နောက်ဆုံးသတင်း/ဆောင်းပါးများ

MYARF
RB News
28.5.2018

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြို့မရွာသစ်ကေရပ်ကွက် အနီးရှိ ရဲကင်းစခန်းက မြို့ဝင်/ထွက် စာရင်းမှတ်သည့် အပြင် ငွေကျပ် ၅၀၀ စီလည်း ပြန်လည် ကောက်ခံလျက် ရှိသည်။

မြို့မရွာသစ်ကေရပ်ကွက် (အမှတ် ၅ ရပ်ကွက်) အနောက်အုပ်စုနှင့် မြို့မအရှေ့ရပ်ကွက် (အမှတ် ၄ ရပ်ကွက်) စံပြရွာ ခွဆုံရှိ ရဲကင်းစခန်းသည် မေလ (၂၆) ရက်နေ့မှစ၍ ကားများနှင့် သုံးဘီးတက္ကစီများကို မြို့ဝင်/ထွက် စာရင်းမှတ်သည့် အပြင် ငွေကျပ် ၅၀၀ စီလည်း ပြန်လည် ကောက်ခံလျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောသည်။ 

ဧပြီလကုန်ပိုင်းတွင် စစ်ဆေးမှုခံယူစဉ် ငွေတောင်းခံပါက ဆက်သွယ်တိုင်ကြားရန်ဟုဆိုကာ မြို့နယ် စခန်းမှူးနှင့် ဒု-စခန်းမှူးတို့၏ ဖုန်းနံပါတ်များကို ရေးသား၍ စာရွက်ချိတ်ဆွဲထားသည့်နေ့မှစ၍ ငွေကောက်ခံခြင်းကို ရပ်တန့်ခဲ့သည်။ သို့သော်လည်း ယခုအခါ ပြန်လည် ကောက်ခံနေပြီး ချိတ်ဆွဲထားသည့် စာရွက်လည်း မတွေ့ရှိရတော့ဟု ဒေသခံများက ဆိုသည်။ 

“သုံးဘီးတက္ကစီသမား တစ်ယောက်က မြို့မရွာသစ်ကေကို တစ်ရက်ကို အနည်းဆုံး ၃ ကြိမ်နဲ့ အထက် သွားနေရတယ်။ မသွားရင် ၀င်ငွေက ဘယ်လိုမှ ပြည့်မှာ မဟုတ်ဘူး။ အခု ၀င်တိုင်း ၅၀၀ ကျပ်စီ ပေးနေရတော့ သွားချင်စိတ် မရှိတော့ဘူး။ မြို့ထဲကနေ လူတစ်ယောက်ကို ၅၀၀ နဲ့ တင်သွားတာ ရဲကင်းစခန်းကို ၅၀၀ ပေးလိုက်ရတော့ ကိုယ့်ဖက်က ဆီဖိုးက အရှုံးဖြစ်နေတယ်။ ရဲကို ရှာကျွေးနေသလို ဖြစ်နေတယ်။ မနက် ၁၁ နာရီကနေ ညနေ ၄ နာရီ ၀န်းကျင်ထိ ဖြတ်သန်း သွားလာတိုင်း ကောက်ခံတယ်။ ကျန်တဲ့ အချိန်တွေမှာတော့ တချို့ကပေးရတယ်။ တချို့ကမပေးရဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။ 



Rohingya Eye
RB News
19.5.2018

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြို့မကညင်တန်းကျေးရွာအုပ်စုမှ ဒေသခံအမျိုးသမီးနှစ်ဦးကို တဖက်နိုင်ငံမှ ပြန်လည် ခိုးဝင်လာသူများဟု စွပ်စွဲကာ ဖမ်းဆီးချုပ်နှောင် ထားသည်။

၂၀၁၂ ခုနှစ်မှစ၍ နိုင်ငံတော်အစိုးရက မောင်တောခရိုင်အတွင်းရှိ ရိုဟင်ဂျာများကို စစ်တွေနှင့် ရန်ကုန်မြို့များသို့ သွားရောက်၍ အရေးပေါ်ဆေးကုသခွင့် ပိတ်ပင်ထားခဲ့သည်။ မောင်တောခရိုင်ရှိ ဆေးရုံများတွင် ကုသ၍ မရနိုင်သည့် နာတာရှည်ရောဂါသည်များ၊ အရေးပေါ် ခွဲစိတ်ခံရယူရမည့်သူများသည် စစ်တွေနှင့် ရန်ကုန်မြို့များသို့ သွားရောက် ဆေးကုသခွင့်မရသောကြောင့် တဖက်နိုင်ငံသို့သာ သွားရောက်ဆေးကုသကြရသည်။

မောင်တောမြို့နယ် မြို့မကညင်တန်းကျေးရွာအုပ်စု၊ မောင်နီရွာမှ ဦးမာမတ်နော်ဆိမ်း၏ သမီးဖြစ်သူ မဆူဖိုက်ရာ (အသက် ၂၂ နှစ်) သည် လက်တဖက်ကျိုးသွားသဖြင့် တဖက်နိုင်ငံသို့ သွားရောက်၍ သံမဏိတစ်ချောင်းအစားထိုး၍ ဆေးကုသမှု ခံယူခဲ့သည်။ ဆရာဝန်ဖြစ်သူက (၄) လ အကြာတွင် သံမဏိချောင်းကို ပြန်လည် ထုတ်ယူရမည်ဟု မှာကြားခဲ့သောကြောင့် မဆူဖိုက်ရာတို့ ညီအစ်မနှစ်ဦးသည် တဖက်နိုင်ငံသို့ သွားရောက်၍ ဆေးကုသမှု ခံယူပြီး မေလ (၁၂) ရက်နေ့တွင် မောင်နီရွာသို့ ကားဖြင့် ပြန်လာခဲ့သည်။

၎င်းတို့နှစ်ဦး ပြန်လာနေစဉ် ရွှေဇားတံတားပေါ်တွင် အသင့်စောင့်နေသည့် ရဲအုပ်စံမင်း ဦးဆောင်သည့် လူကုန်ကူးမှုတားဆီးရေးအဖွဲ့က တဖက်နိုင်ငံမှ တရားမ၀င် ခိုးဝင်လာသည်ဟု မဟုတ်မမှန် လုပ်ကြံ စွပ်စွဲ၍ ကားနှင့် အတူ အမျိုးသမီးနှစ်ဦးကို ဖမ်းဆီး၍ မြို့မရဲစခန်းတွင် ချုပ်နှောင်ထားသည်။

ရဲအုပ်စံမင်းက ကားပိုင်ရှင်ထံမှ ငွေကျပ်တစ်သိန်းယူ၍ ကားကို ပြန်လည် ပေးလိုက်သော်လည်း အမျိုးသမီးနှစ်ဦးကို ဆက်လက်ချုပ်နှောင် ထားကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

ဖမ်းဆီးချုပ်နှောင်ခံထားရသည့် အမျိုးသမီးနှစ်ဦးသည် တဖက်နိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် သွားရောက် ခိုလှုံနေရမှ တရားမ၀င် ပြန်လည် ၀င်ရောက်လာသူများ မဟုတ်ဘဲ၊ ဆေးကုသရန် သွားရောက်ခဲ့သူများသာ ဖြစ်သည်။ ၎င်းတို့သည် ၂၀၁၈ ခုနှစ် ဆွဲ၊ တင်၊ စစ် တွင် စစ်ဆေးမှု ခံယူခဲ့သူများလည်း ဖြစ်ကြသည်။

ဆရာဝန်ထံ အချိန်မီ သွားရောက်၍ ဆေးကုသမှု ခံယူရန် လိုအပ်သောကြောင့် သွားရောက်၍ ဆေးကုသမှု ခံယူခဲ့ခြင်းသာ ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

အလားတူ မြို့မတောင်ရပ်ကွက်မှ ဦးအီနုစ် (ဘ) ဆရာဦးခင်မောင် (အသက် ၄၈ နှစ်) နှင့် အိမ်နီးချင်း ဦးလာလားယား (အသက် ၃၃ နှစ်) တို့နှစ်ဦးသည် လွန်ခဲ့သည့် အပတ်က တဖက်နိုင်ငံသို့ သွားရောက်၍ ဆေးကုသမှု ခံယူပြီး ပြန်လာခဲ့ရာ နှစ်ရက်အကြာတွင် ရဲအုပ်စံမင်းက ခိုးဝင်လာသည်ဟု စွပ်စွဲ၍ ငွေကျပ် ၃ သိန်းခွဲစီ ညှစ်ယူခဲ့သည်။

“ဒီလူတွေက တရားမ၀င် ခိုးဝင်နေတာလည်း မဟုတ်ဘူး။ ဆွဲတင်စစ် မှာ ပါဝင် စစ်ဆေးခံခဲ့သူတွေပါ။ အရေးပေါ် ဆေးကုသမှု ခံယူဖို့ လိုလို့ သွားခဲ့တာ။ နိုင်ငံတော် အစိုးရက ပြည်တွင်းမှာ ဆေးကုသခွင့် မပေးလို့ သူတို့အသက်ကယ်ဖို့အတွက် ဆေးကုသမှု ခံယူဖို့ တဖက်နိုင်ငံကို သွားခဲ့ရတာပါ။ ဒေသဆိုင်ရာ အာဏာပိုင်တွေက သိသိကြီးနဲ့ မတရားစွပ်စွဲပြီး ဖမ်းဆီး ငွေညှစ်နေတာ” ဟု မောင်တောမြို့နယ်မှ တက်ကြွလှုပ်ရှားသူ တစ်ဦးက ပြောပါသည်။




Rohingya Eye
RB News
18.5.2018

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် သရက်အုပ်ကျေးရွာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းမှ စခန်းမှူးနှင့် အဖွဲ့က မြောတောင်ကျေးရွာမှ ဒေသခံတစ်ဦးထံမှ ငွေကျပ် နှစ်သိန်းခွဲ ညှစ်ယူခဲ့သည်။

ယနေ့ မေလ (၁၈) ရက်နေ့ နေ့လည် ၁ နာရီအချိန်တွင် သရက်အုပ်ကျေးရွာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းမှ စခန်းမှူး အပါအ၀င် နယ်ခြားစောင့်ရဲ (၆) ဦးသည် မြောတောင်ကျေးရွာသို့ ရောက်ရှိလာပြီး ဦးဟာမိတ်ဟူစိန်း (ဘ) ဦးနုရ်အာမတ် (အသက် ၄၅ နှစ်) ကို ခေါ်ဆောင်သွားပြီး ငွေကျပ် နှစ်သိန်းခွဲ ညှစ်ယူပြီးနောက် ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။ 

ဦးဟာမိတ်ဟူစိန်းသည် ရွက်ညိုတောင် အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းမှူး (ရဲမှူး) ကို မတ်လမှစ၍ မေလအထိ တစ်လလျှင် ငွေကျပ် တစ်သိန်းစီ ပေး၍ ၎င်း၏ ရွာအနီးအနားရှိ သစ်ပင်များကို ခုတ်လှဲ၍ သစ်ခွဲသည့် လုပ်ငန်းလုပ်ကိုင်နေသူ ဖြစ်သည်။ 

ယခု အဆိုပါ ရဲမှူး ပြောင်းသွားသောကြောင့် သရက်အုပ်မှ စခန်းမှူးက “ဒီလုပ်ငန်းက ငါ့ဧရိယာအတွင်းမှသာ ရှိတာကြောင့် ငါ့ကိုသာ ငွေပေးရမယ်” ဟု ဆိုကာ ပြောဆို၍ ငွေညှစ်ခဲ့ခြင်း ဖြစ်သည်။ 






ဇေယျာဖြိုး (ဘူးသီးတောင်)
RB News
10.5.2018

ပုံစံ (၄) (Form - 4) ဆိုတာ ယာယီခရီးသွားလာခွင့် လက်မှတ်လို့ အဲဒီစာရွက်ရဲ့ အပေါ်ဆုံးမှာ ရေးထားတယ်။ လ.၀.က ကျင့်ထုံး ဥပဒေ ပုဒ်မတွေနဲ့ ရုံးတွင်း စာတွေမှာတော့ နိုင်ငံခြားသားများ ခရီးသွားလာခွင့် လက်မှတ်လို့ ဆိုပါတယ်။ လ.၀.က ရုံးကနေ ရယူရတာဖြစ်ပြီး၊ ဦးစီးမှူး ကိုယ်တိုင် လက်မှတ်ထိုးပေးပြီး ထုတ်ပေးတာ ဖြစ်တယ်။

စာရေးသူက ဘူးသီးတောင်မြို့က ဖြစ်ပြီး ပုံစံ (၄) ကို ၂၀၀၅ ခုနှစ်ကစပြီး စတင်ကိုင်ဆောင်ခဲ့ပြီး မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ ပြည်နယ်အဆင့်၊ ပြည်နယ်ကျော် ရန်ကုန်ထိ ပုံစံ (၄) နဲ့ ခရီးသွားလာခဲ့ဖူးသူတစ်ဦး ဖြစ်တော့ ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲ၊ အချိန်နဲ့ ငွေကြေး၊ ဒုက္ခသုခ စတာတွေကို ရှင်းလင်းတိကျစွာ အပိုင်းခွဲပြီး ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ ဖော်ပြပေးမယ့် အပိုင်းတွေကတော့ --

(၁) ပုံစံ (၄) မှာ ပါဝင်တဲ့ အချက်အလက်များ
(၂) ပုံစံ (၄) အမျိုးအစား (ခရီးစဉ်အလိုက် Process များ)
(၃) ပုံစံ (၄) ပြုလုပ်ဖို့ လိုအပ်တဲ့ အထောက်အထားများ
(၄) လ.၀.က ရုံးမှာ ပုံစံ (၄) လျှောက်ပြီး ထုတ်ယူခြင်း
(၅) ပုံစံ (၄) နဲ့ ခရီးသွားခြင်း (သို့) ခရီးတစ်လျှောက် ကြုံတွေ့ရတဲ့ အခက်အခဲများ
(၆) ပုံစံ (၄) သက်တမ်း ကုန်ဆုံးလျှင် ပြန်လည်အပ်နှံခြင်း -- တို့ဖြစ်ပါတယ်။ 

အခု တစ်ပိုင်းချင်းစီ ရေးပြပါမယ်။

(၁) ပုံစံ (၄) မှာ ပါဝင်တဲ့ အချက်အလက်များ

အဓိက ပါဝင်တဲ့ အချက်အလက်တွေကတော့ --
- အမည်​၊

- အဘအမည်​၊

- မှတ်​ပုံတင်​နံပါတ်​၊

-​ ကျား/မ၊

- ​မွေးသက္ကရာဇ်​၊

- ​နေရပ်​လိပ်​စာ၊

- ခရီးသွားလိုသည့်​​နေရာ/​ဒေသ၊

- ခရီးသွားလိုသည့်​ကိစ္စ၊

- တည်းခိုမည့်​လိပ်​စာ

- ခွင့်​ပြုရက်​​ပေါင်း၊ (မှ အထိ)

- ဓာတ်​ပုံကပ်​ရန်​​နေရာ၊

- အသိသက်​​သေနှစ်​ဦး၊ (သူတို့၏မှတ်​ပုံတင်​နံပါတ်​နဲ့ လိပ်​စာလည်းပါ)

- သက်​တမ်းကုန်​ဆုံးကလူကိုယ်​တိုင်​ပြန်​လည်​အပ်​နှံရမည့်​မှတ်​ချက်​၊

- ရုံးတွင်းဖြည့်​ရတဲ့အချက်​များ (ဒါကရုံးမှတ်​တမ်းအတွက် သက်ဆိုင်ရာ​​ရုံးက ဖြည့်​ရတာဖြစ်​တယ်​) စသည်

(၂) ပုံစံ (၄) အမျိုးအစား (ခရီးစဉ်အလိုက် Process များ)

ပုံစံ (၄) ဆိုတာ တစ်ခုနဲ့ တစ်ခု မတူဘူး။ ခရီးစဉ်အလိုက် ပုံစံ (၄) ရဲ့ process ကွဲပြားတယ်။ ဘူးသီးတောင်ကနေ မောင်တော - ခရိုင်အတွင်း ခရီးသွားလိုရင် process တစ်မျိုး၊ ခရိုင်မတူရင် (ဘူးသီးတောင်ကနေ စစ်တွေ၊ မောင်တောကနေ စစ်တွေ) သွားလိုရင် တစ်မျိုး၊ ပြည်နယ်အဆင့် / ပြည်နယ်ကျော် (ရခိုင်ပြည်နယ် မြို့နယ် တစ်မြို့နယ်ကနေ အခြားပြည်နယ်/တိုင်းရှိ မြို့နယ်တွေကို) သွားလိုရင် process တစ်မျိုး - စသည်ဖြင့် အမျိုးမျိုး ရှိတယ်။ 

ဥပမာတစ်ခုအနေနဲ့ ပြောရမယ်ဆိုရင် ခရိုင်အတွင်း သွားလိုရင် မြို့နယ် လ.၀.က ဦးစီးမှူးက ထုတ်ပေးနိုင်ပေမယ့် ပြည်နယ်ကျော် (ဥပမာ ရန်ကုန်သွားလိုရင်) ပြည်နယ် လ.၀.က မှူးက ထုတ်ပေးခွင့် မရှိဘူး။ နယ်လုံ ၀န်ကြီးနဲ့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးက ခွင့်ပြုချက် အဆင့်ဆင့် ပေးမှသာ ပြည်နယ် လ.၀.က ရုံးက ထုတ်ပေးခွင့် ရှိတယ်။ လုပ်ဆောင်ပုံတွေက အရမ်းရှုပ်ထွေးပြီး အချိန်လည်း အများကြီး လိုပါတယ်။ 

(၃) ပုံစံ (၄) ပြုလုပ်ဖို့ လိုအပ်တဲ့ အထောက်အထားများ

(ခရိုင်အတွင်း ခရီးသွားလာရန် အတွက် လိုအပ်တဲ့ အထောက်အထားများကိုသာ ဖော်ပြပေးသွားမှာပါ)

အဓိကလိုအပ်​​သောအ​ထောက်​အထား​တွေက​တော့

- ပြစ်​မှုကင်းရှင်း​ကြောင်း ရ.ယ.က ​ထောက်​ခံချက်​ (အသိသက်​​သေနှစ်​ဦးပါရ)

- ပတ်စ်​ပို့ဒ် ဓာတ်​ပုံ (၂ ပုံ သို့ ၃ ပုံ)

- မှတ်​ပုံတင်​ကဒ်​မူရင်း/မိတ္တူ

- သန်း​ခေါင်​စာရင်း မိတ္တူ

- ပုံစံ (၄) လျှောက်ထားချိန်မှာ သက်ကြီးရွယ်အိုမရွေး လူကိုယ်တိုင် လျှောက်ထားရ (ကျန်းမာရေး မကောင်းလို့ လူကိုယ်တိုင် မသွားနိုင်လျှင် မြို့နယ် ဆရာဝန် ထောက်ခံစာ ပါရတယ်)

မှတ်ချက် ။ ။ ဒီအဆင့်ထိ ရ.ယ.က အုပ်ချုပ်ရေးမှူးကို ပေးရတာ၊ မိတ္တူဖိုးနဲ့ ဓါတ်ပုံဖိုးသာ ကုန်ပါတယ်။

(၄) လ.၀.က ရုံးမှာ ပုံစံ (၄) လျှောက်ပြီး ထုတ်ယူခြင်း (လ.၀.က ရုံးထဲမှာ ကြုံတွေ့ရတဲ့ အခက်အခဲများ)

အပိုင်း (၃) မှာ ဖော်ပြထားတဲ့ အထောက်အထားတွေကို paper clip နဲ့ စနစ်တကျညှပ်ပြီး စာရွက်ကြားထဲမှာ တိရစ္ဆာန်ပုံပါတဲ့ စာရွက်လေးတွေကို ထည့်ပေးရတယ်။ ပြီးမှာ ရုံးမှာ လျှောက်လွှာလက်ခံတဲ့ ၀န်ထမ်းကို သွားပေးရတယ်။ ချက်ချင်း လက်ခံချင်မှ လက်ခံတယ်။ အချို့ကို တမင်အချိန်အကြာကြီး စောင့်ခိုင်းတယ်။ စစ်ဆေးပြီး အထောက်အထား မပြည့်စုံရင် (သို့မဟုတ်) အလိုမကျဖြစ်ရင် ချက်ချင်း ပြန်ပေးတယ်။ ဒီနေရာမှာ ခြင်္သေ့၊ ဆင်တွေလို တိရစ္ဆာန်ပုံပါတဲ့ စာရွက်တွေက အဓိက အထောက်အထား ဖြစ်သွားတာပါ။

ဝန်ထမ်းက မျိုးချစ်၊ လျှောက်ထားသူက ရခိုင်စကားမပီ (သို့မဟုတ်) မုတ်ဆိတ်နဲ့ဆိုရင်၊ နယ်ဘက်က ဖြစ်နေရင် တိရစ္ဆာန်ပုံပါ စာရွက်တွေ မပါမဖြစ်ပါရတယ်။ မပါဘူးဆိုရင် အထောက်အထား စာရွက်အတွဲလိုက်ကို လျှောက်ထားသူရဲ့ မျက်နှာကို ပေါက်ပြီး ဆဲလွှတ်လိုက်တာမျိုးလုပ်တယ်။ အမျိုးသမီး ဖြစ်ဖြစ်၊ ဘာသာရေးဆရာဖြစ်ဖြစ်၊ သက်ကြီးရွယ်အိုဖြစ်ဖြစ် လွတ်သွားတာမျိုး မရှိဘူး။

ရိုဟင်ဂျာအများစုက ဒီလို စိတ်အနှောက်အယှက် ဖြစ်စရာတွေကို ရှောင်လွဲဖို့ အတွက် ရုံးပတ်ဝန်းကျင်မှာ အသင့်ရှိနေတတ်တဲ့ ပွဲစားတွေကို ချဉ်းကပ်ရတယ်။ ပွဲစားလက်ထဲ ငွေပေးပြီး အပ်လိုက်ရင် အဆူအငေါက်၊ ရိုင်းပျစွာ ဆက်ဆံမခံရတော့တဲ့ အပြင် အထောက်အထား မပြည့်စုံရင်လည်း အဆင်ပြေသွားတယ်။ အချိန်အတိုင်းအတာတစ်ခုထိ ရုံးနားမှာ စောင့်နေရုံပဲ။ အင်မတန်လူမှုရေးရှိပြီး အထောက်အထားမစုံလည်း တာဝန်ခံပြီး လုပ်ပေးတဲ့ ပွဲစားတွေက ထိုင်စောင့်နေတဲ့ နေရာကို ရှာဖွေပြီး ပြန်လာပေးတယ်။

အဲလိုအချိန်မှာ အခြားလူတွေ ဘယ်လိုခံစားရလဲဆိုတာတော့ မသိဘူး။ စာရေးသူအနေနဲ့ ပုံစံ (၄) လက်ထဲရောက်လာရင် ရုတ်တရက် အမေရိကားတို့ ဥရောပနိုင်ငံတွေ သွားခွင့်ရသလို ကြည်နူးသွားမိတယ်။ ဒီလိုခံစားချက်မျိုးကို ပုံစံ (၄) ကိုင်ပြီး စစ်တွေတက္ကသိုလ်မှာ တက်ဖူးတဲ့ မောင်တောခရိုင်က ရိုဟင်ဂျာကျောင်းသား/သူတွေ သိကြမှာပါ။

အမှန်တကယ် သွားခွင့်ရတာက ခရိုင်အတွင်း မောင်တောမြို့အထိပါ။ ကားနဲ့ ၄၅ မိနစ်လောက်သာ သွားရတဲ့ခရီး .. ဒီနေရာ စာဖတ်သူတွေက ကျွန်တော်က စိတ်ခံစားချက်နဲ့ရေးတယ်လို့ ထင်ကောင်းထင်ပါလိမ့်မယ်။ ဖြစ်ရပ်တွေကလည်း ဇတ်လမ်းဆန်သလို ဖြစ်နေတယ်။

စာဖတ်သူများအနေနဲ့ မောင်တောခရိုင်က ကြိုက်တဲ့ ရိုဟင်ဂျာတစ်ဦးဦးကို မေးကြည့်နိုင်ပါတယ်။ ၉၅% ကျော်က ကျွန်တော်ရေးထားတာ နည်းတောင်နည်းသေးတယ်လို့ ပြောပါလိမ့်မယ်။

ရခိုင်ပြည်နယ်မှာ “မြေမျို၍ လူမျိုးမပြုတ် လူမျိုမှ လူမျိုးပြုတ်မည်” ဆိုတဲ့ ဆောင်ပုဒ်ကို မျက်နှာစာမှာ စာလုံးအကြီးကြီးနဲ့ ရေးထားတဲ့ ရုံးတွေဆိုရင် ရိုဟင်ဂျာတွေကို လူလို မဆက်ဆံတဲ့ ရုံးတွေ ဖြစ်တယ်။ တစ်ချို့ရိုဟင်ဂျာတွေဆိုရင် လ.၀.က ရုံးသွားဖို့ ဆိုရင် ကျားမြီးဆွဲရတာထက် ပိုကြောက်ကြတယ်။

(၅) ပုံစံ (၄) နဲ့ ခရီးသွားခြင်း (သို့) ခရီးတစ်လျှောက် ကြုံတွေ့ရတဲ့ အခက်အခဲများ

ပုံစံ (၄) ရောက်လာပြီကွ အခု ခရီးသွားဖို့ ငါ့ကို ဘယ်သူ့မှ မတားနိုင်ဘူးလို့ ဘ၀လေမြင့်ခဲ့သူတွေ အများကြီး .. မနက် (၁၀) နာရီလောက် လ.၀.က ရုံးကနေ ကားဂိတ်ကို တန်းသွားပြီး အရင်ဆုံး ထွက်မယ့် ကားတစ်စီးပေါ်တက်လိုက်တယ်။ ကားဂိတ်က ဘူးသီးတောင် မြို့မဈေး ရှေ့တည့်တည့်မှာပါ။ ကားထဲမှာ ထိုင်ပြီးမှ ရုတ်တရက် သတိဝင်လာလို့ ပုံစံ (၄) ကို မိတ္တူ ပြေးဆွဲရတယ်။

ဘူးသီးတောင် - မောင်တော ကားလမ်း (၁၆) မိုင် တစ်လျှောက်မှာ ရိုဟင်ဂျာ စစ်ဆေးရေး စခန်း (၃) ခု ထက် မနည်း ပုံမှန်ရှိတယ်။ ဌာနပေါင်းစုံ ရှောင်တခင် စစ်ဆေးရေး လမ်းမှာ မကြာခဏ ကြုံရတာ မပါဝင်ဘူး။ ကားထွက်ပြီး (၁၅) မိနစ်လောက် အကြာမှာ ဘူးသီးတောင် (၆) မိုင် တံတာရောက်ရင် ကားရပ်တယ်။ ရိုဟင်ဂျာတွေချည်း ဆင်းခိုင်းတယ်။ အဲဒီတံတားမှာ ရှိတဲ့ ရဲတွေနဲ့ လုံခြုံရေး ယူထားတဲ့ စစ်သားတွေကို ပုံစံ (၄) သွားပြရတယ်။

ရဲတွေနဲ့ လုံခြုံရေးယူထားတဲ့ စစ်သားတွေက ပုံစံ (၄) ကို ယူပြီး ဟိုဟိုဒီဒီမေး .. ပုံစံနဲ့ တိုက်ဆိုင်ကြည့်တယ်။ တကယ်တမ်း သူတို့နဲ့ ဘာမှမဆိုင်ဘူး။ လ.၀.က၊ မ.က.ဖ စတဲ့အဖွဲ့အစည်းတွေနဲ့သာ ဆိုင်တာ။ ကားပေါ်က ဆင်းပြီး ပုံစံ (၄) မပြရင် ဒါမှမဟုတ် ပုံစံထဲမှာ တစ်ခုခု လွှဲချော်နေရင် ဘာဖြစ်မလဲဆိုတာ စာဖတ်သူတွေ မှန်းဆလို့ရမှာပါ။

အဲဒီဂိတ်ပြီးတဲ့နောက် မိနစ် (၂၀) လောက် ထပ်သွားရင် လိုဏ်ဂူကြီး ကျော်ပြီး မောင်တော (၆) မိုင် စခန်းကို ရောက်တယ်။ အဲဒီမှာလည်း အလားတူပါပဲ။ ရိုဟင်ဂျာတွေ အားလုံးက ကားပေါ်ကဆင်းပြီး စစ်ဆေးခံရတယ်။ ဒီဂိတ်မှာ ဌာန သုံးလေးခု ရှိတယ်။ ပိုတာတစ်ခုက ပုံစံ (၄) မူရင်းရဲ့ နောက်မှာ လက်မှတ်ထိုးယူပြီး မိတ္တူ နှစ်စောင်စီ ပေးရတယ်။ အဲဒီကနေ နောက်ထပ် (၁၀) မိနစ်လောက် သွားရင် ဘူးသီးတောင်၊ မောင်တောရဲ့ အကြီးဆုံး ကုလား စစ်ဆေးရေး စခန်း မောင်တော (၃) မိုင်ကို ရောက်တယ်။ “မည်သူမဆို စစ်ဆေးခြင်း ခံရမည် -- ပုံ/ တိုင်းမှူး” လို့ ဆိုင်းဘုတ်တပ်ထားပေမယ့်လည်း ရိုဟင်ဂျာမပါတဲ့ ကားဆိုရင် ရပ်ပြီး သတင်းတောင် ပို့စရာမလိုဘူး။

ဒီဂိတ်က အကြီးဆုံးဆိုတော့ ပုံစံ (၄) မူရင်းမှာ မှတ်ချက်၊ လက်မှတ်နဲ့ တံဆိပ်တုံးထု၊ မိတ္တူ နှစ်စောင်နဲ့ အတူ တိရစ္ဆာန်ပုံပါတဲ့ စက္ကူငယ်တွေလည်း ပေးရတယ်။ ဆက်သွားရင် မောင်တောမြို့သူကြီး အကျော်က ကညင်တန်း မြို့ဝင်တံတားမှာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ စစ်ဆေးခြင်းကို ခံရတယ်။ ဒီဂိတ်ကတော့ လူထက် မူးယစ်ဆေးဝါးကို အဓိက စစ်ဆေးတာပါ။ အဲဒီဂိတ်ကျော်ပြီးရင်တော့ (၁၆) မိုင်ဝေးတဲ့ မောင်တောမြို့ကို ရောက်ပါပြီ။

မောင်တောမြို့ရဲ့ အနီးအနားက ရွာတွေကို သွားရင်လည်း မှိုလိုပေါက်နေတဲ့ ဂိတ်တွေကို ကျော်ဖြတ်ရတယ်။ မောင်တောကနေ ဘူးသီးတောင် အပြန်လမ်းမှာလည်း ဂိတ်တွေမှာ အသွားတုန်းကလို အလားတူ စစ်ဆေးခြင်း ခံရတယ်။

ဒီမှာ ပြောချင်တာတစ်ခုက ဂိတ်တိုင်းမှာ သိက္ခာရှိရှိ စစ်ဆေးခံရတာလို့ မထင်လိုက်နဲ့။ သင် ဘယ်သူပဲဖြစ်ဖြစ်၊ ရိုဟင်ဂျာဖြစ်ရင် တရားခံလို ဆက်ဆံခံရပြီး ကိုယ်ထိလက်ရောက် စော်ကားခံရတာ အဆဲခံရတာတွေလည်း နေ့စဉ်နေ့တိုင်း ဖြစ်ပျက်နေတယ်။ အသတ်ခံရတာတွေလည်း ရှိတယ်။ ဥပမာတစ်ခု အနေနဲ့ ပြောရရင် ဘူးသီးတောင်မြို့နယ် အထက်တန်းကျောင်းက ၀ါရင့်ဆရာတစ်ဦး ဖြစ်တဲ့ ဆရာဦးအာဘူကာလာမ်ရဲ့ သား အသက် (၂၄) နှစ် အရွယ် မောင်မောင် ဆိုသူကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ (၇) ရက်နေ့ ည (၇) နာရီကျော်လောက်မှာ မောင်တော မြောက်ပိုင်း ကြိမ်ချောင်းကနေ ဘူးသီးတောင်ကို ကုန်ပစ္စည်းတွေနဲ့ အတူ ပြန်လာနေတဲ့ အချိန် ဖားဝပ်ချောင်းဂိတ်နားက နယ်ခြားစောင့်ရဲတွေက သေနတ်နဲ့ အနီးကပ် ပစ်သတ်ခဲ့တယ်။

နောက်တစ်နေ့မှာ နယ်ခြားစောင့်ရဲ အကြီးအကဲတွေ ကိုယ်တိုင် အဲဒီဆရာရဲ့ အိမ်ထိ လိုက်လာပြီး မှားပြီး မတော်တဆ ကျည်ဆံထိသွားခဲ့တာပါ။ အပြစ်ရှိတဲ့သူတွေကို အရေးယူပေးပါမယ်ဆိုပြီး တောင်းပန်ခဲ့တယ်။ ဒီလိုမျိုး ဖြစ်ခဲ့တာတွေ မနည်းဘူး။ ဒီလိုအဖြစ်အပျက်မျိုးတွေကို ပြောရင် ကုန်မှာ မဟုတ်ဘူး။

(၆) ပုံစံ (၄) သက်တမ်း ကုန်ဆုံးလျှင် ပြန်လည်အပ်နှံခြင်း

ပုံစံ (၄) သက်တမ်း ကုန်သွားရင် သက်ဆိုင်ရာ လ.၀.က ရုံးကို ကိုယ်တိုင်သွားပြီး အချိန်မီ အပ်နှံပြီး လျှောက်ထားတုန်းက အပ်နှံထားခဲ့ရတဲ့ မှတ်ပုံတင်မူရင်းကို ပြန်လည် ထုတ်ယူရတယ်။ သက်တမ်းကုန်ပြီး အကြောင်းအမျိုးမျိုးကြောင့် တစ်ရက်နှစ်ရက် အတွက် သွားမအပ်နိုင်ရင် အချိန်မီ လာရောက် မအပ်နှံတဲ့အတွက်ဆိုပြီး အပ်ထားခဲ့တဲ့ မှတ်ပုံတင်ကို ပြန်ထုတ်မပေးဘူး။ အချို့ကို ဒဏ်ငွေယူပြီး ပေးပေမယ့်လည်း အချို့ကို လုံးဝ ပြန်မပေးတော့ဘူး။ ဒါကလည်း ငွေညှစ်နိုင်ဖို့ အတွက် အသင့်ရှိနေတဲ့ ပွဲစားတွေကနေ တဆင့် ချဉ်းကပ်လာအောင် အကွက်ဆင်ထားတာပါ။

စာရေးသူ ရခိုင်စကား၊ ဗမာစကားကို ကောင်းကောင်းမွန်မွန် ပြောဆိုတတ်တယ်။ အာဏာပိုင်တွေ မတရားလုပ်ရင် လွယ်လွယ်နဲ့ ခေါင်းမညိတ်ဘူး။ ပိုက်ဆံမတရားတောင်းရင်လည်း အပြန်အလှန်ပြောပြီး မပေးဘူး။ ရိုဟင်ဂျာအများစုက ကြောက်တာရယ်၊ အပြန်အလှန် စကားမပြောဝံ့တာရယ်ကြောင့် ပိုပြီးခံရတယ်။

နိဂုံးအနေနဲ့ အထက်မှာ ဖော်ပြခဲ့တာတွေ အားလုံးက စာရေးသူ ကိုယ်တိုင် ကြုံဖူးခဲ့တဲ့ အဖြစ်အပျက်တွေဖြစ်ပြီး၊ မျက်စိနဲ့ အကြိမ်ကြိမ် မြင်ခဲ့တာတွေကို ရေးခဲ့တာ ဖြစ်ပါတယ်။ ကျွန်တော်ရေးထားတာတွေကို မယုံရင် မောင်တောခရိုင်က ကြိုက်တဲ့ ရိုဟင်ဂျာတစ်ဦးဦးကို မေးကြည့်ပါလို့ ထပ်ပြောချင်ပါတယ်။ ၉၅% ကျော်က ကျွန်တော်ရေးတာ နည်းတောင်နည်းသေးတယ်လို့ ပြောပါလိမ့်မယ်။

အထက်မှာ ဖော်ပြရေးသားခဲ့တာတွေ အားလုံးက ခရိုင်အတွင်း ခရီးသွားလာရင် ကြုံရတဲ့ အခက်အခဲ ဒုက္ခတွေ ဖြစ်ပါတယ်။  ခရိုင်ခြား၊ ပြည်နယ်ကျော်ဆိုရင် ဒီထက် အဆင့်တွေ အများကြီး လုပ်ရတယ်။

ပုံစံ (၄) ဆိုတာ သက်တမ်း အကန့်အသတ်နဲ့ ဖြစ်ပါတယ်။ သက်တမ်းကို တစ်ခါမှာ (၄၅) ရက်၊ (၃၀) ရက်၊ (၁၄) ရက်၊ (၇) ရက်၊ (၃) ရက်နဲ့ တစ်ရက် စသည်ဖြင့် အချိန်နဲ့ နေရာ၊ အခြေအနေပေါ် မူတည်ပြီး ထုတ်ပေးတယ်။ ရုံးပိတ်ရက်တွေမှာ ထုတ်မပေးတာကြောင့် တကယ်လို့ တနင်္လာနေ့ မနက်ပိုင်း သွားချင်ရင် သောကြာနေ့ ကတည်းက ကြိုတင်လုပ်ထားရတယ်။ မောင်တောခရိုင် လ.၀.က ရုံးတွေ မနက်အစောပိုင်းကတည်း ဖွင့်ပေမယ့်လည်း ၀န်ထမ်းတွေကတော့ ၁၀ နာရီ၊ ၁၁ နာရီလောက်မှ ရုံးတက်ကြတယ်။

အရင်တုန်းက ရက်ပေါင်း (၃၀) ထိခွင့်ပြုခဲ့ပေမယ့်လည်း နောက်ပိုင်းမှာ (၁၄) ရက်ထိသာ ပေးတယ်။ အခြေအနေအရ ပုံစံ (၄) ကို ယာယီရပ်ဆိုင်းတာ၊ ရက်အကန့်အသတ် လုပ်တာလည်း ရှိတယ်။ ဥပမာ ၂၀၁၂ ခုနှစ် ပဋိပက္ခဖြစ်တုန်းက ပုံစံ (၄) ထုတ်ပေးတာကို ရက်အကန့်အသတ်မရှိ ရပ်ဆိုင်းထားခဲ့ပြီး၊ အခြေအနေ တည်ငြိမ်လာမှ ၁ ရက်၊ ၃ ရက်၊ ၇ ရက်၊ ၁၄ ရက် စသည်ဖြင့် အဆင့်ဆင့် ထုတ်ပေးခဲ့တယ်။

ခရိုင်တွင်း ပုံစံ (၄) သက်တမ်းရှိနေရင် အကြိမ်ကြိမ် သွားလာခွင့် ရှိပေမယ့်လည်း ခရိုင်ကျော်၊ ပြည်နယ်ကျော်ဆိုရင် သက်တမ်း (၄၅) ရက် ဆိုရင်လည်း တစ်ကြိမ်သာ သွားလာခွင့်ပြုတယ်။

လေးစားအပ်တဲ့ စာဖတ်သူများခင်ဗျား ..

စာရေးသူ အထက်မှာ ဖော်ပြခဲ့တဲ့ ပုံစံ (၄) အကြောင်းရဲ့ အပိုင်းများအားလုံးက မြန်မာအစိုးရ ရိုဟင်ဂျာတွေကို ခေတ်အဆက်ဆက် ဖိနှိပ်နှိပ်စက်နေခြင်းရဲ့ တစ်စိတ်တစ်ပိုင်းသာ ဖြစ်တယ်။ စာဖတ်သူအနေနဲ့ ဒီစာဖတ်အပြီးမှာ ခေတ်အဆက်ဆက် မတရားနှိပ်စက်ခံနေရတဲ့ ရိုဟင်ဂျာတွေကို ကိုယ်ချင်းစာမိရင် ကျွန်တော် ဒီစာရေးရကျိုး နပ်ပါပြီ။

Rohingya Eye
RB News
10.5.2018

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြို့မတောင် ရပ်ကွက်မှ ဒေသခံတစ်ဦးကို ရဲတပ်ဖွဲ့ဝင်များက ည (၈) နာရီအချိန်တွင် ညမထွက်ရအမိန့် ကျူးလွန်ဖောက်ဖျက်သည်ဟု ဆိုကာ ဖမ်းဆီး၍ ဆိုင်မှ ပစ္စည်းများ လုယက်ခဲ့သည်။

ဧပြီလ (၂၈) ရက်နေ့ ည (၈) နာရီအချိန်တွင် မောင်တောမြို့နယ် မြို့မတောင်ရပ်ကွက် ဖေဇီမြောက်ရွာ (ဆီးနားဖာထီးရွာ) ရှိ ဦးဟာလာမျာ (အသက် ၄၅ နှစ်) ၏ ဆိုင်သို့ မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့အချို့ မော်တော်ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး ညမထွက်ရ အမိန့် ည (၈) နာရီထိ ပြောင်းလဲ သတ်မှတ်ထားသည်ကို မသိဘူးလား ဟု ပြောဆို၍ ဆိုင်အတွင်းမှ အချိုရည်ဗူးများ၊ ရေသန့်ဗူးများ၊ ကွမ်းနှင့် ဆေးလိပ်ဗူးများကို အတင်းအဓမ္မ လုယက်ယူဆောင်၍ ၎င်းအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

ယင်းရွာမှ ရပ်မိရပ်ဖ တစ်ဦးက ဖမ်းဆီးခံရသူနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့ဝင်များကို တောင်းပန်ပြောဆိုပေးမှုကြောင့် ၎င်းကို ည (၁၀) နာရီ အချိန်တွင် ပြန်လည် လွှတ်ပေးခဲ့သော်လည်း လုယက်ခဲ့သည့် ပစ္စည်းများ ပြန်လည် ပေးအပ်ခဲ့ခြင်း မရှိကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။

“ညမထွက်ရ အမိန့်က ည (၉) နာရီကနေ မနက် (၅) နာရီအထိပါ။ အခု လုခံရသူ၊ ဖမ်းဆီးခံရသူက ညမထွက်ရ အမိန့်ကို ဖောက်ဖျက်ခဲ့တာ မဟုတ်ဘူး။ အေးအေးဆေးဆေး ဆိုင်ရောင်းနေတာ၊ ရဲတွေက ညကျရင် ရွာထဲကို ၀င်တယ်၊ ဆိုင်ငယ်တွေကနေ ဆေးလိပ်၊ ကွမ်းတွေကို ပိုက်ဆံမပေးဘဲ ယူတယ်၊ ပိုက်ဆံတောင်းရင် မဟုတ်မမှန် စွပ်စွဲပြီး ငွေညှစ်တယ်၊ သူတို့မှာ လိုအပ်တာရှိရင် ရိုဟင်ဂျာရွာထဲ ၀င်ပြီး မတရားမှုတစ်ခုခု လုပ်လိုက်ရင် အဆင်ပြေသွားကြတယ်။ ဒေသခံအာဏာပိုင်တွေက လက်အောက်ခံ လက်နက်ကိုင်တပ်ဖွဲ့တွေ မတရားလုပ်နေတာကို လက်ပိုက်ကြည့်နေကြတယ်” ဟု ဒေသခံတစ်ဦးက ပြောပါသည်။




Rohingya Eye
RB News
10.5.2018

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ကျောက်လှေကား ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့က နိုင်ငံတကာမှ ထောက်ပံ့နေသည်များကို ရွာသားများအား အပြည့်အ၀ မပေးဘဲ ကိုယ်ကျိုးအတွက် သုံးစွဲနေသည်ဟု ဒေသခံများက ဆိုသည်။ 

ကျောက်လှေကား ကျေးရွာအုပ်ချုပ်ရေးမှူး ဦးရှောမီးန်ဂျူဟာရ် (ဘ) ဦးအီဒီရီစ် (အသက် ၃၂ နှစ်) နှင့် ဦးဆော်လိမ် (ဘ) ဦးဘတင် (အသက် ၂၈ နှစ်) တို့ ပူးပေါင်း၍ သဲချောင်းရွာ အတွက် ICRC နှင့် UNICEF တို့မှ ထောက်ပံ့နေသည်များကို ရွာသားများအား အပြည့်အ၀ မပေးကြောင်း၊ ဧပြီလ (၁၀) ရက်နေ့တွင် ICRC မှ ထောက်ပံ့သော နှစ်လအတွက် ဆန်၊ ပဲ၊ ဆီနှင့် အမျိုးသမီးသုံး ပစ္စည်းများကို ရွာသားများအတွက် ကျေးရွာ အုပ်ချုပ်ရေးမှူးမှ တဆင့် ထောက်ပံ့ခဲ့သော်လည်း ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့က ဆန်အိတ် (၁၅၀) ကို ၎င်းတို့ ကိုယ်ကျိုးအတွက် ချန်ထား၍ ကျန်သည့် ပစ္စည်းများကိုသာ ပေးအပ်ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။ 

ဧပြီလ (၂၄) ရက်နေ့တွင်လည်း UNICEF မှ ဆပ်ပြာများနှင့် အလှကုန်ပစ္စည်းများကို ရွာသားများအား ဝေပေးရန် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ကို ပေးအပ်ခဲ့သော်လည်း အချို့တစ်ဝက်ကိုသာ ပေးအပ်ခဲ့ပြီး ကျန်ပစ္စည်းများကို ၎င်းတို့ ကိုယ်ကျိုးအတွက် ယူထားလိုက်ကြောင်း ဒေသခံများက ဆိုသည်။ 

ထို့အပြင် မေလ (၅) ရက်နေ့တွင်လည်း ICRC မှ တစ်အိမ်လျှင် ၀ါးနှစ်ရာစီပေးအပ်ခဲ့သော်လည်း ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့က ရွာသူရွာသားများအား အပြည့်အ၀ ပေးအပ်ခဲ့ခြင်း မရှိဟု သိရှိရသည်။ 

ထိုသို့ ခေါင်းပုံဖြတ်နေခြင်းနှင့် ပတ်သက်၍ မြို့နယ် အုပ်ချုပ်ရေးမှူး ရုံးသို့ ရွာသူရွာသားများက သွားရောက် တိုင်ကြားခဲ့သော်လည်း အရေးယူ ဆောင်ရွက်ပေးခြင်း မရှိဟု ဒေသခံများက ပြောပါသည်။ 



Rohingya Eye
RB News
10.5.2018

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် လှဘော်ဇား တံတား ကင်းစခန်းမှ နယ်ခြားစောင့်ရဲများက  ကားတစ်စီးမှ ငွေကျပ် နှစ်သောင်းငါးထောင် တန်ဖိုးရှိ ကြက်တစ်ကောင် လုယက်ခဲ့သည်။

မေလ (၅) ရက်နေ့ နေ့လည် (၃) နာရီ အချိန်တွင် ဒေသခံတစ်ဦးသည် အစိမ်းရောင်သုံးဘီးကားတစ်စီးဖြင့် ကြက်အချို့နှင့် ထင်းများကို တင်၍ မောင်တောမြို့တွင် ရောင်းချရန် လာနေစဉ် လှဘော်ဇား တံတား ကင်းစခန်းမှ နယ်ခြားစောင့်ရဲများက ကားကို ရပ်တန့်ခိုင်းပြီး အသေးစိတ် စစ်ဆေးခဲ့သည်။

စစ်ဆေးရာတွင် တရားမ၀င် ပစ္စည်းတစ်စုံတစ်ရာ မတွေ့ရှိခဲ့သော်လည်း အကြောင်းပြချက် တစ်စုံတစ်ရာ မပေးဘဲ သုံးဘီးကားပေါ်တွင် ပါရှိသည့် ငွေကျပ် ၂၅၀၀၀ တန်ဖိုးရှိ ကြက်တစ်ကောင်ကို အတင်းအဓမ္မ လုယက်ယူခဲ့ကြောင်း မျက်မြင်သက်သေတစ်ဦးက RB News သို့ပြောသည်။

ယင်းကင်းစခန်းကို ဖြတ်သန်း၍ သွားလာသူ အားလုံး နီးပါးကို မဟုတ်မမှန် စွပ်စွဲ၍ ငွေညှစ်လေ့ရှိသည်ဟု ငွေညှစ်ခံရသူအချို့က ပြောသည်။



နေပြည်တော် လေဆိပ်သို့ရောက်ရှိလာသည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ကိုယ်စားလှယ်အဖွဲ့ (Photo: AFP)

ဇာနည်အောင် (MYARF)
RB News
3.5.2018

မောင်တော ။ ။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံ၍ စကားပြောသည့် ရိုဟင်ဂျာလူငယ်များကို စ.ရ.ဖ က လိုက်လံရှာဖွေနေခြင်းကြောင့် ရှောင်ပုန်းနေရသည်ဟု သတင်းရစ်မြစ်များက ဆိုသည်။ 

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ကိုယ်စားလှယ်အဖွဲ့သည် မောင်တောမြောက်ပိုင်း လှဖိုးခေါင်၊ ငါးခူရနှင့် တောင်ပြိုရှိ ဒုက္ခသည်လက်ခံရေးစခန်းများကို မေလ (၁) ရက်နေ့တွင် သွားရောက် ကြည့်ရှုခဲ့သော်လည်း ယင်းကျေးရွာများရှိ ရိုဟင်ဂျာဒေသခံများနှင့် တွေ့ဆုံခွင့် မရခဲ့ပေ။

ယင်းနေ့ နေ့လည်ပိုင်းတွင် ကိုယ်စားလှယ်အဖွဲ့သည် လွန်ခဲ့သည့်နှစ်က မောင်တောတောင်ပိုင်းတွင် မြန်မာစစ်တပ်နှင့် ရခိုင်အစွန်းရောက်များက ရွာများကို မီးရှို့ပြီးနောက် အိမ်ခြေအနည်းငယ်နှင့် ကျန်ခဲ့သည့် ပန်းတောပြင် ကျေးရွာကို သွားရောက် လေ့လာခဲ့သည်။ 

အဆိုပါ ကျေးရွာတွင် ကိုယ်စားလှယ်အဖွဲ့က အာဏာပိုင်များက လူအုပ်၏ ရှေ့ပိုင်းသို့ပို့၍ ကိုယ်စားလှယ်အဖွဲ့နှင့် စကားပြောရန် စီစဉ်ထားသည့် အမျိုးသားများနှင့် စကားမပြောဘဲ နောက်ဆုံးတန်းတွင် ရှိနေသည့် ကလေးများ၊ လူငယ်များ၊ အမျိုးသမီးများနှင့် စကားပြောခဲ့သည်။ 

ကိုယ်စားလှယ်အဖွဲ့က ကလေးများနှင့် လူငယ်များကို “ခင်ဗျားတို့က ဘာလူမျိုးလဲ၊ ခင်ဗျားတို့ အိမ်တွေကို ဘယ်သူတွေက မီးရှို့ခဲ့တာလဲ၊” ဟု မေးမြန်းရာ “ကျွန်တော်တို့အိမ်တွေကို မြန်မာစစ်တပ်နဲ့ ရခိုင်အစွန်းရောက်တွေက မီးရှို့ခဲ့တာ၊ ကျွန်တော်တို့က ရိုဟင်ဂျာလူမျိုးတွေပါ” ဟု အမှန်အတိုင်း ဖြေဆိုလျှင် ဖမ်းဆီးခံရမည့် အန္တရာယ်ရှိသော်လည်း ရဲရဲဝံ့ဝံ့ ဖြေဆိုခဲ့သည်။ 

ကိုယ်စားလှယ်အဖွဲ့ဝင်တစ်ဦးက Twitter တွင် တင်ထားသည့် ဗီဒီယိုမှ ရိုက်ကူးထားသည့် ဓါတ်ပုံ

ထို့နောက် ကိုယ်စားလှယ်အဖွဲ့က “ခင်ဗျားတို့ အခု ဘယ်လိုအထောက်အထား ကဒ်ပြားတွေ ကိုင်ထားလဲ” ဟု မေးမြန်းရာ လူယ်များက “ကျွန်တော်တို့ အဖိုးအဖွားတွေ၊ မိဘတွေက သုံးခေါက်ချိုး အမျိုးသားမှတ်ပုံတင်တွေ ကိုင်ဆောင်ခဲ့တယ်။ ၁၉၉၂ ခုနှစ်ကစပြီး အဲဒါတွေကို အစိုးရက သိမ်းလိုက်တော့ အခုကျွန်တော်တို့က ဘာ အထောက်အထားမှ ကိုင်ဆောင်ခြင်း မရှိတဲ့လူတွေဖြစ်နေတယ်” ဟု ဖြေဆိုခဲ့သည်။ 

ဆက်လက်၍ ကိုယ်စားလှယ်အဖွဲ့က “ဘာကြောင့် NV ကဒ်တွေကို လက်မခံတာလဲ” ဟု မေးမြန်းရာ လူငယ်များက “ကျွန်တော်တို့ရဲ့ ဘိုးဘွားတွေက အခြားလူမျိုးစုတွေလို အမျိုးသားမှတ်ပုံတင် ကိုင်ဆောင်ခဲ့တယ်။ ကျွန်တော်တို့က သူတို့ရဲ့ မြေးတွေပါ။ ကျွန်တော်တို့ နိုင်ငံသားကဒ်ကိုသာ လက်ခံမှာပါ” ဟု ဖြေဆိုခဲ့သည်။

သွားလာလှုပ်ရှားမှုနှင့် ပတ်သက်၍ မေးမြန်းရာ “ရွာအ၀င်တိုင်းမှာ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းတွေ ရှိတယ်။ သူတို့က ရိုက်နှက်တယ်၊ ဒုက္ခပေးတယ်၊ အဲဒါကြောင့် မြို့ထဲသွားဖို့တောင် အခက်အခဲရှိတယ်” ဟု လူငယ်များက ဖြေဆိုခဲ့သည်။ 

ကိုယ်စားလှယ်အဖွဲ့သည် အမျိုးသမီးများနှင့် စကားပြောပြီး နောက်ပိုင်းတွင် ပြန်လည် ထွက်ခွာသွားခဲ့သည်။ 

“ကလေးတွေနဲ့ လူငယ်တွေ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ကိုယ်စားလှယ် အဖွဲ့နဲ့ စကားပြောနေတုန်း စ.ရ.ဖ အဖွဲ့က ဗီဒီယိုရိုက်ကူးတယ်။ ကိုယ်စားလှယ်အဖွဲ့ ထွက်သွားတာနဲ့ စ.ရ.ဖ က ကျေးရွာအုပ်ချုပ်ရေးမှူးကို ဆဲဆိုတယ်၊ ပြီးတော့ ကိုယ်စားလှယ်အဖွဲ့နဲ့ စကားပြောတဲ့ လူငယ်တွေနောက်ကို လိုက်နေတယ်။ အဲဒါကြောင့် လူငယ်တွေလည်း အခု ပုန်းနေကြတယ်။ သူတို့ကို စ.ရ.ဖ က အချိန်မရွေး ဖမ်းနိုင်တယ်” ဟု အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။ 

ဦးမိုဟာမတ်ဟာနီးဖ် (အသက် ၄၈ နှစ်) ၏ အလောင်းကို တွေ့ရှိရစဉ် (ဓါတ်ပုံ Saed Arakani/RB News)


RB News
1.5.2018

စစ်တွေ ။ ။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် အိုးအိမ်မဲ့ ဖြစ်နေသည့် ရိုဟင်ဂျာ ဒုက္ခသည်တစ်ဦး၏ အလောင်းကို ယနေ့ မေလ (၁) ရက်နေ့ ညနေပိုင်းတွင် တွေ့ရှိထားသည်။

တွေ့ရှိထားသည့် လူသေအလောင်းမှာ ဦးမိုဟာမတ်ဟာနီးဖ် (ဘ) ဦးဂိုနီမျာ (အသက် ၄၈ နှစ်) ဖြစ်ပြီး ယနေ့ ည (၆) နာရီအချိန်ခန့်တွင် အသတ်ခံရခြင်း ဖြစ်သည်။ ၎င်း၏ ဦးခေါင်းမှ သွေးများယိုစီး၍ သေဆုံးနေသည်ကို မန်စီရဲစခန်း အနီးရှိ  ဆိုင်ကလုန်းစင်တာတွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။

“သူက အုန်းတောကြီး ဒုက္ခသည်စခန်းမှာ နေတဲ့ ဒုက္ခသည်တစ်ဦးပါ။ သူ့ရဲ့ အလောင်းကို ည (၆) နာရီလောက်မှာ ဆိုင်ကလုန်းစင်တာမှာ တွေ့တယ်။ အဲဒီနေရာက မန်စီရဲစခန်းနားမှာ ဖြစ်ပြီး ဘယ်သူ့မှ သွားလာလုပ်တဲ့နေရာမဟုတ်ဘူး။

“ရဲစခန်းက ရဲတွေက တစ်ခါတစ်ရံ ဖြတ်သန်းသွားလာတဲ့ ရိုဟင်ဂျာတွေကို လူမဆန်စွာ ရိုက်နှက်လေ့ရှိတယ်” ဟု မျက်မြင်သက်သေတစ်ဦးက RB News သို့ပြောသည်။

ယခုတွေ့ရှိသော အလောင်းနှင့်ပတ်သက်၍ စုံစမ်းမှုများ ပြုလုပ်ခဲ့ရာ မန်စီရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက သတ်ပစ်လိုက်ခြင်းဖြစ်ကြောင်း ယူဆရသည်။

အလောင်းတွေ့ရှိသည့်နေရာကို ပိတ်ဆို့ထားသည်ကို တွေ့ရစဉ် (ဓါတ်ပုံ - Saed Arakani/RB News)

ရဲတပ်ဖွဲ့ဝင်များက လူသေအလောင်းတွေ့ရှိသည့် နေရာကို ၀င်ရောက်ကြည့်ရှုခွင့် ပိတ်ပင်ထားပြီး၊ ည ၇း၃၀ နာရီအချိန်တွင် အလောင်းကို ခွဲစိတ်စစ်ဆေးရန်အတွက် စစ်တွေဆေးရုံကြီးသို့ ပို့ဆောင်လိုက်သည်။ 

(Saed Arkani သတင်းပေးပို့သည်။)

RB News
1.5.2018

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် အတွင်းငှက်သေကျေးရွာအုပ်စု အခြေစိုက် တပ်ရင်း (၅၅၁) နှင့် တပ်မ (၁၅) တို့မှ ဒေသခံရိုဟင်ဂျာများကို အတင်းအဓမ္မ ခိုင်းစေမှုများ ပြုလုပ်လျက် ရှိသည်။ 

အတွင်းငှက်သေကျေးရွာအုပ်စု အခြေစိုက် တပ်ရင်း (၅၅၁) တွင် သန့်ရှင်းရေး၊ အ၀တ်လျှော်၊ ၀က်အစာကျွေး အပါအ၀င် စစ်သားများ ခိုင်းသမျှ လုပ်ရန်အတွက် အတွင်းငှက်သေကျေးရွာမှ ဒေသခံရိုဟင်ဂျာ (၂၅) ဦးမှ (၃၀) ဦးထိ နေ့စဉ် အတင်းအဓမ္မ ခိုင်းစေခံနေရသည်ဟု ဒေသခံများက RB News သို့ပြောသည်။ 

၎င်းတို့အား တစ်နေကုန် အလုပ်ခိုင်းပြီးလျှင် ညနေ ပြန်ချိန်၌ စာရွက်အလွတ်တွင် လက်မှတ်ရေးထိုးခိုင်းသည်။ တစ်ခါတစ်ရံ ကျေးရွာအုပ်ချုပ်ရေးမှူးအား ၎င်းတို့အား လုပ်ခရှင်းပေးပြီးကြောင်း အတင်းအဓမ္မ လက်မှတ်ထိုးခိုင်းသည်ဟု ဒေသခံများက ဆိုသည်။

“တစ်နေကုန် အလုပ်ခိုင်းတယ်။ ငွေတစ်ပြားတစ်ချပ်မှ မပေးတဲ့အပြင် ညနေကျရင် စာရွက်အလွတ်မှာ လက်မှတ်ထိုးခိုင်းတယ်။ ရ.ယ.က တွေကိုလည်း သူတို့ကို ငွေရှင်းပေးထားတယ်ဆိုပြီး လက်မှတ်ထိုးခိုင်းတယ်။ လူတွေကို ရ.ယ.က က တဆင့် ခေါ်တာ။” ဟု ဒေသခံတစ်ဦးက ပြောသည်။ 

တပ်ရင်းမှအမိန့်တိုင်း ဒေသခံရွာသားများ မသွားလျှင် ရွာထဲသို့ စစ်သားများ ၀င်ရောက်လာပြီး ကျွဲ၊ နွား၊ ဆိတ် တွေ့သမျှ အကုန်ဖမ်းဆီးသွားကြောင်း၊ ပြန်ရွေးလျှင် အနည်းဆုံး ၄ သိန်းမှ ၅ သိန်း အထိ ပေးရကြောင်း ဒေသခံများက ပြောပါသည်။ 

ထို့အပြင် ဦးလှဖေကျေးရွာမှလည်း အပတ်စဉ် အနည်းဆုံး (၁၀) ဦးကို ဆင့်ခေါ်၍ အတင်းအဓမ္မ ခိုင်းစေလျက် ရှိသည်။ 

အလားတူ တပ်မ (၁၅) မှ အတွင်းငှက်သေမှ အနည်းဆုံး (၁၀) ဦး၊ သပြုချောင်းမှ အနည်းဆုံး (၁၀) ဦးစီ အပတ်စဉ် ဆင့်ခေါ်၍ အတင်းအဓမ္မ အလုပ်လုပ်ခိုင်းပြီး ငွေမပေးကြောင်း ဒေသခံများက ပြောပါသည်။ 




Rohingya Eye
RB News
30.4.2018

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူးက ကျောက်လှေကားနှင့် ပန်းတောပြင် ကျေးရွာများတွင် ဒေသခံများ စားသုံးရန် ဆိတ်များ ထောက်ပံ့ပေးခဲ့သည်။ 

ဧပြီလ (၂၉) ရက်နေ့တွင် မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်ခိုင်က ကျောက်လှေကားကျေးရွာနှင့် ပန်းတောပြင် ကျေးရွာအုပ်ချုပ်ရေးမှူးများမှ တဆင့် ဒေသခံရွာသူရွာသားများ စားသုံးရန် ဆိတ်များ ထောက်ပံ့ပေးခဲ့သည်။ 

မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်ခိုင် ထောက်ပံ့ပေးခဲ့သည့် ဆိတ်များအတွက် ကျေးရွာအုပ်ချုပ်ရေးမှူးများက တစ်ကောင်လျှင် ငွေကျပ် နှစ်သောင်းငါးထောင်စီ ပေးသွင်းခဲ့ရကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။ 

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ ကိုယ်စားလှယ်များ ရောက်ရှိလာပါက အစိုးရက လိုသမျှ ထောက်ပံ့ပေးနေကြောင်း၊ စားသုံးရန် ဆိတ်များပင် ထောက်ပံ့နေကြောင်း ပြောဆိုရန် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများမှတဆင့် ရွာသူရွာသားများကို မှာကြားထားကြောင်း အဆိုပါ ဒေသခံကပြောပါသည်။ 

မြို့နယ် အုပ်ချုပ်ရေးမှူးက ကျေးရွာအုပ်ချုပ်ရေးမှူးများထံမှ ငွေယူ၍ ထောက်ပံ့သည့် ဆိတ်များမှာ ကျန်းမာရေး ချို့တဲ့သည့် ဆိတ်များ ဖြစ်ပြီး တစ်ရက် နှစ်ရက်အတွင်း သေဆုံးနိုင်ကြောင်း ခန့်မှန်းပြောဆိုနေကြသည်။ 

ရွှေဇားကျေးရွာတွင်လည်း ကျေးရွာတာဝန်ခံ ဦးမော်နိရ်အပါအ၀င် ဒေသခံ (၄) ဦးကို အစိုးရ အလိုကျ လိမ်လည်ပြောဆိုနိုင်ရင် ဒေသခံခံ အာဏာပိုင်များက လျှို့ဝှက်စီစဉ် ထားကြောင်း ကျေးရွာတာဝန်ခံနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။



RB News
30.4.2018

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင် မြန်မာစစ်တပ်၏ အကြမ်းဖက်မှုကြောင့် နေအိမ်များစွန့်ခွာ၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခိုလှုံနေသူများ၏ နေအိမ်များကို စစ်တပ်က ရောင်းချခြင်း၊ ဖျက်ဆီးခွင့်ပြုခြင်း၊ စစ်သားများက ဖျက်ဆီး၍ ပစ္စည်းများ သယ်ယူသွားခြင်းများ ပြုလုပ်လျက်ရှိသည်။ 

၂၀၁၇ သြဂုတ်လ (၂၅) ရက်နေ့ နောက်ပိုင်းတွင် မြန်မာစစ်တပ်က ရိုဟင်ဂျာပြည်သူများကို အကြမ်းဖက် သတ်ဖြတ်ခြင်းကြောင့် နေအိမ်များစွန့်ခွာ၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခိုလှုံနေသူများ၏ နေအိမ်များကို ရခိုင်လူမျိုးများနှင့် ဟိန္ဒူများကို စစ်တပ်က ရောင်းချလျက် ရှိပြီး၊ အိမ်များကို ဖျက်ဆီး၍ ပစ္စည်းများ ယူဆောင်ခွင့်လည်း ပေးထားသည်။ နေအိမ်ခြံဝင်းအတွင်းများရှိ အပင်များကို ခုတ်လှဲ၍ ထင်းများအဖြစ် ရောင်းချခြင်းများလည်း ပြုလုပ်သည်ဟု ဒေသခံများက RB News သို့ပြောသည်။ 

ထိုသို့ ပြုလုပ်နေခြင်းကြောင့် ဘူးသီးတောင် - တောင်ဘဇာ လမ်းတစ်လျှောက်ရှိ နေအိမ်များ မကျန်ရှိသလောက် ဖြစ်နေသည်ဟု ဆိုသည်။ 

မကြာခင်အချိန်အတွင်းရှိ ရိုဟင်ဂျာနေအိမ်ဟူ၍ပင် ကျန်ရှိတော့မည် မဟုတ်ဟု ဒေသခံများက ပြောပါသည်။ 

ဧပြီလ (၂၄) ရက်နေ့တွင်လည်း ဘူးသီးတောင်မြို့နယ် ခြင်းသမားကျေးရွာအုပ်စု ဖောင်တော်ပြင်ရွာမှ နေအိမ်နှင့် ဆိုင်ခန်း (၈) လုံးကို တပ်မတော် ထောက်/ပို့ ဌာနမှ စစ်သားများက အလုပ်သမား (၁၀) ဦးနှင့် အတူ ဖျက်ဆီး၍ စစ်ကားများပေါ်တင်၍ သယ်ဆောင်သွားသည်ဟု မျက်မြင်သက်သေများက ပြောပါသည်။ 




RB News
26.4.2018

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် တောင်ပိုင်း ဖိုးခေါင်းချောင်းကျေးရွာအုပ်စု၊ ကံပြင်ရွာသို့ နယ်ခြားစောင့်ရဲများ ၀င်ရောက်စီးနင်းပြီး ရွာသားများ မနေနိုင်အောင် လုပ်ဆောင်နေသည့် အပြင် ရွာသားတစ်ဦးထံမှ ငွေကျပ် (၄) သိန်း ညှစ်ယူခဲ့သည်။ 

ဘူးသီးတောင်မြို့နယ် တောင်ပိုင်း ဖိုးခေါင်းချောင်းကျေးရွာအုပ်စု ကံပြင်ရွာမှ ရာအိမ်မှူးများ ဖြစ်သော ဦးဆာလာမတ် (ဘ) ဦးရော်ရှိတ်အာမတ် (အသက် ၃၈ နှစ်) နှင့် ဦးဇော်လူး (ဘ) ဦးဘာသာမျာ (အသက် ၅၅ နှစ်) တို့သည် ကံပြင်ရွာမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခိုလှုံနေသူများ၏ နေအိမ်များကို ဖြိုဖျက်ပြီး ရောင်းစားနေသည့်အပြင် ၎င်းတို့၏ နေအိမ်များတွင် အသုံးပြုနေသည်။ 

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခိုလှုံနေသူ ဦးဂေါ်နီအာမတ်၏ နေအိမ်ကို အဆိုပါ ရာအိမ်မှူးနှစ်ဦးက ဖြိုဖျက်ပြီး ယူဆောင်သွားနေသည်ကို ဦးဂေါ်နီအာမတ်၏ သမီးဖြစ်သူက မြင်သွားသောအခါ ရာအိမ်မှူးနှစ်ဦးက အုပ်ချုပ်ရေးမှူးထံ ဦးဂေါ်နီအာမတ်၏ သမီးဖြစ်သူက ဖခင်ဖြစ်သူ၏ နေအိမ်ကို ဖြိုဖျက်နေသည်ဟု မဟုတ်မမှန် လုပ်ကြံသတင်းပေးခဲ့သည်။ 

အုပ်ချုပ်ရေးမှူးက ကျောက်စာတိုင် နယ်ခြားစောင့်ရဲတပ်ဖွဲ့သို့ ဖုန်းဆက်၍ အကြောင်းကြားသဖြင့် ဧပြီလ (၂၀) ရက်နေ့ မွန်းတည့် (၁၂) နာရီအချိန်တွင် နယ်ခြားစောင့်ရဲ (၁၀) ဦး ရောက်ရှိလာပြီး ဦးဂေါ်နီအာမတ်၏ သမီးဖြစ်သူ ဟာဆောင်ဘာနို ကို လူမဆန်စွာရိုက်နှက်၍ ၎င်း၏ ခင်ပွန်းဖြစ်သူ ဦးမာမတ်အီဆာခ် (ဘ) ဦးလာလ်မျာ ကို ဖမ်ဆီးရန် ရှာဖွေခဲ့သည်။ 

နယ်ခြားစောင့်ရဲများသည် ကံပြင်ရွာကို ဧပြီလ (၂၂) ရက်နေ့ နံနက် ၁၀ နာရီမှ မွန်းတည့် (၁၂) နာရီထိ တစ်ကြိမ်၊ ဧပြီလ (၂၃) ရက်နေ့ နေ့လည် ၃း၃၀ နာရီထိ တစ်ကြိမ်၊ ဧပြီလ (၂၄) ရက်နေ့ ည (၆) နာရီတွင် တစ်ကြိမ် ၀င်ရောက် စီးနင်းပြီး ရွာသူရွာသားများ ရွာထဲ မနေနိုင်အောင် လုပ်ဆောင်နေသည်ဟု ဒေသခံများက RB News သို့ပြောပါသည်။ 

ထို့အပြင် ဦးဂေါ်နီအာမတ်၏ သားမက်ဖြစ်သူ ဦးမာမတ်အီဆာခ် ထံမှ ငွေကျပ် (၄) သိန်းညှစ်ယူခဲ့ကြောင်း၊ ရွာသားများကို မတရားဖမ်းဆီးချုပ်နှောင်၍ ငွေညှစ်မည်ကို စိုးရိမ်နေရကြောင်း ဒေသခံများက ပြောသည်။ 




MYARF
RB News
26.4.2018

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြို့မကညင်တန်းကျေးရွာရှိ ကျောင်းတွင် အခြေစိုက် စခန်းချ၍ ရိုဟင်ဂျာများအား အတင်းအဓမ္မ NVC ထုတ်ပေးနေသည့် လ.၀.က နှင့် နယ်ခြားစောင့်ရဲများက ယာဉ်မောင်းတစ်ဦးနှင့် အလုပ်သမား (၅) ဦးကို အတင်းအဓမ္မ NVC ထုတ်ပေးခဲ့သည်။ 

ဧပြီလ (၂၄) ရက်နေ့တွင် မောင်တောမြို့နယ် မြို့မကညင်တန်းကျေးရွာမှ ယာဉ်မောင်း ဦးမာမတ်တာဟဲရ် (ဘ) ဦးရော်ရှိတ်သည် တီဘာကားဖြင့် ICRC မှ ထောက်ပံ့နေသည့် ပစ္စည်းများကို မြို့မဘောလုံးကွင်းမှ တင်ပြီး ရွှေဇားကျေးရွာအုပ်စု၊ ဂုံးနားရွာ မူလတန်းလွန်ကျောင်းသို့ ပို့ဆောင်၍ ပြန်သွားရန် ပြင်ဆင်နေစဉ် ယင်းကျောင်းတွင် စခန်းချ၍ ရိုဟင်ဂျာများအား အတင်းအဓမ္မ NVC ထုတ်ပေးနေသည့် လ.၀.က နှင့် နယ်ခြားစောင့်ရဲများက ယာဉ်မောင်း ဦးမာမတ်တာဟဲရ်နှင့် ကားပေါ် ပစ္စည်းအတင်အချ ပြုလုပ်ရန် လိုက်ပါလာသော အလုပ်သမား (၅) ဦးကို အတင်းအဓမ္မ NVC ထုတ်ပေးခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။ 

အတင်းအဓမ္မ NVC ထုတ်ပေးခြင်းကြောင့် လက်ခံလိုက်ရသူများမှာ --

(၁) ဦးမာမတ်တာဟဲရ် (ယာဉ်မောင်း)
(၂) ဦးဆော်ယာဒ်မာမတ် (အလုပ်သမား)
(၃) ဦးယာဆဲရ်ခါးန် (အလုပ်သမား)
(၄) ဦးအုစ်မာန်ဂေါ်နီ (အလုပ်သမား)
(၅) ဦးဂျာနီအာလာမ် (အလုပ်သမား)
(၆) ဦးအေကေရာမ် (အလုပ်သမား) -- တို့ဖြစ်ကြသည်။ ၎င်းတို့အားလုံးသည် မြို့မကညင်တန်းကျေးရွာတွင် နေထိုင်ကြသူများ ဖြစ်ကြသည်။



MYARF
RB News
25.4.2018

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း၊ ပညောင်ပင်ကြီးကျေးရွာ အနောက်ဘက်ကမ်းခြေတွင် ပိတ်မိနေသော ရသေ့တောင်မြို့နယ်မှ ရိုဟင်ဂျာများကို အာဏာပိုင်များက လိမ်ညာ၍ နေရပ်သို့ ပြန်လည် ခေါ်ဆောင်သွားခဲ့သည်။

ရသေ့တောင်မြို့နယ် ဆင်ခုန်တိုင်းကျေးရွာအုပ်စု ရိုဟင်ဂျာ (၄၆) ဦးသည် လွန်ခဲ့သည့် နှစ်လခန့်က ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက်ခိုလှုံရန် မောင်တောမြို့နယ် တောင်ပိုင်း၊ ပညောင်ပင်ကြီးကျေးရွာ အနောက်ဘက် ကမ်းခြေသို့ ရောက်ရှိလာပြီး ၎င်းတို့တွင် ပါရှိသော ရွှေ၊ ငွေများကို စက်လှေသမားများအား ပေးပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ၀င်ရောက် ခိုလှုံရန် နှစ်ကြိမ်တိုင်တိုင် ကြိုးစားသော်လည်း ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်က ၀င်ခွင့်မပေးသောကြောင့် ပညောင်ပင်ကြီး ကမ်းခြေသို့ ပြန်လည် ရောက်ရှိလာပြီး ICRC ၏ အထောက်အပံ့ဖြင့် တဲများထိုး၍ နေထိုင်ခဲ့သည်။  

ဧပြီလ (၁၉) ရက်နေ့တွင် ကမ်းခြေစောင့် နယ်ခြားစောင့်ရဲများသည် မောင်တောမြို့နယ် ပညောင်ပင်ကြီးကျေးရွာ အနောက်ဘက် ကမ်းခြေသို့ သွားရောက်၍ ကမ်းခြေတွင် ပိတ်မိနေသော ရသေ့တောင်မြို့နယ် ရိုဟင်ဂျာများကို အိမ်ပြန်ပို့ပေးမယ်၊ ဖျက်ဆီးခံရတဲ့ အိမ်တွေကို ပြန်ဆောက်ပေးမယ်၊ စားနပ်ရိက္ခာ အပြည့်အ၀ ပေးမယ်၊ မကြာခင် မိုးရာသီရောက်တော့မယ်၊ မိုးရာသီမှာ ကမ်းခြေမှာ ဘယ်လို နေကြမလဲ၊ ရေကြီးမယ်၊ လေပြင်းတိုက်မယ်၊ အဲလိုဆိုရင် ကလေးတွေသေမယ်၊ စားဝတ်နေရေး အခက်အခဲဖြစ်မယ်၊ အဲဒါကို စိုးရိမ်လို့ လာပြောတာပါ၊ နောက်နေ့ ကားနဲ့ လာခေါ်မယ် ဟု ပြောဆိုခဲ့သည်။

ဧပြီလ (၂၀) ရက်နေ့တွင်လည်း နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ ရဲအုပ်တစ်ဦးက ထပ်မံ၍ လာရောက် ပြောဆိုခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

ပညောင်ပင်ကြီးကျေးရွာ ကမ်းခြေတွင် ပိတ်မိနေသည့် ရိုဟင်ဂျာ (၄၆) ဦးကို ဧပြီလ (၂၃) ရက်နေ့တွင် မောင်တောနှင့် ရသေ့တောင်မြို့နယ်များမှာ မြို့နယ်အုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များ၊ နယ်ခြားစောင့်ရဲများက စီစဉ်ထားသည့် ကားများဖြင့် မောင်တော - ဘူးသီးတောင်လမ်းမှ တဆင့် ညောင်ချောင်း နယ်ခြားစောင့်ရဲတပ်ဖွဲ့ နယ်မြေစခန်းသို့ ပို့ဆောင်ခဲ့သည်။ ထိုမှတဆင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ နယ်မြေမှူးက စက်လှေဖြင့် ဆင်ခုန်တိုင်းသို့ ခေါ်ဆောင်သွားပြီး ကျေးရွာအုပ်ချုပ်ရေးမှူးထံ အပ်နှံခဲ့သည်။ 

ကျေးရွာအုပ်ချုပ်ရေးမှူး အဆိုပါ ရိုဟင်ဂျာ (၄၆) ဦးကို လက်ခံရယူပြီး ၎င်းတို့၏ နေအိမ်များသို့ သွားရောက်ခိုင်းသော်လည်း နေအိမ်များမှာ ပျက်စီးသွားပြီး လူနေနိုင်သည့် အခြေအနေ မရှိတော့သဖြင့် ဆွေမျိုးသားချင်းများ၏ နေအိမ်များတွင် နေထိုင်နေရသည်။

နယ်ခြားစောင့်ရဲများက ၎င်းတို့အား စည်းရုံးစဉ် အိမ်ဆောက်ပေးမည်၊ အစားအသောက်များ ထောက်ပံ့ပေးမည်ဟု ကတိပေးခဲ့သော်လည်း တကယ့်လက်တွေ့တွင် မိသားစုတစ်စုစီအား ဆန်တစ်အိတ်စီသာ ထောက်ပံ့ပေးခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

နယ်​ခြား​စောင့်​များက အိမ်​​ဆောက်​​ပေးမည်​၊ အစားအ​သောက်​​ထောက်​ပံ့မည်​ဟု ဂတိ​ပေးခဲ့သည်​ကို လုံးဝ ဖြည်းစည်း​ပေးခြင်းမရှိဘဲ မိသားစုတစ်​စုအား ဆန်​ တစ်​အိတ်​စီသာ​ထောက်​ပံ့ခဲ့သည်​။

Information Committee မှ တင်ထားသည့် ဓါတ်ပုံ
Rohingya Eye
RB News
25.4.2018

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် သရက်အုပ်ကျေးရွာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းမှ ကင်းစခန်းမှူးက ရိုဟင်ဂျာလူငယ်တစ်ဦးကို ထောင်ချောက်ဆင်၍ ဖမ်းဆီးပြီး ငွေကျပ် ၁၅ သိန်း ညှစ်ယူခဲ့သည်။

ဧပြီလ (၂၁) ရက်နေ့ နံနက် (၁၀) နာရီ အချိန်တွင် သရက်အုပ်ကျေးရွာမှ ရိုဟင်ဂျာလူငယ်တစ်ဦးသည် ဆိုင်ကယ်တစ်စီးဖြင့် နေအိမ်မှ ထွက်ခွာလာရာ သရက်အုပ်ကျေးရွာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းမှ ကင်းစခန်းမှူးက တွေ့ရှိသွားပြီး ရပ်တန့်ခိုင်းခဲ့သည်။

ထို့နောက် ကင်းစခန်းမှူးက ၎င်းအား ဆိုင်ကယ်ခဏငှားရမ်းရန် ပြောဆိုရာ ဆိုင်ကယ်ပိုင်ရှင် လူငယ်ကလည်း ကင်းစခန်းမှူးက ငှားရမ်းနေသဖြင့် ငြင်းဆန်၍ မရသောကြောင့် ငှားရမ်းခဲ့သည်။ ကင်းစခန်းမှူးသည် ဆိုင်ကယ်ကို ယူ၍ ကင်းစခန်းသို့ စီးနင်းသွားခဲ့သည်။

နာရီအနည်းငယ် အကြာတွင် ကင်းစခန်းမှူးက ၎င်း၏ ဆိုင်ကယ်ကို ပြန်လာယူရန် အကြောင်းကြားခဲ့သည်။ လူငယ်ဖြစ်သူက ဆိုင်ကယ်ကို သွားယူသည့်အခါ ကင်းစခန်းမှူးက ဆိုင်ကယ်ထဲတွင် WY စာတမ်းပါ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိသည်ဟု စွပ်စွဲ၍ ဖမ်းဆီးခဲ့သည်။

ဖမ်းဆီးခံရသည့် အပြစ်မဲ့ ဆိုင်ကယ်ပိုင်ရှင်မှာ ဖူသီယာ (ဘ) ဦးအဗ်ဒူရှရီးဖ် (အသက် ၃၀ နှစ်) ဖြစ်ပြီး၊ ကင်းစခန်းမှူးက ၎င်းထံမှ ငွေကျပ် (၁၅) သိန်း ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။



Rohingya Eye
RB News
23.4.2018

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ငန်းချောင်းကျေးရွာမှ ဒေသခံ (၇) ဦးကို နယ်ခြားစောင့်ရဲများက NVC ကဒ်မပါလျှင် သွားလာခွင့် ပေးမည်မဟုတ်ဟု ခြိမ်းခြောက်ခဲ့သည်။

ဧပြီလ (၂၁) ရက်နေ့ နံနက် (၁၀) နာရီအချိန်တွင် ငန်းချောင်းကျေးရွာမှ ဒေသခံ (၇) ဦးသည် အနက်ရောင်မှန်လုံကားတစ်စီးဖြင့် မောင်တောမြို့ပေါ်သို့ သွားနေစဉ် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဌာနချုပ် စစ်ဆေးရေးဂိတ်တွင် စစ်ဆေးမှုခံယူခဲ့သည်။ ၎င်းတို့သည် ရွာထွက်လက်မှတ်များဖြင့် သွားနေခြင်း ဖြစ်သောကြောင့် စစ်ဆေးရေးဂိတ်တွင် ရွာထွက်လက်မှတ်များ ထုတ်ပြခဲ့သည်။ 

နယ်ခြားစောင့်ရဲများက ၎င်းတို့ (၇) ဦးကို တန်းစီခိုင်းပြီး နောင်တွင် ရွာထွက်လက်မှတ်ဖြင့် ခရီးသွားခြင်း မပြုရန်၊ NVC ကဒ်ဖြင့် သွားလာရန်၊ NVC ကဒ်မရှိသူများ သွားရောက်ထုတ်ယူရန်၊ နောက်နောင် NVC ကဒ်မပါလျှင် သွားလာနိုင်မည် မဟုတ်ကြောင်း ခြိမ်းခြောက်ပြောဆိုခဲ့သည်။ 

“အရင်က NVC ကဒ်မလိုဘဲ သုံးခေါက်ချိုး၊ ရွာထွက်လက်မှတ်တွေနဲ့ သွားရင် အဲဒီဂိတ်မှာ ငွေတစ်ထောင်စီ ပေးပြီး သွားလို့ရခဲ့တယ်။ အခု NVC ကိုင်ဖို့ ခြိမ်းခြောက်နေတာက တမင်ကို ချုပ်ချယ်ကန့်သတ်နေတာ ဖြစ်ပြီး၊ စားဝတ်နေရေး မပြေမလည် ဖြစ်နေတဲ့အချိန်မှာ NVC လက်ခံလာအောင် အကွက်ချ စီစဉ်နေတာ။ ကျွန်တော်တို့ကတော့ NVC ယူဖို့ မရှိဘူး” ဟု ဒေသခံတစ်ဦးက RB News သို့ပြောသည်။




MYARF
RB News
22.4.2018

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် စံပြရွာခွဆုံရှိ ရဲကင်းစခန်းမှ ရဲတပ်ဖွဲ့ဝင်များက ဖြတ်သန်းသွားလာသည့် ကားနှင့် သုံးဘီးကားများမှ ငွေကောက်ခံလျက် ရှိသည်။ 

မောင်တောမြို့နယ် မြို့မရွာသစ်ကေရပ်ကွက် (အမှတ် (၅) ရပ်ကွက်) အနောက်အုပ်စုနှင့် မြို့မအရှေ့ရပ်ကွက် (အမှတ် (၄) ရပ်ကွက်) အုပ်စု စံပြခွဆုံရှိ ရဲကင်းစခန်းမှ ရဲတပ်ဖွဲ့ဝင်များက မြို့အ၀င်အထွက် စာရင်းမှတ်ရသည်ဟု ဆိုကာ ကားနှင့် သုံးဘီးကား (CNG) များ၏ နံပါတ်များနှင့် ယာဉ်မောင်းများ၏ အမည်များကို စာရင်းရေးမှတ်ကာ ငွေကျပ် ၅၀၀ စီ ကောက်ခံလျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောသည်။ 

ရဲကင်းစခန်းရှေ့မှ ဖြတ်သွားတိုင်း ငွေကျပ် ၅၀၀ စီကောက်ခံလျက် ရှိပြီး၊ ပထမအကြိမ် ပေးပြီးသူများက ဒုတိယအကြိမ် ပေးရန် ငြင်းဆန်ပါက ယာဉ်မောင်းများအား ရိုက်နှက်၍ အတင်းအဓမ္မ ကောက်ခံလျက် ရှိသည်။ 


MYARF
RB News
20.4.2018

မောင်တော ။ ။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှ ကိုယ်စားလှယ်များ လာရောက်တော့မည် ဖြစ်၍ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ပညောင်ပင်ကြီးကျေးရွာရှိ ကမ်းခြေတွင် ပိတ်မိနေသော ရိုဟင်ဂျာများကို နေရပ်သို့ ပြန်ပို့ပေးမည်ဟု ဆိုကာ ကမ်းခြေစောင့် နယ်ခြားစောင့်ရဲများက စည်းရုံးနေသည်။

ဧပြီလ (၁၉) ရက်နေ့တွင် ကမ်းခြေစောင့် နယ်ခြားစောင့်ရဲများသည် မောင်တောမြို့နယ် ပညောင်ပင်ကြီးကျေးရွာ အနောက်ဘက် ကမ်းခြေသို့ သွားရောက်၍ ကမ်းခြေတွင် ပိတ်မိနေသော ရသေ့တောင်မြို့နယ် ရိုဟင်ဂျာများကို အိမ်ပြန်ပို့ပေးမယ်၊ ဖျက်ဆီးခံရတဲ့ အိမ်တွေကို ပြန်ဆောက်ပေးမယ်၊ စားနပ်ရိက္ခာ အပြည့်အ၀ ပေးမယ်၊ မကြာခင် မိုးရာသီရောက်တော့မယ်၊ မိုးရာသီမှာ ကမ်းခြေမှာ ဘယ်လို နေကြမလဲ၊ ရေကြီးမယ်၊ လေပြင်းတိုက်မယ်၊ အဲလိုဆိုရင် ကလေးတွေသေမယ်၊ စားဝတ်နေရေး အခက်အခဲဖြစ်မယ်၊ အဲဒါကို စိုးရိမ်လို့ လာပြောတာပါ၊ နောက်နေ့ ကားနဲ့ လာခေါ်မယ် ဟု ပြောဆိုခဲ့သည်။

ယနေ့ ဧပြီလ (၂၀) ရက်နေ့တွင်လည်း နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ ရဲအုပ်တစ်ဦးက ထပ်မံ၍ လာရောက် ပြောဆိုခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

ဧပြီလ (၂၁) ရက်နေ့တွင် မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့လာရောက်၍ ထပ်မံ၍ စည်းရုံးမည် သိရှိရသည်။

ကမ်းခြေရှိ ရိုဟင်ဂျာများထဲမှ အကျိုးအကြောင်း ဆီလျော်စွာ နားမလည်သူ အချို့က မိုးရာသီဒဏ်ကို စိုးရိမ်ကြောင့်ကြ၍ ပြောသည့်အတိုင်း ဖြည့်ဆည်းပေးလျှင် ပြန်ပါမည်ဟု ပြောကြားခဲ့သည်။

ယခုကဲ့သို့ ရိုဟင်ဂျာများ နေရပ်ပြန်ရေးအတွက် အပူတပြင်း စည်းရုံးနေခြင်းမှာ စာနာထောက်ထား၍ မဟုတ်ဘဲ မကြာခင် ရောက်ရှိလာမည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ကိုယ်စားလှယ်များကြောင့်သာ ဖြစ်သည်ဟု ဒေသခံများက သုံးသပ်နေကြသည်။

(ဓါတ်ပုံ - Syed Zakir Hossain/Dhaka Tribune)
RB News
20.4.2018

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ဦးလှဖေကျေးရွာမှ ဒေသခံရိုဟင်ဂျာ (၄) ဦးကို ည ၇း၄၀ နာရီတွင် နယ်ခြားစောင့်ရဲများက ဖမ်းဆီးပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားသည့် အချိန်တွင် အပြင်ထွက်သည်ဟု လုပ်ကြံစွပ်စွဲ၍ ငွေညှစ်ခဲ့သည်။ 

ဧပြီလ (၁၇) ရက်နေ့ ည ၇း၄၀ နာရီ အချိန်တွင် ဦးလှဖေကျေးရွာမှ ဒေသခံရိုဟင်ဂျာ (၄) ဦးသည် ကမ်းနားမှ ၀ါးများ သယ်ယူနေစဉ် ဦးလှဖေကျေးရွာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းမှ နယ်ခြားစောင့်ရဲ (၁၀) ဦး ရောက်ရှိလာပြီး ၎င်းတို့ကို ညမထွက်ရ အမိန့်ထုတ်ပြန်ထားသည့် အချိန်တွင် အပြင်ထွက်သည်ဟု လုပ်ကြံစွပ်စွဲ၍ ဖမ်းဆီးသွားခဲ့သည်။ 

၎င်းတို့ကို ကင်းစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားပြီး ဧပြီလ (၁၈) ရက်နေ့ နံနက်ပိုင်းတွင် ပြန်လည်လွှတ်ပေးခဲ့သော်လည်း ဖမ်းဆီးခံရသူ (၄) ဦးအနက် (၃) ဦးထံမှ ငွေကျပ် ငါးသောင်းစီ ညှစ်ယူခဲ့သည့် အပြင် ရိုက်နှက်ခြင်းများ ပြုလုပ်ခဲ့သည်ဟု ဒေသခံများက RB News သို့ပြောသည်။ 

ဦးဇိုက်တူလ္လာ (ဘ) ဦးဟာဖီးဇ်အာမတ် (အသက် ၃၀ နှစ်) သည် ဆယ်အိမ်မှူးတစ်ဦး ဖြစ်သောကြောင့် ငွေညှစ်မခံရသော်လည်း နယ်ခြားစောင့်ရဲများ၏ ရိုက်နှက်ခြင်းကို ခံခဲ့ရသည်။ အလားတူ ဦးနာဆိရ်အာမတ် (ဘ) ဦးဟာဖီးဇ်အာမတ် (အသက် ၄၅ နှစ်)၊ ဦးဒူဒူမျာ (ဘ) ဦးဆုလ်တာန်အာမတ် (အသက် ၄၀ နှစ်) နှင့် ဦးအလီဇူဟာရ် (ဘ) ဦးအိုလာမျာ (အသက် ၄၂ နှစ်) တို့ကိုလည်း နယ်ခြားစောင့်ရဲများက ရိုက်နှက်ခဲ့ပြီး ငွေကျပ် ငါးသောင်းစီ ညှစ်ယူခဲ့သည်။ 

ဘူးသီးတောင်နှင့် မောင်တောမြို့နယ် များတွင် ညမထွက်ရ အမိန့်ကို ၂၀၁၂ ခုနှစ် ဇွန်လမှစတင်၍ ထုတ်ပြန်ခဲ့ပြီး နှစ်လတစ်ကြိမ် သက်တမ်းတိုးလာခဲ့ရာ ဧပြီလ (၁၂) ရက်နေ့တွင် ထပ်မံ သက်တမ်းတိုးခဲ့ပြီး ဘူးသီးတောင်မြို့နယ်တွင် ည ၁၀ နာရီမှ နံနက် ၅ နာရီထိ၊ မောင်တောမြို့နယ်တွင် ည ၉ နာရီမှ နံနက် ၅ နာရီထိ ဟု ပြင်ဆင် သတ်မှတ်ခဲ့သည်။ 

ယခု ဦးလှဖေကျေးရွာတွင် ဖမ်းဆီးခံရပြီး ငွေညှစ်ခံရသူများမှာ ညမထွက်ရ အမိန့် မတိုင်မီ ၂ နာရီ မိနစ် ၂၀ အလိုတွင် ဖမ်းဆီးခံရပြီး ညမထွက်ရ အမိန့်ကို ဖောက်ဖျက်သည်ဟု လုပ်ကြံ စွပ်စွဲခံခဲ့ရခြင်း ဖြစ်သည်။






RB News
20.4.2018

ဘန်ဒါ၊ အာချေ/စစ်တွေ ။ ။ မြန်မာနိုင်ငံတောင်ပိုင်းတွင် စက်လှေပေါ်မှ ခုန်ချခဲ့သည့် ရိုဟင်ဂျာ (၁၀) ဦးသည် အစပိုင်းတွင် ပျောက်ဆုံးနေခဲ့သော်လည်း ဧပြီလ (၆) ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ အာချေဒေသသို့ ရောက်ရှိသွားပြီး အသက်အန္တရာယ်စိုးရိမ်နေရသည်။

ရိုဟင်ဂျာ (၁၅) ဦးသည် မတ်လ (၂၆) ရက်နေ့ (သို့မဟုတ်) (၂၇) ရက်နေ့တွင် စစ်တွေမြို့ အုန်းတောကြီး ကမ်းခြေမှ စက်လှေငယ်တစ်စီးဖြင့် ထွက်ခွာလာခဲ့သည်။ သုံးရက်အကြာတွင် မြန်မာနိုင်ငံတောင်ပိုင်း ကော့သောင်းမြို့၌ မြန်မာရေတပ်က ၎င်းတို့ကို ရပ်တန့်ခိုင်းပြီး ဖမ်းဆီးခဲ့သည်။

မြန်မာရေတပ် တပ်ဖွဲ့ဝင်များက ၎င်းတို့ကို ညှဉ်းပန်းနှိပ်စက်သောကြောင့် ၎င်းတို့ထဲမှ (၁၀) ဦးသည် ရေထဲသို့ခုန်ချလိုက်ပြီးနောက် ပျောက်ဆုံးသွားခဲ့သည်။

“ကျွန်တော်တို့ စက်လှေမှာ (၁၅) ယောက်ရှိခဲ့တာ၊ မြန်မာရေတပ် တပ်ဖွဲ့ဝင်တွေရဲ့ ညှဉ်းပန်းနှိပ်စက်မှုကို မခံနိုင်တော့တဲ့ (၁၀) ယောက်က စက်လှေပေါ်ကနေ ရေထဲကို ခုန်ချလိုက်တယ်။ အဲဒီအချိန်ကစပြီး သူတို့နဲ့ ပတ်သက်ပြီး ဘယ်ရောက်သွားလဲဆိုတာ ဘာသတင်းမှ မကြားရတော့ဘူး” ဟု အင်ဒိုနီးရှားနိုင်ငံ အာချေဒေသမှ ငါးဖမ်းသမားများ ကယ်တင်လိုက်ခြင်းကြောင့် အသက်ရှင်လာသည့် ရိုဟင်ဂျာ စက်လှေသမားတစ်ဦးက ပြောသည်။

“ကျွန်တော်တို့ကို ရက်အတန်ကြာ ညှဉ်းပန်းနှိပ်စက်ပြီးတဲ့နောက် ကျွန်တော်တို့ ရောက်လာတဲ့နေရာဘက်ကို ရေတပ်က မျောပေးလိုက်တယ်” ဟု ၎င်းက ဖြည့်စွက်ပြောပါသည်။

ပျောက်ဆုံးနေသူများ၏ ဆွေမျိုးများနှင့် ဆက်သွယ်ကြည့်ရာ ၎င်းတို့တွင် ပျောက်ဆုံးနေသူများနှင့် ပတ်သက်၍ သတင်းအချက်အလက် တစ်စုံတစ်ရာ မရှိဟု ဖြေဆိုသည်။

ဧပြီလ (၁၁) ရက်နေ့ (သို့မဟုတ်) (၁၂) ရက်နေ့တွင် စစ်တွေမြို့မှ နောက်ထပ်စက်လှေတစ်စီး ထွက်ခွာသွားပြီး မလေးရှားနိုင်ငံသို့ မကြာမီ ရောက်ရှိလိမ့်မည်ဟု ခန့်မှန်း ပြောဆိုနေကြသည်။

(မျိုးနိုင်နှင့် Saed Arkani တို့ သတင်းပေးပို့သည်)


RB News
16.4.2018

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ကကျက်ဘက်ကံပြင်ကျေးရွာအုပ်စု တပ်ရာရွာမှ ဆင်းရဲသား ငါးရောင်းသူတစ်ဦးကို ရဲတပ်ဖွဲ့ဝင် နှစ်ဦးက ခြိမ်းခြောက်၍ ငွေညှစ်ခဲ့သည်။

ဧပြီလ (၁၆) ရက်နေ့ နံနက် (၁) နာရီအချိန်တွင် ကကျက်ဘက်ကံပြင်ကျေးရွာအုပ်စု တပ်ရာရွာ (ဇော်ဘော်ရ်ဖာရာ) ရှိ ဦးဆုလ်တာန်အာမတ်၏ နေအိမ်သို့ ရဲတပ်ဖွဲ့ဝင်နှစ်ဦးဖြစ်သူ မြို့မရဲစခန်းမှ နယ်ထိန်း ထွန်းသာနှင့် နယ်ခြားစောင့်ရဲ မောင်ထွေးတို့ ရောက်ရှိလာခဲ့သည်။ ရဲတပ်ဖွဲ့ဝင်များ ဦးဆုလ်တာန်အာမတ်နှင့် အတူနေထိုင်သော တူ/တူမ နှစ်ဦးကိုပါ ကျေးရွာ ဒု-အုပ်ချုပ်ရေးမှူး ဖြစ်သူ ဦးကာမာလ်၏ နေအိမ်သို့ ခေါ်ဆောင်သွားခဲ့သည်။ ဦးကာမာလ်၏ နေအိမ်တွင် ရဲတပ်ဖွဲ့ဝင်များက ဦးဆုလ်တာန်အာမတ်အား နည်းမျိုးစုံဖြင့် ခြိမ်းခြောက်၍ ငွေကျပ် ၄ သိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။

ဦးဆုလ်တာန်အာမတ်သည် ဆင်းရဲသားတစ်ဦး ဖြစ်ပြီး၊ ငါးစိမ်း ၁၀ ပိဿာခန့်သာ ၀ယ်ယူ၍ ပြန်လည်ရောင်းချ၍ အသက်မွေးဝမ်းကျောင်း ပြုနေသူ ဖြစ်သည်။ ၎င်း၏ နေအိမ်တွင် မိဘမဲ့များ ဖြစ်နေသည့် အသက် (၁၄) နှစ်အရွယ် တူတစ်ဦးနှင့် အသက် (၁၂) နှစ်အရွယ် တူမတစ်ဦး မှီခိုနေထိုင်လျက်ရှိသည်။

ယခုကဲ့သို့ ငွေညှစ်ခံရခြင်းမှာ တပ်ရာရွာဈေးရှိ ကင်းစခန်းမှ ကင်းမှူး ဂျာဘေရ်က ရဲတပ်ဖွဲ့ဝင်များထံ မဟုတ်မမှန် သတင်းပေးပို့မှုကြောင့် ဖြစ်ကြောင်း စွပ်စွဲပြောဆိုနေမှုများ ရှိနေသလို၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်ကျော်သာ က ရိုဟင်ဂျာအမျိုးသမီးများကို မုဒိမ်းကျင့်ရန် ကြိုးစားမှုကြောင့် စစ်ဆေးခံနေရချိန်တွင် ရိုဟင်ဂျာများကို ပစ်မှတ်ထားပြီး နယ်ခြားစောင့်ရဲများနှင့် ပူးပေါင်း၍ ယခုကဲ့သို့ ငွေညှစ်ခိုင်းခြင်း ဖြစ်သည်ဟုလည်း ပြောဆိုနေခြင်းများ ရှိနေသည်။

ဦးမောင်ကျော်သာ က ရိုဟင်ဂျာအမျိုးသမီးများကို မုဒိမ်းကျင့်ရန် ကြိုးစားစဉ် အတူခေါ်ဆောင်သွားသူ အပေါင်းအပါ နှစ်ဦးမှာ ယခု ဦးဆုလ်တာန်အာမတ်ထံမှ ငွေ (၄) သိန်း ညှစ်သည့် နယ်ထိန်း ထွန်းသာနှင့် နယ်ခြားစောင့်ရဲ မောင်ထွေးတို့ ဖြစ်သည်ဟု ဒေသခံများက ပြောပါသည်။ နယ်ထိန်း ထွန်းသာ သည် ဦးမောင်ကျော်သာနှင့် ယောက်ဖ တော်စပ်သည်ဟု ဒေသခံများက ဆိုသည်။




MYARF
RB News
16.4.2018

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ပန်းတောပြင်ကျေးရွာအုပ်စု ရွာသစ်ရွာတွင် အစိုးရက ဆောက်လုပ်ပေးခဲ့သည့် အိမ်များ ရရှိရေးအတွက် အုပ်ချုပ်ရေးမှူးကို ငွေပေးခဲ့ရသည်ဟု သတင်းများ ထွက်ပေါ်လျက် ရှိသည်။ 

မောင်တောမြို့နယ် ပန်းတောပြင်ကျေးရွာအုပ်စု ရွာသစ်ကျေးရွာရှိ ရိုဟင်ဂျာများ၏ အိမ်ခြေ ၁၅၀ ကျော်ကို မြန်မာစစ်တပ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ တို့က ၂၀၁၇ သြဂုတ်လ (၂၅) ရက်နေ့နောက်ပိုင်းတွင် မီးရှို့ဖျက်ဆီးခဲ့သည်။ အိမ်များမီးရှို့ခံရပြီးနောက်ပိုင်းတွင် ရွာသားအများစုသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေး၍ ခိုလှုံလျက်ရှိပြီး၊ မိသားစု အနည်းငယ်သည် ဘင်္ဂလားဒေ့ရှ်သို့ ထွက်မပြေးဘဲ ပန်းတောပြင်ရွာကြီးနှင့် အခြားရွာများတွင် နေထိုင်ခဲ့သည်။ 

ကျန်ရှိနေသည့် မိသားစုများအတွက် အစိုးရက တာဝန်ယူပြီး အိမ် ၂၂ လုံး ဆောက်လုပ်၍ စံပြကျေးရွာ တည်ထောင်ခဲ့သည်။ ယင်းအိမ်များ ရရှိရေးအတွက် ပန်းတောပြင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအာနိုဝါရ်ထံ စာရင်းပေးသွင်းခဲ့ရပြီး၊ အိမ်ရရှိရေးအတွက် မိသားစုတစ်စုလျှင် ငွေကျပ် ၃ သိန်းမှ ၅ သိန်းအထိ ပေးခဲ့ရသည်ဟု ဒေသခံအချို့က RB News သို့ပြောပါသည်။ 

မိသားစုအချို့က ငွေပေးရန် ငြင်းဆန်ခဲ့ရာ အုပ်ချုပ်ရေးမှူး ဦးအာနိုဝါရ်က ငွေမပေးလျှင် အိမ်ရရှိမှာ မဟုတ်ကြောင်း ခြိမ်းခြောက်ခဲ့သည်။ အုပ်ချုပ်ရေးမှူးက ယင်းငွေများသည် ၎င်းတစ်ဦးတည်းအတွက် မဟုတ်ဘဲ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် မန်ကျည်းချောင်းစခန်းမှ နယ်ခြားစောင့်ရဲတပ်ဖွဲ့ကိုလည်း ပေးရမှာ ဖြစ်သည်ဟု ရှင်းပြခဲ့ကြောင်း အဆိုပါ ဒေသခံများက ပြောပါသည်။ 

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ပန်းတောပြင်ရွာသို့ သွားရောက်ကြည့်ရှုစဉ်က ရိုက်ကူးထားသည့် ဓါတ်ပုံ


MYARF
RB News
16.4.2018

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း ပညောင်ပင်ကြီးကျေးရွာတွင် ကျန်ရှိနေသည့် ရိုဟင်ဂျာနေအိမ်များကို ဧပြီလ (၁၂) ရက်နေ့မှစ၍ နယ်ခြားစောင့်ရဲများက မီးရှို့နေသည်။

၂၀၁၇ သြဂုတ်လ (၂၅) ရက်နေ့ နောက်ပိုင်းတွင် မြန်မာစစ်တပ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့က ရိုဟင်ဂျာများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ အသက်အရွယ်မရွေး မီးရှို့၊ လည်လှီး၊ ပစ်ခတ် သတ်ဖြတ်ခြင်း၊ အမျိုးသမီးများကို မုဒိမ်းကျင့်ခြင်း၊ ပစ္စည်းများလုယက်ခြင်းတို့ကြောင့် (၇) သိန်းနီးပါး ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေး ခိုလှုံနေရသည်။ 

ယင်းအချိန်၌ မောင်တောမြို့နယ် တောင်ပိုင်း ပညောင်ပင်ကြီးကျေးရွာတွင် စစ်သားများနှင့် နယ်ခြားစောင့်ရဲများက ရိုဟင်ဂျာနေအိမ်များကို မီးရှို့ခဲ့သော်လည်း အနည်းငယ်သာ ဖြစ်သည်။ သို့သော်လည်း ရိုဟင်ဂျာရွာသားများ ကြောက်ရွံ၍ ထွက်ပြေးသွားခဲ့ကြသည်။ 

အကောင်းပကတိကျန်ခဲ့သည့် နေအိမ်များမှ ပစ္စည်းများနှင့် သစ်များကို ရွှေဗဟိုရ်၊ သရေကုန်းဘောင်ရွာသစ်၊ ကိုင်းကြီး၊ မောရ၀တီစသော န.တ.လ ရွာများမှ ဗုဒ္ဓဘာသာဝင်များက အဟန့်အတားမရှိ ယူဆောင်သွားခဲ့သည်။

မီးရှို့မခံရဘဲ ကျန်နေသည့် ရိုဟင်ဂျာများ၏ နေအိမ်များကို ဧပြီလ (၁၂) ရက်နေ့မှစ၍ နယ်ခြားစောင့်ရဲများက မီးရှို့နေသည်ဟု ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။

ပညောင်ပင်ကြီးကျေးရွာ၏ အနောက်ဘက် ချောင်းဝနှင့် အရှေ့ဘက် ရွာအ၀င်ဝတွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းများရှိပြီး၊ ယင်းရွာတွင် ရိုဟင်ဂျာအိမ်ခြေ ၄၀၀ ကျော်ရှိသည်။




RB News
16.4.2018

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် တောင်ပိုင်း ပအိုးသည်မကျေးရွာအုပ်စုမှ ရခိုင်အစွန်းရောက်တစ်ဦးက ရိုဟင်ဂျာတံငါးသည်နှစ်ဦးထံမှ ငါးလုယက်ခဲ့သည်။ 

ဘူးသီးတောင်မြို့နယ် တောင်ပိုင်း ပအိုးသည်မကျေးရွာအုပ်စုမှ ရခိုင်အစွန်းရောက်တစ်ဦး ဖြစ်သူ ဘလှေ (ဘ) ဦးမောင်ယေ (အသက် ၂၈ နှစ်) သည် ယနေ့ ဧပြီလ (၁၆) ရက်နေ့ နံနက် (၈) နာရီခန့် အချိန်တွင် ပြိုင်းတောင်ကျေးရွာအုပ်စု (ဇင်းခါမား) မှ တံငါသည်နှစ်ဦးဖြစ်သည့် မိုဟာမတ်ဆာဘဲရ် (ဘ) ဦးမိုဟာမတ်ကာဆိမ်း (အသက် ၁၉ နှစ်) နှင့် မိုဟာမတ်ဆော်လိမ် (ဘ) ဦးအီဆုပ် (အသက် ၂၇ နှစ်) တို့ထံမှ ငွေကျပ် လေးသောင်း တန်ဖိုးရှိ ငါးများ လုယက်ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

မိုဟာမတ်ဆာဘဲရ်နှင့် မိုဟာမတ်ဆော်လိမ် တို့သည် မေယုမြစ်မှ ငါးဖမ်း၍ လှေဖြင့် ပြန်လာနေစဉ် ပအိုးသည်မရွာသို့ ရောက်သည့်အချိန်တွင် အစွန်းရောက်တစ်ဦးဖြစ်သူ ဘလှေ က လုယက်ခဲ့ခြင်း ဖြစ်သည်။

၂၀၁၇ သြဂုတ်လ (၂၅) ရက်နေ့နောက်ပိုင်းတွင် ကျေးလက်ဒေသများရှိ ရိုဟင်ဂျာများကို အာဏာပိုင်များက ရွာအတွင်း ပိတ်ဆို့ထားပြီး လွတ်လပ်စွာ သွားလာလှုပ်ရှားခွင့် မပေးသောကြောင့် စားဝတ်နေရေး အခက်အခဲ ဖြစ်နေချိန်တွင် ငါးရှာ၊ ထင်းခုတ်၍ အသက်မွေးဝမ်းကျောင်း ပြုနေရသည်။ ရခိုင်အစွန်းရောက် အချို့ကလည်း အာဏာပိုင်များနှင့် ပူးပေါင်း၍ အမြဲလိုလို ရန်ရှာလျက်ရှိသည်။ ပြိုင်းတောင်ကျေးရွာအုပ်စုရှိ ဗလီဝတ်ကျောင်းတော် နှစ်လုံးကိုလည်း ဘလှေနှင့် အပေါင်းအပါ ၁၀ ဦးကျော်က ဖျက်ဆီးခဲ့သည်ဟု ဒေသခံများက ဆိုသည်။ 



MYARF
RB News
16.4.2018

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် သီဟိုဠ်ကျွန်းကျေးရွာအုပ်စု ဟာဘီအလယ်ရွာကို စစ်သားများနှင့် နယ်ခြားစောင့်ရဲများ ၀င်ရောက် စီးနင်း၍ ဒေသခံရိုဟင်ဂျာ (၅) ဦးကို ဖမ်းဆီးခဲ့သည်။

မောင်တောမြို့နယ် သီဟိုဠ်ကျွန်းကျေးရွာအုပ်စု၊ ဟာဘီအလယ်ရွာတွင် အကြမ်းဖက်သမားများ ရှာဖွေရန် ရှိသည်ဟု မြန်မာစစ်တပ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့က အကြောင်းပြ၍ ယင်းရွာကို ဧပြီလ (၁၅) ရက်နေ့ ညပိုင်းမှစ၍ ၀န်းခံပိတ်ဆို့ထားခဲ့သည်။

ယနေ့ နံနက် အစောပိုင်းတွင် ယင်းရွာကို စစ်သားများနှင့် နယ်ခြားစောင့်ရဲများ ၀င်ရောက်စီးနင်းပြီး အပြစ်မဲ့ ဒေသခံ (၅) ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

ဖမ်းဆီးသွားသူများအား နေ့လည်ပိုင်းတွင် ပြန်လည် လွှတ်ပေးပြီးနောက် ရွာကို ၀န်းရံပိတ်ဆို့၍ စီးနင်းခဲ့သည့် စစ်သားများနှင့် နယ်ခြားစောင့်ရဲများ ပြန်လည် ထွက်ခွာသွားခဲ့သည်ဟု ဒေသခံများက RB News သို့ပြောပါသည်။




RB News
15.4.2018

မောင်တော ။ ။ လူမျိုးတုန်းသတ်ဖြတ်မှု ဖြစ်ပွားနေသည့် ရခိုင်ပြည်နယ် မြောက်ပိုင်းသို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှ ကိုယ်စားလှယ်များ ရောက်ရှိလာတော့မည် ဖြစ်၍ နိုင်ငံတကာကို လိမ်လည် လှည့်ဖြားရန်အတွက် မြန်မာအစိုးရက ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ရိုဟင်ဂျာများ ပြန်လည်ဝင်ရောက်လာသယောင် မိသားစုတစ်စုအား ပြန်လည်လက်ခံသည့် ဖြစ်စဉ်တစ်ခု ကျင်းပခဲ့သည်။

ဧပြီလ (၁၄) ရက်နေ့ စနေနေ့တွင် ပြန်ကြားရေးဝန်ကြီးဌာန၏ တရားဝင် လူမှုကွန်ယက် Facebook စာမျက်နှာတွင် ငါးဦးပါ မွတ်စလင်မိသားစုတစ်စု ဘင်္ဂလားဒေ့ရှ်မှ မြန်မာနိုင်ငံသို့ ပြန်လည် ၀င်ရောက်လာရာ ၎င်းတို့ကို တောင်ပြိုလက်ဝဲ ပြန်လည်လက်ခံရေး စခန်းတွင် လက်ခံပြီး NVC ကဒ်များ ထုတ်ပေးခဲ့ကြောင်း ရေးသား ဖော်ပြခဲ့သည်။

ထိုသို့ ရေးသားဖော်ပြခြင်းနှင့် ပတ်သက်၍ RB News မှ အသေးစိတ် လေ့လာစုံစမ်းခဲ့ရာ ၎င်းနှင့် မိသားစုဝင်များသည် ဘင်္ဂလားဒေ့ရှ်မှ ပြန်လည်ရောက်ရှိလာသော ရိုဟင်ဂျာဒုက္ခသည် မိသားစုများ မဟုတ်ဘဲ ၎င်းတို့ သည် တောင်ပြိုလက်ယာ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအက်တာအာလာမ် (ဘ) မော်လ၀ီရရှိတ်နှင့် မိသားစုဝင်များ ဖြစ်ကြောင်း သိရှိရသည်။

“အခြေအနေ လုံးဝ တည်ငြိမ်မှု မရှိသေးတဲ့အချိန်မှာ အခုလို ပြန်လာတယ်လို့ ကြားရတော့ ကျွန်တော်တို့ အတော်လေး အံ့သြမိတယ်။ အဲဒီတော့ အခုပြန်လာတယ်ဆိုတဲ့သူတွေက ဘယ်သူတွေလဲဆိုတာ ကျွန်တော်တို့ သေချာစုံစမ်းကြည့်တော့ ပြန်သွားတယ်ဆိုတဲ့ မိသားစုရဲ့ အိမ်ထောင်ဦးစီးက တောင်ပြိုလက်ယာ အုပ်ချုပ်ရေးမှူး ဖြစ်နေတယ်။ တောင်ပြိုမှာရှိတဲ့ ရိုဟင်ဂျာရွာတွေ တော်တော်များများ မီးရှို့ခံရပေမယ့် ဒီအုပ်ချုပ်ရေးမှူးအိမ်က မီးရှို့မခံခဲ့ရဘူး။ ဘာကြောင့်လဲဆိုတော့ သူက အစိုးရရဲ့ သတင်းပေး ဖြစ်နေလို့ပါ” ဟု ဦးအက်တာအာလာမ်၏ ဆွေမျိုးများနှင့် ရင်းနှီးသူတစ်ဦးက RB News သို့ပြောပါသည်။

“အစိုးရရဲ့ ညွန်ကြားချက်နဲ့ ဒီလူက သူရဲ့ မိသားစုနဲ့အတူ ဘင်္ဂလားဒေ့ရှ်ဘက်ကို ကူးတယ်။ ပြီးတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတစ်ဦးရဲ့ နေအိမ်မှာနေတယ်။ အဲဒီအိမ်က မြန်မာ ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာရှိတဲ့ No Man's Land ကနေ ချောင်းသေးသေးလေး တစ်ခုသာ ခြားတယ်။ သူ့ရဲ့ အဓိက အလုပ်က အစိုးရကို သတင်းပို့ဖို့နဲ့ အဲဒီမှာခိုလှုံနေတဲ့ ထောင်ပေါင်းများစွာသော ရိုဟင်ဂျာဒုက္ခသည်တွေကို စည်းရုံးသိမ်းသွင်းဖို့ပဲ။ လူတွေကို စည်းရုံးလို့ မရတော့ နောက်ဆုံးမှာ သူတို့ကိုယ်တိုင် ပြန်ဝင်လာတယ်ဆိုတဲ့ ပုံစံနဲ့ ၀င်လာတာ။ အဲဒါကို အာဏာပိုင်တွေက ဘင်္ဂလားဒေ့ရှ်မှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ ပြန်ဝင်လာတယ်ဆိုတဲ့ ပုံစံမျိုး ဖန်တီးလိုက်တာ” ဟု ၎င်းက ဖြည့်စွက်ပြောသည်။

လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီး ဒေါက်တာဝင်းမြတ်အေးသည် လွန်ခဲ့သည့် ရက်ပိုင်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ခိုလှုံနေသည့် ရိုဟင်ဂျာများကို ပြန်လာရန် ပြောဆိုခဲ့သည်။ သို့သော်လည်း နာဇီအကျဉ်းစခန်းကဲ့သို့ ဆောက်လုပ်ထားသည့် အကျဉ်းစခန်းများသို့ သွားရောက်၍ နေထိုင်ရမည်ကို စိုးရိမ်သည်ကတစ်ကြောင်း၊ အသက်အန္တရာယ်ကို စိုးရိမ်ရသည်ကတစ်ကြောင်းတို့ကြောင့် ပြန်လာရန် ဆန္ဒမရှိသည့်  လူမျိုးတုန်းသတ်ဖြတ်မှုမှ အသက်ရှင် ထွက်ပြေးလာသော ရိုဟင်ဂျာများကို သွေးဆောင် ဖြားယောင်းရန် အတွက် ယခုကဲ့သို့ အတုအယောင် သရုပ်ဆောင်ထားသည့် ပြန်လည် လက်ခံပွဲတစ်ခုကို ကျင်းပခဲ့ခြင်း ဖြစ်သည်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှ ကိုယ်စားလှယ် အဖွဲ့သည် ၂၀၁၂ ခုနှစ်နောက်ပိုင်း ရိုဟင်ဂျာများကို မြန်မာစစ်တပ်မှ အကြမ်းဖက်မှုများ အကြိမ်ကြိမ် ပြုလုပ်ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ယခုလ အကုန်ပိုင်းတွင် လာရောက်၍ ကြည့်ရှုရန် စီစဉ်ထားသည်။

Sabit Hamid သတင်းပေးပို့သည်။


ပြန်ကြားရေးဝန်ကြီးဌာနမှ တင်ထားသည့် ဓါတ်ပုံ

RB News
15.4.2018

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ငါးရန့်ချောင်းကျေးရွာအုပ်စု၊ ပေါက်တောပြင်ရွာတွင် နယ်ခြားစောင့်ရဲတစ်ဦး၏ ရိုက်နှက်မှုကို ခံရပြီးနောက် အသက်အန္တရာယ်မှ လွတ်မြောက်ရေး အတွက် ထွက်ပြေးသွားသူ တစ်ဦး ရေနစ်၍ သေဆုံးသွားခဲ့ရာ အလောင်းဆယ်ယူမည့်သူ မရှိ ဖြစ်နေသည်။ 

ဘူးသီးတောင်မြို့နယ် ယင်းမကျောင်းတောင်ကျေးရွာအုပ်စု၊ ယင်းမကျောင်းတောင်ရွာတွင် ယခင်ကနေထိုင်ခဲ့သူ အငြိမ်းစား မ.ယ.က စာရေး ဦးမာမာတ်ကာဆိမ်း (အသက် ၆၁ နှစ်) သည် ယင်းမကျောင်းတောင်ရွာရှိ ၎င်း၏ နေအိမ်ကို ဧပြီလ (၁၂) ရက်နေ့ နေ့လည်ပိုင်းတွင် သွားရောက် ကြည့်ရှု၍ ပြန်နေစဉ် ငါးရန့်ချောင်းကျေးရွာအုပ်စု၊ ပေါက်တောပြင်ရွာ၊ ပေါက်တောပြင်ခွဆုံ အနီးသို့ ရောက်ရှိသောအခါ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ဖြစ်သူ ကိုကိုဦး က လူမဆန်စွာ ရိုက်နှက်ခဲ့ရာ ယင်းနေရာတွင်ပင် သတိလစ်သွားခဲ့သည်။ 

သတိလစ်နေသည့် ဦးမာမတ်ကာဆိမ်း ကို အနီးရှိ ဆိုင်မှ ရခိုင်အမျိုးသမီးတစ်ဦးက မျက်နှာကို ရေလောင်း၍ သတိပြန်ဝင်လာအောင် ပြုလုပ်ပြီးနောက် အဆိုပါ အမျိုးသမီးက ငါးရန့်ချောင်း ချောင်းကို ကူးဖြတ်၍ ထွက်ပြေးရန် အကြံပေးခဲ့သည်။ ထို့နောက် ဦးမာမတ်ကာဆိမ်းသည် ငါးရန့်ချောင်း ချောင်းကို ရေကူး၍ ကူးဖြတ်ပြီးနောက် ထိုမှတဆင့် ကျီးနှုတ်သီး ကျေးရွာသို့ သွားရောက်ခဲ့သည်။ ကျီးနှုတ်သီးရွာမှ ဘဒန ချောင်းကို ရေကူး၍ မိကျောင်းဈေးရွာသို့ သွားနေစဉ် ရေနစ်၍ သေဆုံးသွားခဲ့ပြီး၊ ၎င်း၏ အလောင်းကို ဧပြီလ (၁၄) ရက်နေ့ ညနေပိုင်းတွင် ဘဒန ချောင်းကမ်းခြေအနီးတွင် ဒေသခံများက တွေ့ရှိခဲ့သည်။ 

“အလောင်းကိုတွေ့ပေမယ့်လည်း ဆယ်ယူမယ့်သူ မရှိဘူး။ ဘဒန ချောင်းနားမှာ ရိုဟင်ဂျာအိမ်တွေ ရှိတော့ ရှိတယ်။ လေးငါးခြောက်အိမ်လောက်သာ ရှိတော့ သူတို့လည်း မဆယ်ရဲဘူး။ အလာင်းက မျောနေတယ်။ ကျွန်တော်လည်း ဦးမာမတ်ကာဆိမ်း အရိုက်ခံရပြီး ဘယ်ရောက်သွားလဲဆိုတာ တောက်လျှောက် ရွာတွေကို ဖုန်းဆက်ပြီး စုံစမ်းတော့ နောက်ဆုံး ရေနစ်သေသွားတဲ့ သတင်းကိုသာ ရလိုက်တယ်” ဟု ဒေသခံတစ်ဦးက RB News သို့ပြောသည်။ 

ဦးမာမတ်ကာဆိမ်းသည် ယခင်က ယင်းမကျောင်းတောင်ကျေးရွာတွင် မိသားစုနှင့် အတူ နေထိုင်ခဲ့ပြီး၊ ၂၀၁၇ သြဂုတ်လ (၂၅) ရက်နေ့ နောက်ပိုင်းတွင် ယင်းမကျောင်းတောင်ကျေးရွာအုပ်စု တစ်ခုလုံး စစ်တပ်က မီးရှို့မှုကြောင့် ၎င်း၏ မိသားစုဝင်များ အားလုံး ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေး ခိုလှုံနေရပြီး၊ ၎င်းတစ်ဦးသာ ကျန်နေခဲ့သည်။ အိမ်အနည်းငယ် မီးရှို့မခံရဘဲ ကျန်နေသည့် အိမ်များတွင် ဦးမာမတ်ကာဆိမ်း၏ အိမ်လည်း အပါအ၀င် ဖြစ်ပြီး၊ ၎င်း၏ နေအိမ်ကို သွားရောက်ကြည့်ရှုပြီး အပြန်တွင် နယ်ခြားစောင့်ရဲ ကိုကိုဦး၏ လူမဆန်စွာ ရိုက်နှက်ခြင်းကို ခံရပြီးနောက် ထွက်ပြေးနေစဉ် ရေနစ်၍ သေဆုံးခဲ့ခြင်း ဖြစ်သည်။ 




RB News
13.4.2018

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြို့ဦး (ဧတာလျာ) ကျေးရွာအုပ်စု၊ လသာရွာမှ ဟိန္ဒူလူမျိုးများ နေထိုင်သည့် နေအိမ်တစ်လုံးကို မီးရှို့သည့် ဟိန္ဒူလူငယ်တစ်ဦးကို ဒေသခံများက ၀ိုင်းဝန်းဖမ်းဆီးလိုက်သည်။

ယနေ့ ဧပြီလ (၁၃) ရက်နေ့ ည ၇း၃၀ နာရီကျော်အချိန်တွင် မြို့ဦး (ဧတာလျာ) ကျေးရွာအုပ်စု၊ လသာရွာမှ ဟိန္ဒူလူမျိုးများ နေထိုင်သည့်နေအိမ်တစ်လုံးကို မြို့ပေါ်ရှိ ဒုက္ခသည်စခန်းတွင် ပြောင်းရွှေ့နေထိုင်နေသည့် ဟိန္ဒူလူငယ်တစ်ဦးက မီးရှို့ခဲ့ရာ ဒေသခံများက ၀ိုင်းဝန်းဖမ်းဆီး၍ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမုစ်တာဖာကာမာလ် ထံသို့ အပ်နှံလိုက်ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။

လသာရွာတွင် ယခင်က ဟိန္ဒူလူမျိုးများ နေထိုင်သည့် အိမ်ခြေ (၈၀) ခန့်ရှိပြီး ၂၀၁၇ သြဂုတ်လ (၂၅) ရက်နေ့ နောက်ပိုင်းတွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ နယ်မြေ (၆) မှ ဒု-နယ်မြေမှူး ကိုယ်တိုင်လာရောက်၍ ဟိန္ဒူလူမျိုးများကို မြို့ပေါ်သို့ ပြောင်းရွှေ့ပေးမည်ဟု ဆိုကာ စည်းရုံး၍  မြို့ပေါ် အထက်တန်းကျောင်းရှိ ဒုက္ခသည်စခန်းသို့ ခေါ်ဆောင်သွားခဲ့သည်။

ဒု-နယ်မြေမှူး၏ စည်းရုံးမှုကြောင့် ဟိန္ဒူအများစုမှာ ဒုက္ခသည်စခန်းသို့ ရောက်ရှိသွားပြီး၊ မိမိတို့၏ ကျေးရွာ ပြောင်းရွှေ့လိုစိတ်မရှိသည့် မိသားစု (၈) စုသာ ကျန်နေခဲ့သည်။

ကျန်နေခဲ့သည့် ဟိန္ဒူမိသားစု (၈) စုသည် ရိုဟင်ဂျာမွတ်စလင်များနှင့် မိသားစုဝင်များပမာ ရင်းရင်းနှီးနှီး နေထိုင်လျက်ရှိပြီး၊ အလုပ်အကိုင်မရှိ ၀င်ငွေမရှိသည့် ကာလတွင် အစားအသောက်များပင် ဝေမျှကြသည်ဟု ဒေသခံများက ဆိုသည်။

ကျန်နေခဲ့သည့် မိသားစုများထံ မြို့ပေါ် ဒုက္ခသည်စခန်းမှ ဟိန္ဒူများ ၀င်/ထွက် သွားလာခြင်းများ နေ့စဉ်ရှိနေပြီး၊ ယနေ့ မီးရှို့သည့် ဦးဂိုနီ၏ အသက် (၂၅) နှစ် အရွယ် သားဖြစ်သူ (အမည်မသိ) လည်း အမြဲလိုလို ၀င်ထွက် သွားနေလာသူ ဖြစ်သည်။




RB News
12.4.2018

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်ရှိ မြို့နယ်နှစ်မြို့နယ်တွင် ညမထွက်ရအချိန် ပြင်ဆင် သတ်မှတ်၍ နှစ်လသက်တမ်းတိုးမြှင့်လိုက်သည်။

၂၀၁၂ ခုနှစ် ဇွန်လမှစ၍ နှစ်လတစ်ကြိမ် သက်တမ်းတိုး၍ ထုတ်ပြန်လာသည့် ညမထွက်ရအချိန်ကို ယနေ့ ဧပြီလ (၁၂) ရက်နေ့တွင် ပြင်ဆင် သတ်မှတ်၍ နှစ်လအတွက် သက်တမ်းတိုးလိုက်ကြောင်း ခရိုင်အုပ်ချုပ်ရေးအဖွဲ့မှ ဒေသခံများကို အသိပေးလိုက်သည်။

ည ၆ နာရီမှ နံနက် ၆ နာရီထိ ညမထွက်ရ အမိန့်ကို ဘူးသီးတောင်မြို့နယ်တွင် ည ၁၀ နာရီမှ နံနက် ၅ နာရီထိလည်းကောင်း၊ မောင်တောမြို့နယ်တွင် ည ၉ နာရီမှ နံနက် ၅ နာရီထိလည်းကောင်း ပြင်ဆင်သတ်မှတ်လိုက်သည်ဟု အုပ်ချုပ်ရေး အာဏာပိုင်များက အသိပေးကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

ညမထွက်ရအမိန့်ကို ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များရှိ ဒေသခံများ အားလုံး လိုက်နာရန် လိုသော်လည်း အမှန်တကယ်တွင် ဗုဒ္ဓဘာသာဝင်များ မလိုက်နာပါက မည်သို့မျှ အရေးယူဆောင်ရွက်ခြင်း မရှိဟု ဒေသခံများက ဆိုသည်။

နယ်ခြားစောင့်ရဲများနှင့် မြို့ပေါ်ရှိ ရဲတပ်ဖွဲ့ဝင်များက ရိုဟင်ဂျာများကို ညမထွက်ရ အချိန်မစတင်မီ နာရီဝက် အလိုခန့်တွင် နေအိမ်ပြင်ပများ၌ တွေ့ရှိပါက ညမထွက်ရအမိန့် ချိုးဖောက်သည်ဟု လုပ်ကြံစွပ်စွဲ၍ ငွေညှစ်ခြင်းများ မကြာခဏ ပြုလုပ်လေ့ရှိသည်။

ညမထွက်ရအချိန် ပြောင်းလဲသွားသော်လည်း ကျေးလက်ဒေသများရှိ ဒေသခံများသည် အလုပ်အကိုင်မရှိခြင်း၊ သွားလာခွင့် ကန့်သတ်ထားခြင်း တို့ကြောင့် အခြေအနေတစ်စုံတစ်ရာ ပြောင်းလဲရန် မရှိဟု သုံးသပ်နေကြသည်။



Rohingya Exodus