နောက်ဆုံးသတင်း/ဆောင်းပါးများ

MYARF
RB News
5.3.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်အစိုးရ နယ်/လုံဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်း၊ လ.ဝ.က မှ ဦးဝင်းလွင်တို့ ဦးဆောင်သော အဖွဲ့သည် မောင်တောခရိုင်မှ ရိုဟင်ဂျာလူမျိုး ကျေးရွာတာဝန်ခံများ၊ ဘာသာရေးဆရာများကို အစည်းအဝေးခေါ်ယူပြီး NVC နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် NVC မယူလျှင် ရိုဟင်ဂျာတို့၏ ဘဝလုံခြုံရေး ရှိတော့မည်မဟုတ်ကြောင်းနှင့် ရိုဟင်ဂျာတို့၏ အခြေခံအခွင့်အရေး မှန်သမျှကို NVC မယူလျှင် အစိုးရမှ ပိတ်ပင်ကန့်သတ်ထားရမည်ဟု အဓိပ္ပာယ် သက်ရောက်စေသော ပြောဆိုမှုများဖြင့် အစည်းအဝေး တက်ရောက်လာသူများကို ခြိမ်းခြောက်ပြောဆိုခဲ့သည်ဟု သတင်းရရှိပါသည်။

မတ်လ (၄) ရက်နေ့၊ နံနက် ၁၀ နာရီအချိန်တွင် နယ်/လုံဝန်ကြီးနှင့်အဖွဲ့သည် မောင်တောမြို့နယ်၊ ဘူးသီးတောင်မြို့နယ်နှင့် ရသေ့တောင်မြို့နယ်တို့ရှိ ကျေးရွာတိုင်းမှ ရိုဟင်ဂျာလူမျိုး ကျေးရွာတာဝန်ခံများနှင့် ကျေးရွာတစ်အုပ်စုမှ ဘာသာရေးဆရာ နှစ်ပါးစီကို မတက်မနေရ ပုံစံဖြင့် အတင်းအကျပ် ဖိတ်ခေါ်ပြီး မောင်တောမြို့နယ် အုပ်ချုပ်ရေးရုံး ခန်းမ၌ အစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် အထူးသဖြင့် NVC အကြောင်းနှင့် ပတ်သက်၍ ပြောကြားခဲ့သည်ဟု အစည်းအဝေး တက်ရောက်ခဲ့သူ ဘူးသီးတောင်မှ ဒေသခံတစ်ဦးက RB News သို့ပြောသည်။ 

“ကျွန်တော်တို့ကို မ.က.ဖ နဲ့ နယ်ခြားစောင့်ရဲတွေက မသွားမဖြစ် ပုံစံနဲ့ အတင်းအဓမ္မ ခေါ်သွားတာ။ အစည်းအဝေးမှာ အထူးသဖြင့်တော့ NVC အကြောင်းပဲ ပြောတယ်။ NVC ယူပေါ့ဗျာ။ မယူရင် မင်းတို့ပဲ ဒုက္ခရောက်မယ် ဘာညာ ခြိမ်းခြောက်တယ်။" ဟု ဒေသခံတစ်ဦးက ပြောပါသည်။

အစည်းအဝေးတွင် ရခိုင်ပြည်နယ် လ.ဝ.က ဦးစီးမှူး ဦးဝင်းလွင်၊ မောင်တော ခရိုင်ရဲတပ်ဖွဲ့မှူး၊ အမှတ်(၁) နယ်ခြားစောင့်ရဲတပ်ဖွဲ့ ရဲမှူးချုပ် သူရစန်းလွင်နှင့် နယ်/လုံ ဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်း တို့က စကားပြောခဲ့ပြီး ၎င်းတို့က NVC အကြောင်းသာ ပြောခဲ့သည်ဟု သိရှိရသည်။ 

နယ်/လုံဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်းက “အစိုးရအနေနဲ့ ဒေသတည်ငြိမ်လာအောင် ကြိုးစားနေရတာမှာ ခင်ဗျားတို့ဖက်ကလည်း အစိုးရ ထုတ်ပေးနေတဲ့ NVC ကိုလက်ခံသင့်တယ်။ အကြမ်းဖက်သမားတွေနဲ့ ခြားနားအောင် ခင်ဗျားတို့ အထောက်အထား တစ်ခုအဖြစ် NVC ကိုင်ကြပါ။

NVC ကို အတင်းအဓမ္မထုတ်ပေးမယ်၊ မဖြစ်မ နေယူရမယ်၊ မယူရင် လမ်းပန်းဆက်သွယ်ရေး ပိတ်ဆို့မယ်၊ စီးပွားရေးပိတ်ဆို့မယ် ဆိုပြီး အသံထွက်နေတာတွေက လုံးဝမမှန်ဘူး။ အစိုးရမှာ အဲ့လို အစီစဉ်မရှိဘူး။ ယူချင်ရင်ယူ မယူချင်လည်း ရတယ်” ဟု စည်းရုံးပြောဆိုသွားခဲ့ကြောင်း အစည်းအဝေး တက်ရောက်ခဲ့သူ မောင်တော ဒေသခံတစ်ဦးက ပြောပါသည်။ 

နယ်/လုံဝန်ကြီး၏ စည်းရုံးပြောဆိုသွားမှုနှင့် ပတ်သက်၍ အဆိုပါ မောင်တော ဒေသခံ၏ အမြင်ကို မေးမြန်းကြည့်သည့်အခါ ၎င်းက “ဝန်ကြီး ပြောသွားတဲ့စကားတွေက ရှေ့နောက်မညီဘူးဗျာ။ NVC မကိုင်ရင် အကြမ်းဖက်သမား ဖြစ်သွားမယ့် သဘောနဲ့ ပြောသွားတာ အရမ်းဆိုးတယ်။ NVC ကို အတင်းထုတ်ပေးမှာ မဟုတ်ဘူး၊ NVC ကိစ္စကြောင့် လမ်းပန်းဆက်သွယ်ရေးလည်း မပိတ်ဘူး ဆိုပြီး ပြောဆိုသွားပေမယ့် လက်တွေ့မှာတော့ လူတွေကို ပိတ်လှောင်ထားတာပဲလေ။ တစ်ခုခု လုပ်တာနဲ့ NVC နဲ့ အကျပ်ကိုင်နေတာပဲ။ ငါးဖမ်းတဲ့ လူတွေကို NVC ကိုင်မှ ဖမ်းခွင့်ပြုမယ်တို့လိုပေါ့။ ဝန်ကြီးရဲ့ ပြောစကားနဲ့ လက်တွေ့ လုပ်ရပ်တွေနဲ့ ဆီနဲ့ ရေလို ကွာတယ်။

မောင်တော ဒေသခံတွေကတော့ NVC က သူတို့နဲ့ မဆိုင်ဘူး ဆိုပြီး ခံယူတယ်။ အဲ့တော့ ဘယ်သူ့မှ လက်မခံကြဘူး။ အာဏာပိုင်တွေနဲ့ပေါင်းပြီး မူးယစ်ဆေးဝါးလုပ်နေသူတွေလို တစ်ချို့လူတွေကတော့ အာဏာပိုင်တွေ ပြောတဲ့အတိုင်းပဲ လုပ်မြဲမို့ သူတို့အကြောင်းတော့ ကျနော် မပြောချင်ဘူး” ဟု ရင်ဖွင့်သည်။

အဆိုပါ အစည်းအဝေးတွင် ဝန်ကြီးနှင့်အဖွဲ့က NVC အကြောင်း ရေးထားသည့် စာရွက်များ ဖြန့်ဝေခဲ့ပါသည်။ အဆိုပါ စာရွက်တွင် မည်သည့်အချက်များ ပါဝင်နေသည်ကို ရသေ့တောင်မြို့နယ်မှ အစည်းအဝေးလာတက်သူ တစ်ဦးကို မေးမြန်းကြည့်သောအခါ --

“အဲ့ဒီစာရွက်မှာ ထူးဆန်းတာတစ်ခုက ဘင်္ဂလားစာနဲ့ ရေးထားတာပါပဲ။ မြန်မာနိုင်ငံမှာ ဘင်္ဂလားစာက ရုံးသုံးစာလည်း မဟုတ်ဘူး။ ဒီလို ဘင်္ဂလားစာနဲ့ ရေးတာကို ကြည့်ရင် NVC ပေးခြင်းက ဒီလူတွေ ဘင်္ဂလားဒေ့ရှ်ကနေ ဝင်ရောက်လာတယ်ဆိုပြီး သတ်မှတ်ချင်တာ။ ကျွန်တော်တို့က ဒီနိုင်ငံရဲ့ မူလဘူတဆိုတော့ ဒီ NVC က ကျွန်တော်တို့နဲ့ ဘယ်လိုမှ မပတ်သက်ဘူး။ 

နောက် အဲ့ဒီစာရွက်မှာ ရေးထားတာကလည်း အင်မတန် ဆိုးတယ်ဗျာ။ ခရီးသွားချင်ရင်၊ ငါးဖမ်းချင်ရင်၊ လူမှုစီးပွားကိစ္စများ လုပ်လိုရင် NVC ကိုင်ပါတဲ့။ ဒါက NVC မကိုင်ရင် ဒါတွေ လုပ်ခွင့်မပေးဘူးဆိုပြီး ဗြောင်ပြောနေတာပဲ။ ပြီးတော့ NVC ကိုဆောင်မှပဲ ဘဝအာမခံချက် ရှိမယ်၊ ဘဝလုံခြုံရေးအတွက် အာမခံချက်ရှိမှာတဲ့။ ဒီအချက်တွေက NVC မကိုင်ရင် မင်းတို့ကို သတ်မယ်ဖြတ်မယ် ဆိုတဲ့ သဘောပါပဲ။ 

သူတို့ ဘယ်လိုပင် ခြိမ်းခြောက်ခြိမ်းခြောက် ကျွန်တော်တို့ဖက်တော့ လုံးဝလက်မခံနိုင်ဘူး။ ကျွန်တော်တို့က NVC ကိုင်ရမယ့် အနိမ့်ဆုံးအဆင့် နိုင်ငံသားမဟုတ်ဘူး။" ဟု ပြောသည်။

NVC အကြောင်း ရေးထားသည့် စာရွက်တွင် “NVC မကိုင်ဆောင်သူ နိုင်ငံမဲ့ဟု မှတ်ယူရ” ဟု ရေးထားသည်မှာ မြန်မာနိုင်ငံ၏ တည်ဆဲနိုင်ငံသား ဥပဒေအရလည်း ဆန့်ကျင်နေကြောင်း မောင်တောမှ လူ့အခွင့်အရေးလှုပ်ရှားသူ တစ်ဦးက ဆိုသည်။ ရိုဟင်ဂျာများသည် မြန်မာတစ်နိုင်ငံလုံးတွင် တိုင်းရင်းသား နိုင်ငံသားများကို ထုတ်ပေးခဲ့သည့် အမျိုးသားမှတ်ပုံတင်ကဒ်ကို ကိုင်ဆောင်သူ သို့မဟုတ် ၎င်းတို့၏ သားသမီးများသာ ဖြစ်ကြသဖြင့် NVC မကိုင်ဆောင်၍ နိုင်ငံမဲ့ ဖြစ်မသွားကြောင်းလည်း အဆိုပါ လူ့အခွင့်အရေး လှုပ်ရှားသူက ပြောပါသည်။

အစည်းအဝေးတွင် မောင်တောမြို့နယ်မှ ရှေ့နေဟောင်း ဦးအာမာန်အူလ္လာက “ခင်ဗျားတို့က နိုင်ငံသားစီစစ်နိုင်ဖို့ NVC ထုတ်ပေးတယ် ပြောနေတယ်။ လ.ဝ.က ရုံးရောက်ရင် NVC ထုတ်ပေးတဲ့ အချိန်မှာ နိုင်ငံသားဥပဒေ ၄၇ အရ လက်မှတ်ထိုးခိုင်းတယ်။ အဲ့ဒါက လူတွေကို နိုင်ငံသားပြုခွင့်အဆင့် သတ်မှတ်နေတာဖြစ်တယ်” ဟု မေးခွန်းထုတ်ခဲ့သည်ကိုလည်း ဝန်ကြီးအဖွဲ့က ဖြေဆိုနိုင်ခြင်း မရှိဘဲ သမ္မတ ဦးထင်ကျော် အမိန့်အရ ဆောင်ရွက်နေကြောင်းဖြစ်သည်ဟုသာ ဖြေဆိုခဲ့ပါသည်။

NVC ဖြင့် နိုင်ငံသားစီစစ်နိုင်ရန် လျှောက်နိုင်သည်ဟု ဆိုသော်လည်း လက်တွေ့မှာမူ မြို့နယ် လ.ဝ.က က ငွေပေးနိုင်သူ၏ လျှောက်လွှာကိုသာ လက်ခံနေပြီး ကျန်လျှောက်လွှားများကို လက်ခံနေခြင်း မရှိကြောင်း ဒေသခံများက ပြောပါသည်။ 

“ဒီ NVC က ကာလလည်း အကန့်အသတ်မရှိတော့ ကျနော်တို့ ရိုဟင်ဂျာတွေကို ဒီ NVC နဲ့ပဲ တစ်သက်လုံး နေစေချင်တာသာ ဖြစ်တယ်” ဟု မောင်တောမှ လူ့အခွင့်အရေးလှုပ်ရှားသူ ဦးဝင်းနိုင်က ပြောသည်။

ဒေသခံ ရိုဟင်ဂျာ ပညာတတ် လူငယ်တစ်ဦးက --

“ပွင့်လင့်မြင်သာမှုလည်း မရှိဘူး။ တရားဥပဒေ အတိုင်းလည်း မလုပ်ဘူး။ ဒီတော့ ဒီ NVC ကို ကန့်ကွက်တယ်” ဟု ၎င်း၏အမြင်ကို ပြောပါသည်။ 

“သူတို့ တကယ်လုပ်ရမှာက မြို့နယ်တိုင်းက ရိုဟင်ဂျာ ရပ်မိရပ်ဖတွေ၊ ရိုဟင်ဂျာ နိုင်ငံရေးပါတီက တာဝန်ရှိသူတွေနဲ့ ပြည်ထောင်စုအဆင့် ဆွေးနွေးပြီး အဖြေရှာသင့်တယ်။ အခုက အောက်ခြေက လူတွေကို ခိုင်းနွားလို သဘောထားပြီး လုပ်ချင်တိုင်း လုပ်နေတာကတော့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို ဒီမိုကရေစီ အစိုးရကပဲ မုဒိမ်းကျင့်နေသလို ဖြစ်နေတယ်” ဟု အဆိုပါ ပညာတတ်လူငယ်က သုံးသပ်ပြ ပြောဆိုသည်။

အစည်းအဝေးတွင် ဖြန့်ဝေသည့် စာရွက်များ



ဥဒေါင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင်မောင်


RB News
4.3.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း ဥဒေါင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးတင်မောင်သည် ရွာသူရွာသားများကို မတရားသဖြင့် ရိုက်နှက် ညှဉ်းပန်းနှိပ်စက်ခြင်း၊ ငွေညှစ်ခြင်းများ အဆက်မပြတ်ပြုလုပ်လျက် ရှိကြောင်း သတင်းရရှိပါသည်။

မောင်တောမြို့နယ် တောင်ပိုင်း ဥဒေါင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး - ဥဒေါင်း န.တ.လ ရွာသား ဦးတင်မောင်သည် လွန်ခဲ့သည့် ၃ လခန့်က သက်ဆိုင်ရာမှ ခွင့်ပြုချက်ဖြင့် တရားဝင် ဆောက်လုပ်ပြီးစီးခဲ့သည့် ဥဒေါင်း ကိုယ်ပိုင် ဈေးဆိုင်ခန်း ၂၅ ခန်းမှ တစ်ခန်းကို ပိုင်ရှင်ဖြစ်သူ ဦးအဇီဇူလ္လာ ထံမှ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ည ၆ နာရီ အချိန်တွင် အလကားပေး၍ တောင်းခံခဲ့သည်။ ပိုင်ရှင်ဖြစ်သူက “သိန်း ၃၀ လောက်တန်တဲ့ ဆိုင်ခန်းကို ဘာကြောင့် အလကားပေးရမှာလဲ” ဟု ပြန်မေးသဖြင့် ဦးအာဇီဇူလ္လာနှင့် ဇနီးဖြစ်သူ ဒေါ်ဟာမီဒါ တို့ကို လူမဆန်စွာ ရိုက်နှက်၍ ဈေးဆိုင်ခန်း တံခါးကို သံတုတ်ဖြင့် ရိုက်ချိုးခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။ ထို့နောက် ဦးတင်မောင်က ဆိုင်ခန်းကို သော့ခတ်လိုက်ပြီး၊ ဆိုင်ခန်းဖွင့်လျှင် ဖမ်းဆီး ထောင်ချမည်ဟု ခြိမ်းခြောက်သဖြင့် ပိုင်ရှင်ဖြစ်သူက ယနေ့ထိ ဆိုင်ဖွင့်နိုင်ခြင်း မရှိသေးကြောင်း ဒေသခံများက ဖြည့်စွက်ပြောသည်။

ဖေဖော်ဝါရီလ (၁၆) ရက်နေ့တွင်လည်း ဥဒေါင်းအရှေ့ရွာမှ ဦးဆီရာဇူလ္လာ (ဘ) ဦးမာမတ်၏ နေအိမ်၌ မြင်းလွတ်မှ သားမက်ဖြစ်သူ ရောက်ရှိလာခဲ့ပြီး၊ ကျေးရွာတာဝန်ခံဖြစ်သူထံ ဧည့်စာရင်းတိုင်ကြားခဲ့သော်လည်း ည ၁၀ နာရီကျော် အချိန်တွင် ဦးတင်မောင်နှင့် တပည့် (၈) ဦးတို့သည် တုတ်၊ ဓါးများ ကိုယ်စီကိုင်ဆောင်၍ ဦးဆီရာဇူလ္လာ၏ အိမ်သို့ ရောက်ရှိလာပြီး၊ အိမ်တံခါးများ ရိုက်ချိုးကာ အိမ်ထဲသို့ အတင်းဝင်ရောက် ရှာဖွေပြီးနောက် ဧည့်သည်ကို မတွေ့သဖြင့် အိမ်ရှင်ဖြစ်သူကို အိမ်ထဲမှာ ဆွဲထုတ်၍ မတရားသဖြင့် ၀ိုင်းဝန်း ရိုက်နှက်ခဲ့သည်။ ထိုသို့ ရိုက်နေစဉ် အိမ်နီးချင်းများက မခံမရပ်နိုင်ဖြစ်ပြီး စုရုံးရောက်ရှိလာခဲ့ရာ ပြဿနာကြီးထွားလာမည်ကို စိုးရိမ်၍ ဘာသာရေးကျောင်းမှ ပါမောက္ခချုပ် မော်လာနာ ဦးဇူဘိုင်ရ်မှ လာရောက်ထိန်းသိမ်း ပေးခဲ့ရကြောင်း ဒေသခံများက ပြောပါသည်။

ဖေဖော်ဝါရီလ (၂) ရက်နေ့တွင် ဥဒေါင်းကျေးရွာအုပ်စု အနောက်ရွာမှ ဦးဆော်လာမတ်၏ သမီးဖြစ်သူ မရိုကီယာသည် ၀မ်းပျက်ဝမ်းလျှော ရောဂါဖြင့် သေဆုံးခဲ့သည်ကို အိမ်နီးချင်းဖြစ်သူ အေဘာဒူလ္လာ (ဘ) ဦးအလီအာမတ်နှင့် တရားမ၀င် ပေါင်းသင်းပြီး ကိုယ်ဝန်ဖျက်ချ၍ သေဆုံးသည်ဟု လုပ်ကြံစွပ်စွဲ၍ ဖမ်းဆီးချုပ်နှောင်၍ ငွေကျပ် ၂၅ သိန်း ညှစ်ယူခဲ့သည်။

ဦးတင်မောင်သည် ၂၀၁၆ ခုနှစ် နိုဝင်ဘာလတွင် ရပ်မိရပ်ဖ အချို့ကို အစည်းအဝေး ခေါ်ယူပြီး ခမရ ၅၃၆ နှင့် ၅၃၅ တို့ကို ငွေမပေးလျှင် နယ်မြေရှင်းလင်းရေး လုပ်မည်၊ အကယ်၍ မလုပ်စေချင်လျှင် တစ်ရွာလုံးမှ ငွေကျပ် သိန်း ၁၅၀ ကောက်ပေးရမည်ဟု ပြောဆိုပြီး စားဝတ်နေရေး အဆင်ပြေနေသူများထံမှ ငွေကျပ် နှစ်သောင်းမှ ငါးသောင်းထိ အမြန်ဆုံး ကောက်ခံပေးရန် ခွဲတမ်းချပေးခဲ့သည်။

ငွေကောက်ခံပေးခဲ့ရသူများမှာ -- အရှေ့ရွာမှ ဦးဆော်လီမူလ္လာ အပါအ၀င် (၅) ဦး၊ မြောက်ရွာမှ ဦးမာမတ်အာယုပ် အပါအ၀င် (၅) ဦး၊ အနောက်ရွာမှ မော်လ၀ီ ဖောယာဇူလ္လာ အပါအ၀င် (၅) ဦး၊ ကုန်တန်းရွာမှ ဦးအီဗြာဟိမ်း အပါအ၀င် (၅) ဦး၊ ဇုံမာရွာမှ ဦးနူရ်မာမတ် အပါအ၀င် (၅) ဦးနှင့် ပါစ်ကရီရွာမှ မော်လ၀ီ အာဘူတာလတ် အပါအ၀င် (၅) ဦးတို့ ဖြစ်ကြသည်။

နှစ်ရက်အတွက် ငွေကျပ် ၈၅ သိန်း ကောက်ခံရရှိခဲ့ပြီး ဦးတင်မောင် ကို အပ်နှံခဲ့ပြီး၊ ခွဲတမ်းအရ ကောက်ခံရန် ကျန်ရှိငွေများ အတွက် ဖိအားပေးသဖြင့် တစ်ပတ်အတွင်း ငွေကျပ် သိန်း ၃၀ ထပ်မံကောက်ခံရရှိခဲ့သည်။ အဆိုပါ ငွေများကို တပ်ရင်းများသို့ ပေးခြင်းမရှိခဲ့ဘဲ၊ ဦးတင်မောင် က ကိုယ်ပိုင်ငွေအဖြစ် သုံးစွဲကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရှိရသည်။

ဖေဖော်ဝါရီလတွင် တူရကီနိုင်ငံမှ လှူဒါန်းသော ဆန်များကို အိမ်ခြေများ အလိုက်ခွဲဝေပေးရာတွင် ဆန်တစ်အိတ်ချင်းစီမှ တစ်ပြည်စီ ထုတ်ယူခဲ့သည့်အပြင် ဆန်အိတ် ၂၀ ကို ရောင်းစားရန် အိမ်တစ်အိမ်၌ ယခုအချိန်ထိ ၀ှက်ထားကြောင်း သိရှိရသည်။

ထို့အပြင် နေအိမ်များနှင့် ဆိုင်ခန်းများ ဖြိုဖျက်ခံရမည့် စာရင်းတွင်ပါရှိသည်ဟု ပြောဆို၍ သိန်းပေါင်းများစွာ ညှစ်ယူခဲ့ကြောင်း ဒေသခံများက ပြောပါသည်။

ဦးတင်မောင်သည် အစွန်းရောက်တစ်ဦးဖြစ်ပြီး လွန်ခဲ့သည့် နှစ်နှစ်ခန့်က ရွာသူရွာသားများကို မတရား ညှဉ်းပန်းနှိပ်စက်ခြင်း၊ သိန်းရာပေါင်းများစွာ ငွေညှစ်ခဲ့ခြင်း တို့ကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူး တာဝန်မှ ရပ်စဲခံခဲ့ရသော်လည်း၊ ၎င်းကို ရိုဟင်ဂျာရွာကို အုပ်ချုပ်ရန် ရိုဟင်ဂျာများ၏ မဲဆန္ဒမပါဘဲ မြို့နယ် အဆင့် အာဏာပိုင်များက လာဘ်ငွေယူ၍ ပြန်လည်ခန့်ထားခြင်း ဖြစ်သည်ဟု စုံစမ်းသိရှိရသည်။


Rohingya Eye
RB News
2.3.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း၊ အင်းဒင်ကျေးရွာ အခြေစိုက် နယ်မြေ (၉) နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ နယ်ခြားစောင့်ရဲများသည် ဒေသခံတစ်ဦးကို ဖမ်းဆီး၍ ငွေညှစ်ခဲ့ကြောင်း သတင်းရရှိပါသည်။ 

မတ်လ (၂) ရက်နေ့တွင် မောင်တောမြို့နယ် တောင်ပိုင်း အင်းဒင်ကျေးရွာ အခြေစိုက် နယ်မြေ (၉) နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းမှ တပ်ကြပ်ကြီး အဆင့်ရှိသူတစ်ဦးနှင့် နယ်ခြားစောင့်ရဲ နှစ်ဦးတို့သည် ယင်းရွာမှ အလှကုန်ဆိုင်ပိုင်ရှင် ဦးမာမတ်ရော်မာန် (ဘ) မော်လ၀ီအလီအာမတ် (အသက် ၅၂ နှစ်) ၏ ဆိုင်သို့ ရောက်ရှိလာပြီး၊ ဦးမာမတ်ရော်မာန်ကို ဖမ်းဆီး၍ နယ်မြေစခန်းသို့ ခေါ်ဆောင်သွားခဲ့သည်။ 

ဦးမာမတ်ရော်မာန်အား ငွေလွှဲ၊ ငွေပို့လုပ်ငန်း လုပ်ကိုင်နေသည်ဟု အခြေအမြစ်မရှိ လုပ်ကြံစွပ်စွဲ၍ ငွေကျပ် နှစ်သိန်း ညှစ်ယူကာ ညနေ (၅) နာရီ အချိန်တွင် ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။ 

“အခုလို စီးပွားရေး ကျပ်တည်းနေတဲ့ အချိန်မှာ မတရားသဖြင့် ငွေညှစ်နေတာက အတော်လေးကို ရင်နာစရာကောင်းတယ်။ အဂတိတရား ကင်းရှင်းတဲ့ အစိုးရတစ်ရပ် ဖြစ်ရမယ်လို့ ပြည်သူကို ကတိပေးခဲ့တဲအတိုင်း အောက်ခြေမှာရှိတဲ့ နယ်ခြားစောင့်ရဲများရဲ့ ဥပဒေမဲ့ လုပ်ရပ်တွေကို အမြန်ဆုံး အရေးယူ ဆောင်ရွက် ပေးဖို့ တောင်းဆိုပါတယ်” ကျေးရွာ လူကြီးတစ်ဦးက ပြောပါသည်။ 




MYARF
RB News
2.3.2017

ရသေ့တောင် ။ ။ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်တွင် စိတ်ဝေဒနာရှင် သက်ကြီးရွယ်အို တစ်ဦးကို ရခိုင်ရွာသားများက လူမဆန်စွာ ရိုက်နှက်ခဲ့ကြောင်း သတင်းရရှိပါသည်။

ဖေဖော်ဝါရီလ (၂၈) ရက်နေ့ နံနက် ၉း၃၀ နာရီ အချိန်တွင် အမည်မသိ သက်ကြီးရွယ်အို စိတ်ဝေဒနာရှင် အမျိုးသားတစ်ဦးသည် ရသေ့တောင်မြို့နယ်၊ ကိုးတန်ကောက်ကျေးရွာအုပ်စု၊ ချိန်ခါလီရွာသို့ ရောက်ရှိလာခဲ့သည်။

ရွာသားများက “ဘယ်ရွာကလဲ၊ နာမည်ဘယ်လိုခေါ်လဲ၊ ဘယ်ကိုသွားမလို့လဲ” ဟု အမျိုးမျိုး မေးမြန်းကြည့်သော်လည်း မဖြေကြားကြောင်း သိရှိရသည်။ 

“သူ့ကိုမေးတော့လည်း ဘာမှမဖြေဘူး။ သူ့ဘာသာသူ စကားတွေ ပြောနေတယ်။ သူပြောနေတဲ့စကားက ရိုဟင်ဂျာနဲ့ ဘင်္ဂါလီရောနေတယ်။ ဒါပေမယ့် အစ္စလာမ်ဘာသာဝင် တစ်ယောက်ဖြစ်တာကတော့ သေချာတယ်” ဟု ရွာသားတစ်ဦးက RB News သို့ပြောသည်။

ချိန်ခါလီရွာသားများက ၎င်းအား ရွာထဲတွင် နေခိုင်းသော်လည်း ၎င်းက မနေဘဲ ကိုးတန်ကောက် ရခိုင်ရွာဘက်သို့ ၀င်ရောက်သွားခဲ့သည်။ ရခိုင်ရွာထဲသို့ ရောက်သည်နှင့် ရခိုင်ရွာသားများက ၎င်းကို လူမဆန်စွာ ရိုက်နှက်၍ ပင်လယ်ကမ်းစပ်၌ ပစ်ချထားခဲ့သည်။ 

ရိုဟင်ဂျာတံငါးသည်များက ၎င်းအား ပင်လယ်ကမ်းစပ်တွင် လဲကျနေသည်ကို တွေ့ရှိပြီး ရွာထဲသို့ ထမ်း၍ ခေါ်လာခဲ့ကြောင်း ရွာသားများက ပြောပါသည်။ 

အဆိုပါ သက်ကြီးရွယ်အိုမှာ မလှုပ်ရှားနိုင်တော့သည့် အပြင် စကားပြောဆိုနိုင်ခြင်း မရှိကြောင်း၊ အသက်အန္တရာယ်ပင် စိုးရိမ်ရသည့် အခြေအနေသို့ ရောက်ရှိနေကြောင်း သိရှိရသည်။



Rohingya Eye
RB News
28.2.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း အင်းဒင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်ထွန်းစိန်က အုတ်ဖုတ်ရန် အတွက်ဟု ဆိုကာ ဒေသခံရိုဟင်ဂျာများ၏ အပင်များကို အတင်းအဓမ္မ ခုတ်လှဲယူ၍ ထင်းအဖြစ် အသုံးပြုလျက် ရှိကြောင်း သတင်းရရှိပါသည်။

မောင်တောမြို့နယ် တောင်ပိုင်း အင်းဒင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်ထွန်းစိန်သည် ဖေဖော်ဝါရီလ (၂၀) ရက်နေ့မှစ၍ အုတ်ဖုတ်ရာတွင် လိုအပ်သော ထင်းများကို ရွာသားများ၏ နေအိမ်ခြံဝင်းများအတွင်းရှိ အပင်ကြီးများ ခုတ်လှဲ၍ အသုံးပြုလုပ်လျက်ရှိပြီး ပိုင်ရှင်များကို ငွေကျပ် နှစ်သောင်းစီ ပေးမည်ဟု ပြောဆိုခဲ့သော်လည်း ယခုအချိန်ထိ တစ်ပြားတစ်ချပ်မှ ပေးခြင်း မရှိကြောင်း ဒေသခံများက RB News သို့ပြောသည်။

ခွလုံးကျေးရွာ၏ အရှေ့ဘက်ရှိ ကျေးရွာသားများပိုင် ဥယျာဉ်ခြံများမှ အပင်ကြီးများကိုလည်း ပိုင်ရှင်များကို အသိမပေးဘဲ အတင်းအဓမ္မ ခုတ်လှဲလျက်ရှိကြောင်း ဒေသခံများက ပြောပါသည်။ 

ဦးဂျော်မိလ်အာမတ် (ဘ) ဦးကော်ရီမူလ္လာ (အသက် ၄၀ နှစ်) ၏ အပင်တစ်ပင်၊ ဦးမုစ်တာခ်အာမတ် (ဘ) ဦးရှုနာလီ (အသက် ၅၀ နှစ်) ၏ အပင်တစ်ပင်၊ ဦးမာမတ်ရော်ဖိခ် (ဘ) ဦးအာဘူတာဟဲရ် (အသက် ၅၀ နှစ်) ၏ အပင်တစ်ပင်နှင့် ဦးလဲရူး (အသက် ၆၀ နှစ်) ၏ အပင်နှစ်ပင် တို့ကို အတင်းအဓမ္မ ခုတ်လှဲခဲ့ကြောင်း သိရှိရပါသည်။ 

အပင်တစ်ပင်၏ ကာလတန်ဖိုးမှာ ငွေကျပ် နှစ်သိန်း ရှိသည်ဟု ဒေသခံများက ဆိုသည်။ 

“ကျွန်တော်တို့ရဲ့ အပင်တွေကို အုပ်ချုပ်ရေးမှူးက အခွင့်အာဏာ အလွဲသုံးစားလုပ်ပြီး ခုတ်လှဲနေတယ်။ အခု အင်းဒင်ကျေးရွာမှာ အပင်ကြီးဆိုတာ မရှိသလောက် ဖြစ်နေပြီ၊ ဒါသဘာဝ ပတ်ဝန်းကျင် အတွက်လည်း ထိခိုက်တယ်၊ အုပ်ချုပ်ရေးမှူး တစ်ယောက်ရဲ့ အခွင့်အာဏာကို အလွဲသုံးစားလုပ်နေတဲ့ အတွက် တာဝန်ရှိ လူကြီးမင်းတွေ အနေနဲ့ ထိရောက်စွာ အရေးယူပေးဖို့ တောင်းဆိုပါတယ်” ဟု ဒေသခံတစ်ဦးက ပြောပါသည်။




Rohingya Eye
RB News
28.2.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း မြင်းလွတ်မြို့နယ်ခွဲမှ နယ်ခြားစောင့်ရဲများသည် သက္ကယ်ခုတ်နေသည့် ရွာသား (၆) ဦးကို ဖမ်းဆီး၍ ငွေအစား ကြက်များနှင့် အရက်ပုလင်းများ ညှစ်ယူခဲ့ကြောင်း သတင်းရရှိပါသည်။ 

ဖေဖော်ဝါရီလ (၂၇) ရက်နေ့ နေ့လည် ၂ နာရီအချိန်တွင် မောင်တောမြို့နယ် တောင်ပိုင်း၊ မြင်းလွတ်မြို့နယ်ခွဲ ဟော်ရော်သိလ္လာရွာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းမှ နယ်ခြားစောင့်ရဲများသည် ရွာ၏အရှေ့ဘက်ရှိ တောင်တန်းအနီးမှ သက္ကယ်ခုတ်ယူနေသည့် ရွာသား (၆) ဦးကို ဖမ်းဆီး၍ ကင်းစခန်းသို့ ခေါ်ဆောင်သွားပြီး၊ အထောက်အထား တစ်စုံတစ်ရာမပါဟု စွပ်စွဲ၍ ငွေအစား ကြက်တစ်ကောင်စီနှင့် အရက်တစ်ပုလင်းစီ ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။

ကြက်တစ်ကောင်၏ တန်ဖိုးမှာ ငွေကျပ် တစ်သောင်းရှိပြီး၊ အရက်တစ်ပုလင်း တန်ဖိုးမှာ ငွေကျပ် တစ်ထောင်ရှိသောကြောင့် တစ်ဦးလျှင် ငွေကျပ် တစ်သောင်းတစ်ထောင်စီ ဆုံးရှုံးခဲ့ရသည်။ 

ဖမ်းဆီးခံရပြီး၊ ကြက်တစ်ကောင်စီနှင့် အရက်ပုလင်းတစ်ပုလင်းစီ ပေးခဲ့ရသူများမှာ --

(၁) ဦးရော်ဟီးမူလ္လာ (ဘ) ဦးရှာကဲရ်အာမတ် (အသက် ၅၀ နှစ်)
(၂) အဒူလ်ဟာဖီးဇ် (ဘ) ဦးရော်ဟီးမူလ္လာ (အသက် ၁၈ နှစ်)
(၃) မာမတ်တော်ယူဖ် (ဘ) ဦးအာမီးရ်ဟမ်ဇား (အသက် ၂၀ နှစ်)
(၄) မာမတ်ဇူဘိုင်ရ် (ဘ) ဦးအာမီးရ်ဟမ်ဇား (အသက် ၁၇ နှစ်)
(၅) မာမတ်ရော်ဟီးမ် (ဘ) ဦးအာမီးရ်ဟမ်ဇား (အသက် ၁၂ နှစ်)
(၆) ဦးအာဘူလ်ဟူဆောင်း (ဘ) ဦးလဲထား (အသက် ၃၅ နှစ်) -- တို့ဖြစ်ကြသည်။ 

“ဒီလူတွေက ဆင်းရဲတယ်။ အလုပ်လည်း မရှိတော့ သက္ကယ်တွေကို ခုတ်ယူတာ အပြစ်လား၊ ရွာနဲ့ကပ်လျက်နေရာကို ထောက်ခံစာမပါဘဲ သွားတယ်ဆိုပြီး ငွေညှစ်တာက တော်တော် မတရားလုပ်နေတာဘဲ” ဟု ဒေသခံတစ်ဦးက ပြောပါသည်။




Rohingya Eye
RB News
28.2.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ဦးရှည်ကျ ကျေးရွာသို့ နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ နယ်မြေမှူး ရောက်ရှိလာပြီး NVC ကဒ်ကိုင်ရန် ခြိမ်းခြောက်ခြင်း၊ စစ်တပ်မှ ကော်မရှင်အဖွဲ့က ဒေသခံများကို စစ်ဆေးခဲ့သော်လည်း မုဒိမ်းမှုများကို မှတ်တမ်းတင်ခြင်း မရှိကြောင်း သတင်းရရှိပါသည်။

ဖေဖော်ဝါရီလ (၂၇) ရက်နေ့တွင် မောင်တောမြို့နယ် မြောက်ပိုင်း ငါးခူရကျေးရွာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ နယ်မြေ (၅) မှ နယ်မြေမှူးသည် နံနက် (၉) နာရီအချိန်တွင် ဦးရှည်ကျကျေးရွာသို့ ရောက်ရှိလာပြီး ရပ်မိရပ်ဖများနှင့် အစိုးရ အလယ်တန်းကျောင်း၌ အစည်းအဝေး တစ်ရပ် ကျင်းပခဲ့သည်။ 

နယ်မြေမှူးက “NVC ကဒ်ကို တစ်ယောက်မကျန် ကိုင်ဆောင်ရမယ်၊ ဒီနိုင်ငံမှာနေရင် ဒီနိုင်ငံဥပဒေတွေကို လေးစားလိုက်နာရမယ်၊ NVC ကဒ်ကိုင်ဆောင်ရင် မြို့ပေါ်သွားနိုင်မယ်၊ တကယ်လို့ မကိုင်ဆောင်နိုင်ရင် ဒီနိုင်ငံမှာ နေလို့ရမှာ မဟုတ်ဘူး။ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ပို့ရလိမ့်မယ်” ဟု စသည်ဖြင့် ခြိမ်းခြောက် ပြောဆိုခဲ့သော်လည်း အစည်းအဝေး တက်ရောက်သူ လူကြီးတစ်ဦးက NVC ကဒ်ယူ၍ အခွင့်အရေး ရရှိမည်ဟု မယုံကြည်ပါကြောင်း၊ ယခင်က အမျိုးသားမှတ်ပုံတင် ကိုင်ဆောင်ခဲ့ပါကြောင်း၊ အဆိုပါ ကဒ်ပြားကို သိမ်းယူ၍ မိမိတို့ သဘောဆန္ဒမပါဘဲ ယာယီသက်သေခံကဒ်ပြားများ ပေးအပ်ခဲ့ပါကြောင်း၊ ယခုယာယီကဒ်ပြားများ ရုတ်သိမ်း၍ NVC ကဒ် ကိုင်ဆောင်လျှင် အခွင့်အရေး ရလိမ့်မည် ဆိုသည်ကို အယုံအကြည် မရှိပါကြောင်း၊ မိမိတို့ အနေဖြင့် လက်မခံနိုင်ပါကြောင်း ပြောဆိုခဲ့သောကြောင့် နံနက် ၁၀ နာရီခွဲ အချိန်တွင် စိတ်ဆိုးဒေါသထွက်၍ ပြန်သွားခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။ 

နယ်မြေမှူး ထွက်ခွာသွားပြီးနောက် နာရီဝက်ခန့် အကြာတွင် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဖွဲ့စည်းထားသည့် ဒု-ဗိုလ်ချုပ်ကြီးအေးဝင်း ဦးဆောင်သော ကော်မရှင်အဖွဲ့သည် တပ်ရင်း (၅၅၁) မှ တပ်ရင်းမှူး ဗိုလ်မှူးကျော်ဇေယျနှင့် အတူ ရောက်ရှိလာပြီး နံနက် ၁၁ နာရီမှ ညနေ ၅ နာရီထိ ရပ်ရွာလူကြီး ၁၁ ဦးနှင့် အမျိုးသမီးအချို့ကို စစ်ဆေးမေးမြန်းခဲ့ရာ မုဒိမ်းမှုများကို ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့ခဲ့ခြင်းကို ထွက်ဆိုသော်လည်း ကော်မရှင်အဖွဲ့က အလေးမထားသည့် အပြင် မှတ်တမ်းတင်ခြင်းပင် မရှိဟု သိရှိရသည်။ 

ကော်မရှင်အဖွဲ့သည် ဟန်ပြစုံစမ်းစစ်ဆေးရေးသာ လုပ်ဆောင်နေခြင်း ဖြစ်ပြီး၊ စစ်သားများ ပြစ်မှုကျူးလွန်ခြင်း မရှိဟု ငြင်းဆိုနိုင်အောင် ကြိုးစားနေခြင်းသာ ဖြစ်သည်ဟု စစ်ဆေးခံခဲ့သူတစ်ဦးက ပြောပါသည်။




Rohingya Eye
RB News
28.2.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း၊ ဦးရှည်ကျကျေးရွာမှ စစ်သားများ လုယက်သွားခဲ့သည့် မော်တော်ဆိုင်ကယ်များကို ကံပြင်ကျေးရွာအုပ်စုမှ ရခိုင်ရွာသားများက စီးနင်းလျက်ရှိကြောင်း သတင်းရရှိပါသည်။ 

မောင်တောမြို့နယ် မြောက်ပိုင်း အခြေစိုက် တပ်ရင်း (၅၅၁) မှ တပ်ရင်းမှူး ဗိုလ်မှူးကျော်ဇေယျသည် ယခင်က နယ်မြေရှင်းလင်းရေး ခေါင်းစဉ်ဖြင့် ဦးရှည်ကျကျေးရွာသို့ ၀င်ရောက်၍ ရွှေ့ပြောင်းနိုင်သော တန်ဖိုးရှိ ပစ္စည်းများနှင့် အိမ်မွေးတိရိစ္ဆာန်များပါမကျန် လုယက်ယူဆောင်သွားခဲ့သည့် အပြင် မော်တော်ဆိုင်ကယ် ၁၂ စီးထက်မနည်း လုယက်၍ ကံပြင် (ရခိုင်) ကျေးရွာသို့ သယ်ဆောင်သွားခဲ့သည်။

ဗိုလ်မှူးကျော်ဇေယျသည် ရသေ့တောင်မြို့ ဇာတိဖြစ်ပြီး၊ ကံပြင်ကျေးရွာမှ ရခိုင်ရွာသား အချို့နှင့် ဆွေမျိုးတော်စပ်ကြောင်း သိရှိရသည်။ ဦးရှည်ကျကျေးရွာမှ လုယက်ခဲ့သည့် ဆိုင်ကယ်များကို ယခုအခါ ကံပြင်ရွာသားများက စီးနင်းလျက် ရှိပြီး၊ ဦးရှည်ကျကျေးရွာတွင်းသို့ အဆိုပါ ဆိုင်ကယ်များ စီးနင်း၍ လာရောက်သောကြောင့် မူလပိုင်ရှင်များက ပြန်လည်တောင်းခံလျှင် ပြဿနာများ ဖြစ်ပွားလာမည်ကို ရွာသားများက စိုးရိမ်လျက် ရှိနေကြကြောင်း ဒေသခံများက RB News သို့ပြောသည်။

ဇူရူလော့ခ် (ဘ) ဦးအဒူလော့ခ် (အသက် ၂၅ နှစ်) ၏ အနက်ရောင် Dream အမျိုးအစား မော်တော်ဆိုင်ကယ် ကို ကံပြင်ကျေးရွာအုပ်စု၊ ကံပြင်ရွာမှ မောင်မြင့်စိုး (ဘ) ဦးအောင်မြင့် (အသက် ၁၈ နှစ်)၊ ဖာရူခ် (ခ) မောင်ဘလှိုင် (ဘ) ဦးရှောမ်ရှုလ်အာနိုဝါရ် (အသက် ၂၇ နှစ်) ၏ အစိမ်းရောင် Dyang အမျိုးအစား မော်တော်ဆိုင်ကယ်ကို ကံပြင်ကျေးရွာအုပ်စု၊ စံပယ်ရွာသား မောင်ချစ် (ဘ) ဦးခင်လှထွန်း (အသက် ၁၇ နှစ်) တို့က စီးနင်းလျက် ရှိကြောင်း မျက်မြင်သက်သေများက ပြောပါသည်။

တပ်ရင်း (၅၅၁) မှ စစ်သားများသည် ဦးရှည်ကျကျေးရွာ၊ မြောတောင်ကျေးရွာ၊ ကျားခေါင်းတောင်ကျေးရွာ၊ ပွင့်ဖြူချောင်းကျေးရွာ၊ ကြက်ရိုးပြင်ကျေးရွာ၊ ရေခပ်ချောင်းခွဆုံကျေးရွာနှင့် ဓါးကြီးစားကျေးရွာများတွင် လုယက်ခြင်း၊ မီးရှို့ခြင်း၊ သတ်ဖြတ်ခြင်း များကို တပ်ရင်းမှူး ဗိုလ်မှူးကျော်ဇေယျ၏ အမိန့်ဖြင့် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရှိရသည်။







အောင်အောင်
27.2.2017

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရောက်နေတဲ့ မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်ကနေ ထွက်ပြေးသွားကြတယ်လို့ဆိုတဲ့ ရိုဟင်ဂျာ မွတ်စလင် ဒုက္ခသည်တွေဆီကနေ ကြားခဲ့ရတာတွေဟာ သူ မျှော်လင့်ထားတာထက် ပိုပြီးဆိုးရွားနေတာကြောင့် ၀မ်းနည်းရတဲ့အကြောင်း မြန်မာ နိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် YangHee Lee ကပြောလိုက်ပါတယ်။ ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ဝင် ဦးအောင်ကြည်ကတော့ နေရာပေါင်းစုံကနေ သတင်းအချက်အလက်တွေ မှန်မှန်ကန်ကန် စိစစ်သုံးသပ်ဖို့လိုအပ်တယ်လို့ ပြောပါတယ်။ ဒီအကြောင်း ကိုအောင်အောင်က စုစည်းတင်ပြထားပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Cox’s Bazaar ဒေသအပါအ၀င် ဒုက္ခသည်စခန်းတွေကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့ကနေ ၂၃ ရက်နေ့အထိ မစ္စ ယန် ဟီးလီ သွားခဲ့ပြီးတဲ့နောက် ဖေဖော်ဝါရီလ ၂၄ ရက်နေ့ ထုတ်ပြန်ချက်ထဲမှာ ဒုက္ခသည်တွေစီကနေ ဒီလို အခြေအနေဆိုးတွေကို ကြားသိခဲ့ရတာလို့ မြန်မာနိုင်ငံဆိုင်ရာ ကုလ လူ့အခွင့်အရေးကိုယ်စားလှယ်က ပြောပါတယ်။ သူ့အနေနဲ့ မြန်မာနိုင်ငံကို လာရောက်ပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သွားခဲ့တာပါ။

ရခိုင်ပြည်နယ် မောင်တောဒေသ စုံးစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ဝင် ဦးအောင်ကြည်ကတော့ အခြေအနေအရပ်ရပ်ကို လေ့လာခွင့်ရှိသင့်တဲ့အကြောင်း အခုလိုပြောပါတယ်။

“ကျနော်တို့ ကော်မရှင်အနေနဲ့ကတော့ ဒီလိုလာပြီးတော့ လေ့လာတဲ့သူတွေကို တတ်နိုင်သမျှ ပြည်တွင်းက နေရာဒေသတွေအားလုံးကို ရောက်စေချင်တယ်၊ တွေ့စေချင်တယ်၊ ပြောစေချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြည်တွင်းမှာ ကျနော်တို့ ရတဲ့သတင်းအချက်အလက်က မြေပြင်အခြေအနေအရ ဖြစ်နိုင်ခြေရှိမရှိဆိုတာလည်း ကျနော်တို့ စဉ်းစားလို့ရတယ်။ ကျနော်တို့လည်းမေးပါတယ်၊ ဘယ်အချိန်မှာ တပ်ကရောက်လာသလဲ၊ လုံခြုံရေးအဖွဲ့က ရောက်လာသလဲ ၊ ဘယ်နှစ်ခေါက် ရောက်လာသလဲ ၊ဘယ်သူဦးဆောင်ပြီး ရောက်လာသလဲ ၊ ဘယ်လမ်းကြောင်းက ၀င်လာသလဲ ။ ကျနော်တို့ အဲဒီလောက်အထိမေးတာပါ၊ အဲဒီမှာ တချို့လည်း ချို့ယွင်းချက်ကလေးတွေ ဖောက်ဖျက်မှုလေးတွေ ကျနော်တို့ တွေ့တယ် အဲဒါတွေကိုလည်း ကျနော်တို့ အစီရင်ခံစာထဲမှာ ထည့်ဖို့ ရည်ရွယ်ထားပြီးသားပါ။ သက်ဆိုင်တဲ့ လုံခြုံရေးတာဝန်ရှိတဲ့ သူတွေကလည်း အဲဒါတွေကို ဆက်လက်ပြီးတော့ တာဝန်ယူပေးဖို့လည်း ကျနော်တို့ ညှိနှိုင်းထားပြီးသားပါ။”

အစိုးရရဲ့ ဖိတ်ကြားချက်နဲ မစ္စယန်ဟီးလီဟာ လွန်ခဲ့တဲ့ ဇန်န၀ါရီလ အတွင်း ၁၂ ရက်ကြာ ခရီးစဉ်အဖြစ် မြန်မာနိုင်ငံကို ရောက်ရှိလာခဲ့ပေမယ့် သက်ဆိုင်ရာက လုံခြုံရေးကြောင့်ဆိုပြီး ကချင်ပြည်နယ်ကို သွားရောက်ခွင့် မပြုခဲ့သလို ရခိုင်ပြည်နယ်အတွင်းက နေရာတချို့ကိုလည်း သွားရောက်ခွင့်မပြုခဲ့ပါဘူး။ ဦးအောင်ကြည်က

“ဒါကတော့ ပေးတာ မပေးတာကတော့ အာဏာပိုင်အဖွဲ့အစည်းနဲ့ပဲ ဆိုင်တယ်လေ။ ကျနော်တို့ကတော့ ကော်မရှင်ရဲ့အလုပ်ကတော့ ဒီအလုပ်မဟုတ်ဘူးလေ။ ကျနော်တို့က အကြံပြုတယ်၊ ပေးသင့်တယ် သတင်းသမားတွေလည်း သွားခွင့် ပေးသင့်တယ်၊ စစ်ဆေးတဲ့လူတွေလည်း သွားခွင့် ပေးသင့်တယ်။ ဒီလိုပေးခြင်းအားဖြင့် ကောင်းတာတွေလည်းတွေ့မယ်၊ မကောင်းတာတွေလည်း တွေ့မယ်။ မကောင်းတာတွေ့လည်းကျနောတို့ ဘာမှ ပြဿနာမရှိဘူး၊ လူတဦးချင်း၊ တယောက်ချင်း မကောင်းတဲ့ကိစ္စလုပ်တိုင်းဆိုရင် ကျနော်တို့ ထိထိရောက်ရောက်အရေးယူလိုက်မယ်။ ဒီဟာ နိုင်ငံတော်ရဲ့ မူဝါဒမဟုတ်ဘူးဆိုတာကို ထင်ရှားပေါ်လွင်တာပေါ့နော်။”

ဘင်္ဂါလားဒေ့ရှ်နိုင်ငံဘက်ခြမ်းကို သွားရောက်လေ့လာခဲ့တဲ့ မစ္စယန်ဟီးလီက မိသားစုတွေ တွေ့ကြုံခံစားခဲ့ရတဲ့ အကြမ်းဖက်ခံရမှု အတိုင်းအတာ ပမာဏဟာ သူ နဂိုတုန်းက ခန့်မှန်းထားတာထက် အများကြီး ပိုပြီး ဆိုးရွားတယ်လို့လည်း ပြောပါတယ်။ ဒါပေမယ့်လည်း အခုလိုမျိုးခွဲခြားဆက်ဆံမှုတွေ ရှိနေတဲ့ အခြေအနေတွေ ပြောင်းလဲအောင် အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်နေတယ်ကြောင်း ဦးအောင်ကြည်ကပြောပါတယ်။

“ဒီအခြေအနေတွေကို ကျနော်တို့က ပြုပြင်ဖို့လုပ်နေတယ် တကယ်တမ်းပြောရမယ်ဆိုရင်။ မြန်မာနိုင်ငံရဲ့ မူဝါဒအနေနဲ့ဆိုရင်တချိန်တုန်းက ချို့ယွင်းမှုတွေ ရှိခဲ့တာလေးတွေကို ဘယ်လိုအကောင်းဆုံး နည်းနဲ့ ထိန်းကျောင်းပြုပြင်မလဲ ၊ နိုင်ငံတကာ စံနှုန်းနဲ့လည်းဆီလျော်အောင်၊ ကိုယ့်နယ်စပ်ဒေသ လုံခြုံရေးရော တခြား အခွင့်အရေးတွေရောကျနော်တို့ ကိုယ်နိုင်ငံသားတွေ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေရော ကာကွယ်စောင့်ရှောက်နိုင်အောင် ဘယ်လိုနည်းလမ်းမျိုးတွေနဲ့ အကောင်းဆုံးဖြစ်အောင်လုပ်မလဲဆိုတဲ့ မူဝါဒတွေ ကျနော်တို့ ရေးဆွဲနေတဲ့ အချိန်ကာလတွေဖြစ်ပါတယ်။ အဲဒီမူဝါဒတွေ ရေးဆွဲနေတဲ့ အချိန်ကာလဖြစ်တဲ့အခါကျတော့ ဒီအပေါ်မှာ ထပ်ပြီးတော့ ဖိအားပေးလာခဲ့ရင် ကျနော်တို့ရဲ့ မဟာဗျူဟာပြောင်းလဲမှုအခြေအနေက နည်းနည်း အခက်အခဲဖြစ်သွားနိုင်တာပေါ့လေ၊ သဘောကတော့ ဒေသမှာ ရှိတဲ့လူတွေရော တိုင်းရင်းသားတွေရော ၂ဘက် သဟဇာတ ဖြစ်အောင်လုပ်ရမယ့်အစီအစဉ်တွေရော ဒါတွေအားလုံးအတွက် အဖုအထစ်ဖြစ်သွားနိုင်ပါတယ်။”

သောကြာနေ့က ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ မီးလောင်ဒဏ်ရာရထားတဲ့ ကလေးငယ်တွေကို မျက်မြင်တွေ့ရကြောင်း မစ္စယန်ဟီးလီးကပြောပါတယ်။ ဒီလိုဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ထပ်မဖြစ်အောင် တားဆီးဖို့နဲ့ ဖြစ်ခဲ့တယ်လို့ဆိုတဲ့ စွပ်စွဲချက်တွေ အပေါ် သီးခြားလွတ်လပ်ပြီး ဘက်မလိုက်တဲ့၊ ပြီးပြည့်စုံတဲ့ စုံစမ်းစစ်ဆေးမှုတခုကို အမြန်ဆုံးလုပ်ဖို့ မြန်မာအစိုးရကို မစ္စ ယန်ဟီးလီက တိုက်တွန်းထားပါတယ်။ မစ္စ ယန်ဟီးလီရဲ့ ဒီ နောက်ဆုံးထုတ်ပြန်ချက်ပါ ဖော်ပြထားချက်တွေနဲ့ပတ်သက်ပြီး မြန်မာအစိုးရဘက်က တုံ့ပြန်ချက်တော့ ထွက်မလာသေးပါဘူး။

Rohingya Eye
RB News
27.2.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ကျားခေါင်းတောင်၊ ပွင့်ဖြူချောင်း စသည့် ကျေးရွာများမှ ဖမ်းဆီးခံထားရသူ ၂၀၀ ကျော်ကို ရှေ့နေငှားရမ်းခွင့် ပေးလိုက်သော်လည်း တရားလိုနှင့် သက်သေများမှာ စစ်တပ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဖြစ်နေသောကြောင့် အမှုနိုင်ရန် မလွယ်ကူဟု ရှေ့နေများက ပြောဆိုကြောင်း သတင်းရရှိပါသည်။

၂၀၁၆ ခုနှစ် နိုဝင်ဘာလ (၁၄) ရက်နေ့တွင် မောင်တောမြို့နယ် မြောက်ပိုင်း ရေတွင်းကျွန်း ကျေးရွာ၌ ကျားခေါင်းတောင်၊ ပွင့်ဖြူချောင်း အစရှိသော ကျေးရွာများမှ ရွာသားများသည် မတရားဖမ်းဆီးမှုကို ရှောင်ရှားနိုင်ရန် ခိုလှုံခဲ့ကြသည်။ ခိုလှုံနေစဉ် ယင်းနေ့တွင် စစ်တပ်က ၀န်းရံပိတ်ဆို့ပြီး အဆိုပါရွာများမှ ရွာသား ၂၀၀ ကျော်ကို ဖမ်းဆီး၍ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဌာနချုပ်တွင် ချုပ်နှောင်ထားခဲ့သည်။ ချုပ်နှောင်ထားစဉ် အစာရေစာ လုံလုံလောက်လောက် မပေးခဲ့သည့်အပြင် ညှဉ်းပန်းနှိပ်စက်မှု မျိုးစုံ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။

ဖမ်းဆီးထားသူများအား နှစ်ပတ်ခန့်အကြာတွင် ဘူးသီးတောင်မြို့နယ်ရှိ အကျဉ်းထောင်သို့ ပို့ဆောင်ခဲ့ပြီး၊ ညှဉ်းပန်းနှိပ်စက်မှုများ ရပ်တန့်ခဲ့သော်လည်း တစ်နေ့လျှင် ထမင်းတစ်နပ်သာ ကျွေးကြောင်း၊ ကျွေးသည့် အချိန်တွင်လည်း လုံလုံလောက်လောက် မကျွေးကြောင်း သိရှိရသည်။ ၎င်းတို့အား ပဲဟင်းတစ်မျိုးတည်းဖြင့် ကျွေးခြင်းဖြစ်ပြီး၊ ကျန်းမာရေး စောင့်ရှောက်မှုလည်း လုံးဝ မရှိကြောင်း ဒေသခံများက ပြောပါသည်။

၎င်းတို့ကို ဘူးသီးတောင်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန စာရေးများ၏ အဆောင်များတွင် သီးသန့် တရားရုံးအဖြစ် တရားသူကြီးများ ထိုင်၍ အမှုများကို ကြားနာစစ်ဆေးလျက် ရှိကြောင်း သိရှိရသည်။ ၎င်းတို့အား ပုဒ်မ ၃၀၂ (လူသတ်မှု)၊ ပုဒ်မ ၁၇/၁ (မတရားအသင်းအဖွဲ့ဖြင့် ဆက်သွယ်မှု)၊ ပုဒ်မ ၃၂၄ (ဘေးဖြစ်စေတတ်သော လက်နက်ဖြင့် အလိုအလျောက် နာကျင်စေမှု) စသော ပုဒ်မ ၄ ခုဖြင့် တရားစွဲဆို ထားကြောင်း၊ ယခုအခါ ရှေ့နေငှားရမ်းခွင့် ပေးထားကြောင်း သိရှိရသည်။

ယခင်က ပြစ်ဒဏ်ချခဲ့သူများကို တရားရုံးသို့ ခေါ်ဆောင်သွားခြင်း မပြုဘဲ တရားသူကြီးများက တရားခံရှိရာ နေရာများသို့ သွားရောက်၍ တရားစီရင်ချက်များကို ဖတ်ပြခဲ့ခြင်းသာ ဖြစ်ပြီး၊ မည်သူမည်ဝါအား မည်သည့် ပုဒ်ဖြင့် ပြစ်ဒဏ်မည်မျှ ချခဲ့သည်ကို မောင်တောမြို့နယ် တရားရုံးမှ အမှုလိုက် ရှေ့နေများပင် မသိရှိခဲ့ဟု ပြောဆိုကြောင်း ဖမ်းဆီးခံထားရသူ တစ်ဦး၏ မိသားစုမှ သိရှိရသည်။

အဆိုပါ ရွာသား ၂၀၀ ကျော်ကို ရှေ့နေ ငှားရမ်းခွင့် ပေးထားသော်လည်း တရားလို၊ သက်သေများမှာ စစ်တပ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဖြစ်နေသည့် အတွက် အမှုများကို နိုင်အောင် လုပ်နိုင်မည် မဟုတ်ကြောင်းကို ရှေ့နေများ ကိုယ်တိုင် သတိပေး ပြောဆိုခဲ့သည်ဟု ရှေ့နေ ငှားရမ်းရန် စီစဉ်နေသူများထံမှ သိရှိရသည်။




MYARF
RB News
27.2.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ ကမ္ဘောဇဘဏ်က ရိုဟင်ဂျာများ အပ်နှံထားသော ဘဏ်စုငွေများကို NVC မကိုင်မချင်း ထုတ်ပေးမည်မဟုတ်ကြောင်း၊ ငွေသွင်းခြင်း၊ ငွေထုတ်ခြင်း၊ ငွေလွှဲခြင်းများကိုလည်း NVC ကိုင်မှပဲ ပြုလုပ်နိုင်မည်ဟု ကြော်ငြာစာ ကပ်ထားသောကြောင့် ဘဏ်နှင့်ပတ်သက်နေသည့် ဒေသခံရိုဟင်ဂျာများ အလွန်အခက်ကြုံနေရကြောင်း သတင်းရရှိပါသည်။

မောင်တော ကမ္ဘောဇဘဏ်တွင် ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ(၂၇) ရက်နေ့၌ ကပ်ထားသည့် ကြော်ငြာစာမှာ "သက်တမ်းကုန်ဆုံးပြီး ဖျက်သိမ်းထားသည့် ယာယီသက်သေခံ ကဒ်ပြားများဖြင့် ငွေသွင်း/ငွေထုတ် ခြင်းများ မရတော့ပါ။ NV Card ဖြင့်သာ ဘဏ်လုပ်ငန်း (ငွေသွင်း/ငွေထုတ်) များပြုလုပ်နိုင်ပါသည်။" ဟူ၍ ပါရှိပါသည်။
မောင်တော ကမ္ဘောဇဘဏ်၌ အပ်နှံထားသော ငွေများကို ယနေ့မှစ၍ ဘဏ်မှ သိမ်းပိုက်လိုက်သည့် သဘောဖြင့် ဘဏ်ဝန်ထမ်းများက NVC အကြောင်းပြ၍ အကျပ်ကိုင်နေသည်။

ယာယီသက်သေခံ လက်မှတ်များကို ၂၀၁၅ ခုနှစ်၊ မေလ ၃၁ ရက်နေ့တွင် သက်တမ်းကုန်ဆုံးပြီးဟု ယခင်အစိုးရလက်ထက်တွင် ကြေညာခဲ့ပြီး ပြန်လည်အပ်နှံစေခဲ့ကာ အပ်နှံခဲ့သူများကို လ.ဝ.က ယာယီသက်သေခံကဒ်ပြားအစား မှတ်ပုံတင်ပုံစံနှင့် စာရွက်တစ်ရွက် ထုတ်ပေးခဲ့ပါသည်။ မောင်တော ကမ္ဘောဇဘဏ်က ဒေသခံရိုဟင်ဂျာများကို ၎င်းယာယီသက်သေခံကဒ်ပြား သိမ်းပြီး လ.ဝ.က မှထုတ်ပေးခဲ့သော စာရွက်ဖြင့် ငွေစုခြင်း ငွေသွင်းခြင်း၊ ငွေထုတ်ခြင်းများ ပြုလုပ်နိုင်မည်ဟုပြော၍ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ (၂၄) နေ့ရက်အထိ ငွေများအပ်နှံစေခဲ့ကြောင်း ဒေသခံလုပ်ငန်းရှင်တစ်ဦးက ပြောပါသည်။

"အဲ့ဒီ ယာယီသက်သေခံကဒ်ပြား အပ်ပြီးတော့မှ လ.ဝ.က ထုတ်ပေးတဲ့ စာရွက်နဲ့ အကုန်လုပ်ပေးခွင့်ပေးထားတာ။ ဒီနေ့ ရုတ်တရက် အဲ့ဒီကဒ်နဲ့ မရဘူး၊ NVC ကိုင်ရမယ် ဆိုပြီး ကြော်ငြာစာကပ်လိုက်တာ။ ဒီတော့ ၂၄ နေ့ရက်အထိ စုထားတဲ့ငွေတွေ ဒီနေ့ကျ ထုတ်မပေးတော့ဘူး။ အရပ်ဖက် လုပ်ငန်းရှင်ဖြစ်ပြီး အာဏာရှင်အစိုးလို လုပ်နေတာ စိတ်ပျက်တယ်ဗျာ။"

မောင်တောမြို့ပေါ်က ဆိုင်ပိုင်ရှင် ဦးအောင်ခင် (အမည်လွှဲ) က - "သောကြာနေ့ပဲ ငွေ သိန်းငါးဆယ် သွင်းထားတာ။ ဒီနေ့ရန်ကုန် လွှဲပြီး ပစ္စည်း မှာမလို။ ဒီနေ့ အဲ့ဒီငွေတွေ လွှဲဖို့ သွားတော့ NVC မရှိရင် အဲ့ဒီငွေတွေ သိမ်းလိုက်ပြီတဲ့။ ခင်ဗျားတို့နဲ့ NVC နဲ့ဘာဆိုင်လဲ၊ NVC ရှိမှ ငွေသွင်းလို့ရမယ်ဆို အစကတည်းက ဘာလို့ လက်ခံခဲ့တာလဲ ဆိုပြီးမေးတော့ မကျေနပ်ရင် တိုင်ချင်တဲ့ နေရာမှာ သွားတိုင်တဲ့။ ဘာလုပ်လို့ ဘာလုပ်ရမှန်းကို မသိဘူးဗျာ။" ဟု ၎င်းကြုံတွေ့နေရသည်ကို ပြောပါသည်။

မောင်တော ကမ္ဘောဇဘဏ်၏ မန်နေဂျာသည် အမျိုးသားလွှတ်တော်အမတ်ဟောင်း ဦးသာခင်၏ သမီးဖြစ်သည်။ လွှတ်တော်အမတ်ဟောင်း၏ သမီးဟူသော အာဏာကိုပြ၍ ဒေသခံရိုဟင်ဂျာများ၏ တရားဝင်အပ်နှံထားငွေများကို မသမာသောနည်းလမ်းဖြင့် သိမ်းပိုက်ရန် ကြံစည်နေခြင်းသာ ဖြစ်သည်ဟု မောင်တော လုပ်ငန်းရှင်တစ်ဦးက သုံးသပ်ပြောဆိုနေသည်။
အကယ်၍ ဒေသခံများ အပ်နှံထားငွေများကို သိမ်းပိုက်ရန် ကြံစည်မှု မရှိခဲ့လျှင် NVC ရှိမှ ဘဏ်လုပ်ငန်းများ ဆောင်ရွက်နိုင်မည်ဟု ကြိုတင်ကြော်ငြာသင့်ကြောင်း အဆိုပါ လုပ်ငန်းရှင်က ပြောသည်။

"ကျွန်တော်ကတော့ နှစ်ရက်လောက် စောင့်ကြည့်မယ်။ ကျွန်တော့်ငွေတွေ NVC အကြောင်းပြပြီး ထုတ်မပေးရအောင် သူတို့က လ.ဝ.က လည်းမဟုတ်ဘူး။ နှစ်ရက်အတွင်း ထုတ်မပေးဘူးဆိုရင် မန်နေဂျာကို ဥပဒေကြောင်းအရ တရားစွဲဖို့ စဉ်းစားထားတယ်" ဟု ဦးအောင်ခင်က ပြောပါသည်။




MYARF
RB News
26.2.2017

တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့၊ ရေတွင်းပြင်ရွာမှ နွားတစ်ကောင်ကို စစ်သားများက ဖမ်းဆီးသွားပြီး ပိုင်ရှင်ထံမှ ငွေညှစ်ခဲ့ကြောင်း သတင်းရရှိပါသည်။ 

မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့၊ ရေတွင်းပြင်ကျေးရွာအုပ်စု၊ ဂုံးနားရွာတွင် ယာယီစခန်းချနေထိုင်နေသည့် စစ်သားများသည် ဖေဖော်ဝါရီလ (၂၄) ရက်နေ့တွင် ယင်းရွာမှ ဦးမာမတ်ဆော်လာမ် (ဘ) ဦးကာလူ၏ နွားတစ်ကောင်ကို စားကျက်တစ်နေရာမှ ဖမ်းယူသွားခဲ့သည်။ 

ပိုင်ရှင်ဖြစ်သူက စစ်သားများ ယာယီစခန်းချထားသည့် နေရာသို့ လိုက်သွား၍ နွားကို ပြန်တောင်းရာ စစ်သားများက ငွေကျပ် ငါးသောင်း တောင်းခံခဲ့သည်။ ၎င်းက ငွေပေးရန် ငြင်းဆန်သောအခါ စစ်သားများက ငွေမပေးလျှင် နွားကိုသတ်၍ စားပစ်မည်ဟု ခြိမ်းခြောက်သဖြင့် နောက်ဆုံးတွင် ငွေကျပ် ငါးသိန်း တန်ဖိုးရှိသည့် နွားကို ဆုံးရှုံးမခံနိုင်သောကြောင့် ငွေကျပ် ငါးသောင်း ပေး၍ နွားကို ရွေးယူခဲ့ရကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။ 

အဆိုပါ စစ်သားများသည် လယ်ကွင်း၊ စားကျက် စသည်နေရာများမှ ဆိတ်များ၊ နွားများ ဖမ်းဆီးသွားပြီး မကြာခဏ ငွေညှစ်လျက် ရှိကြောင်း၊ တစ်ခါတစ်ရံ ဆိတ်၊ ကြက်၊ ဘဲများ ဖမ်း၍ စားသုံးလိုက်ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရှိရသည်။




Rohingya Eye
RB News
26.2.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် နယ်မြေ (၆) နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ နယ်ခြားစောင့်ရဲများသည် ကျီးကန်းပြင်ရွာမှ ဆိတ်တစ်ကောင်ကို လုယက် ယူဆောင်သွားကြောင်း သတင်းရရှိပါသည်။

ဖေဖော်ဝါရီလ (၂၁) ရက်နေ့ နေ့လည် ၁၂ နာရီ အချိန်တွင် နယ်မြေ (၆) မှ နယ်ခြားစောင့်ရဲများသည် မောင်တော - ကြိမ်ချောင်း လမ်းမပေါ်မှ သွားနေစဉ် ကျီးကန်းပြင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်း၏ တောင်ဘက်တွင် ဆိတ်များ အစာစားနေသည်ကို မြင်တွေ့ပြီး ကားကို ရပ်တန့်ကာ ကာလတန်ဖိုးငွေကျပ် ၇ သောင်းရှိ ဆိတ်တစ်ကောင်ကို ဖမ်းဆီးပြီး ကားပေါ်သို့ တင်ကာ ယူဆောင်သွားကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။

နယ်ခြားစောင့်ရဲများ ယူဆောင်သွားသည့် ဆိတ်၏ ပိုင်ရှင်မှာ ဒေါ်မာရီယမ် (ဘ) ဦးနူရ်အလီ (အသက် ၃၂ နှစ်) ဖြစ်ကြောင်း၊ ၎င်းသည် ကလေး ၃ ဦး၏ မိခင်ဖြစ်ပြီး၊ ခင်ပွန်းဖြစ်သူမှာ မလေးရှားနိုင်ငံတွင် လူဝင်မှုကြီးကြပ်ရေး ဥပဒေဖြင့် ဖမ်းဆီးခံထားရသဖြင့် အစ်ကိုဖြစ်သူမှ ကျွေးမွေး စောင့်ရှောက်ခံထားသူ ဖြစ်ကြောင်း၊ ဆင်းရဲနွမ်းပါးသူတစ်ဦး ထံမှ ယခုကဲ့သို့ လုယက်သွားသည့် အတွက် အလွန်ပင် စိတ်ဆိုးနေသည်ဟု အဆိုပါ ဒေသခံကပြောပါသည်။

“နယ်ခြားစောင့်ရဲတွေက ပြည်သူတွေရဲ့ အသက်အိုးအိမ်ကို ကာကွယ်စောင့်ရှောက်သူတွေ မဟုတ်ဘဲ လိုင်စင်ရ ဓါးပြတွေ၊ သူခိုးတွေလို ဖြစ်နေတယ်” ဟု ၎င်းက ပြောသည်။




၁၉၄၅ ခုနှစ်တွင် Akyab Island ၌ ရိုက်ကူးထားသည့်ပုံ (ဓါတ်ပုံ - villagehistorypics)


ရွတ်ထားတဲ့ လိပ်စာက

ရေးသားသူ - မိုးသင်းဝေဇံ
RB ကဗျာ
25.2.2017

(၁)

အရှေ့ စူးစူးဘက်သို့ ..
ဝင်ခွင့်မပြုတဲ့ သိစိတ်တွေက ကြိုလင့်နေတယ်
အရေပြားပေါ်က ဘာသာစကားက ဖြတ်သန်းခွင့်မပြုဘူး နံနက်ရယ်
မပိုင်ဆိုင်တော့တဲ့ အရွယ်လွန်လိုခြင်းက
တို့ မြို့လေးရဲ့  ကမ်းထိပ်မှာ..
Akyab တဲ့

ထင်းရှာတဲ့ မြို့အနောက်ဘက်က ကလေးတွေက ဒီကမ်းခြေတွေမှာ ရှိခဲ့ဖူးတယ်..
အဝါရောင်ယန္တရာကြီးတွေ၊ တူချက်တွေအောက်မှာ အမှုန့်ဖြစ်သွားရတဲ့ ဘုရားကျောင်းတွေက ဝတ်ပြုသံတွေ..
မြစ်ရဲ့ ကြမ်းပြင်အောက်မှာ..
မြို့လယ်ရဲ့ ကတ္တရာလမ်းမပေါ်မှာ
ကလေးရဲ့ ဦးနှောက်ဟာ
ဆတ်ဆတ်ခုန်လို့ သူ့ အမေကို လိုက်ရှာနေတယ်..

ပိုက်သည်ရပ်ကွက်က အဘွားအိုဟာ
ကျမ်းစာကိုရင်ထဲပွေ့ဖက်လို့ ..

မီးခိုးတွေအူပြီး အပွတ်လိုက်ထွက်ခဲ့ဖူးတဲ့ စက်ရုံတွေ
မြို့ရဲ့ မြောက်ဘက်လွင်ပြင်မှာ အချိန်တွေကို ရပ်တန့်လို့ ..

ရွတ်ထားတဲ့ လိပ်စာက အရှေ့စူးစူးဘက်..
သိုဝှက်နေတယ်…

(၂)

မပြီးပြတ်သေးတဲ့ အက်ဆေးဟာ တို့မြို့လေးအကြောင်းပေါ့
ရထားလမ်းကြောင်းဟာ ပြည်တော်သာ၊ဘုမေ၊ရေချမ်းပြင်ဆီ ဖြတ်သန်းသွားတယ် မဆုံးလိုက်ဘူး
သဲချောင်းက စီးဝင်လာတဲ့ ချောင်းဟာ
လမ်းခုလပ် မြေဖို့ခံလိုက်ရတယ်
မဆုံးလိုက်ဘူး
လက်တစ်ဖက်စာ မပြည့်တဲ့ ရှေးဟောင်းဘုရားကျောင်းတွေ
၂၀၁၂ မှာ ရေတွက်လို့ မရတဲ့ အမှုန့်တွေ ဖြစ်သွားတယ်
စစ်တွေကို ကျတဲ့ လောင်မီးဟာ
ဘဂ္ဂဒက်လို ကင်မရာရဲ့ မှန်ဘီးလူးမှာ
မီးခိုးငွေ့တွေ အပြည့်
ကင်မရဲ့ မှန်ဘီးလူးမှာ အနီရောင်တွေ အပြည့်..

မပြီးပြတ်သေးတဲ့ အက်ဆေး တို့မြို့လေးအကြောင်းပေါ့
နွေဦးရောက်ရင် လက်ပံပွင့်တွေနဲ့ အတူမြင်ရတဲ့ ရေခဲချောင်းသည်တွေ
ကာကီရောင် ဖော့ဦးထုတ်နဲ့ အပြိုင်အဆိုင်
လမ်းပေါ်က ဆန်ကွဲတွေကို ကောက်ယူနေတဲ့ ကြေးနီရောင်ကလေးတွေ
ကမ်းနားလမ်းမှာ အပြိုင်အဆိုင် ယဉ်ကျေးမှု သုံးရောင်ခြယ်တဲ့ ရူပတောင်မှာ
တရုတ်မုန့်တွေ ဒီအချိန်ဆို လှမ်းထားတယ်
မဆလာနံ့ဟာ ညနေဆို
ဗီဒီယိုရုံတွေရဲ့ အော်သံတွေနဲ့ အတူတူ သင်းလို့
စစ်တွေကို ကျတဲ့ လောင်မီးဟာ
ထရိုင်လို သတင်းထောက်ရဲ့ မှတ်စုစာအုပ်မှာ
အရေအတွက်တွေ အပြည့်
ကျဆုံးနေတဲ့ သူတွေအပြည့်..

(၃)

ရွတ်ထားတဲ့ လိပ်စာဟာ တို့မြို့လေးနဲ့တူပါရဲ့
ဒါ တို့မြို့မဟုတ်ဘူး
တလင်းပြင်လို့ မြို့တော်ရဲ့ အလယ်တစ်ခြမ်းဟာ မှောင်မည်းနေတယ်
မြို့ဟာ လူအိုရုံရဲ့ညလို…
သက်ပြင်းသံ တရှဲရှဲနဲ့…..

ရွတ်ထားတဲ့ လိပ်စာဟာ တို့မြိ့လေးနဲ့တူပါရဲ့
ဒါ တို့မြို့မဟုတ်ဘူး...။

#မိုးသင်းဝေဇံ

RB News
25.2.2017

တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့၊ လိပ်ရကျေးရွာရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်း ခြံစည်းရိုး ကာရံရာတွင် ကလေးငယ်များကိုပါ ခေါ်ယူ၍ အတင်းအဓမ္မ ခိုင်းစေလျက်ရှိကြောင်း သတင်းရရှိပါသည်။

တောင်ပြိုလက်ဝဲမြို့၊ လိပ်ရကျေးရွာအုပ်စုသည် အရှေ့ရွာ၊ အနောက်ရွာ၊ တောင်ရွာနှင့် မြောက်ရွာဟူ၍ ရွာသိမ်ရွာငယ် ၄ ရွာ ပါဝင်သည် ကျေးရွာအုပ်စုဖြစ်ပြီး ရွာသားအများစုမှာ ဆင်းရဲနွမ်းပါးသူများ ဖြစ်ကြသည်။ 

ယင်းကျေးရွာအုပ်စုသည် အမှတ် (၄) နယ်မြေ၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်း အခြေစိုက်ရာ ကျေးရွာအုပ်စုတစ်စု ဖြစ်သည်။ ယခုအခါ နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းကို သံဆူးကြိုး၊ အုတ်တံတိုင်းတို့ဖြင့် ကာရံလျက်ရှိသည်။ 

ထိုသို့ ကာရံရာတွင် ဖေဖော်ဝါရီလ (၂၃) ရက်နေ့မှစ၍ ယင်းကျေးရွာမှ ရွာသား ၄၀ ဦးကို နေ့စဉ်ခေါ်ယူ၍ အတင်းအဓမ္မ လုပ်အားပေးခိုင်းလျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောသည်။ လုပ်အားပေးခိုင်းရာတွင် ကလေးငယ်များကို အထူးသဖြင့် ပစ်မှတ်ထား ခေါ်ယူ၍ ခိုင်းစေလျက်ရှိကြောင်း ဒေသခံများ၏ ပြောကြားချက်များ အရ သိရှိရသည်။ 

ကလေးငယ်များကို ပစ်မှတ်ထား ခေါ်ယူပြီး ခိုင်းစေနေခြင်းမှာ မိဘများစိတ်ထိခိုက်ပြီး နိုင်ငံတွင်းမှ ထွက်သွားရန် ရည်ရွယ်ချက်ဖြင့် ဖြစ်နိုင်သည်ဟု ဒေသခံများက သုံးသပ်နေကြသည်။ 

လိပ်ရကျေးရွာအုပ်စု တာဝန်ခံဖြစ်သူ ဦးဆွေတာလောမ် (ဘ) ဦးအလီအာမတ်သည် လိပ်ရကျေးရွာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ ရဲမှူးနှင့် စိတ်ကြွဆေးပြား မှောင်ခိုလုပ်ငန်းတွင် ဆက်စပ်လုပ်ကိုင်နေသူ ဖြစ်သဖြင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့၏ အလိုကျ ပြည်သူများကို အတင်းအဓမ္မ ခိုင်းစေရာတွင် ပါဝင်နေသည်ဟု ဒေသခံများက ပြောပါသည်။ 

အတင်းအဓမ္မ ခိုင်းစေခံနေရသူအချို့မှာ --

(၁) ဇာဖောရ် (ဘ) ဦးဇော်ကော်ရီယာ (အသက် ၁၂ နှစ်)
(၂) ဆော်လိမ် (ဘ) ဦးဇော်ကော်ရီယာ (အသက် ၁၀ နှစ်)
(၃) ရော်ရှိတ် (အသက် ၁၂ နှစ်)
(၄) ဒိလ်ဒါရ် (ဘ) ဦးမုစ်တာမတ် (အသက် ၉ နှစ်)
(၅) နုရ်အာမီးန် (ဘ) ဦးအာမတ် (အသက် ၁၄ နှစ်)
(၆) ရှားအာလောမ် (ဘ) ဦးဇာဖောရ် (အသက် ၁၃ နှစ်) 
(၇) ဦးဘော်ကော်ရ် (ဘ) ဦးအဒူကာဒိရ် (အသက် ၇၀ နှစ်) 
(၈) ဦးရှော်ဘီ (ဘ) ဦးဝါဒါလီ -- တို့ဖြစ်ကြသည်။




RB News
25.2.2017

တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ တောင်ပြိုလက်ဝဲမြို့နယ် ဇီးပင်ချောင်း အခြေစိုက် နယ်ခြားစောင့်ရဲများက ဒေသခံနှစ်ဦး၏ အိမ်များထဲသို့ ဧည့်စာရင်းစစ်မည့် ပုံစံဖြင့် ၀င်ရောက်၍ ဖုန်းများထဲသို့ ဘင်္ဂလားဆင်းမ်ကဒ်များ လဲထည့်ကာ လုပ်ကြံဖမ်းဆီး ငွေညှစ်ခဲ့ကြောင်း သတင်းရရှိပါသည်။ 

ယနေ့ ဖေဖော်ဝါရီလ (၂၅) ရက်နေ့ နံနက် ၁ နာရီခွဲ အချိန်တွင် တောင်ပြိုလက်ဝဲမြို့၊ ဇီးပင်ချောင်း အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းမှ နယ်ခြားစောင့်ရဲ ၁၀ ဦးသည် ဇီးပင်ချောင်းကျေးရွာအုပ်စု၊ ချောင်းကုလားရွာသို့ လာရောက်၍ ယင်းကျေးရွာမှ ဦးမာမတ်အလီ (ဘ) ဦးအလီဟူဆောင်း၏ နေအိမ်ထဲသို့ ဧည့်စာရင်း စစ်ဆေးမည့် ပုံစံဖြင့် ၀င်ရောက်၍ ဦးမာမတ်အလီ MPT Sim Card ဖြင့်သုံးနေသည့် ဖုန်းကိုယူပြီး နယ်ခြားစောင့်ရဲများက ၎င်းတို့နှင့်အတူ အသင့်ပါရှိသော Bangla Sim Card ကို ဖုန်းထဲသို့ထည့်၍ လုပ်ကြံဖမ်းဆီးခဲ့သည်။ 

ထို့နောက် ယင်းကျေးရွာမှ ဦးရာဟမတ်အူလ္လာ (ဘ) ဦးဟူဆောင်းအာမတ်၏ နေအိမ်ထဲသို့ အလားတူ ပုံစံဖြင့် ၀င်ရောက်၍ MPT Sim Card ပါ ဖုန်းနှစ်လုံးထဲသို့ Bangla Sim Card နှစ်ခုထည့်ပေးကာ ဦးရာဟမတ်အူလ္လာ ကို ဖမ်းဆီး၍ ခေါ်ဆာင်သွားခဲ့သည်။ 

နံနက်ပိုင်းတွင် ဦးမာမတ်အလီ ထံမှ ငွေကျပ် ၆ သိန်း၊ ဦးရာဟမတ်အူလ္လာ ထံမှ ငွေကျပ် ၁၂ သိန်း ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။ ၎င်းတို့နှစ်ဦးကို ဖမ်းဆီးငွေညှစ်ရာတွင် တပ်ကြပ်ဇော်ဇော်ဦးလည်း ပါဝင်ခဲ့ကြောင်း သိရှိရသည်။ 

ပြည်သူ့လွှတ်တော်တွင် ဘင်္ဂလားဆင်းမ်ကဒ် သုံးသူများကို ဖမ်းဆီး အရေးယူရန် အဆိုတင်သွင်းပြီးနောက် ယခုအခါ နယ်ခြားစောင့်ရဲများက ယခင်ကဲ့သို့ ဘင်္ဂလားဆင်းမ်ကဒ်များ ထည့်သွင်းပေး၍ လုပ်ကြံ ဖမ်းဆီးကာ ငွေညှစ်နေခြင်း ဖြစ်သည်။ 




MYARF
RB News
25.2.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်ရှိ ဒေသခံရိုဟင်ဂျာများကို အာဏာပိုင်များက NVC ကိုင်ဆောင်ရန် နည်းမျိုးစုံဖြင့် ဖိအားပေးလျက် ရှိကြောင်း သတင်းရရှိပါသည်။

ဖေဖော်ဝါရီလ (၂၀) ရက်နေ့ နံနက်ပိုင်းတွင် မောင်တောခရိုင်၊ မြင်းလွတ်မြို့၊ အင်းဒင်ကျေးရွာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ စခန်းမှူးနှင့် မ.က.ဖ အဖွဲ့သည် ယင်းကျေးရွာမှ ဒေသခံရိုဟင်ဂျာများကို နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းသို့ ဆင့်ခေါ်၍ အစည်းအဝေး တစ်ရပ်ကျင်းပခဲ့သည်။ အစည်းအဝေးတွင် မ.က.ဖ အဖွဲ့က ရွာသားများအနေဖြင့် NVC ကိုလက်ခံရမည် ဖြစ်ကြောင်း၊ အကယ်၍ လက်မခံပါက အသွားအလာ ပိတ်ပင်သွားမည် ဖြစ်ကြောင်း၊ ပင်လယ်ပြင်တွင် ငါးဖမ်းခွင့်ကိုလည်း ပိတ်ပင်သွားမည် ဖြစ်ကြောင်း၊ နယ်ခြားစောင့်ရဲများက ရွာထဲသို့ ဆင်း၍ NVC လက်မခံသူများကို ဖမ်းဆီးအရေးယူသွားမည်ဟု ခြိမ်းခြောက်ခဲ့သည်။

ဖေဖော်ဝါရီလ (၁၉) ရက်နေ့တွင်လည်း အလယ်သံကျော်ရှိ မ.က.ဖ ဦးစီးကလည်း ရွာသားအချို့ကို အတင်းအဓမ္မ NVC ထုတ်ပေးရန် ကြိုးစားခဲ့သည်။ NVC လက်မခံသည့် ရွာသားအချို့ကို ရိုက်နှက်ခဲ့ပြီး၊ အချို့ထံမှ ငွေညှစ်ခဲ့သည်။

ဖေဖော်ဝါရီလ (၂၀) ရက်နေ့ နံနက်ပိုင်းတွင်း ဥဒေါင်းကင်းစခန်းတွင် တာဝန်ကျနေသည့် နယ်ခြားစောင့်ရဲများနှင့် လ.၀.က များက လမ်းသွားလမ်းလာ ရိုဟင်ဂျာများကို NVC မပါသည့် အတွက်ဟု ဆိုကာ အသွားအလာ ပိတ်ခဲ့သည်။ နေ့လည်ပိုင်းတွင် ပြည်နယ်အစိုးရက ၁၄ ရက်ခွင့်ပြုသည်ဟု ဆိုကာ ၁၄ ရက်အတွင်း NVC လက်ခံယူရမည်၊ ၁၄ ရက်ကျော်လျှင် NVC မပါသူများကို သွားလာခွင့် ပြန်လည်ပိတ်ပင်မည်ဟု ပြောကြားခဲ့သည်။

အလားတူ မောင်တောမြောက်ပိုင်းရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းများကလည်း ရိုဟင်ဂျာများကို အသွားအလာ ပိတ်ပင်ခဲ့သည်။

တပ်ဦးချောင်း စခန်းမှ နယ်ခြားစောင့်ရဲများက NVC မပါသည့်အတွက်ဟု ဆိုကာ ရိုဟင်ဂျာလူငယ်နှစ်ဦးကို ရိုက်နှက်ခဲ့သည်။

ဖေဖော်ဝါရီလ (၁၈) ရက်နေ့တွင် မန်ကျည်းချောင်း စခန်းမှ ရဲမှူးက ဂေါ်ဒူသာရနှင့် တပ်ဦးချောင်း ကျေးရွာအုပ်စု၊ နူရူလ္လာရွာတွင် အစည်းအဝေးပြုလုပ်၍ ရွာသားများကို NVC လက်ခံယူရန် ခြိမ်းခြောက်ပြောဆိုခဲ့သည်။

ဖေဖော်ဝါရီလ (၂၁) ရက်နေ့တွင် ဥဒေါင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင်မောင်က ဆယ်အိမ်မှူး နှစ်ဦးကို ရိုက်နှက်၍ အတင်းအဓမ္မ NVC လက်ခံစေခဲ့သည်။

ဖေဖော်ဝါရီလ (၂၁) ရက်နေ့တွင် ဘူးသီးတောင်မြို့နယ် တောင်ပိုင်း ညောင်ချောင်း ကင်းစခန်းမှ နယ်ခြားစောင့်ရဲများနှင့် မ.က.ဖ များသည် ယင်းစခန်းပိုင် ကျေးရွာများမှ အုပ်ချုပ်ရေးအဖွဲ့များကို အစည်းအဝေး ခေါ်ယူပြီး NVC လက်ခံယူရန် ခြိမ်းခြောက်ခဲ့သည်။

ဖေဖော်ဝါရီလ (၂၂) ရက်နေ့တွင် ညောင်ချောင်း စခန်းမှ နယ်ခြားစောင့်ရဲများနှင့် မ.က.ဖ အဖွဲ့သည် ဘုရားပြင်အောင်ပ ကျေးရွာသို့ သွားရောက်၍ ရွာသားများကို ခြိမ်းခြောက်၍ NVC ထုတ်ပေးနိုင်ရန် ကြိုးစားခဲ့သည်။ အဆိုပါကျေးရွာတွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့နှင့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ကြီး တို့၏ တပည့်များဖြစ်သူ ဦးအီဆုပ် (ဘ) ဦးအဒူရှကူရ်နှင့် ဦးနုရ်မာမတ် (ခ) လှတင် တို့နှစ်ဦးက NVC လက်ခံခဲ့သော်လည်း ကျန်သည့် ရွာသားများက လက်မခံခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။

ဖေဖော်ဝါရီလ (၂၃) ရက်နေ့ နံနက်ပိုင်းတွင် မောင်တောမြို့နယ် မြောက်ပိုင်း၊ ခမောင်းဆိပ်မြို့နှင့် တမန်းသားကျေးရွာများတွင်လည်း နယ်ခြားစောင့်ရဲများနှင့် မ.က.ဖ အဖွဲ့တို့က ဒေသခံများကို NVC လက်ခံအောင် ခြိမ်းခြောက်မှု အမျိုးမျိုး ပြုလုပ်ခဲ့သည်။

ဖေဖော်ဝါရီလ (၂၄) ရက်နေ့တွင် မောင်တောမြို့နယ် မြောက်ပိုင်း ကြိမ်ချောင်း ကျေးရွာရှိ အထက်တန်းကျောင်းတွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုမည့် ကျောင်းသား/သူများ ဖြေဆိုခွင့်ကဒ်ပြား ထုတ်ယူရန် အတွက် အိမ်ထောင်စုစာရင်း၊ NVC တို့နှင့်တကွ လာရောက် ထုတ်ယူရန် ကြေညာထားခဲ့သည်။

ပညာရေးဌာနနှင့် လ.၀.က ဌာနတို့ သက်ဆိုင်ခြင်း မရှိသော်လည်း အစိုးရမှ ရိုဟင်ဂျာများကို NVC ကိုင်ရန် အတင်းအဓမ္မ ပြုလုပ်နေခြင်းတို့ကြောင့် ပညာရေးဌာနပါ ပူးပေါင်းဆောင်ရွက်လာသည်ကို တွေ့ရှိရသည်။

ကျောင်းသား/သူများ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုရန် အထောက်အထား မလိုအပ်သော်လည်း အာဏာပိုင်များက ရည်ရွယ်ချက်ရှိရှိဖြင့် NVC ကဒ်ကိုင်ဆောင်ရန် ဖိအားပေးခြင်းသာ ဖြစ်သည်ဟု ဒေသခံများက ဝေဖန်ပြောဆိုနေကြသည်။

အာဏာပိုင်များက ဖိအားပေးလျှင်လည်း ဒေသခံများက NVC ကိုင်ဆောင်ရန် ဆန္ဒမရှိကြောင်း၊ ခြိမ်းခြောက်လျှင်လည်း ကိုင်ဆောင်မည် မဟုတ်ကြောင်း၊ အစိုးရအနေဖြင့် နိုင်ငံသားအခွင့်အရေး အပြည့်အ၀ ပေးရန် ကြိုးစားသင့်ကြောင်း ပြောဆိုနေကြသည်။





Rohingya Eye
RB News
24.2.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြို့မကညင်တန်း ကျေးရွာအုပ်စု၊ မောင်နီရွာ အခြေစိုက် နယ်ခြားစောင့်ရဲနှင့် ရွာဥက္ကဌဟောင်းတို့ ပူးပေါင်း၍ ဆင်းရဲသည့် ရွာသားတစ်ဦးကို ဖမ်းဆီး၍ ငွေညှစ်ခဲ့ကြောင်း သတင်းရရှိပါသည်။ 

ဖေဖော်ဝါရီလ (၂၃) ရက်နေ့ ည ၉  နာရီတွင် မောင်တောမြို့နယ်၊ မြို့မကညင်တန်း ကျေးရွာအုပ်စု၊ မောင်နီရွာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းမှ တာဝန်ခံ ဒု-ရဲအုပ်မြင့်ကြူနှင့် ကျေးရွာ ဥက္ကဌဟောင်း ဦးမာမတ်ရော်ရှိတ် (အသက် ၄၀ နှစ်) တို့ပူးပေါင်း၍ မောင်နီရွာ အလယ်ပိုင်းတွင် နေထိုင်သူ ဦးအုစ်မာန်ဂေါ်နီ (ခ) မားတင်းန်ဂါး (ဘ) ဦးတူဖိုက်လ်အာမတ် (အသက် ၂၈ နှစ်) ၏ နေအိမ်သို့ သွားရောက်၍ ဦးအုစ်မာန်ဂေါ်နီ ကို ဖမ်းဆီးခဲ့သည်။ 

ဦးအုစ်မာန်ဂေါ်နီသည် တံငါးသည်ဘ၀ဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေသူ တစ်ဦး ဖြစ်ပြီး၊ အလွန်ဆင်းရဲ ချို့တဲ့သူ ဖြစ်သည်။ ၎င်း၏ နေအိမ်တွင် လောင်းကစားနေသည်ဟု လုပ်ကြံစွပ်စွဲ၍ ဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီး၊ ၎င်းကို ငွေကျပ် ၄ သိန်း ညှစ်ယူကာ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။ 

“ဒီနယ်ခြားစောင့်ရဲ တာဝန်ခံက န.စ.က လက်ထက်တုန်းကလည်း တစ်ခါတာဝန်ကျဖူးတယ်။ မာမတ်ရော်ရှိတ်နဲ့ ပေါင်းပြီး ရွာသားတွေ အများကြီးဆီက ငွေသိန်းရာချီ ညှစ်ခဲ့တယ်။ အခုလည်း သူတို့ အဲဒီအလုပ် ပြန်စနေတာပါ။ အဲဒါကြောင့် အခုလို အကျင့်ပျက် ၀န်ထမ်းတွေကို နိုင်ငံတော်က အရေးယူဖို့ တောင်းဆိုပါတယ်” ဟု အဆိုပါ ဒေသခံက ပြောပါသည်။ 



Rohingya Eye
RB News
24.2.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော် ကျေးရွာအုပ်စု၊ ဗျူဟာမှူးရွာမှ စစ်သား (၄) ဦးသည် မောင်တူလာရွာသို့ လာရောက်၍ ကြက်၊ ဘဲ၊ သီးနှံများနှင့် ထင်းများ လုယက် ယူဆောင်သွားကြောင်း သတင်းရရှိပါသည်။

ဖေဖော်ဝါရီလ (၂၁) ရက်နေ့တွင် မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော် ကျေးရွာအုပ်စု၊ ဗျူဟာမှူးရွာ အခြေစိုက် စစ်တပ်စခန်းမှ စစ်သား ၄ ဦးသည် နံနက် ၉ နာရီခွဲ အချိန်တွင် မောင်တူလာ အောက်ရွာသို့ ရောက်ရှိလာပြီး မော်လ၀ီအဒူလာမိန် (ဘ) ဦးဆွေယာဒ် (အသက် ၆၀ နှစ်) ၏ ခြံဝင်းအတွင်း ကျက်စားနေသည့် ဘဲ ၄ ကောင်နှင့် ကြက် ၁ ကောင်တို့ကို လေးခွဖြင့် ပစ်၍ ဖမ်းဆီးယူဆောင် သွားခဲ့သည်။

အလားတူ မာမူဒူလ္လာ (ဘ) ဦးအလီ (အသက် ၂၄ နှစ်) ၏ နေအိမ်ခြံဝင်းအတွင်းမှလည်း ကြက် ၄ ကောင်ကို ဖမ်းယူခဲ့သည့်အပြင် ဥဒေါင်းကျေးရွာမှ ထင်းရောင်းချရန် အဆိုပါရွာသို့ လာရောက်သူနှစ်ဦးထံမှ ထင်း ၁၀ စည်းကိုလည်း အတင်းအဓမ္မ လုယက် ယူဆောင်သွားကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

ယင်းကျေးရွာရှိ သီးနှံစိုက်ခင်းများမှလည်း ၎င်းတို့စိတ်ကြိုက် သီးနှံများကို ခူးယူသွားသည်ဟု ဒေသခံများက ပြောပါသည်။

“NVC နဲ့ ပတ်သက်ပြီး ရွာသားတွေကို ဖမ်းလိုက်၊ စစ်သားတွေက ရွာထဲမှာလာပြီး သောင်းကျန်းလိုက်၊ ဒါတွေကို သေချာစီမံကိန်းချပြီး လုပ်ဆောင်နေတာလို့ မြင်တယ်။ အခု မြောက်ပိုင်းမှာ တည်ငြိမ်အေးချမ်းလာတော့ တောင်ပိုင်းမှာလာပြီး ပြဿနာလာရှာနေတယ်။ သူတို့ရဲ့ လုပ်ရပ်တွေကို မခံနိုင်လို့ ရွာသားတွေက တုံ့ပြန်မယ်ဆိုရင် တုတ်၊ ဓါးတွေနဲ့ အကြမ်းဖက်နေတယ်ဆိုပြီး ညှဉ်းပန်းနှိပ်စက်နိုင်အောင် အကွက်ချနေတာ လို့လည်း မြင်တယ်။ ကျွန်တော်တို့က ဘာပြဿနာမှ မလိုလားဘူး။ အထက်အာဏာပိုင်တွေက အခုလို မတရားသဖြင့် လုပ်နေတာတွေကို စုံစမ်းစစ်ဆေးပြီး အရေးယူပေးဖို့သာ တောင်းဆိုပါတယ်” ဟု ဒေသခံတစ်ဦးက ပြောပါသည်။



ယျာတင် (ရိုဟင်းသား)
RB News
23.2.2017

နိုင်ငံသား မဟုတ်သူများ မြေယာပိုင်ဆိုင်ခွင့် မရှိစေဖို့ ဆိုပြီး ရခိုင်ပြည်နယ် လွှတ်တော်မှာ အဆိုတင်မယ် ဆိုတဲ့ သတင်းတစ်ပုဒ် ဖတ်လိုက်ရပါတယ်။ အဲ့ဒီသတင်းကို ဒီမှာ ဖတ်လို့ရပါတယ်။ https://goo.gl/e8zdXR

ဒီအဆိုဟာ ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာတွေ ပိုင်ဆိုင်နေတဲ့ လယ်ယာမြေတွေကို သိမ်းဆည်းဖို့ မတရား လုပ်ကြံနေမှု တစ်ခုပဲဆိုတာကို အသိဉာဏ်ရှိသူတိုင်း ရိပ်မိနေလောက်ပါပြီ။

ဒီတော့ ရိုဟင်ဂျာတွေ လယ်ယာမြေ ပိုင်ဆိုင်ခွင့်ရနေတာ ဘယ်တုန်းက စပြီးတော့လဲ။ မနေ့တစ်နေ့ကမှ လယ်ယာမြေ ပိုင်ဆိုင်လာနေတာလား။ ဒါမှမဟုတ် လွန်ခဲ့တဲ့ ဆယ်စုနှစ်ကလား။ ဒါမှမဟုတ် ရာစုနှစ်ချီပြီးကတည်းကလား။ ဒီအချက်တွေကို ကျနော်တို့ သေချာ သိဖို့လိုတယ်။ တကယ်တော့ ရိုဟင်ဂျာတွေ မနေ့တစ်နေ့ကမှပဲ လယ်ယာမြေပိုင်ဆိုင်လာတာ မဟုတ်ဘူး ဆိုတာတော့ သိပ်မှန်ကန်နေတဲ့ အချက် ဖြစ်ပါတယ်။

ပြောရရင် မြန်မာနိုင်ငံ လွှတ်လပ်ရေးရပြီးနောက် တက်လာတဲ့ ခေတ်အဆက်ဆက် မြန်မာအစိုးရတွေမှာ လယ်ယာမြေ ပိုင်ဆိုင်မှုဆိုင်ရာ ဥပဒေရှိခဲ့တယ်။ အဲ့ဒီဥပဒေမှာ နိုင်ငံခြားသားများ လယ်ယာမြေမပိုင်ဆိုင်ရ ဆိုတဲ့ ဥပဒေလည်း ပါခဲ့ပါတယ်။ ဒီတော့ အဲ့ဒီ ခေတ်အဆက်ဆက် အစိုးရတွေက ဘာကြောင့် ရိုဟင်ဂျာတွေကို လယ်ယာမြေပိုင်ဆိုင်ခွင့် ပြုခဲ့တာလဲ။ ရိုဟင်ဂျာတွေသာ နိုင်ငံခြားသား ဖြစ်ခဲ့ရင် ခေတ်အဆက်ဆက် အစိုးရတွေက ရိုဟင်ဂျာတွေရဲ့ လယ်ယာမြေတွေကို ဘာကြောင့် မသိမ်းဆည်းလိုက်ခဲ့တာလဲ။ စဉ်းစားတတ်ဖို့ လိုပါတယ်။

အခုမှလာပြီး နိုင်ငံသားမဟုတ်လို့ လယ်ယာမြေပိုင်ဆိုင်ခွင့်မရှိစေရဘူး ဆိုပြီး လွှတ်တော်မှာ အဆိုတင်မယ်ဆိုရင် အဲ့ဒီ နိုင်ငံသားမဟုတ်ဘူးဆိုတဲ့ လူတွေက ဘာကြောင့်  ရာစုနှစ်ချီပြီး လယ်ယာမြေတွေ ပိုင်ဆိုင်ခွင့်ရခဲ့တာလဲ။ ဒီမေးခွန်းကို ဖြေနိုင်မှသာ ရိုဟင်ဂျာတွေရဲ့ လယ်ယာမြေတွေကို သိမ်းဆည်းဖို့ လွှတ်တော်မှာ အဆိုတင်ပါ။

နိုင်ငံသားမဟုတ်သူများဆီက လယ်ယာမြေတွေ သိမ်းဆည်းပြီး လယ်ယာမဲ့နေတဲ့ နိုင်ငံသားများကို လုပ်ပိုင်ခွင့်ပေးမယ် ဆိုတာ ဘာသဘောလဲ။ ဘင်္ဂလားဒေ့ရှ် နိုင်ငံက မနေ့တနေ့ကမှ ဝင်လာတဲ့ ဗုဒ္ဓဘာသာဝင် ရခိုင်လူမျိုးတွေအတွက် ရည်ရွယ်ပြီး သိမ်းဆည်းချင်ဟန် ရှိပါတယ်။ ဒီတော့ ဘိုးစဉ်ဘောင်ဆက် ဒီနိုင်ငံထဲ နေလာတဲ့ ရိုဟင်ဂျာတွေက နိုင်ငံခြားသား ဖြစ်သွားပြီး မနေ့တနေ့ကမှ တစ်ဖက်နိုင်ငံက လူသိရှင်ကြား ဝင်လာတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား - ရခိုင်တွေက နိုင်ငံသား ဖြစ်သွားရောလား။ ဒဲ့ပဲပြောပါ။ အစ္စလာမ်ဘာသာကိုးကွယ်သူများဆီက လယ်ယာမြေတွေ သိမ်းဆည်းပြီး ဗုဒ္ဓဘာသာကိုးကွယ်နေသူများကို လွှဲပေးမယ်လို့ ဒဲ့သာပြောလိုက်ရင် ပိုမှန်ကန်ပါလိမ့်မယ်။

န.ဝ.တ အစိုးရက ရိုဟင်ဂျာပိုင် မြေယာတွေ အများကြီး သိမ်းဆည်းခဲ့တယ်။ အစိုးရ ရုံးခန်းတွေ ဆောက်ဖို့အတွက် သိမ်းခဲ့တာ ရှိတယ်။ န.တ.လ ကျေးရွာ တည်ပေးဖို့နဲ့ န.တ.လ တွေကို လုပ်ကိုင်စားသောက်စရာတွေ ဖန်တီးပေးဖို့ ရိုဟင်ဂျာပိုင် လယ်ယာမြေတွေ ဧကပေါင်း သိန်းနဲ့ချီ သိမ်းခဲ့တာ ရှိတယ်။ အစိုးရရဲ့ အခြား စီမံကိန်းတွေအတွက်လည်း သိမ်းဖူးတာ ရှိတယ်။ ဒါပေမယ့် အဲ့လို သိမ်းဆည်းခဲ့တာက အာဏာအားနဲ့ မတရားသိမ်းဆည်းခဲ့တာသာ ဖြစ်တယ်။

စိတ်ဝင်စားစရာတစ်ခုက အဲ့လိုမျိုး အာဏာအားနဲ့ သိမ်းဆည်းခဲ့တာတောင် န.ဝ.တ အစိုးရက စနစ်တကျ လုပ်ကြံ အကွက်ဆင်ပြီးမှ လယ်ယာမြေတွေကို သိမ်းဆည်းခဲ့တာပါပဲ။ ဥပမာ- သူတို့ သိမ်းချင်တဲ့ လယ်ယာမြေတွေကို Back Date နဲ့ စာရင်းပြုတယ်။ ဒီလယ်ယာမြေတွေကို မူလပိုင်ရှင်တွေက ဆယ်စုနှစ်အထိ စားကျက်မြေအဖြစ် အသုံးမပြုတာကြောင့် နိုင်ငံတော်ရဲ့ အကျိုးစီးပွားအတွက် နိုင်ငံတော်အစိုးရမှ မလွှဲမရှောင်သာ သိမ်းဆည်းလိုက်ရတာ ဖြစ်တယ်ဆိုတဲ့ ပုံစံမျိုးနဲ့ သေချာ အပင်ပန်းခံ လုပ်ကြံ စားရင်းပြုစုခဲ့ပြီးမှ သိမ်းဆည်းခဲ့တာဖြစ်တယ်။ 'ရိုဟင်ဂျာတွေ နိုင်ငံသား မဟုတ်လို့ သူတို့ရဲ့လယ်ယာမြေတွေ သိမ်းဆည်းခဲ့တာပါဆိုပြီး ဘယ်တုန်းကမှ အမိန့်စာ ထုတ်တာ မရှိခဲ့ဘူး။ သူတို့ လိုသလောက်ကိုပဲ အာဏာအားနဲ့ အထက်က ပြောပြသလို ပုံစံမျိုးနဲ့ လုပ်ကြံ စာရင်းပြုစုပြီးမှ လယ်ယာမြေတွေ သိမ်းခဲ့တာသာဖြစ်ပြီး ကျန်လယ်ယာမြေတွေကို မူလပိုင်ရှင်တွေ ဆက်လက်လုပ်ပိုင်ခွင့်ရခဲ့တာပါပဲ။

တကယ်လို့ ရိုဟင်ဂျာတွေသာ နိုင်ငံခြားသား ဖြစ်ခဲ့မယ်ဆိုရင် လယ်ယာမြေ သိမ်းခဲ့တာမှာ နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့ န.ဝ.တ အစိုးရက ရိုဟင်ဂျာတွေရဲ့ လယ်ယာမြေတွေကို တစ်ခုမကျန် သိမ်းပိုက်ခဲ့မှာ သိပ်သေချာနေတာပဲ။ ဒါပေမယ့် သူတို့ အဲ့လို မလုပ်ခဲ့ဘူး။ သူတို့မှာ အဲ့လို လုပ်ပိုင်ခွင့်လည်း မရှိခဲ့ဘူး။ ဘာကြောင့်လဲ။ အဖြေက ရှင်းပါတယ်။ ရိုဟင်ဂျာတွေ နိုင်ငံသားစစ်စစ် ဖြစ်လို့ပါပဲ။ ပြီးတော့ လယ်ယာမြေပိုင်ဆိုင်ရာ အထောက်အထား ပြည့်ပြည့်စုံစုံ ရှိနေလို့်ပါ။

အခု ရခိုင်ပြည်နယ် လွှတ်တော်မှာတင်မယ့် အဆိုဟာ ရိုဟင်ဂျာတွေကို မျိုးတုံးအောင် လုပ်နေတဲ့ လူအုပ်စုက သူတို့ရဲ့ မဟာစီမံကိန်း တစ်ခုကို အကောင်အထည်ဖော်ဖို့ ကြိုးစားနေတာပဲ ဖြစ်ပါတယ်။ လယ်ယာမြေအပေါ် မှီခိုပြီး လုပ်ကိုင်စားသောက် နေရတဲ့ ဌာနေရိုဟင်ဂျာတွေကို နိုင်ငံခြားသား ခေါင်းစဉ်တပ်ပြီး လမ်းဘေးဘဝသို့ ရောက်အောင် တွန်းချဖို့ အားထုတ်နေသူများဟာ အဓမ္မတရားကို ဦးထိပ်ထားတဲ့ လူလူချင်း နှိပ်စက်ညှဉ်းပန်းနိုင်ဖို့ စိတ်ကြီးဝင်နေတဲ့ လူ့မိစ္ဆာတွေပဲ ဖြစ်ပါတယ်။ စစ်အာဏာရှင် အစိုးရခေတ်မှာတောင် ဒီလောက်ထိ လူမဆန်တဲ့ လုပ်ရပ်မျိုး မလုပ်ခဲ့ဖူးဘူး။ အခုမှ ဒီမိုကရေစီ အစိုးရလို့ပြောနေတဲ့ ခေတ်မှာပဲ လူမျိုးစုတစ်ခုကို မတရား တိုက်နည်းအမျိုးမျိုးနဲ့ ဦးတည်တိုက်ခိုက်နေတာကတော့ အင်မတန် ရုပ်ဆိုးအကျည်းတန်ပါတယ်။ သူများရဲ့ လုပ်ကိုင်စားသောက်ရာ မှီခိုအားထားရာ ဘိုးဘွားပိုင် လယ်ယာမြေတွေကို အဓမ္မတရားနဲ့ သိမ်းပိုင်ချင်နေတာ လူဆန်ရဲ့လား။

တိုတိုနဲ့ လိုရင်းပြောရရင် ရိုဟင်ဂျာတွေ နိုင်ငံသားစစ်စစ်မို့လို့ နှစ်အတော်ကြာကြာ လယ်ယာမြေပိုင်ဆိုင်ခွင့် ရနေတာဖြစ်ပြီး အဲ့လို နိုင်ငံသားစစ်စစ်တွေရဲ့ မှီခိုအားထား စားသောက်စရာ စားကျက်တွေကို နိုင်ငံခြားသား ခေါင်းစဉ်နဲ့ သိမ်းဆည်းလိုက်ဖို့ ကြိုးစားနေတာတွေ ရပ်တန့်က ရပ်တန့်သင့်ပါကြောင်း တိုက်တွန်း တင်ပြလိုက်ရပါတယ်။




Saed Arkani
RB News
22.2.2017


စစ်တွေ ။ ။ ဖေဖော်ဝါရီလ (၁၇) ရက်နေ့ နေ့လည် ၃ နာရီအချိန်တွင် ဒု-သမ္မတ ဦးမြင့်ဆွေ ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့သည် ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ် သက္ကေပြင် ဒုက္ခသည် စခန်းသို့ သွားရောက်၍ ရိုဟင်ဂျာ ဒုက္ခသည်များနှင့် တွေ့ဆုံကာ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးနှင့် ပတ်သက်ပြီး အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

“ဦးမြင့်ဆွေက ငြိမ်းချမ်းရေး ဖော်ဆောင်ဖို့ အတွက် ဘယ်လို ဆောင်ရွက်သင့်လဲ ဆိုတာကို ပြောသွားတယ်။ သူက “ခင်ဗျားတို့ ကျွန်တော် ပြောနေတဲ့ ဘာသာစကားကို နားလည်လား” ဆိုပြီး စပြောတယ်၊ အဲဒါကလည်း ရိုဟင်ဂျာတွေက ပညာအရည်အချင်း နိမ့်တယ်လို့ ပြောချင်တဲ့ သဘောမျိုးနဲ့ ပြောသွားတာပါ။ ပြီးတော့ “ခင်ဗျားတို့ ဒီဒုက္ခသည်စခန်းတွေမှာ အေးအေးဆေးဆေး နေလို့ရတယ်၊ ခင်ဗျားတို့အတွက် ကျွန်တော်တို့ အစိုးရဖက်က နေအိမ်တွေ၊ စာသင်ကျောင်းတွေ၊ ဆေးရုံတွေ၊ ဘာသာရေး အဆောက်အဦတွေ ဆောက်ပေးသွားမှာပါ။ အဲဒါကြောင့် ပြည်ပအားကိုး ပုဆိန်ရိုး ဆိုသလို ပြည်ပက အော်သံတွေ နားမထောင်မိစေဖို့၊ မလိုက်နာမိစေဖို့ အရေးကြီးပါတယ်၊ မိမိနေထိုင်တဲ့ နိုင်ငံအစိုးရရဲ့ အမိန့်အာဏာကို လိုက်နာဖို့ လိုပါတယ်။ ခင်ဗျားတို့ NVC ကို လက်ခံလိုက်ပါ။ NVC နဲ့ အသွားအလာ လုပ်လို့ရမှာပါ။ အဲဒါကြောင့် ငြိမ်းချမ်းရေး ဖော်ဆောင်ဖို့ အဓိက သော့ချက်က NVC လက်ခံခြင်းသာ ဖြစ်တယ်။ မောင်တောမှာလည်း ကျွန်တော်တို့ရဲ့ ဆောင်ရွက်မှုကြောင့် အခြေအနေ တည်ငြိမ်လာပါပြီ၊ ညမထွက်ရ အမိန့်ကိုလည်း အဲဒီဒေသမှာ လျှော့ချလိုက်ပါပြီ” လို့ ပြောတယ်” ဟု စစ်တွေမြို့မှ ဒုက္ခသည် တစ်ဦးက ပြောပါသည်။ 

ရိုဟင်ဂျာဒုက္ခသည်များဖက်မှ ရိုဟင်ဂျာလူငယ်တစ်ဦးက ထ၍ “သမ္မတကြီးနဲ့ ကျွန်တော် လွတ်လွတ်လပ်လပ် ဆွေးနွေးလို့ရပါမလား” ဟု တောင်းဆိုရာ ဒု-သမ္မတ ဦးမြင့်ဆွေမှ ခွင့်ပြုချက် ပေးခဲ့သည်။

ရိုဟင်ဂျာလူငယ်က “ကျွန်တော်တို့ မြန်မာနိုင်ငံက ဒီမိုကရေစီ စနစ်နဲ့ အုပ်ချုပ်နေတဲ့ နိုင်ငံတစ်နိုင်ငံလို့ ပြောဆိုပေမယ့် ဒီမိုကရေစီ စနစ်အတိုင်း အုပ်ချုပ်မှု မရှိဘူး။ NLD က အာဏာရပါတီ ဖြစ်နေပေမယ့်လည်း ဘာသြဇာ အာဏာမှ မရှိပါဘူး။ ဒီမိုကရေစီကျကျ လုပ်ကိုင်လာတာနဲ့ အမျိုးမျိုးသော အဟန့်အတားတွေ ပေါ်လာတယ်။ မွတ်စလင်အရေး ဆောင်ရွက်လာရင် ၀ီရသူ၊ မ.ဘ.သ ၉၆၉ တွေ လမ်းမပေါ်ထွက်ပြီး မွတ်စလင် မုန်းတီးရေးတွေ ၀ါဒဖြန့်ကြပါတယ်။ ဒါပေမယ့် အဲဒီလူတွေကို ဖမ်းဆီး အရေးယူတာ မရှိပါဘူး။ တရားဥပဒေ မှေးမှိန်နေသလို ဖြစ်နေပါတယ်။ ရှေ့နေ ဦးကိုနီ လုပ်ကြံခံရမှုနဲ့ ပတ်သက်ပြီး နိုင်ငံတကာကရော ပြည်တွင်းကပါ ပြည်သူပြည်သား အားလုံး တရားခံကို ဖော်ထုတ်ပေးဖို့ အစိုးရကို တောင်းဆိုနေတယ်။ ဒါပေမယ့် တရားခံဖော်ထုတ်ဖို့ အတွက် အစိုးရက အဓိက အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။ ကျွန်တော်တို့ ရိုဟင်ဂျာအရေးကို ဆောင်ရွက်လာရင် ရခိုင်အစွန်းရောက်တွေက ကျွန်တော်တို့ ဒီနိုင်ငံမှာ မွေးဖွားလာတာ မဟုတ်ဘဲ၊ တစ်ဖက်နိုင်ငံက ခိုးဝင်လာသူတွေသာ ဖြစ်ပြီး၊ တိုင်းရင်းသား နိုင်ငံသား အဖြစ် လက်မခံရဘူးလို့ ထအော်ပါတယ်။ 

ဒါပေမယ့် ကျွန်တော်တို့ ရိုဟင်ဂျာတွေက ရှေးနှစ်ပေါင်းများစွာ ကတည်းက ဒီနိုင်ငံမှာ နေထိုင်လာကြတဲ့ တိုင်းရင်းသား နိုင်ငံသားတွေ ဖြစ်ကြောင်း သမိုင်းဆိုင်ရာ အထောက်အထားတွေ အများကြီး ရှိပါတယ်။ အဲဒါကြောင့် ကျွန်တော့် အနေနဲ့ သမ္မတကြီးကို အကြံပေးချင်တာက စားပွဲဝိုင်းတစ်ခုမှာ ရခိုင်နဲ့ ရိုဟင်ဂျာ နှစ်ဖက်စလုံးက သမိုင်းဆရာတွေ ဖိတ်ခေါ်ပြီး UN နဲ့ နိုင်ငံတကာ ကိုယ်စားလှယ်တွေ၊ နိုင်ငံတကာ မီဒီယာတွေ ရှေ့မှာ သမိုင်းအထောက်အထားနဲ့ တကွ ဖော်ထုတ်ကြပါ။ အကယ်၍ အဲဒီ စားပွဲဝိုင်းမှာ ကျွန်တော်တို့ ရိုဟင်ဂျာတွေဘက်က ဒီမြေဒီနေရာမှာ ရှေးနှစ်ပေါင်းများစွာ ကတည်းက နေထိုင်လာတဲ့ တိုင်းရင်းသား နိုင်ငံသား ဖြစ်ကြောင်း မဖော်ထုတ်နိုင်ဘူး ဆိုရင် ကျွန်တော်တို့ဟာ ခိုးဝင်လာသူများလို့ သတ်မှတ်ခံယူမှာ ဖြစ်ပါတယ်။ အကယ်၍ ဖော်ထုတ်နိုင်ရင် ကျွန်တော်တို့ကို ကျွန်တော်တို့ ရသင့်ရထိုက်တဲ့ အခွင့်အရေး ပေးရမှာ ဖြစ်ပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့က NVC နဲ့ ဘာမှ သက်ဆိုင်မှု မရှိပါဘူး။ လက်ခံနိုင်စရာ အကြောင်းလည်း မရှိဘူး” ဟု တင်ပြ ပြောဆိုခဲ့သည်။ 

ဒု-သမ္မတ ဦးမြင့်ဆွေက ပြန်လည် မပြောဆိုခဲ့သော်လည်း ကိုယ်စားလှယ် အဖွဲ့မှ တစ်ဦးက “ခင်ဗျား ပြောနေတာက နိုင်ငံရေးနဲ့ ဆိုင်သွားပြီ။ ကျွန်တော်တို့က ငြိမ်းချမ်းရေး ဖော်ဆောင်ရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ လာတာပါ။ ကျေးဇူးပြုပြီး အဲဒါတွေ မပြောပါနဲ့” ဟု တားမြစ်ခဲ့ကြောင်း သိရှိရသည်။ 

ရိုဟင်ဂျာလူငယ်က ဗမာဘာသာစကားဖြင့် တိုက်ရိုက်ပြောဆိုခဲ့ခြင်း ဖြစ်ပြီး၊ စကားပြန်မှ တဆင့် ပြောဆိုခဲ့ခြင်း မဟုတ်ကြောင်း တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သူ တစ်ဦးက ပြောပါသည်။ 

ဒု-သမ္မတ ဦးမြင့်ဆွေ ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့သည် နေ့လည် ၃း၄၀ နာရီ အချိန်တွင် သက္ကေပြင်ဒုက္ခသည်စခန်းမှ ပြန်လည် ထွက်ခွာသွားခဲ့သည်။ 




Rohingya Eye
RB News
21.2.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း၊ မြင်းလွတ်မြို့နယ်ခွဲမှ အသက် (၇) နှစ် အရွယ် ကလေးငယ်ကို ဒု-ရဲအုပ်တစ်ဦးက ဆိုင်ကယ်ဖြင့် တိုက်သွားပြီးနောက် ဆေးကုသစရိတ် ပေးမည်ဟု ဆိုကာ ယခုထိ မပေးသေးကြောင်း သတင်းရရှိပါသည်။

ဖေဖော်ဝါရီလ (၁၅) ရက်နေ့တွင် မောင်တောမြို့နယ် တောင်ပိုင်း မြင်းလွတ်မြို့နယ်ခွဲ၊ မော်ရီးခ်ချောင်းရွာမှ အသက် (၇) နှစ် အရွယ် အာရော်ဖ်အူလ္လာ (ဘ) ဦးဇိုက်တူ သည် နေ့လည် ၂ နာရီအချိန်တွင် နေအိမ်ရှေ့၌ မတ်တပ်ရပ်နေစဉ် ဟော်ရော်သိလ္လာရွာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းမှ တာဝန်ခံ ဒု-ရဲအုပ်က မော်တော်ဆိုင်ကယ်ဖြင့် တိုက်မိခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

အဆိုပါ ကလေးငယ်သည် ဆိုင်ကယ်ဖြင့် တိုက်မိမှုကြောင့် ဦးခေါင်းတွင် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး ဆေးကုသမှု ခံယူလျက် ရှိသည်။

ဆိုင်ကယ်ဖြင့် တိုက်ခဲ့သူ ဒု-ရဲအုပ်က ကလေးငယ်အတွက် ဆေးကုသစရိတ် ပေးမည်ဟု ပြောဆိုခဲ့သော်လည်း ယခုအချိန်ထိ ဆေးကုသစရိတ် တစ်ပြားတစ်ချပ်မှ ပေးခြင်း မရှိသေးကြောင်း ဒေသခံများက ပြောပါသည်။




Rohingya Eye
RB News
21.2.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း ကျောက်ပန္ဒူ ကျေးရွာအုပ်စုမှ ဒေသခံ ရိုဟင်ဂျာများ ပိုင်ဆိုင်သည့် လယ်မြေ (၁၈) ဧကခန့်ကို အာဏာပိုင်များက အနီရောင် အလံစိုက်ထူပြီး သိမ်းယူလိုက်ကြောင်း သတင်းရရှိပါသည်။

ဖေဖော်ဝါရီလ (၁၇) ရက်နေ့တွင် မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့သည် မောင်တောမြို့နယ် တောင်ပိုင်း ကျောက်ပန္ဒူ ကျေးရွာအုပ်စု၊ ရှီးထားလော့ခ်ခေါန်ရွာ၏ တောင်ဘက်ရှိ ဒေသခံ ရိုဟင်ဂျာများ ပိုင်ဆိုင်သော လယ်မြေ (၁၈) ဧကခန့်ကို တိုင်းတာ၍ အနီရောင် အလံစိုက်ထူခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။

အဆိုပါ လယ်မြေများပေါ်တွင် ဟိန္ဒူရွာတစ်ရွာ တည်ဆောက်ပေးနေကြောင်း သိရှိရသည်။

လယ်မြေသိမ်းဆည်းခံရသူ တစ်ဦးက “အခုလို စီးပွားရေး အကျပ်အတည်း ဖြစ်နေတဲ့ အချိန်ကာလမှာ ကျွန်တော်တို့ လုပ်ကိုင်စားသောက်နေတဲ့ လယ်မြေတွေ သိမ်းခံရတာက အစာရေစာ ငတ်ပြတ်ပြီး သေကြဆိုတဲ့ ပုံစံမျိုး လုပ်နေတာနဲ့ အတူတူပါပဲ” ဟု ပြောသည်။

လယ်မြေများ သိမ်းဆည်းခံရသူများနှင့် လယ်မြေဧက အရေအတွက်မှာ --

(၁) ဦးမူဘာရက်ခ် (ဘ) ဦးအေဇာရ်မျာ (အသက် ၅၀ နှစ်) - လယ်မြေဧက (၃) ဧက
(၂) ဦးအာဘူဘော်ကော်ရ်ဆိဒိတ် (အသက် ၄၅ နှစ်) - လယ်မြေဧက (၁) ဧက
(၃) ဦးဆွေယာဒူလ္လာ (ဘ) ဦးအဒူဇော်လိလ် (အသက် ၅၀ နှစ်) - လယ်မြေဧက (၄) ဧက
(၄) ဦးအဒူဆာလာမ် (ဘ) ဦးအီမာန်အလီ (အသက် ၅၅ နှစ်) - လယ်မြေဧက (၄) ဧက
(၅) ဦးအာဘူလ်ကာဆိမ်း (ဘ) ဦးဟာလာမျာ (အသက် ၄၅ နှစ်) - လယ်မြေဧက (၁) ဧက
(၆) ဦးဟာဘိအူလ္လာ (ဘ) ဦးဆွေယာဒူရာမာန် (အသက် ၄၀ နှစ်) - လယ်မြေဧက (၁) ဧက
(၇) ဗလီပိုင်မြေ (၁.၅) ဧက
(၈) ဦးဟာရှိမ်းမူလ္လာ (ဘ) ဦးဂေါ်နီမျာ (အသက် ၃၅ နှစ်) - လယ်မြေဧက (၂) ဧက -- တို့ဖြစ်သည်။




Rohingya Eye
RB News
21.2.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း၊ ကျောက်ပန္ဒူ ကျေးရွာအုပ်စု၊ ရွာကြီးရွာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းမှ နယ်ခြားစောင့်ရဲများနှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်သာအောင်နှင့် ပူးပေါင်း၍ ရွာသားများကို နည်းမျိုးစုံဖြင့် လုပ်ကြံစွပ်စွဲပြီး ငွေညှစ်လျက် ရှိကြောင်း သတင်းရရှိပါသည်။ 

ဖေဖော်ဝါရီလ (၅) ရက်နေ့တွင် ကျောက်ပန္ဒူ ကျေးရွာအုပ်စု၊ ရွာကြီးရွာ မှ ဒေါ်တော်ယူဘာခါတူ (ဘ) ဦးဆိဒိတ် (အသက် ၄၅ နှစ်) ကို နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းသို့ ဆင့်ခေါ်၍ ၎င်း၏ စတုတ္တမြောက် သားဖြစ်သူသည် တစ်ဖက်နိုင်ငံသို့ တရားမ၀င် သွားရောက်ခဲ့သည်ဟု နယ်ခြားစောင့်ရဲများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့က လုပ်ကြံ စွပ်စွဲကာ ငွေကျပ် ၁၀ သိန်း တောင်းခံခဲ့သည်။ ၎င်းက နောက်ဆုံးမတတ်သာတော့သဖြင့် ငွေကျပ် ၄ သိန်း ပေးမှ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။ 

အလားတူ ဖေဖော်ဝါရီလ (၁၇) ရက်နေ့တွင်လည်း စေတီရွာမှ ဦးအေနာမ်မူလ္လာ (ဘ) ဦးဆော်လူ (အသက် ၄၀ နှစ်) နှင့် ဦးအဒူရော်ဟိမ်း (ဘ) ဦးယူဆုဖ် (အသက် ၄၅ နှစ်) တို့၏ သားနှစ်ဦး အချင်းချင်း စကားများခဲ့သည်ကို အကြောင်းပြု၍ ၎င်းတို့ကို ကင်းစခန်းသို့ ဆင့်ခေါ်၍ ငွေကျပ် တစ်သိန်းစီ အတင်းအဓမ္မ ညှစ်ယူခဲ့သည်။ 

“ဒီကင်းစခန်းက ရွာသားတွေကို မညှာမတာ ဆက်ဆံနေတဲ့ ကင်းစခန်းတစ်ခုပါ၊ အပြစ်မဲ့ရွာသားတွေကို ဖမ်းဆီးပြီး အမျိုးမျိုး စွပ်စွဲတယ်၊ လိုင်စင်ရ ဓါးပြတွေ တောင်းသမျှ ငွေပေးနေရတယ်” ဟု ဒေသခံတစ်ဦးက ပြောပါသည်။ 




MYARF
RB News
21.2.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ကြိမ်ချောင်း တောင်ရွာမှ ငါးဖမ်းသမားများ ပြူးမချောင်းတွင် ငါးဖမ်းနေစဉ် နယ်ခြားစောင့်ရဲများက ဖမ်းဆီး၍ ရိုက်နှက်ပြီး ငါးဖမ်းပိုက်များနှင့် လှေတစ်စီး သိမ်းဆည်းလိုက်ကြောင်း သတင်းရရှိပါသည်။ 

ဖေဖော်ဝါရီလ (၁၉) ရက်နေ့တွင် မောင်တောမြို့နယ် မြောက်ပိုင်း၊ ကြိမ်ချောင်း တောင်ရွာမှ ငါးဖမ်းသမား (၁၀) ဦး၏ လှေငါးစီး (လှေတစ်စီးလျှင် လူနှစ်ဦးစီ) ဖြင့် ပြူးမချောင်း၌ ငါးဖမ်းနေစဉ် အထက်ပြူးမ ကျေးရွာ အခြေစိုက် နယ်ခြားစောင့်ရဲများက ခေါ်ယူ၍ “မင်းတို့ကို ငါးဖမ်းဖို့ ဘယ်သူက ခွင့်ပြုလဲ” ဟု ဆိုကာ ငါးဖမ်းသမား အချို့ကို ရိုက်နှက်ခဲ့သည့်အပြင် လှေများပေါ်ရှိ ငါးဖမ်းပိုက် (မျောပိုက်) များကို လှေတစ်စီးပေါ်သို့ ပြောင်းတင်ပြီးနောက် လှေ လေးစီးဖြင့် ငါးဖမ်းသမားများကို ပြန်လွှတ်လိုက်သည်။ ထို့နောက် ပိုက်များတင်ထားသည် လှေကို နယ်ခြားစောင့်ရဲများက စခန်းသို့ ယူဆောင်သွားခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

နယ်ခြားစောင့်ရဲများ သိမ်းယူသွားသည့် ငါးဖမ်းပိုက်များ၏ တန်ဖိုးမှာ ငွေကျပ် ဆယ်သိန်းကျော် ရှိပြီး၊ လှေ၏ တန်ဖိုးမှာ ငွေကျပ် သုံးသိန်းကျော် ရှိကြောင်း သိရှိရသည်။ 

ငါးဖမ်းပိုက်များ သိမ်းဆည်းခံရသည့် ပိုင်ရှင်များမှာ --

(၁) ဦးနူရ်ဆော်လာမ် (ဘ) ဦးဆူလေမန် (အသက် ၃၇ နှစ်)
(၂) ကော်ဘိရ်အာမတ် (ဘ) ဦးဖူးရုခ်အာမတ် (အသက် ၂၅ နှစ်)
(၃) ဒေါလိလ်အာမတ် (ဘ) ဦးဖူးရုခ်အာမတ် (အသက် ၁၈ နှစ်)
(၄) နူရ်လာမီးန် (ဘ) ဦးမာမတ်အီဆုပ် (အသက် ၁၆ နှစ်)
(၅) ဦးရော်ရှိဒူလ္လာ (ဘ) ဦးဆွေတာမတ် (အသက် ၃၀ နှစ်) -- တို့ဖြစ်ကြသည်။

ပိုင်ရှင်များနှင့် အတူ ငှားရမ်းထားသည့် အလုပ်သမား တစ်ဦးစီ ပါသည့် အတွက် လှေငါးစီး ငါးဖမ်းသမား ၁၀ ဦး ဖြစ်နေရခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောပါသည်။ 

နယ်ခြားစောင့်ရဲများ သိမ်းယူသွားသည့် လှေမှာ ဦးနူရ်ဆော်လာမ်၏ လှေဖြစ်သည်။ 



MYARF
RB News
21.2.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ ကျေးရွာများတွင် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ စုံစမ်းစစ်ဆေးရေး ကော်မရှင် ဥက္ကဌ ဒု-ဗိုလ်ချုပ်ကြီးအေးဝင်း က ဖမ်းဆီးခံထားရသူများ၏ မိသားစုဝင်များကို ဘူးသီးတောင် အကျဉ်းထောင်သို့ သွားရောက်၍ ထောင်ဝင်စာ တွေ့နိုင်သည်ဟု ပြောကြားခဲ့သော်လည်း NVC ကဒ်မရှိဟုဆိုကာ နယ်ခြားစောင့်ရဲများက သွားခွင့် မပေးကြောင်း သတင်းရရှိပါသည်။

မောင်တောမြို့နယ်ရှိ ကျေးရွာများတွင် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ စုံစမ်းစစ်ဆေးရေး ကော်မရှင် ဥက္ကဌ ဒု-ဗိုလ်ချုပ်ကြီးအေးဝင်း က ၂၀၁၆ ခုနှစ် အောက်တိုဘာလ (၉) ရက်နေ့ နောက်ပိုင်းတွင် ဖမ်းဆီးခံရပြီး၊ မိသားစုများက သတင်းမရ၊ သတင်းရသော်လည်း တွေ့ခွင့်မရ၊ ထောင်ဝင်စာ တွေ့ခွင့်မရေသော မိသားစုဝင်များကို ဘူးသီးတောင် အကျဉ်းထောင်သို့ သွားရောက် တွေ့ဆုံ၍ ထောင်ဝင်စာပို့နိုင်ကြောင်း၊ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် လ.၀.က များကိုလည်း ပြောထားပြီး ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ဒေသခံများက RB News သို့ပြောသည်။ 

ဖေဖော်ဝါရီလ (၂၀) ရက်နေ့က မောင်တောမြို့နယ် မြောက်ပိုင်းမှ ဖမ်းဆီးခံရသူများ၏ မိသားစုများက ဘူးသီးတောင် အကျဉ်းထောင်သို့ သွားရောက်ရန် သွားနေစဉ် ကျီးကန်းပြင်ရှိ အမှတ် (၁) နယ်ခြားစောင့် ကွပ်ကဲမှု ဌာနချုပ်မှ နယ်ခြားစောင့်ရဲများက ဆက်၍ သွားခွင့်မပြုခဲ့ကြောင်း၊ သွားနေသည့် ဒေသခံရိုဟင်ဂျာများက ဒု-ဗိုလ်ချုပ်ကြီးအေးဝင်း၏ ညွန်ကြားချက်အရ သွားနေခြင်းဖြစ်သည်ဟု ရှင်းပြသော်လည်း တာဝန်ကျ နယ်ခြားစောင့်ရဲများနှင့် မ.က.ဖ များက သမ္မတရုံး၏ အမိန့်အရ NVC မပါသူများကို သွားလာခွင့် ပိတ်ထားကြောင်း၊ ဒု-ဗိုလ်ချုပ်ကြီးအေးဝင်း ပြောလျှင်လည်း သွားခွင့်မပေးနိုင်ဟု ဆိုကာ အိမ်ပြန်ခိုင်းခဲ့ကြောင်း မောင်တောမြို့နယ် မြောက်ပိုင်းမှ ဖမ်းဆီးခံထားရသူတစ်ဦး၏ မိသားစုက ပြောပါသည်။ 




Rohingya Eye
RB News
20.2.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော် ကျေးရွာအုပ်စု၌ ကျင်းပခဲ့သည့် အစည်းအဝေးတွင် တက်ရောက်ရန် ပျက်ကွက်ခဲ့သည့် ရပ်မိရပ်ဖ အချို့ကို ဖမ်းဆီး၍ ခံဝန်ချက် လက်မှတ်ရေးထိုးခိုင်းခဲ့ကြောင်း သတင်းရရှိပါသည်။

ဖေဖော်ဝါရီလ (၁၉) ရက်နေ့တွင် မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော် ကျေးရွာတွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကွပ်ကဲရေးမှူး ရဲမှူးချုပ်သူရစန်းလွင် က NVC ကဒ်နှင့် ပတ်သက်၍ ရွာလူကြီးများအား အစည်း
အဝေးခေါ်ယူခဲ့ရာ အစည်းအဝေး မတက်ရောက်ခဲ့သူ (၅) ဦးကို ည (၆) နာရီ အချိန်တွင် နယ်မြေ (၇) မှ နယ်ခြားစောင့်ရဲများက ဖမ်းဆီးခေါ်ဆောင်သွားပြီး ချုပ်နှောင်ထားခဲ့သည်။

၎င်းတို့အား “အကယ်၍ NVC ကဒ်မယူလျှင် အောက်တိုဘာလ (၉) ရက်နေ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဌာနချုပ်အား တိုက်ခိုက်မှုတွင် ပါဝင်သည်ဟု အမှုဆွဲ၍ သေဒဏ်ပေးမည်” ဟု ခြိမ်းခြောက်အကျပ်ကိုင်ကာ ည (၈) နာရီ အချိန်တွင် နောင်တွင် အစည်းအဝေး ခေါ်ပါက တက်ရောက်မည်ဖြစ်ကြောင်း၊ NVC ကဒ်လည်း ယူမည်ဟု ခံဝန်လက်မှတ် ထိုးခိုင်း၍ (၂) ဦးကို ကျေးရွာအုပ်ချုပ်ရေးမှူး ရုံးမှ ပြန်လည် လွှတ်ပေးခဲ့သည်။

ည (၈) နာရီ အချိန်တွင် ပြန်လည်လွှတ်ပေးခဲ့သူ (၂) ဦးမှာ --

(၁) ဦးအာဇော်မ် (ဘ) ဦးဒေါလူ (အသက် ၄၅ နှစ်)
(၂) ဦးမော်စီအူဒီးန် -- တို့ဖြစ်သည်။

ကျန်သည့် (၃) ဦးကို ည (၁၁) နာရီအချိန်တွင် အထက်ပါ အတိုင်း ခံဝန်လက်မှတ် ယူ၍ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ရုံးမှ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။

ည (၁၁) နာရီ အချိန်တွင် ပြန်လည် လွှတ်ပေးခဲ့သူ (၃) ဦးမှာ --

(၁) ဦးရော်ရှိတ် (အသက် ၇၅ နှစ်)
(၂) ဦးဆွေဒူလ္လာ (ဘ) ဦးမော်ဂုလ်အာမတ် (အသက် ၅၂ နှစ်)
(၃) ဦးဆွေဒူလ္လာ (ခ) ဦးချစ်ဆွေဝင်း -- တို့ဖြစ်သည်။

ဖမ်းဆီးချုပ်နှောင်ခံရသူများတွင် အမျိုးသားမှတ်ပုံတင်ကဒ်ပြား (သုံးခေါက်ချိုး) ရှိသောကြောင့် NVC ကဒ်ကို ငြင်းဆန်ခဲ့သော်လည်း ဒေသခံအာဏာပိုင်များက လက်မခံခဲ့ကြောင်း သိရှိရသည်။

ထို့အပြင် မောင်တောမြို့နယ် မြောက်ပိုင်းမှ လိုင်းကားဆွဲနေသည့် ယာဉ်မောင်းများကို NVC ကဒ်မရှိသည့် ခရီးသည်များကို တင်ဆောင်ခြင်း မပြုရန်၊ အကယ်၍ တင်ဆောင်ပါက ကာယကံရှင်များကို အရေးမယူဘဲ ယာဉ်မောင်းများကိုသာ အရေးယူမည်ဟု နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဌာနချုပ်မှ ပြောဆိုခဲ့ကြောင်း ယာဉ်မောင်း တစ်ဦးထံမှ သိရှိရသည်။

နယ်စပ်ကုန်သည်ရေး အသင်း၏ အသင်းဝင်ကဒ်ပြားများကိုလည်း NVC ကဒ်ပါမှ သက်တမ်းတိုးနိုင်မည် ဖြစ်ပြီး၊ တစ်ဖက်နိုင်ငံသို့ သွားလိုလျှင်လည်း NVC ကဒ်ပါရမည်ဟု လ.၀.က မှာ ညွန်ကြားချက် ထုတ်ထားသောကြောင့် တစ်ဖက်နိုင်ငံသို့ သွားနေသူများ မရှိသလို၊ သက်တမ်းတိုးသူများလည်း မရှိဟု ဒေသခံများက ပြောပါသည်။

ဖေဖော်ဝါရီလ (၂၀) ရက်နေ့တွင် မောင်တောမြို့နယ် မြောက်ပိုင်း နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဌာနချုပ် စစ်ဆေးရေးဂိတ်၊ ရွှေဇားတံတား ကင်းစခန်း၊ မြို့မကညင်တန်း တံတားကင်းစခန်း၊ ပန်းတောပြင် တံတားကင်းစခန်း၊ ဂေါ်ဒူသာရတံတားကင်းစခန်းများမှ ဖြတ်သန်းသွားလာခွင့် ပိတ်ပင်လိုက်ကြောင်း၊ NVC ကဒ် ကိုင်ဆောင်လျှင် သွားလာခွင့်ပြုမည်ဟု ဒေသခံ အာဏာပိုင်များက ပြောဆိုနေကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရှိရသည်။

နေ့လည် ၁ နာရီခွဲ အချိန်တွင် အလယ်သံကျော် ကျေးရွာအုပ်စု၊ ဘော်ဒူးဖာရာရွာတွင် NVC ကဒ်ထုတ်ပေးနေသည့် အဖွဲ့ ကွင်းဆင်းလာသည့် အခါ ရွာသားများက NVC ကဒ် အတင်းအဓမ္မ ကိုင်ဆောင်ရန် ဖိအားပေးခံရမည်ကို စိုးရိမ်၍ ရွာမှ တိမ်းရှောင်သွားခဲ့သည်။ နောက်ဆုံးတွင် ယင်းရွာမှ မော်လ၀ီအဒူဇော်ဘော်ရ် (ဘ) ဦးအဒူမာလဲခ် (အသက် ၆၀ နှစ်) ကို နယ်ခြားစောင့်ရဲများက ဖမ်းဆီးခေါ်ဆောင် သွားခဲ့ကြောင်း သိရှိရသည်။

“ကျွန်တော်တို့ ရွာလူကြီးတွေကို ဖမ်းပြီးတော့ ရွာသူရွာသားတွေ ကြောက်သွားအောင် လုပ်နေတာပါ။ ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေ ဖြစ်တယ်။ ခိုးဝင်လာသူတွေ မဟုတ်တဲ့အတွက် NVC ကဒ်ကို လက်ခံမှာ မဟုတ်ဘူး” ဟု ဒေသခံတစ်ဦးက RB News သို့ပြောသည်။

အထက်ကမ်းပိုင်ကြီးရွာမှ ဦးဆွေယာဒ်ဒူလ္လာ (ဘ) ဦးမော်ဂုလ်အာမတ် ၏ ဇနီးကို ည (၈) နာရီအချိန်တွင် ဦးဆွေယာဒ်ဒူလ္လာ သွားရောက်၍ အဖမ်းခံသည့်အခါ ပြန်လည် လွှတ်ပေးခဲ့သည်။ ဦးဆွေယာဒ်ဒူလ္လာ ထံမှ ငွေကျပ် သုံးသိန်း ညှစ်ယူခဲ့ကြောင်း သိရှိရသည်။




MYARF
RB News
20.2.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှ ရိုဟင်ဂျာများကို ကျေးရွာတစ်ခုမှ တစ်ခုသို့ သွားလာခြင်းကို နယ်ခြားစောင့်ရဲတပ်ဖွဲ့က သမ္မတ အမိန့်အရဟုဆိုကာ ယနေ့မှစ၍ ပိတ်ပင်လိုက်ပြီ ဖြစ်သဖြင့် ဒေသခံရိုဟင်ဂျာများ အခက်အခဲမျိုးစုံ ကြုံတွေ့နေရကြောင်း သတင်းရရှိပါသည်။

မောင်တော တောင်ပိုင်းရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းများ အားလုံးနှင့် မောင်တော မြောက်ပိုင်းရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်း အချို့တို့က ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့၊ နံနက်ပိုင်းအချိန်မှစ၍ ဒေသခံရိုဟင်ဂျာများ၏ သွားလာရေးကို ပိတ်ပင်လိုက်ခြင်း ဖြစ်သည်။ NVC ကဒ် လက်မခံသောကြောင့် သမ္မတက ပိတ်ဆို့ခိုင်း၍ ပိတ်ဆို့နေခြင်း ဖြစ်သည်ဟု အဆိုပါ နယ်ခြားစောင့်ရဲများက ဒေသခံရိုဟင်ဂျာများကို ပြောသည်ဟု မောင်တော တောင်ပိုင်းမှ ဒေသခံတစ်ဦးက RB News သို့ပြောသည်။

"သူတို့ကတော့ NVC လက်မခံလို့ သမ္မတက ပိတ်ဆို့ခိုင်းတယ်လို့ ပြောတယ်။ မောင်တော တောင်ပိုင်းက လူတွေကတော့ မိမိကျေးရွာထဲမှာပဲ လုံးဝ ပိတ်မိနေတယ်။ ဘယ်မှ သွားလို့မရဘူး။ ဒီအခြေအနေအတိုင်းဆို လူတွေကတော့ တော်တော် ဒုက္ခရောက်မှာပဲ။ အထူးသဖြင့် တစ်နေ့ရှာ တစ်နေ့စားရတဲ့ ဆင်းရဲနွမ်းပါးသူတွေ၊ မြို့ပေါ်တက် ဆေးကုသမှု ခံယူရမယ့် လူနာတွေပေါ့။ ပြီးတော့ အလည်အပတ် ရောက်နေတဲ့ လူတွေကလည်း ပြန်သွားခွင့်မရဘဲ ပိတ်မိနေတယ်လေ။'' ဟု မောင်တော တောင်ပိုင်းမှ ဒေသခံက အခြေအနေကို ပြောပြသည်။

ဤကဲ့သို့ အကျပ်ကိုင်နေသော အနေအထားတွင် ဒေသခံရိုဟင်ဂျာများ၏ NVC အပေါ် သဘောထားက မည်သို့ ရှိပါသနည်း ဆိုသော မေးခွန်းကို အဆိုပါ ဒေသခံက ''လူတွေကတော့ ဘယ်အနေအထားမှာပဲ ဖြစ်ဖြစ် NVC လက်မခံချင်ဘူး။ အငတ်ဘေးနဲ့ သတ်သတ် လက်နက်နဲ့ သတ်သတ် အသေခံပြီးတော့ ဒီကဒ်ကို ဆန့်ကျင်နေမယ့် အနေအထားမှာ ရှိတယ်။'' ဆိုကာ အများစု၏ ဘဘောထားအမြင်ကို ပြောပြသည်။

မောင်တော မြောက်ပိုင်းတွင် အမှတ်(၁) နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဌာနချုပ် တစ်ခုတည်းမှ သွားလာခွင့် ပိတ်ပင်လိုက်ခြင်း ဖြစ်ပြီး ကျန်စခန်းများက ဖေဖော်ဝါရီလ (၂၁) ရက်နေ့မှစ၍ ပိတ်ဆို့ထားမည်ဖြစ်ကြောင်း မြောက်ပိုင်းမှ ဒေသခံတစ်ဦးက ပြောပါသည်။

"ဒီနေ့ကတော့ အသိပေးတာတဲ့။ မနက်ဖြန်ကစပြီးတော့ NVC ရှိမှ စခန်းဖြတ်လို့ရမယ် ပြောတယ်။''

မောင်တော အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်လေ့လာနေသူ တစ်ဦး၏ ပြောပြချက်အရ ဖေဖော်ဝါရီလ (၂၁) ရက်နေ့မှစ၍ နယ်ခြားစောင့် ရဲစခန်းတိုင်းတွင် လ.ဝ.က အဖွဲ့ရှိမည်ဖြစ်ကြောင်း၊ စခန်းဖြတ်ပြီး သွားလာရန် ရောက်ရှိလာသူမှန်သမျှကို ဖမ်းဆီး၍ NVC ကဒ်ကို အတင်းအဓမ္မ ထုတ်ပေးမည် ဖြစ်ကြောင်း သိရှိရပါသည်။

၎င်းက ဆက်လက်၍ "သမ္မတ အမိန့်နဲ့ ပိတ်တယ်ဆိုတော့ လွယ်လွယ်နဲ့တော့ ရပ်တန့်မယ် မထင်ဘူး။ တစ်ဖက်က လူတွေကလည်း NVC ဟာ သူတို့လို ဒီနိုင်ငံထဲ ဘိုးစဉ်ဘောင်ဆက် နေလာသူတွေနဲ့ ဘာမှ ဆိုင်မနေဘူးလို့ ခံယူကြတယ်။ ဒီတော့ အစိုးရက ဒီလိုမျိုး လူမဆန်တဲ့ အကျပ်ကိုင်မှုမျိုးနဲ့ ဆက်သွားမယ် ဆိုရင် လူတွေ ပေါက်ကွဲ လာနိုင်တယ်။ မတရားအသတ်ခံရတာထက် တုန့်ပြန်ပြီး အသေခံမှာပေါ့ဗျာ။ ဒီမိုကရေစီမှာ အတင်းအဓမ္မက မရှိဘူးလေ။ '' ဟုဆိုသည်။

မောင်တောမြို့ပေါ်တွင်လည်း ဆိုင်အတော်များများ ပိတ်ထားရကြောင်း၊ လူအသွားအလာ၊ ကားအသွားအလာလည်း အတော်နည်းပါးကြောင်း မြို့ခံတစ်ဦးက ပြောပြသည်။

နောက်ဆုံး သတင်းများအရ မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော် ကျေးရွာမှ ရိုဟင်ဂျာ ၂၈ ဦးကို စွပ်စွဲချက် အမျိုးမျိုးဖြင့် ဖမ်းဆီး၍ ညှဉ်းပန်းနှိပ်စက်၍ NVC ကို အဓမ္မထုတ်ပေးခဲ့ကြောင်း လူ့အခွင့်အရေး လှုပ်ရှားသူတစ်ဦးက ပြောပြပါသည်။




RB News
19.2.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော် ကျေးရွာအုပ်စု၊ အထက်ကမ်းပိုင်ကြီး ကျေးရွာမှ ရွာသားများကို NVC ကဒ်ယူရန် စည်းရုံး မပေးသည့် ဒေသခံတစ်ဦး၏ ဇနီးကို နယ်ခြားစောင့်ရဲများက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရရှိပါသည်။ 

မောင်တောမြို့နယ် တောင်ပိုင်း၊ အလယ်သံကျော် ကျေးရွာအုပ်ချုပ်ရေးမှူးရုံးသို့ ယနေ့ ဖေဖော်ဝါရီလ (၁၉) ရက်နေ့ နံနက်ပိုင်းတွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဌာနချုပ် ကွပ်ကွဲရေးမှူး ရဲမှူးချုပ်သူရစန်းလွင် ဦးဆောင်သည့် အဖွဲ့ ရောက်ရှိလာပြီး ရွာသားအချို့ကို ဆင့်ခေါ်၍ NVC ကဒ် လက်ခံရယူရန် စည်းရုံးခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

ထိုသို့ စည်းရုံးရာတွင် ခြိမ်းခြောက်မှုများလည်း ပါခဲ့သည်ဟု ဒေသခံများက ပြောပါသည်။ 

ထို့နောက် နံနက် ၁၁ နာရီခန့် အချိန်တွင် လ.၀.က မှ ၀န်ထမ်းများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ကျေးရွာ ရာအိမ်မှူးများက အလယ်သံကျော် ကျေးရွာအုပ်စု၊ ဈေးကုန်တန်းရွာသို့ သွားရောက်၍ တစ်အိမ်တက်တစ်အိမ်ဆင်း စနစ်ဖြင့် NVC ကဒ်များ ထုတ်ပေးခဲ့ရာ ရွာသားများ အားလုံးနီးပါး ရွာမှ တိမ်းရှောင်သွားခဲ့ကြောင်း သိရှိရပါသည်။ စာမဖတ်တတ်သည့် အမျိုးသမီးတစ်ဦး (အမည်စုံစမ်းဆဲ) ကို NVC ကဒ်ပြားသည် နိုင်ငံသားကဒ်သာ ဖြစ်သည်ဟု လိမ်ညာပြောဆို၍ စည်းရုံးခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။ 

“အဲဒါအပြင် အခြား မိသားစု ၃ စု ကိုလည်း ဦးဆွေယာဒ်ဒူလ္လာ ခေါ် ဦးမြင့်အောင် က စည်းရုံးပြီး NVC ကဒ်ယူဖို့ လက်မှတ်ထိုးထားတယ်လို့ သိရတယ်။ ဒါပေမယ့် အတည်ပြုလို့တော့ မရသေးဘူး။” ဟု အဆိုပါ ဒေသခံက ပြောပါသည်။ 

ဈေးကုန်တန်းရွာတွင် NVC ကဒ် လက်ခံမည့်သူ မရှိသည့်အတွက် နေ့လည် တစ်နာရီခွဲခန့်တွင် လ.၀.က နှင့်အဖွဲ့ ရွာမှ ထွက်ခွာသွားခဲ့သည်။ နေ့လည် ၂ နာရီကျော် အချိန်တွင် အလယ်သံကျော် ကျေးရွာအုပ်စု အထက်ကမ်းပိုင်ကြီး ရွာသို့ ၀င်ရောက်ခဲ့ပြီး၊ ယင်းရွာတွင်လည်း မည်သူတစ်ဦးတစ်ယောက်မှ NVC ကဒ် လက်ခံယူခြင်း မရှိခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များ အရ သိရှိရသည်။ 

“ရွာသားအချို့ကို အမျိုးမျိုး ခြိမ်းခြောက်တယ်။ အခု ငါးဖမ်းစက်လှေသမားတွေကို NVC မယူရင် ငါးဖမ်းခွင့် လုံးဝ မပေးတော့ဘူးလို့ အာဏာပိုင်တွေက ပြောနေတယ်” ဟု ဒေသခံတစ်ဦးက ပြောပါသည်။ 

အထက်ကမ်းပိုင်ကြီးရွာမှ ဦးဆွေယာဒ်ဒူလ္လာ (ဘ) ဦးမော်ဂုလ် ကို ယနေ့ ည ၆း၃၀ နာရီ အချိန်တွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းသို့ လာရောက်၍ ဆင့်ခေါ်ခြင်း ခံရသော်လည်း NVC ကဒ် အတွက် ရွာသားများကို စည်းရုံးပေးရမည်ကို စိုးရိမ်၍ မသွားခဲ့ကြောင်း သိရှိရသည်။ နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းသို့ မသွားသည့် အတွက်ဟု ဆိုကာ ည ၆း၃၀ နာရီကျော် အချိန်တွင် နယ်ခြားစောင့်ရဲ (၄) ဦးက ၎င်း၏ ဇနီးဖြစ်သူ ဒေါ်ဟာလေဇာ (ဘ) ဦးဇာဟိတ်ဟူဆောင်း ကို ဖမ်းဆီးခေါ်ဆောင် သွားကြောင်း ဒေသခံများက ပြောပါသည်။ 


Rohingya Eye
RB News
18.2.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှ ဒေသခံ ရိုဟင်ဂျာ ၄၀ ဦးကို ဘူးသီးတောင် အကျဉ်းထောင်တွင် မတရားသဖြင့် အကျဉ်းကျခံနေရသည့် မောင်နှမ၊ ဆွေမျိုးသားချင်းများနှင့် တွေ့ဆုံနိုင်ရန် စီစဉ်ပေးလျက် ရှိကြောင်း သတင်းရရှိပါသည်။ 

မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူး၏ ညွန်ကြားချက်ဖြင့် သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများက ဖေဖော်ဝါရီလ (၁၇) ရက်နေ့ ညနေ ၅ နာရီ အချိန်တွင် အမျိုးသမီး ၁၇ ဦး၊ အမျိုးသား ၂၃ ဦး တို့ကို မြို့နယ် အုပ်ချုပ်ရေးမှူးထံ အပ်နှံခဲ့သည်။ မြို့နယ် အုပ်ချုပ်ရေးမှူးက အဆိုပါ ဒေသခံ ၄၀ ဦး၏ စားဝတ်နေရေး အတွက် မြို့မကညင်တန်း အုပ်ချုပ်ရေးမှူး ဦးအဒူရာမန်ကို တာဝန်ပေးအပ်လိုက်သဖြင့် မောင်နီရွာရှိ မူလတန်းကျောင်းတွင် နေရာထိုင်ခင်း စီစဉ်ပေးထားပြီး၊ ရွသားများက စားသောက်ရေးအတွက် ကူညီဆောင်ရွက် ပေးကြောင်း ဒေသခံများက RB News သို့ပြောသည်။ 

အဆိုပါ ဒေသခံ ၄၀ ဦးကို ယနေ့ ဖေဖော်ဝါရီလ (၁၈) ရက်နေ့တွင် ဘူးသီးတောင်မြို့နယ် အကျဉ်းထောင်တွင် မတရားသဖြင့် အကျဉ်းကျခံနေရသည့် မောင်နှမ၊ ဆွေမျိုးသားချင်းများနှင့် တွေ့ဆုံနိုင်ရန် အတွက် သက်ဆိုင်ရာ အာဏာပိုင်များက ပို့ဆောင်ပေးမည် ဖြစ်ကြောင်း သိရှိရသည်။ 

ဒေသခံ ၄၀ ဦးတွင် ဦးရှည်ကျကျေးရွာ၊ ကျားခေါင်းတောင်ကျေးရွာ တို့မှ အများဆုံးဖြစ်ပြီး၊ သရက်အုပ် ကျေးရွာမှလည်း အနည်းငယ် ပါဝင်သည်ဟု ဒေသခံများက ပြောပါသည်။ 

“နိုင်ငံတကာက ဝေဖန်မှုတွေ များလာတော့ ဟန်ပြအနေနဲ့ ဓါတ်ပုံရိုက်ပြီး နိုင်ငံတကာကို လှည့်စားဖို့ အတွက် ဖြစ်မှာပါ” ဟု မြို့ခံတစ်ဦးက ဝေဖန်ပြောဆိုသည်။




Rohingya Exodus