားပေးသလို တစ်ချိန်တည်းမှာ ၂၁ ရာစုမှာ သုံးသန်းခန့် ရှိတဲ့ ရိုဟင်ဂျာ လူမျိုးတို့ ခံစားနေရတဲ့ လူမျိုးတုန်း သတ်ဖြတ်မှုကို အရေးတကြီး ဦးစားပေး လုပ်သင့်တယ်။ အစိုးရသစ်ကို ဦးဆောင်မယ့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှာ စိန်ခေါ်မှုတွေ ရှိနေမှာ သေချာပါတယ်။ အဓိက ၀န်ကြီးဌာနများ ဖြစ်တဲ့ ပြည်ထဲရေး ၀န်ကြီးဌာန၊ နယ်စပ်ရေးရာ ၀န်ကြီးဌာန၊ ကာကွယ်ရေး ၀န်ကြီးဌာန များရဲ့ ၀န်ကြီး နေရာတွေကို စစ်တပ်က ခန့်အပ်မှာ ဖြစ်တဲ့ အတွက် နိုင်ငံတော်ရဲ့ လူနည်းစုတွေကို ထိခိုက်လွယ်တဲ့ လုပ်ရပ်တွေကို ကာကွယ်ဖို့ ခက်ခဲလိမ့်မယ်” ဟု ပြောကြားခဲ့သည်။

၎င်းက မြန်မာနိုင်ငံတွင် ယခုလာမည့် ပါလီမန်တွင် မွတ်စလင် အမတ် တစ်ဦးတစ်ယောက်မှ ရှိမည် မဟုတ်ကြောင်း၊ မြန်မာ့သမိုင်းတွင် ရိုဟင်ဂျာ တိုင်းရင်းသားများ မဲပေးခွင့်၊ အမတ်ဖြစ်ရန် ရွေးကောက်ပွဲ ၀င်ပြိုင်ခွင့်ကို ပထမဆုံး အကြိမ် အဖြစ် ပိတ်ပင်ခဲ့ရသည့် အတွက် အထူးဝမ်းနည်းကြောင်း၊ မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ အောင်ပွဲကို ပျော်ရွှင်စွာ ဆင်နွဲနေချိန်တွင် ရိုဟင်ဂျာများသည် မိမိတို့၏ မွေးရပ်မြေတွင် မဲပေးခွင့် မရသောကြောင့် စိတ်အားငယ်စွာ နေခဲ့ရကြောင်း၊ ရိုဟင်ဂျာများလည်း မြန်မာနိုင်ငံ ဒီမိုကရေစီ တည်ဆောက်မှုတွင် တစ်စိတ်တစ်ပိုင်း ပါဝင်ခဲ့သလို NLD ၏ အောင်ပွဲကိုလည်း တကယ် ၀မ်းပန်းတသာ ဖြစ်ရကြောင်း၊ NLD အစိုးရဖွဲ့ပြီး အုပ်ချုပ်ရေးတွင် စိန်ခေါ်မှု ကြီးကြီးမားမား ရှိနေသည့် အတွက် အမေရိကန်၊ ဗြိတိန် အနေနှင့် ရိုဟင်ဂျာများကို လူမျိုးတုန်း သတ်ဖြတ်မှုကို အရေးပေါ် ဦးစားပေး ဆောင်ရွက် ပေးစေလိုကြောင်း၊ လွန်ခဲ့သည့် နှစ်ပတ်က ထုတ်လွှင့်ခဲ့သည့် Al Jazeera မှ Genocide Agenda, International State Crime Initiative School of Law, Queen Mary University of London, Yale Law School နှင့် Fortity Rights တို့က လူမျိုးတုန်း သတ်ဖြတ်မှု၏ သက်သေ အထောက်အထား များကို လေ့လော တွေ့ရှိထားသည့် အတွက် နောက်ကျမှု မဖြစ်စေဘဲ ရိုဟင်ဂျာ အရေး အပေါ် ဦးစားပေး ဆောင်ရွက်သင့်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။


နိုဝင်ဘာလ ၁ ရက်နေ့ ရန်ကုန်မြို့၊ သုဝဏ္ဏမြို့ဦး စေတီအနီး လူထု ဟောပြောပွဲတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အတူ တွေ့ရသည့် သူရဦးတင်ဦး။ (ဓာတ်ပုံ-သော်ဟိန်းထက်/ဧရာဝတီ)

သာလွန်ဇောင်းထက်
13.11.2015

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က သမ္မတ အဖြစ် တင်မြှောက်ဖို့ ရေပန်း အစားဆုံးနဲ့ အသင့်တော်ဆုံးက NLD နာယက လည်းဖြစ်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဟောင်းလည်း ဖြစ်တဲ့ သူရဦးတင်ဦး ဖြစ်တယ်လို့ NLD ပါတီ အသိုင်း အ၀ိုင်းထံမှ သိရှိရပါတယ်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က နိုဝင်ဘာလ ၉ ရက်နေ့ ကတည်းက စတင်ပြီး ရွေးကောက်ပွဲ ရလဒ် တွေ ကို ကြေညာခဲ့ရာမှာ နိုဝင်ဘာလ ၁၃ ရက်နေ့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) က ပြည်သူ့ လွှတ် တော် ၊ အမျိုးသား လွှတ်တော် အပါအ၀င် ပြည်ထောင်စုလွှတ်တော်မှာ အမတ်နေရာပေါင်း ၃၂၉ နေရာ ရရှိပြီး အစိုးရ ဖွဲ့ခွင့်၊ သမ္မတ တင် မြှောက် ခွင့်ရရှိသွားပါတယ်။

ရွေးကောက်ပွဲမှာ အပြတ်အသတ်အနိုင်ရရှိခဲ့တဲ့ NLD ပါတီက ဘယ်သူ့ကို သမ္မတတင်မလဲဆိုတာ ပြည်တွင်း ပြည်ပ နိုင်ငံရေးအသိုင်းအ၀ိုင်းက စိတ်ဝင်စားဆုံးဖြစ်နေသလို တပ်မတော်နဲ့ သမ္မတဦးသိန်းစိန်အစိုးရ အသိုင်း အ၀ိုင်းကလည်း အင်မတန်ကို စိတ်ဝင်စားနေကြပါတယ်။
NLD က တင်မယ့် သမ္မတက ဘယ်သူပဲဖြစ်ဖြစ် သမ္မတအထက်ကနေ ညွှန်ကြားချက်တွေ ပေးဖို့ ရှိတယ်လို့ ဒေါ်အောင် ဆန်း စုကြည်က ပြည်တွင်းပြည်ပသတင်းဌာနတွေကို ဖြေဆိုထားတာမို့ ဒီဖြေကြားချက် ကြောင့် လည်း သမ္မတ ဘယ်သူ ဖြစ်မလဲဆိုတာကို ပိုမိုစိတ်ဝင်စားမှုမြင့်တက်လာစေပါတယ်။

ရွေးကောက်ပွဲ အပြီး ဘီဘီစီသတင်းဌာနနဲ့ ပြုလုပ်တဲ့ တွေ့ဆုံ မေးမြန်းခန်းမှာ ဘီဘီစီသတင်းထောက် Fergal Keane က ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သမ္မတ နာမည် မရှိ တာ ကလွဲ ပြီး ကျန်တဲ့ အခွင့် အာဏာ အကုန် ရှိမှာလားဆိုတဲ့ မေးခွန်း ကို မေးတဲ့ အခါ ဒေါ်အောင်ဆန်းစုကြည် က သမ္မတ ဆိုတာ ပညတ်နာမ ပဲ၊ နှင်းဆီ ကို တခြား နာမည် နဲ့ ခေါ် သလို ပဲ ပေါ့ ဆိုပြီး တုံ့ပြန် ပါတယ်။ သမ္မတ အဖြစ် တာဝန်ထမ်း ဆောင်ခွင့်မရပေမယ့် သူက ရနံ့မွှေးနေမယ့် နှင်းဆီ၊ အာဏာရှိတဲ့နေသူဆိုတာ ဒေါ်အောင်ဆန်းစုကြည်က ပွင့်ပွင့် လင်းလင်းပြောဆိုသွားပါတယ်။

NLD က တင်မယ့် သမ္မတမှာ အာဏာမရှိဘူးဆိုပေမယ့် နိုင်ငံတော်အကြီးအကဲတဦးဖြစ်တာမို့ ဒေါ်အောင်ဆန်းစုကြည် ပြီးရင် နိုင်ငံအတွက် အရေးကြီးတဲ့ အာဏာလက်ကိုင်ရှိနေတဲ့ ပုဂ္ဂိုလ်တဦး၊ ဒေါ်အောင်ဆန်းစုကြည်ပြီးရင် ရနံ့မွှေးမယ့် နောက်ထပ် နှင်းဆီ တပွင့်ဆိုတာက ဘယ်သူမှ မငြင်းနိုင်ပါဘူး။

အစောပိုင်းထွက်ပေါ်တဲ့ သတင်း တွေမှာ ဒေါက်တာတင်မျိုးဝင်း၊ ဦးထင်ကျော် အစရှိတဲ့သူတွေရဲ့ နာမည်တွေ ထွက်ပေါ် နေပေမယ့် NLD ပါတီ တွင်း စုံစမ်းသိရှိရတဲ့သတင်းအချက်အလက်တွေအရတော့ နာမည်ထွက်တဲ့သူ အားလုံး မဟုတ်ဘူး လို့ သိရှိ ရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သမ္မတ ဘယ်သူကို တင်မြှောက်မလဲဆိုတာ သူကိုယ်တိုင် ရွေးချယ် ဆုံးဖြတ် ထားပြီး ပြီဖြစ် ပေမယ့် အသိမပေးချင်သေးလို့ အသိမပေးတာလို့ ပြည်တွင်းပြည်ပ မီဒီယာတွေကို ဖြေဆိုထား ပါ တယ်။

NLD ပါတီအနေနဲ့ ပြည်သူ့လွှတ်တော်မှာ ဒုတိယသမ္မတ ၁ ဦး ၊ အမျိုးသားလွှတ်တော်မှာ ဒုတိယသမ္မတ ၁ ဦး တင်မြှောက် ရမှာဖြစ်ပြီး အဲဒီ ၂ ဦးထဲကမှ ၁ ဦးကို သမ္မတအဖြစ် မဲပေး တင်မြှောက်ရမှာဖြစ်ပါတယ်။

သမ္မတဖြစ်ဖို့ ရာခိုင်နှုန်းအများဆုံးရှိနေတဲ့ သူရဦးတင်ဦးဟာ လက်ရှိ NLD ပါတီမှာ ဒေါ်အောင်ဆန်းစုကြည် ယုံကြည် အားကိုး မှုရှိပြီး လေးစားမှု အရှိဆုံး ပုဂ္ဂိုလ် တဦးဖြစ်တာမို့ သူရဦးတင်ဦးကို ကျော်လွှားပြီး အခြားသူတွေကို သမ္မတ အဖြစ် ရွေးကောက်တင်မြှောက်ဖို့တာ မဖြစ်နိုင်ဘူးလို့ NLD အမတ်တွေက ဆိုပါတယ်။

“အန်တီ အမြဲပြောတဲ့စကားတခွန်းရှိတယ်။ အဲဒါဘာလဲဆိုတော့ ဘဘဦးတင်ဦးကို နမူနာယူဖို့ပဲ။ ဘဘဦးတင်ဦးဟာ အမြဲပဲ ပါတီရဲ့ မူဝါဒ၊ မူဘောင်တွေကို ချိုးဖောက်တာမျိုးမရှိဘူး။ ငါက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖြစ်ခဲ့လို့ဆိုပြီး အခြား သူတွေကို မလေးမစားလုပ်တာမျိုးမရှိဘူး။ အခွင့်အရေးပိုင်းမှာလည်း သူများထက်ပိုယူတာမျိုးမရှိဘူး။ ပါတီအတွက်၊ ဒီမိုကရေစီ အတွက်ဆိုရင် မနေ မနား အမြဲလုပ်ဖို့ အသင့်ရှိတယ်။ ဒါကြောင့် ဘဘဦးတင်ဦးကို အားလုံး နမူနာယူ ရမယ်လို့ ပြောတယ်။ ဘဘဦးတင်ဦးသည် ဒေါ်အောင်ဆန်းစုကြည်ကို လေးစားတယ်။ ညီမတဦးလို ချစ်ခင်တယ်။ ပါတီမှာ တော့ ဘဘဦးတင်ဦးကို ကျော်ပြီး သမ္မတဖြစ်မယ့်သူဆိုတာတော့ မမြင်ပါဘူး” လို့ NLD အမတ်တဦးက ဆိုပါတယ်။

NLD ပါတီက တင်မြှောက်မယ့် သမ္မတဆိုတဲ့ ရာထူးနေရာက အာဏာအမြင့်ဆုံးပိုင်ဆိုင်ထားတဲ့ ရာထူးနေရာဖြစ်တာမို့ ပါတီနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သစ္စာစောင့်သိနိုင်တဲ့ အရည်အချင်းမှာလည်း သူရဦးတင်ဦးက ပြည့်မီနေတယ်လို့လည်း ဆိုပါတယ်။

ဧရာဝတီသတင်းဌာနနဲ့ ဇူလိုင်အတွင်းက ပြုလုပ်ခဲ့တဲ့ တွေ့ဆုံမေးမြန်းခန်းတခုမှာ သူရဦးတင်ဦးက သူ့အနေနဲ့ သမ္မတ မလုပ်ချင်ကြောင်း၊ သမ္မတအဖြစ် တာဝန်ပေးလာမယ်ဆိုရင်လည်း အသက်အရွယ်အရ မလုပ်နိုင်တော့တဲ့အကြောင်း ဖြေဆိုခဲ့ပါသေးတယ်။

“ကျနော်ကတော့ မလုပ်ပါဘူး။ အခုလည်း ဒီသတင်းတွေ ကျနော်ကြားနေတယ်။ တော်တော်လေး ကျယ်ကျယ် ပြန့်ပြန့်ကို ပြောနေ ကြတယ်။ ကျနော်က နဂိုမူလကတည်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခေါင်းဆောင်မှုကို လေးစား ပြီးတော့ သူ့ရဲ့ လုပ်ငန်းကိုပဲ အောင် မြင်အောင် ကျနော်ရဲ့ ကျွမ်းကျင်မှု၊ အတွေ့အကြုံတွေနဲ့ ကူလုပ်ပေးမယ်ဆိုပြီး ကျနော်လာတာ။ အဲဒါပဲ ရှိတယ်။မလုပ်ပါဘူး။ တာဝန် ပေးလာခဲ့ရင်လည်း မလုပ်ဘူး။ ကျနော် တော်ပြီ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော့် အသက်က ၈၉ နှစ်ထဲမှာ။ အသက် ၉၀ လောက်မှ လုပ်ရမယ်ဆိုရင် လူဟာ ဘာပဲ ပြောပြော ကာယအားဖြင့် လည်း ကောင်း၊ ဥာဏအားဖြင့် လည်းကောင်း ဆုတ်ယုတ် နေတာပဲ။ အဲဒါ ကြောင့် မလွယ်ဘူး။ မလုပ်သင့်တော့ဘူး။ ဒါက နောက်ပိုင်း အခြေအနေကို ပြောတာ။ အရင်ကတည်းကလည်း မလုပ်ချင်ပါဘူး” လို့ ဦးတင်ဦးက ဧရာဝတီ သတင်းဌာနကို ဇူလိုင်လအတွင်းမှာ ပြောဆိုခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ နီးစပ်မှုရှိတဲ့ NLD လွှတ်တော်အမတ်တဦးကတော့ “ဘဘဦးတင်ဦးက ဘယ်လိုပင် မလုပ်ချင် ပါဘူး ဆိုပါ စေ ဦးတော့ လိုအပ်ချက်အရ လုပ်ဖို့ လိုလာပြီဆိုရင် အမေစု မေတ္တာရပ်ခံတာမျိုးကို ဘဘဦးတင်ဦး ငြင်းပယ် တာမျိုး ခက်နိုင်ပါတယ်။ ဘဘဦးတင်ဦးလို လူမျိုး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟောင်းတဦး သမ္မတ ဖြစ်လာရင် လည်း တပ်နဲ့ အစိုးရ ဆက်ဆံရေး ကွာဟချက် အရမ်းကို နည်းသွားတယ်။ အများကြီး အဆင်ပြေနိုင်တယ်။ တပ်မတော် အနေနဲ့ သူတို့ အလေးပြုရမယ့် သမ္မတ က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဆိုတာ သိရင် ပိုပြီးတော့ လေးလေး စားစားဖြစ်မယ်။ ပိုပြီးတော့ တပ်မတော်နဲ့ အရပ်သားအစိုးရ သဟဇာတ ပိုဖြစ်လာမယ်ပေါ့။ အဲဒါကြောင့်မို့ ဘယ်လိုပင် မလုပ်ဘူးဆိုစေကာဦးတော့ အသင့်တော်ဆုံးနဲ့ အမြန်ဆုံး ရွေးချယ်ရမယ်ဆိုရင် ဘဘဦးတင်ဦး အပြင် အခြားလူ ရှိကို မရှိဘူး” လို့ ဆိုပါတယ်။

နိုင်ငံရေးအကဲခတ်တွေကတော့ နိုဝင်ဘာလ ၁ ရက်နေ့ သုဝဏ္ဏမြို့ဦးစေတီမှာ လုပ်ခဲ့တဲ့ လူထုဟောပြောပွဲမှာသူရဦးတင်ဦး ဒေါ်အောင် ဆန်း စုကြည်နဲ့အတူ လူထုကို ဟောပြောခွင့်ရရှိပြီး သူရဦးတင်ဦးနဲ့ ဒေါ်အောင်ဆန်းစုကြည် ၂ ဦး အတူ တွဲလျက် ရှိနေတဲ့ပိုစတာကြီးက NLD က တင်မယ့် သမ္မတ ဦးတင်ဦးဆိုတာ သေချာစေခဲ့တယ်လို့ သုံးသပ်ကြပါတယ်။

အခြားတဖက်မှာလည်း ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သူရဦးရွှေမန်း၊ သမ္မတဦးသိန်းစိန်၊ တပ်ချုပ် မင်းအောင်လှိုင်တို့နဲ့ တွေ့ဆုံ ဆွေးနွေးဖို့ တောင်းဆိုထားတာမို့ ဒီရလဒ်ပေါ် မူတည်ပြီး NLD တင်မယ့် သမ္မတ ဘယ်သူဖြစ်မလဲဆိုတဲ့ အဖြေ ပြောင်းနိုင်တယ်ဆိုတဲ့ သုံးသပ်မှု တွေလည်းရှိပါတယ်။

“ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တွေ့ပြီး ညှိနှိုင်းလို့ အဆင်ပြေတယ်ပဲထားဦး။ ချက်ချင်းကြီး အမေစု သမ္မတဖြစ်ဖို့ အတား အဆီး ဖြစ်နေတဲ့ ပုဒ်မ ၅၉ (စ) ကို ပြင်ဖို့ မလွယ်ဘူး။ လွှတ်တော်မှာ အတည်ပြု၊ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ လုပ်၊ ရလဒ်ကို အတည်ပြုရမှာဆိုတော့ ဒီဖြစ်စဉ်တွေက အချိန်ယူရမယ်။ ညှိနှိုင်းမှုအဆင်ပြေတယ်ဆိုရင်တော့ ပုဒ်မ ၅၉(စ) ပြင်နိုင်တဲ့ အခွင့်အလမ်းလည်းဖြစ်လာနိုင်တယ်။ လာမယ့် ဇန်န၀ါရီလကုန်ဆိုရင် လွှတ်တော်သစ်ပေါ်မယ်။ ပြီးရင် သမ္မတရွေးရ တော့ မယ်။ အဲဒါကြောင့် ပုဒ်မ ၅၉ (စ) ချက်ချင်းကြီးပြင်ဖို့ မလွယ်ဘူး။ ပုဒ်မ ၅၉(စ) ပြင်ဆင်နိုင်တယ်ဆိုရင်တောင် လောလော ဆယ် ဘဘဦးတင်ဦးက သမ္မတရာထူး ခေတ္တယူထားပြီး ပုဒ်မ ၅၉(စ) ပြင်ပြီးတဲ့အချိန်ကျမှ အမေစုက သမ္မတရာထူး ယူတာမျိုးလည်းဖြစ်နိုင်တယ်” လို့ NLD အမတ်တဦးက သုံးသပ်ပြောဆိုပါတယ်။



MYARF
RB News
12.11.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် တောင်ပိုင်း ညောင်ချောင်း ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ စခန်းမှူး ရဲအုပ် တင်ထွန်းဦး အပါအ၀င် နယ်ခြားစောင့်ရဲ (၅) ဦးက နိုဝင်ဘာလ (၁၁) ရက်နေ့ နံနက်ပိုင်းတွင် ယူနီဖောင်း မပါဘဲ အရပ်ဝတ်ဖြင့် ဒုအိုးသည်မ ကျေးရွာသို့ သွားရောက်ပြီး MPT ဆင်းမ်ကဒ်ပါ Nokia ဖုန်းတစ်လုံးဖြင့် စကားပြောနေသော ဦးဂျမာလ်ဟူစိန်းကို စကားပြောနေစဉ် ခေါ်ယူ စစ်ဆေး၍ ဖုန်းထဲသို့ ဘင်္ဂလား ဆင်းမ်ကဒ် ထည့်သွင်းပေးပြီး ဘင်္ဂလား ဆင်းမ်ကဒ် မိသည်ဟု လုပ်ကြံ စွပ်စွဲကာ ဖမ်းဆီး ရိုက်နှက်ပြီး ငွေကျပ် ၈ သိန်း ၅ သောင်း အတင်း အဓမ္မ ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ 

ဦးဂျမာလ်ဟူစိန်းက ငွေမပေးချင်သော်လည်း နယ်ခြားစောင့်ရဲ များ၏ ရိုက်နှက်မှုဒဏ်ကို မခံနိုင်၍ နောက်ဆုံးတွင် နယ်ခြားစောင့်ရဲများ တောင်းသည့် ငွေကို ပေးခဲ့ရသည်။ နယ်ခြားစောင့်ရဲ များက လူတစ်ဦးကို ဖမ်းဆီးပြီးလျှင် မေးမြန်းခြင်း မပြုဘဲ ဦးစွာ ရိုက်နှက်လေ့ ရှိသည်။ ဖမ်းဆီးခံရသူက ရိုက်နှက်မှုဒဏ်ကို မခံနိုင်လျှင် ဆက်လက်၍ ရိုက်နှက်မည်ကို ကြောက်ရွံ၍ နယ်ခြားစောင့်ရဲများ တောင်းသည့် ငွေကို ပေးရန် သဘောတူရလေ့ ရှိသည်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ကန်သမ္မတ အိုဘားမား အိမ်ဖြူတော်မှာ တွေ့ဆုံ။ (စက်တင်ဘာ ၁၉၊ ၂၀၁၂)

မသိင်္ဂီထိုက်
ဗွီအိုအေမြန်မာပိုင်း
12.11.2015

ရွေးကောက်ပွဲမှာ လွှတ်တော် အမတ် နေရာ အများစု အနိုင် ရရှိနေတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန် သမ္မတက ဂုဏ်ပြု စကား ပြောကြား လိုက်ပါတယ်။ အစိုးရသစ် တရပ် ဖွဲ့စည်းနိုင်တဲ့ အခြေ အနေမျိုး အထိ ရှိလာနေပြီ ဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဘက် ကလည်း အာဏာ လွှဲပြောင်း ယူနိုင်ရေး အဆင်သင့် ဖြစ်စေဖို့ ပြင်ဆင်မှုတွေ ရှိနေပြီ ဖြစ်ပြီး အစိုးရသစ် အဖြစ် တာဝန် ယူလာတဲ့ အချိန်မှာတော့ ယုံကြည်ချက်ကြောင့် အကျဉ်းကျသူတွေ အရေးကို အလေးထားဆောင်ရွက် ပါမယ်လို့လည်း ပြောဆိုလိုက်ပါတယ်။ မသိင်္ဂီထိုက် က တင်ပြထားပါတယ်။

အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမားက မြန်မာ့ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို ဒီမနက်ခင်းမှာ တယ်လီဖုန်းဆက်ပြီး ဂုဏ်ပြုစကားပြောဆိုခဲ့တဲ့ အကြောင်း အမေရိကန် သမ္မတ အိမ်ဖြူတော်က ကြေညာချက် ထုတ်ပြန်သလို NLD ပါတီ ပြောခွင့်ရ ဦးဝင်းထိန် ကလည်း အခုလို ပြောပါတယ်။

" မစ္စတာ အိုဘားမားက မနေ့က ဒေါ်အောင်ဆန်းစုကြည်ကို မနေ့က ဖုန်းဆက်ပြော တယ် ဆိုတာကို ကျနော်တို့သိပါတယ်။ သို့သော်လည်းပဲ အဲဒီပြောတဲ့အချိန်မှာ ကျနော်တို့မရှိတော့ ဘာတွေပြောတယ်ဆိုတာတော့ ကျနော် မှန်းဆကြည့် တာကတော့ ရွေးကောက်ပွဲနိုင်တဲ့အတွက်ကြောင့် ဂုဏ်ပြုစကားပြောတယ်လို့ ယူဆပါတယ်။"

ရွေးကောက်ပွဲ တရားဝင် ရလဒ်ကို အားလုံးက လေးစားလိုက်နာဖို့ အရေးကြီးတဲ့ အကြောင်းနဲ့ လူထုရဲ့ဆန္ဒကို ထင်ဟပ်တဲ့၊ အားလုံးပါဝင်ပြီး ကိုယ်စားပြုမှုရှိတဲ့ အစိုးရမျိုးဖွဲ့စည်းရေး ညီညွတ်ရေးစိတ်ဓာတ်အခြေခံနဲ့ အတူတကွ လုပ်ဆောင် သွားရေး ခေါင်းဆောင်နှစ်ဦး ဆွေးနွေးကြတယ်လို့ အမေရိကန် သမ္မတ အိမ်ဖြူတော်က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရွေးကောက်ပွဲနဲ့ အစိုးရသစ်တရပ် ဖွဲ့စည်းတာတွေဟာ မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနဲ့ ပိုပြီး ငြိမ်းချမ်း၊ ပိုပြီးသာယာဝပြောတဲ့ အနာဂတ် တည်ဆောက်ရေး ကြိုးပမ်းမှုမှာ အရေးပါတဲ့ အဆင့်တရပ်ဖြစ်တယ် လို့ သမ္မတ အိုဘားမားက မှတ်ချက်ပြုပါတယ်။

အစိုးရသစ် တရပ် ဖွဲ့စည်းလာနိုင်ခြေ ရှိတဲ့ အထိ အမတ်နေရာ အများစု အနိုင်ရရှိနေတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဘက်ကတော့ အစိုးရသစ် ဖွဲ့စည်းနိုင်ရေး အာဏာလွှဲပြောင်းရယူနိုင်ဖို့အတွက် စီစဉ်နေပြီး အစိုးရသစ် အဖြစ် တာဝန်ယူချိန်မှာ နိုင်ငံရေး အကျဉ်းသားတွေ အရေး အလေးထားမယ်လို့လည်း ပါတီ ပြောခွင့်ရ ဦးဝင်းထိန်က ပြောပါတယ်။

“ဟုတ်ကဲ့ ကျနော်တို့ဖက်မှာလည်း ဆွေးနွေးညှိနိုင်းမှုတွေတော့ရှိပါတယ်။ သို့သော်လည်းပဲ အကြောင်းကြောင်းကြောင့် ဒီအသေးစိတ်ကိုတော့ ပြောခွင့်မရှိလို့ ကျနော်တို့ဖက်ကလည်းဆွေးနွေးနေကြတယ်ဆိုတဲ့ အချက်ပဲပြော ပါရစေ။ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ကျနော်တို့ NLD က ခေါင်းဆောင် အများစုဟာ အကျဉ်းသားဘ၀ကနေပြီးတော့မှ ဒီအနေအထား ကို ရောက်လာကြတာပါ။ အဲတော့ အခုလက်ရှိ ဦးသိန်းစိန်အစိုးရကနေပြီးတော့မှ ဖမ်းဆီးပြီး အကျဉ်းချခဲ့တဲ့ ပုဂ္ဂိုလ်တွေနဲ့ပက်သက်လို့ ကျနော်တို့ ပေါ့ပေါ့တန်တန် စဉ်းစားမှမဟုတ်ပါဘူး။ အလေးအနက် ထားပြီး စဉ်းစားရမှာဖြစ်ပါတယ်။ ဒါကြောင့်မို့ အဲဒီလောက်ပဲ ပြောပါရစေ။”

ဒီကနေ့မှာဘဲ သမ္မတ ဦးသိန်းစိန်ကလည်း ၀န်ကြီးများ အစည်းအဝေး ခေါ်ယူပြီး တက်လာမယ့် အစိုးရသစ်ကို လုပ်ငန်း တာဝန်တွေ စနစ်တကျ လွှဲပြောင်းပေးနိုင်ဖို့ ပြင်ဆင်ထားကြဖို့ ညွှန်ကြားခဲ့တယ်လို့လည်း သမ္မတ ရဲ့ ပြောခွင့်ရ ပြန်ကြားရေး ၀န်ကြီး ဦးရဲထွဋ်က ဗွီအိုအေကို ပြောပါတယ်။ သမ္မတ၊ လွှတ်တော် နာယကနဲ့ ကာကွယ်ရေး ဦးစီးချုပ်တို့နဲ့ တွေ့ခွင့်ပေးဖို့ အများစု အနိုင်ရ NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပန်ကြားချက်ကိုလည်း မနေ့ကဘဲ အားလုံးတို့က သဘောတူလိုက်တာကြောင့် အစိုးရသစ်ကို အာဏာလွှဲပြောင်းရေးနဲ့ အာဏာအလွှဲအပြောင်းကာလ တည်ငြိမ်ရေးအပေါ်မှာ အပြုသဘောဆောင်တဲ့ မျှော်လင့်ချက်တွေလည်း ရှိလာနေပါတယ်။
သမ္မတ ဦးသိန်းစိန်ကို အိုဘားမား ချီးကျုး တယ်လီဖုန်းဆက် စကားပြောစဉ်။

 မသိဂီ င်္ထိုက်
ဗွီအိုအေမြန်မာပိုင်း
12.11.2015

မြန်မာ နိုင်ငံမှာ ရွေးကောက်ပွဲတွေ အောင်အောင် မြင်မြင် ကျင်းပ နိုင်ခဲ့တဲ့ အတွက် သမ္မတ ဦးသိန်းစိန် ကို အမေရိကန် သမ္မတ Barack Obama က ချီးကျုး စကား ပြောကြား လိုက်ပါတယ်။ တနင်္ဂနွေနေ့က ရွေးကောက်ပွဲမှာ အဓိက နိုင်ငံရေး ပါတီ ဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက အများစု အနိုင် ရထားတဲ့ အတွက် အစိုးရသစ်ကို ဦးဆောင် နိုင်မယ့် အလား အလာတွေ ရှိနေချိန်မှာပဲ သမ္မတ ဦးသိန်းစိန်ကို အမေရိကန် သမ္မတက တယ်လီဖုန်း ဆက် ပြောဆိုခဲ့တာပါ။

သမ္မတ ဦးသိန်းစိန် အစိုးရအဖွဲ့ အနေနဲ့ကတော့ အာဏာ လွှဲပြောင်းပေးရေး ဒီကနေ့မှာလည်း ဆွေးနွေး တိုင်ပင်ခဲ့ကြတယ်လို့ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ဗွီအိုအေကို ပြောပါတယ်။ သမ္မတရဲ့ ပြောခွင့်ရ အဖြစ်လည်း တာဝန်ယူထားသူ ပြည်ထောင်စု ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ကိုမသိဂီ င်္ထိုက်က ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ ဘယ်အချိန်လောက်က သမ္မတ နှစ်ဦးတို့ တွေ့ဆုံခဲ့ကြပါသလဲရှင်။ တယ်လီဖုန်းကနေ တဆင့်။

ဦးရဲထွဋ်။ ။ ဒီကနေ့ မနက် ၈ နာရီခွဲလောက်မှာ ကျနော်တို့ ဖုန်းပေါ်ကနေ ဆက်သွယ် စကားပြောဆိုတာ ဖြစ်ပါတယ်။

မေး။ ။ ခေါင်းဆောင် ၂ ဦးတို့ ဘာတွေများ ဆွေးနွေးခဲ့ကြပါလဲရှင့်။

ဦးရဲထွဋ်။ ။ ပထမဆုံးတော့ အမေရိကန် သမ္မတ အိုဘားမား ဘက်က ကျနော်တို့ရဲ့ နိုင်ငံမှာ သမိုင်းတွင်မယ့် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ကို အောင်မြင်စွာ ကျင်းပနိုင်တဲ့ အတွက်ကြောင့်မို့လို့ သမ္မတကြီးနဲ့ အစိုးရ အဖွဲ့ကို ချီးကျူး ဂုဏ်ပြုတဲ့ အကြောင်း ပြောပါတယ်။ နောက်တခုက အဲဒီ ရွေးကောက်ပွဲ အောင်မြင်မှုဟာ သမ္မတကြီးရဲ့ ရဲရဲဝင့်ဝင့် လုပ်ဆောင်ခဲ့တဲ့ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ချက်တွေရဲ့ ရလဒ်တွေ ဖြစ်တယ်ဆိုတာလည်း ပြောပါတယ်။ နောက်တခုကတော့ ကျနော်တို့ ဆက်ပြီးတော့ တည်ငြိမ်အေးချမ်းမှုကို ဖော်ဆောင်နိုင်ဖို့နဲ့ အားလုံးပူးပေါင်းပြီးတော့မှ ဒီငြိမ်းချမ်းစွာ လွှဲပြောင်းပေးတာတွေ လုပ်ဖို့ တိုက်တွန်းတာတွေလည်း ရှိပါတယ်။

မေး။ ။ အဲဒီတော့ အမေရိကန် သမ္မတရော သမ္မတကြီး ဦးသိန်းစိန် အာဏာလွှဲပြောင်း မပေးခင် စပ်ကြားမှာ လာရောက်ဖို့ ရှိပါသေးသလားရှင့် ၀န်ကြီး။

ဦးရဲထွဋ်။ ။ အဲဒါတော့ ကျနော်တို့ လောလောဆယ် ဘာမှ အဲဒီ ခရီးစဉ်နဲ့ ပတ်သက်လို့တော့ မသိရသေးပါဘူး။ ဒါပေမယ့် မကြာခင်မှာ မလေးရှားနိုင်ငံမှာ ပြုလုပ်မယ့် အာဆီယံ ထိပ်သီး အစည်းအဝေးမှာတော့ သူတို့ နှစ်ယောက် တွေ့ဖြစ်မယ် ထင်ပါတယ်။

မေး။ ။ အဲဒီတော့ အမေရိကန် သမ္မတ ဖုန်းဆက်တဲ့ အပြင်ပေါ့နော် တရုတ်တို့ တခြားနိုင်ငံတွေကရော သမ္မတကြီး ဦးသိန်းစိန်နဲ့ တယ်လီဖုန်းနဲ့ ဆက်သွယ်ပြောဆိုမှု ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ ရှိပါသေးလားရှင့် ၀န်ကြီး။

ဦးရဲထွဋ်။ ။ ဒီကနေ့ အထိတော့ တခြားသူတွေနဲ့ ဆက်သွယ်ပြောဆိုတာတော့ မရှိပါဘူး။

မေး။ ။ ဒီ ငြိမ်းငြိမ်းချမ်းချမ်း လွှဲပြောင်းပေးမယ်လို့လည်း သမ္မတကြီးက မနေ့တုန်းကလည်း ၀န်ကြီးတို့ ကြေညာချက်ထဲမှာလည်း ကျမတို့ တွေ့ပါတယ်။ အဲဒီတော့ ၀န်ကြီးရှင့် ဒီ ရွေးကောက်ပွဲ ရလဒ်တွေ အပေါ်မှာရော သမ္မတ ဦးသိန်းစိန် ဘက်က သူ့ဘက်က ဘယ်လိုများ ဒီအပေါ်မှာ ရှုမြင်ပါသလဲ။ ဘယ်လိုများ သမ္မတ ဘက်က ခံစားနေရပါသလဲ။

ဦးရဲထွဋ်။ ။ သမ္မတကြီး အနေနဲ့ကတော့ဗျာ ပထမဆုံးတော့ ပြီးခဲ့တဲ့ ၅ နှစ် အတွင်းမှာ ကျနော်တို့ အနေနဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေကို ကတိပြုထားတဲ့ အတိုင်း ဆောင်ရွက်ခဲ့တယ်။ ကတိပြုထားတဲ့ အတိုင်းဘဲ ကျနော်တို့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကြီးကို ကျင်းပနိုင်ခဲ့တဲ့ အတွက်ကြောင့်မို့ သူ ၀မ်းမြောက်ဝမ်းသာ ဖြစ်တာပေါ့။

ဒုတိယကတော့ ကျနော်တို့ရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေ အပေါ်မှာ ပြည်သူတွေရဲ့ အကဲဖြတ် ဆုံးဖြတ်မှုကိုတော့ သူ့အနေနဲ့ ဘာမှ စောဒက တက်စရာ မရှိပါဘူး။ အဲဒီ ဆုံးဖြတ်ချက် အတိုင်းဘဲ သူ လက်ခံပါတယ်။

သုံးအချက်ကတော့ ဒီကနေ့မှာဘဲ ကျနော်တို့ ၀န်ကြီးတွေ အားလုံးကို ပြုပြင်ပြောင်းလဲရေး အစနဲ့ ပြုပြင်ပြောင်းလဲရေး အလယ်မှာရော ပြုပြင်ပြောင်းလဲရေး အဆုံးဖြစ်တဲ့ ရွေးကောက်ပွဲ ကိုရော အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့ပြီ။ ဒါကြောင့်မို့လို့ ပြည်သူတွေရဲ့ ဆုံးဖြတ်ချက် အတိုင်း ပေါ်ပေါက်လာမယ့် အစိုးရ အဖွဲ့ကို စနစ်တကျ သန့်သန့်ရှင်းရှင်း တာဝန်တွေ လွှဲပြောင်းပေးနိုင်ဖို့ ပြင်ဆင်ပါဆိုပြီး ကျနော်တို့ကို သိပ်မကြာသေးခင်ကဘဲ ၀န်ကြီးအဖွဲ့ အစည်းအဝေးမှာ ညွှန်ကြားခဲ့ပါတယ်။

မေး။ ။ ဟုတ်ကဲ့။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးဖို့ကတော့ မနေ့ကလည်း ထုတ်ထားပါတယ်။ ရွေးကောက်ပွဲ ရလဒ်တွေ ထွက်အပြီးမှာ တွေ့ဖို့ပေါ့နော် ညှိနှိုင်းဆောင်ရွက်မယ် ဆိုပြီးတော့ ပြော ထားပါတယ်။ ရွေးကောက်ပွဲ ရလဒ်တွေ ပြီးပြီးချင်းမှာ တဦးချင်း အနေနဲ့ တွေ့သွားမလားရှင့် ၀န်ကြီး၊ ဒါမှမဟုတ်လို့ရှိရင် ကာချုပ်(ကာကွယ်ရေး ဦးစီးချုပ်) တို့ လွှတ်တော်နာယကတို့နဲ့ သမ္မတကြီးနဲ့ပေါ့နော် လေးပွင့်ဆိုင် များ ဖြစ်လာနိုင်မလားရှင့်။

ဦးရဲထွဋ်။ ။ ပထမဆုံးတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စာထဲမှာ လေးပွင့်ဆိုင် ဆိုတဲ့ စကားလုံးမျိုး သုံးမထားပါဘူး။ ဒုတိယ အနေနဲ့ကတော့ သူက တဦးချင်းစီကိုဘဲ သီးခြား လိပ်မူပြီးတော့ စာပို့ထားပါတယ်။ ဒါမို့လို့ ကျနော်တို့ရဲ့ ပြန်ကြားစာထဲ မှာလည်းဘဲ ဒီ ရွေးကောက်ပွဲ ကော်မရှ င်ရဲ့ ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေ ပြီးသွားတဲ့ အခါမှာ ညှိနှိုင်းဆောင်ရွက်ပါမယ်လို့ ပြောတာက အားလုံးကို ခြုံငုံပြီးတော့ ပြော လိုက်တာပေါ့။ ဘယ်လို ပုံစံတွေနဲ့ တွေ့မလဲ၊ ဘာအကြောင်းအရာတွေ ဆွေးနွေးမလဲ၊ ဘယ်နေရာမှာ တွေ့မလဲ ဆိုတာတွေက အဲဒီအခါကျမှဘဲ ကျနော်တို့ ညှိနှိုင်းလုပ်နိုင်မယ်လို့ ထင်ပါတယ်။

မေး။ ။ ၀န်ကြီးတို့လည်း ဒီကာလကတော့ နည်းနည်း အလုပ်ရှုပ်မယ့် ကာလ ဖြစ်ပါလိမ့်မယ်။ အဲဒီတော့ ဒီ အာဏာလွှဲပြောင်းရေး ပေါ့နော်။ အစိုးရသစ် တရပ်ကို တာဝန်လွှဲပြောင်းပေးရေးမှာ ၀န်ကြီးတို့ဘက်က အခက်အခဲ တချို့များ ရှိနေပါလား။ ဘာတွေများ အရေးတကြီး ပြင်ဆင်နေရာတာတွေများ ရှိပါသလားရှင့်။

ဦးရဲထွဋ်။ ။ မရှိပါဘူးဗျ။ ကျနော်တို့ တတွေက အစကတည်းက ပြုပြင်ပြောင်းလဲရေး လုပ်ကတည်းက ရွေးကောက်ပွဲတွေကို လွတ်လပ်ပြီး တရားမျှတအောင် ကျင်းပမယ်၊ ရွေးကောက်ပွဲ ရလဒ်တွေ အတိုင်း ပေါ်လာတဲ့ အတိုင်း ဆက်လက် ဆောင်ရွက်မယ်။ အဲလို ဆောင်ရွက်တဲ့ အခါမှာလည်း ဘာဘဲ ဖြစ်ဖြစ် ထွက်ပေါ်လာတဲ့ အစိုးရသစ်ကို လွှဲပြောင်းနိုင်ဖို့ အတွက် လွန်ခဲ့တဲ့ တနှစ်လောက် ကတည်းက ကြိုတင် ပြင်ဆင်ခဲ့တာတွေ ရှိပါတယ်။ ဒါကြောင့်မို့ အခုချိန်မှာ ကျနော်တို့မှာသီးခြား အခက်အခဲတွေ မရှိပါဘူး။

တဖက်ကို လွှဲပြောင်းတဲ့ အခါမှာလည်းဘဲ ပိုပြီးတော့ စနစ်ကျနဖို့ အတွက် ပြင်ဆင်ဆောင်ရွက်နေတာတွေ ရှိပါတယ်။ ဒီနေ့ လုပ်တဲ့ အစိုးရ အဖွဲ့ အစည်းအဝေးမှာလည်းဘဲ သမ္မတကြီးက ဒါကိုဘဲ အလေးအနက်ထားပြီး ညွှန်ကြားပါတယ်။ ကျနော်တို့က ပထမဆုံး အသွင်ကူးပြောင်းရေး ကို အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့တယ်။ ဒါကြောင့် ပထမဆုံး ကျနော်တို့ ငြိမ်းချမ်းစွာ တာဝန် လွှဲပြောင်းခြင်းကို ဆောင်ရွက်နိုင်ဖို့ အတွက် ကျနော်တို့ အားလုံး ၀ိုင်းဝန်း ကြိုးပမ်းကြဖို့ မှာပါတယ်။ ဒါကြောင့်မို့ ကျနော်တို့ ဘာအခက်အခဲမှ မရှိဘူးလို့ ပြောချင်ပါတယ်။”

သမ္မတရဲ့ ပြောခွင့်ရပြည်ထောင်စု ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ကို မသိဂီ င်္ထိုက်က ဆက်သွယ်မေးမြန်းခဲ့တာ ဖြစ်ပါတယ်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD က လွှတ်တော် အသီးသီးမှာ အပြတ် အသတ် အနိုင်ရနေ

ဗွီအိုအေမြန်မာပိုင်း
12.11.2015

ဒီကနေ့ ည ၉ နာရီအချိန်ထိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က တရားဝင် ထုတ်ပြန် ထားတဲ့ ရွေးကောက်ပွဲ ရလဒ်တွေ အရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD က အဓိက လွှတ်တော် နှစ်ရပ်လုံးမှာ ရှင်းရှင်း လင်းလင်း အနိုင် ရသွားပါပြီ။

ပြည်သူ့ လွှတ်တော်မှာ NLD က ၂၁၇ နေရာ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ USDP က ၂၈ နေရာ၊ ကျန်ပါတီ အသီးသီး က ၂၉ နေရာရ ထားပါတယ်။ အမျိုးသား လွှတ်တော်မှာ NLD က ၁၁၀ နေရာ၊ USDP က ၁၂ နေရာ၊ ကျန်ပါတီ အသီးသီးက ၁၁ နေရာ ရထား ပါတယ်။

တိုင်းဒေသကြီးနဲ့ ပြည်နယ် လွှတ်တော်တွေမှာ NLD က ၃၈၂ နေရာ၊ USDP က ၅၄ နေရာနဲ့ ကျန်ပါတီ အသီး သီးက ၅၈ နေရာ ရထားပါတယ်။

ဒီကနေ့ည ၉ နာရီအထိဆိုရင် ပြည်သူ့လွှတ်တော်အတွက် စုစုပေါင်းအမတ်နေရာ ၂၇၄ နေရာ၊ အမျိုးသား လွှတ်တော်အတွက် ၁၃၃ နေရာ ကြေညာပြီးပါပြီ။

NLD ဟာ ပြည်သူ့ လွှတ်တော်နဲ့ အမျိုးသား လွှတ်တော်နှစ်ရပ် အတွက် စုစုပေါင်းလွှတ်တော်အမတ်နေရာ ၃၂၇ နေရာ ရနေပြီဖြစ်ပါတယ်။ အဲဒါကြောင့် လွှတ်တော်နှစ်ရပ်ကနေ ဒုတိယသမ္မတ တဦးစီ စုစုပေါင်းနှစ်ဦးကို ရွေးချယ်ဖို့၊ စစ်တပ်ကိုယ်စားလှယ်တွေဘက်ကတင်တဲ့ ဒုတိယသမ္မတတဦးအပါအ၀င် စုစုပေါင်း ဒုတိယသမ္မတ သုံးဦးထဲကနေမှ သမ္မတကို ရွေးချယ်ဖို့၊ အစိုးရသစ်ကို ဦးဆောင် ဖွဲ့စည်းဖို့ အတော်လေးကို အလားအလာ ကောင်းနေပြီလို့ ဆိုရမှာပါ။

NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကတော့ ရွေးကောက်ပွဲ အောင်နိုင်ရေး အတွက် ပါဝင် ကူညီ ဆောင်ရွက် ပေးခဲ့ကြတဲ့ အနုပညာရှင်တွေကို ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းက သူ့ရဲ့နေအိမ်မှာ ဒီကနေ့တွေ့ ဆုံပြီး ကျေးဇူးတင်စကား ပြောခဲ့ပါတယ်။ အဲဒီတွေ့ဆုံပွဲ အတွင်းမှာပဲ နိုင်ငံတ၀န်းက ဆိုက္ကားဆရာတွေကိုလဲ ဒေါ်အောင်ဆန်းစုကြည်က ကျေးဇူးတင်စကား ဆိုခဲ့ပါတယ်။


MYARF
RB News
11.11.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း၊ အလယ်သံကျော် ကျေးရွာရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ တပ်ရင်း (ယခင် အမှတ် ၇ နယ်မြေ) မှ တပ်ရင်းမှူးက ဥဒေါင်းကျေးရွာနှင့် ကံပူး ကျေးရွာ၏ အရှေ့ဘက် တောတောင်ထဲရှိ ချောင်းကို ငါးမွေးမြူနိုင်အတွက် တာဆည်ပိတ်ပင်ပေးရန် ကံပူး ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဆော်ယာဒ်အာလောမ်နှင့် ဥဒေါင်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သောကံ တို့ကို တာဝန်ပေးအပ်ပြီး ငွေကျပ် သိန်း ၇၀ ထုတ်ပေးခဲ့သည်။ 

အုပ်ချုပ်ရေးမှူး နှစ်ဦးက တပ်ရင်းမှူး ထုတ်ပေးသော ငွေများကို မျှဝေယူလိုက်ပြီး တာဆည်ပိတ်ရာတွင် ရွာသားများကို အတင်းအဓမ္မ ခိုင်းစေလျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ တစ်ရက်လျှင် ကျေးရွာ တစ်ရွာမှ ရွာသား ၅၀ ဦးစီ၊ နှစ်ရွာမှ ရွာသား ၁၀၀ ဦးကို ခိုင်းစေလျက် ရှိသည်။ ရွာသားများ မသွားလိုလျှင် တပ်ရင်းမှူး အမိန့်ဖြင့် ခေါ်ခြင်း ဖြစ်၍ မသွားလျှင် နယ်ခြားစောင့်ရဲများ လာ၍ ဖမ်းမည်၊ ရိုက်မည်၊ ငွေညှစ်မည်ဟု ခြိမ်းခြောက်၍ အတင်းအဓမ္မ ခိုင်းစေလျက် ရှိသည်ဟု ဒေသခံများက ပြောပါသည်။ 

နံနက် ၈း၃၀ နာရီမှ ညနေ ၅ နာရီထိ ခိုင်းစေခြင်း ဖြစ်ပြီး၊ နားချိန်မရှိသည့် အပြင်၊ အစာရေစာလည်း ကျွေးမွေးခြင်း မရှိဟု ဆိုသည်။ နေ့လည်စာကို နေအိမ်များမှ ပို့ပေးရပြီး၊ စားပြီးသည်နှင့် အလုပ်ပြန်ခိုင်းသည်ဟု ပြေပါသည်။ 

“နားချိန်ဆိုတာ လုံးဝ မရှိဘဲ တနေကုန် နေပူထဲမှာ စက်ရုပ်လို လုပ်နေရတယ်။ အောက်တိုဘာလ (၂၆) ရက်နေ့ ကတည်းက ခိုင်းနေတာ အခုထိပါပဲ။ အလုပ်ရဲ့ အနေအထားအရ ဆိုရင် ဒီဇင်ဘာလကုန် အထိ လုပ်ရမယ်” ဟု အတင်းအဓမ္မ ခိုင်းစေခံရသူ တစ်ဦးက RB News သို့ပြောပါသည်။ 

ယင်းကျေးရွာ နှစ်ရွာရှိ ငွေကြေး ချမ်းသာသူများ ထံမှ ကျေးရွာ အုပ်ချုပ်ရေးမှူး များက ငွေကျပ် ငါးသောင်း၊ တစ်သိန်းစီ ရယူပြီး ချမ်းသာသူများကို အတင်းအဓမ္မ လုပ်အားပေး ခိုင်းစေခြင်း မရှိဘဲ ဆင်းရဲသား များကို ခိုင်းစေလျက် ရှိသည်။ တစ်အိမ်ထောင်မှ တစ်ပတ်လျှင် အနည်းဆုံး နှစ်ကြိမ် လုပ်အားပေး နေရသည်။ နေ့စား အလုပ်သမား များမှာ တစ်နေ့ လုပ်နိုင်မှ တစ်နေ့ စားရသူများ ဖြစ်ပြီး၊ အလုပ်မရှိလျှင် အငတ်နေရသူ များမှာ တစ်ပတ်လျှင် နှစ်ကြိမ်တိတိ လုပ်အားပေး နေရခြင်းမှာ ၎င်းတို့ အပေါ် အလွန် ရက်စက်ရာ ရောက်နေသည်ဟု ဆိုသည်။ ထိုကဲ့သို့ လုပ်အားပေး သွားနေရသည့် နေ့များတွင် အစားမစားရဘဲ အငတ်နေရသည့် မိသားစုများစွာ ရှိနေသည်ဟု ဒေသခံများက ပြောပါသည်။



မသိင်္ဂီထိုက်
11.11.2015

အမျိုးသား ပြန်လည် သင့်မြတ်ရေး သဘောထားကို အခြေခံပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ သမ္မတ နဲ့ လွှတ်တော် နာယကတို့နဲ့ တွေ့ဆုံ ဆွေးနွေး ခွင့်ပြုဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပန်ကြားချက်ကို အားလုံးတို့က လက်ခံလိုက်ပြီ ဖြစ်ပါတယ်။ ရွေးကောက်ပွဲ ရလဒ်တွေ အရ အများစု အနိုင်ရနေတဲ့ အဓိက အတိုက်အခံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ရွေးကောက်ပွဲ ရလဒ်တွေ အပြီးသတ် ကြေညာပြီးချိန်မှာ တွေ့ဆုံဖို့ လက်ရှိ အစိုးရနဲ့ တပ်မတော်၊ လွှတ်တော် အကြီးအကဲတို့ သဘောတူလိုက်တာကြောင့် မကြာခင်မှာ နိုင်ငံရေး ထိပ်သီးတွေရဲ့ ဆွေးနွေးပွဲ ပေါ်ပေါက်လာဖို့လည်း ရှိနေပါတယ်။ မသိင်္ဂီထိုက် စုစည်းတင်ပြထားပါတယ်။

လက်ရှိ ရွေးကောက်ပွဲ ရလဒ်တွေ အရ အများစု အနိုင်ရနေတဲ့ အဓိက အတိုက်အခံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တွေ့ဆုံဆွေးနွေးကြဖို့ ကမ်းလှမ်းချက်ကို ကာကွယ်ရေးဦးစီးချုပ်က လက်ခံလိုက်ပါတယ်။

အခု ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က အခုထွက်ပေါ်လာတဲ့ ရလဒ်တွေမှာ အများစု အနိုင်ရနေတဲ့ အပေါ် ဂုဏ်ပြုပါတယ်လို့ ပြောဆိုပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဘက်က ရွေးကောက်ပွဲ ဆိုင်ရာ လုပ်ငန်းတွေ အပြီးမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံနိုင်ရေး ညှိနှိုင်းဆောင်ရွက်မယ်လို့ ဒီညပိုင်းမှာ ကြေညာချက်ထုတ်ပြီး ပြန်ကြားလိုကတာ ဖြစ်ပါတယ်။ နိုင်ငံရဲ့ ဂုဏ်သိက္ခာနဲ့ ပြည်သူတွေ စိတ်ချမ်းသာဖို့ အတွက် အခု ရွေးကောက်ပွဲကနေ ထွက်ပေါ်လာတဲ့ လူထု ဆန္ဒ ရလဒ်တွေကို တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်း အကောင်အထည်ဖော်နိုင်ရေး အရေးကြီးတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ သမ္မတ၊ ကာကွယ်ရေး ဦးစီးချုပ်နဲ့ လွှတ်တော် နာယက သူရဦးရွှေမန်းတို့ထံကို စာရေးသားခဲ့တာပါ။ အစိုးရ အဖွဲ့ အကြီးအကဲ သမ္မတ ဦးသိန်းစိန်ကတော့ ပြန်ကြားရေး ၀န်ကြီး ဦးရဲထွဋ်ကနေ တဆင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ တောင်းဆိုချက်ကို ပြန်ကြားခဲ့တာမှာတော့ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းတွေ အပြီးမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံရေး ညှိနှိုင်းဆောင်ရွက်မယ်လို့ အကြောင်းပြန်ခဲ့ပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အများစု အနိုင်ရနေတဲ့ အပေါ် ဂုဏ်ပြုပါကြောင်း၊ လက်ရှိ အစိုးရက အာဏာလွှဲပြောင်းရေးကို အေးအေးချမ်းချမ်း ဖြစ်စေဖို့ ဆောင်ရွက်သွားမယ်လို့ ကတိပေးခဲ့သလို ရွေးကောက်ပွဲလွန် ကာလ တည်ငြိမ်အေးချမ်းရေးကို ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း ကြေညာချက်ထုတ်ခဲ့ပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီရဲ့ ပြောခွင့်ရ ဦးဝင်းထိန်ကတော့ အစိုးရ အဖွဲ့ရဲ့ ပြန်ကြားချက်ပေါ်မှာ အခုလို ပြောပါတယ်။

“သူတို့စာထဲမှာတော့ အချက် ၅ ချက်ပါတာပေါ့။ စာကို လက်ခံရရှိကြောင်းရယ်၊ နောက်ပြီးတော့ ရွေးကောက်ပွဲမှာ အောင်နိုင်မှု ရတဲ့ အတွက် ချီးကျူး ဂုဏ်ပြုကြောင်းရယ်၊ နောက်ပြီးတော့မှ အကူးအပြောင်းကာလကို ချောမွေ့စွာ ဖြစ်စေချင်တဲ့ ဆန္ဒရှိတယ်ဆိုတာရယ်၊ နောက်တခုက ဒီလို အပြောင်းအလဲ ကာလတွေနဲ့ ပတ်သက်လို့ ပူးပေါင်းဆောင်ရွက်မယ် ဆိုတာရယ်၊နံပတ် ၄ အချက်ကတော့ တွေ့ဆုံဆွေးနွေးမယ့် ကိစ္စကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရဲ့ လုပ်ငန်းဆောင်တာတွေ ပြီးမှ လုပ်ချင်တဲ့ သဘောပါတဲ့ အဖြေပေါ့။ အဲလိုပြောတဲ့အခါကျတော့ သဘောထားကတော့ အထိုက်အလျောက် ပြေပြစ်တယ်ပေါ့။

မေး။ ။ အစိုးရ မဖွဲ့နိုင်ခင် အာဏာအလွှဲအပြောင်း ကာလ နိုင်ငံတည်ငြိမ်ရေး ပေါ်မှာ ပါတီဘက်က စိုးရိမ်ချက်များရှိနေပါသလား။

ဖြေ။ ။ အာဏာလွှဲပြောင်းရေးကိုမစိုးရိမ်ပါဘူး။ ဘာကြောင့်လဲဆိုရင် ၁၉၉၀ ခုနှစ် ပြည်တွင်း အခြေအနေက အခု အခြေအနေနဲ့ မတူတော့ဘူး ။ ပြည်သူလူထုက အရမ်းကို နိုးကြားနေပြီ။ နိုင်ငံရေးနိုးကြားနေပြီ။ နောက် နိုင်ငံတကာ အနေအထားကလည်း ၁၉၉၀ နဲ့ အရမ်းကွာတာ။ သို့သော်လည်းပဲ ဒီရွေးကောက်ပွဲ နိုင်တဲ့အတွက်ကြောင့် မို့လို့ ဒီမလိုတဲ့ လူတွေကနေပြီး ပြဿနာရှာနိုင်တဲ့ အနေအထားလေးက ဒါလေးတွေကို သတိထားပြီးတော့ ရှောင်ရှားနိုင်အောင်၊ ကာကွယ်နိုင်အောင် ကြီးတဲ့အမှုငယ်အောင် အဲဒီသဘောလေးတွေနဲ့ သိရှိဖို့အတွက် နှိုးဆော်နေတာပါ။”

လက်ရှိ ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်းကတော့ ရှေ့ သတင်းပတ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးဖို့ စီစဉ်ဆောင်ရွက်သွားမယ်လို့ ပြန်ကြားခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးတဲ့ အခါမှာတော့ အမျိုးသား သင့်မြတ်ရေးကို အခြေခံပြီး အခြားအရေးကိစ္စများရှိပါကလည်း ဆွေးနွေးနိုင်ဖို့ စီစဉ်မယ်လို့လည်း လက်ရှိ ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက ပြောဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေး ထိပ်သီး လေးပွင့်ဆိုင် တွေ့ဆုံဖို့ အဆိုပြုမထားသလို အခု ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ သမ္မတ ဦးသိန်းစိန်၊ လက်ရှိ ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်းတို့ကလည်း သီးခြားစီ အကြောင်းပြန် ကြေညာချက်ထုတ်ပြန်ခဲ့တာကြောင့် ခေါင်းဆောင် တဦးချင်းစီနဲ့ တွေ့ဆုံမယ့် အလားအလာ ရှိနေပါတယ်။ ဒီကနေ့ လက်ရှိ အစိုးရနဲ့ တပ်မတော် ခေါင်းဆောင်တို့ရဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တောင်းဆိုချက်ကို အကြောင်းပြန်ကြတဲ့ အထဲမှာ နိုဝင်ဘာလ ၈ ရက်နေ့က တက်တက်ကြွကြွ မဲပေးခဲ့ကြတဲ့ ပြည်သူလူထုနဲ့ တပ်မတော်သား မိသားစုတွေ မဲပေးခဲ့ကြတဲ့ အပေါ်မှာလည်း ကျေးဇူးတင်ကြောင်း ဖော်ပြထားပါတယ်။



11.11.2015

မြန်မာနိုင်ငံနဲ့ ရေရှည် ပူးပေါင်း ဆောင်ရွက်ရေး ဆက်လုပ် သွားချင် ပါတယ်လို့ တရုတ်နိုင်ငံက ပြောလိုက်ပါတယ်။ ရွေးကောက်ပွဲ တွေမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီက လွှတ်တော် နေရာ အများအပြားကို အနိုင်ရနေတယ် ဆိုတဲ့ သတင်းတွေ ထွက်နေချိန်မှာပဲ တရုတ် နိုင်ငံခြားရေး ၀န်ကြီး ဌာန ပြောခွင့်ရ Hong Lei က ဒီကနေ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောသွားတာပါ။

မိတ်ဆွေ အိမ်နီးချင်းနိုင်ငံတခုအနေနဲ့ မြန်မာနဲ့တရုတ်အကြား ရေရှည် ပူးပေါင်းဆောင်ရွက်ရေးနဲ့ အစဉ်အလာ ရင်းနှီးမှုတွေ ဆက်ပြီး ဖြစ်ပေါ်သွားမယ်ဆိုတာ လုံလောက်တဲ့ ယုံကြည်ချက် ရှိပါတယ်လို့ Hong Lei ကပြောပါတယ်။

တရုတ်နဲ့မြန်မာနိုင်ငံတို့ဟာ တောင်တွေ၊ မြစ်ချောင်းတွေနဲ့ ချိတ်ဆက်ထားတဲ့ အိမ်နီးချင်းနိုင်ငံတွေဖြစ်ပြီး နှစ်ဘက်လူထုကြားမှာ နက်ရှိုင်းတဲ့ ချစ်ကြည်ရင်းနှီးမှုရှိပါတယ်လို့ သူကကပြောပါတယ်။ နှစ်နိုင်ငံနဲ့ နှစ်ဘက်လူထုရဲ့ ဘုံ အကျိုးစီးပွားတွေနဲ့အညီ ရင်းနှီးတဲ့ ပူးပေါင်းဆောင်ရွက်ရေးကို ကဏ္ဍအသီးသီးမှာ ကာလရှည်ကြာ လုပ်ဆောင်ခဲ့ပါတယ်လို့ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Hong Lei ကပြောပါတယ်။

သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး Julie Bishop ကလည်း ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး မြန်မာပြည်သူလူထုကို ဂုဏ်ယူ ၀မ်းမြောက်ကြောင်း ပြောထားတဲ့ ကြေညာချက်တစောင် ဒီကနေ့ ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။ ရွေးကောက်ပွဲ လုပ်ငန်းစဉ်အပေါ် သမ္မတဦးသိန်းစိန်ရဲ့ ကတိက၀တ်ထားမှုကို ကြိုဆိုပြီး စိန်ခေါ်မှုများတဲ့ အခြေအနေ တွေကြားထဲကမှ မဲပေးနိုင်ဖို့ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌ ဦးတင်အေးရဲ့ စီစဉ်ပေးမှုကို ၀မ်းမြောက်စွာ ချီးကျူးဂုဏ်ပြုပါတယ်လို့လည်း ဖော်ပြထားပါတယ်။



ဗွီအိုအေမြန်မာပိုင်း
11.11.2015

နောက်ဆုံး ထွက်တဲ့ ရလဒ်တွေအရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD က ပြည်သူ့ လွှတ်တော်မှာ အမတ် နေရာ ၁၇၉ ထက်မနည်း ရထားပြီးပါပြီ။ အမျိုးသား လွှတ်တော်မှာ ၇၇ နေရာနဲ့ တိုင်းဒေသကြီး ပြည်နယ်လွှတ်တော် တွေမှာ ၂၃၄ နေရာ ရထားပါပြီ။

ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ USDP က ပြည်သူ့လွှတ်တော် ၁၇ နေရာ၊ အမျိုးသားလွှတ်တော် ၄ နေရာ၊ တိုင်းဒေသ ကြီးနဲ့ ပြည်နယ်လွှတ်တော် ၃၀ နေရာ အသီးသီးရထားပါတယ်။

တခြားပါတီအသီးသီးက ပြည်သူ့လွှတ်တော် ၁၃ နေရာ၊ အမျိုးသားလွှတ်တော် ၂ နေရာ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော် ၃၀ နေရာ ရထားကြပါတယ်။

ဒီကနေ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ရလဒ်ကြေညာချက်တွေထဲမှာ ဒေါ်အောင်ဆန်းစုကြည် ကော့မှူးမဲဆန္ဒနယ်မှာ အနိုင်ရတဲ့ ရလဒ်လဲပါဝင်ပါတယ်။



RB News
10.11.2015

လန်ဒန် ။ ။ ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့ အခြေစိုက် မြန်မာ ရိုဟင်ဂျာ အသင်းနှင့် Amnesty International တို့ပူးပေါင်း၍ မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲ ကျင်းပသည့် နိုဝင်ဘာလ (၈) ရက်နေ့က လန်ဒန်မြို့တွင် ဆန္ဒပြပွဲ တစ်ရပ် ကျင်းပခဲ့သည်။ ဆန္ဒပြပွဲသို့ ရိုဟင်ဂျာများ အပါအ၀င် တက်ကြွလှုပ်ရှားသူ ၅၀ ကျော် ပါဝင်ခဲ့သည်။ 

ဆန္ဒပြပွဲတွင် နိုင်ငံရေး အကျဉ်းသားများ အားလုံးနှင့် ကျောင်းသား ခေါင်းဆောင် မဖြိုးဖြိုးအောင် အပါအ၀င် ဖမ်းဆီးခံ ကျောင်းသားများ အားလုံး အမြန်ဆုံး ပြန်လည် လွှတ်ပေးရေး၊ ရိုဟင်ဂျာများ၏ မဲပေးခွင့်၊ ရွေးချယ်ခံပိုင်ခွင့်နှင့် လူမျိုးတုန်း သတ်ဖြတ်နေမှုကို အမြန်ဆုံး ရပ်တန့်ရေး တို့ကို တောင်းဆိုခဲ့ကြသည်။ 



မြန်မာ ရိုဟင်ဂျာ အသင်း ဥက္ကဌ ဦးထွန်းခင်က “ဒီနေ့ နိုဝင်ဘာလ ၈ ရက်နေ့ မြန်မာနိုင်ငံမှာ ပထမဆုံး သမိုင်းဝင်လို့ ပြောရမယ့် ရွေးကောက်ပွဲနေ့က ကျွန်တော်တို့အတွက် မေ့လို့မရမယ့် နေ့တစ်နေ့ ဖြစ်သွားပြီ၊ ကျွန်တော်တို့ လူမျိုး အတွက် အမှောင်ကျတဲ့နေ့ တစ်နေ့ပါ။ ၁၉၃၆ ခုနှစ်ကတည်းက ရလာခဲ့တဲ့ အခွင့်အရေးက အခုအချိန်ကျမှ ဆုံးရှုံးသွားရတယ်။ ဒီနေ့ ကျင်းပနေတဲ့ ရွေးကောက်ပွဲမှာ ကျွန်တော်တို့ရဲ့ ရိုဟင်ဂျာ လူမျိုး ညီအစ်ကို မောင်နှမတွေ မဲပေးခွင့် မရကြဘူး” ဟု RB News သို့ပြောပါသည်။ 

နိုင်ငံတကာ အသိုင်းအ၀ိုင်းက အထင်ကရ၊ သမိုင်းဝင်၊ ပြောင်းလဲခြင်း မှတ်တိုင်၊ ရှေ့သို့လှမ်းချီခြင်း စသည်ဖြင့် ခေါင်းစဉ် အမျိုးမျိုးဖြင့် ရွေးကောက်ပွဲ တင်စား၍ ပြောဆိုနေသော်လည်း ရိုဟင်ဂျာများ၏ မဲပေးခွင့်နှင့် ရွေးချယ်ခံပိုင်ခွင့်ကို ပထမဆုံး အကြိမ် ဆုံးရှုံးလိုက်ရပြီး၊ မြန်မာ လွှတ်တော်တွင် ရိုဟင်ဂျာ အမတ် ကင်းမဲ့နေမည် ဖြစ်သည့် အတွက် ရိုဟင်ဂျာများ အတွက် ရှေ့သို့ လှမ်းချီခြင်း မဟုတ်ဟု ဆိုသည်။ 

လွန်ခဲ့သည့် နှစ်ပတ်ခန့်က ရိုဟင်ဂျာများသည် လူမျိုးတုန်း သတ်ဖြတ်မှုဟု ခေါ်ဆိုသည့် ဂျီနိုဆိုက် တွေ့ကြုံနေရသည်ဟု နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပညာရှင်များက ဖော်ပြခဲ့သည့် အတွက် နိုင်ငံတကာ အသိုင်းအ၀ိုင်းမှ ရိုဟင်ဂျာများ၏ လုံခြုံရေး အတွက် ကူညီပေးရန်နှင့် ကုလသမဂ္ဂမှ လွတ်လပ်သော စုံစမ်း ကော်မရှင် တစ်ရပ် ဖွဲ့စည်းရန် တက်ကြွ လှုပ်ရှားသူများက ကြိုးပမ်းလျက် ရှိကြသည်။ 





Rohingya Eye
RB News
9.11.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ်၊ မြို့မ ကညင်တန်း ကျေးရွာမှ လက်သမား တစ်ဦးဖြစ်သည့် ဦးနူရ်အာလောမ် (ဘ) ဦးနူရူဟောက် (အသက် ၃၃ နှစ်) သည် နိုဝင်ဘာလ (၂) ရက်နေ့ ည ၇ နာရီ အချိန်တွင် အလုပ်မှ ပြန်လာနေစဉ် မြို့မ ကညင်တန်း၊ ဆီးသီးလ္လာရွာရှိ အလိုတော်ပြည့် ဘုန်းကြီးကျောင်းရှေ့ရှိ ရဲကင်းစခန်းမှ ရဲများက တွေ့ရှိပြီး၊ ဖမ်းဆီးကာ ကင်းစခန်းသို့ ခေါ်ဆောင် သွားခဲ့သည်။ ရဲများက ၎င်းအား ဆူပူ အကြမ်းဖက် လုပ်ဆောင်ရန် အစည်းအဝေး ပြုလုပ်ပြီး ပြန်လာနေခြင်း ဖြစ်သည်ဟု အခြေအမြစ် မရှိ စွပ်စွဲကာ ငွေကျပ် နှစ်သိန်း အတင်းအဓမ္မ ညစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ 

နိုဝင်ဘာလ (၃) ရက်နေ့ ညနေ ၅း၃၀ နာရီ အချိန်တွင် မောင်တော မြို့နယ် မြို့မ ကညင်တန်း ကျေးရွာမှ ဥက္ကဌဟောင် ဦးရှောမ်ရှု၏ သား မိုဟာမတ်အဗ်ဒူလ္လာ (အသက် ၂၄ နှစ်) သည် အဆိုပါရွာ၏ ဈေးရှေ့ လမ်းတစ်ဖက်တွင် ရပ်နေစဉ် မြို့မ ရဲစခန်းမှ ကင်းလှည့်နေသာ ကားတစ်စီးသည် မြို့ထဲမှ ပန်းတောပြင် ကျေးရွာသို့ သွားနေစဉ် အဆိုပါ လူငယ်အား တိုက်မိခဲ့ရာ လဲကျသွားခဲ့သည်။ ထို့နောက် ကားပေါ်မှ ရဲများ ဆင်းလာပြီး လဲကျနေသော လူငယ်ကို ၀ိုင်းဝန်း ထိုးကြိတ်ခဲ့ကြရာ မြို့မ ကညင်တန်း အထက်တန်းကျောင်းတွင် အခြေစိုက်ထားသည့် စစ်တပ်စခန်းမှ စစ်သားများ ထွက်လာသဖြင့် ရဲများက ကားပေါ်တက်၍ အရှိန်ဖြင့် မောင်းနှင် ထွက်ခွာ သွားခဲ့သည်။ ကားတိုက်ခံရသူမှာ ဆေးကုသမှု ခံယူရန် လျော်ကြေး မရသည့် အပြင် ကိုယ်ထိလက်ရောက် ရိုက်နှက် ထိုးကြိတ် ခံရသည်ကို ကြည့်ခြင်း အားဖြင့် မြန်မာနိုင်ငံ၏ တည်ဆဲ ဥပဒေများကို မောင်တော မြို့မှ ရဲများ ကိုယ်တိုင် ချိုးဖောက်နေသည်ကို တွေ့ရှိရသည်။

Rohingya Exodus