နောက်ဆုံးသတင်း/ဆောင်းပါးများ

သန်းခေါင်စာရင်းကို အကြောင်းပြ၍ မင်းမဲ့စရိုက် ဆန်ဆန်ပြုလုပ်နေ



RB News
4.4.2014

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ်တွင် ဒေသဆိုင်ရာ အာဏာပိုင်များက သန်းခေါင်စာရင်းကို အကြောင်းပြ၍ မင်းမဲ့စရိုက် ဆန်ဆန် ဥပဒေမဲ့ ပြုလုပ်နေကြောင်း သတင်း ရရှိပါသည်။

ဘူးသီးတောင်မြို့နယ်၊ ညောင်ချောင်း ကျေးရွာ အုပ်စု အခြေစိုက် စခန်းအမှတ် (၂၆) မှ စခန်းမှူးနှင့် သန်းခေါင်စာရင်း ကောက်ယူရေး ကော်မတီ ခေါင်းဆောင် တိမွေးကု ဇာနည်ဇော် တို့သည် ညောင်ချောင်း ကျေးရွာအုပ်စု အတွင်းရှိ ကားများနှင့် ဆိုင်ကယ်များကို ချောဆွဲ ထားသည်မှာ မတ်လ (၃၀) ရက်နေ့ ကတည်းက ဖြစ်ပြီး၊ နေ့စဉ် လုပ်ကိုင် စားသောက်နေသူများမှာ စားဝတ်နေရေးပါ ထိခိုက်လာသည်ဟု ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ ယခုကဲ့သို့ မတရားသဖြင့် ချောဆွဲ ထားခြင်းကြောင့် ကားအငှားသမား များနှင့် ဆိုင်ကယ် တက္ကစီ သမားများ အကြား ပဋိပက္ခ ဖြစ်နိုင်သည့် အနေအထား ရှိနေသည့် အတွက် အဆင့်မြင့် အာဏာပိုင်များက အမြန်ဆုံး အရေးယူ ဆောင်ရွက် ပေးရန် လိုကြောင်း ဒေသခံများက ပြောပါသည်။

ဘူးသီးတောင်မြို့နယ် တောင်ဘဇား ကျေးရွာ အုပ်စုတွင်လည်း သန်းခေါင်စာရင်း ကောက်ယူရန် လာသည့် အဖွဲ့နှင့် လုံခြုံရေး တာဝန်ယူရန် လိုက်ပါသည့် ဗိုလ်ကြီး နေပိုင်စိုးနှင့် အဖွဲ့က ဒေသခံများကို တယ်လီဖုန်းကဒ် ၅၀၀၀ တန် (၁၀) ကဒ်ကို အတင်း အဓမ္မ ၀ယ်ပေးခိုင်းကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။

မောင်တောမြို့နယ်၊ ကြိမ်ချောင်း ကျေးရွာ အုပ်စုတွင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကိုကိုအောင်က ယမန်နေ့ ဧပြီလ ၃ ရက်တွင် ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ အားလုံးကို ဆင့်ခေါ်၍ ဘင်္ဂလီ ဖြည့်လိုသူ (၁၅) ဦး၊ ရိုဟင်ဂျာ ဖြည့်လိုသူ (၁၅) ဦးကို လက်မှတ်ထိုးရန် ပုံစံ တစ်စုံ ထုတ်ပေးခဲ့သည်။ ထုတ်ပေးခဲ့သည့် ပုံစံမှာ အုပ်ချုပ်ရေးမှူး ဦးကိုကိုအောင်က ပြုလုပ်ထားသည့် ပုံစံ ဖြစ်သောကြောင့်၊ ဒေသခံ ရိုဟင်ဂျာများက နိုင်ငံတော်မှ အသိအမှတ်ပြု၍ ထုတ်ပြန်ထားသည့် ပုံစံ မဟုတ်သဖြင့် လုံးဝ လက်မှတ် ရေးထိုးနိုင်မည် မဟုတ်ကြောင်း ပြောကြားပြီး ငြင်းဆို ခဲ့သည်ဟု ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ အဆိုပါ အုပ်ချုပ်ရေးမှူး ဦးကိုကိုအောင်သည် ဒေသခံ ရိုဟင်ဂျာများကို သန်းခေါင်စာရင်းတွင် ဘင်္ဂလီဟု ပြောဆိုရန် အမျိုးမျိုး ဖိအားပေး ခြိမ်းခြောက်မှုများ ပြုလုပ် နေကြောင်း ဒေသခံများက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus