နောက်ဆုံးသတင်း/ဆောင်းပါးများ

နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ န.စ.က ကဲ့သို့ လူဦးရေ စစ်ဆေးရေး လုပ်ငန်း စတင်




RB News
10.6.2014

မောင်တော ။ ။ ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောမြို့နယ်ရှိ ကျေးရွာ အချို့တွင် ယခင် န.စ.က လက်ထက်က ပြုလုပ်ခဲ့သည့် ဆွဲ၊တင်၊စစ် သကဲ့သို့ လူဦးရေ စစ်ဆေးခြင်းကို ယခု နယ်ခြားစောင့် ရဲတပ်ဖွဲ့က ရှောင်တခင် လူဦးရေ စစ်ဆေးရေး ဟူသည့် ခေါင်းစဉ်ဖြင့် စတင် စစ်ဆေးနေကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ် တောင်ပိုင်းရှိ ကျေးရွာများကို အပိုင်း ၃ ပိုင်းခွဲ၍ ယခင် န.စ.က လက်ထက်တွင် ပြုလုပ်ခဲ့သည့် ဆွဲ၊တင်၊စစ်နှင့် အလား သဏ္ဍာန် တူသည့် အိမ်ထောင်စု စာရင်းနှင့် လူဦးရေ စာရင်း ကောက်ခံခြင်း များကို ယနေ့ (ဇွန်လ ၁၀) ရက်နေ့တွင် စတင် ပြုလုပ်နေပြီ ဖြစ်ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ ထိုကဲ့သို့ စစ်ဆေးခြင်းကို ရှောင်တခင် လူဦးရေ စစ်ဆေးခြင်းဟု ခေါင်းစဉ်တပ်ကာ နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် မ.က.ဖ အဖွဲ့တို့ ပူးပေါင်း၍ လုံခြုံရေး အင်အား အပြည့်ဖြင့် ဆောင်ရွက် နေခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

ယနေ့ နံနက်ပိုင်းမှ စ၍ ကံပူးကျေးရွာ၊ ဘဂုံးနား ကျေးရွာနှင့် မြင်းလွှတ် ကျေးရွာများတွင် စတင်ခဲ့ပြီး၊ နံနက် ၈ နာရီ အချိန်တွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များနှင့် မ.က.ဖ အဖွဲ့တို့ မြင်းလွှတ် ကျေးရွာသို့ ရောက်ရှိခဲ့သည်။ ကျေးရွာ အုပ်ချုပ်ရေးမှူးက ဒေသခံ ရွာသားများကို ကြိုတင် ခြိမ်းခြောက် ထားသဖြင့် အစစ်မခံချင် ကြသော်လည်း အစစ်ဆေး ခံခဲ့ရကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ ယခုကဲ့သို့ လူဦးရေ စစ်ဆေး ကောက်ခံ၍ သန်းခေါင်စာရင်းတွင် အသုံးပြုသွားမည်ကို ဒေသခံများက စိုးရိမ်လျက် ရှိကြသည်ဟု ဆိုသည်။ ထို့နောက် ကံပူးကျေးရွာသို့ ရောက်ရှိခဲ့သော်လည်း အစပိုင်းတွင် ရွာသားများက စိုးရိမ်စိတ်ဖြင့် အစစ်ဆေးမခံ ခဲ့ကြောင်း သိရှိရပါသည်။ သို့သော်လည်း နောက်ပိုင်းတွင် အစစ်ဆေးခံခဲ့ပြီး၊ လာရောက် စစ်ဆေးသည့် အဖွဲ့က မိသားစုများကို ဓါတ်ပုံရိုက် မှတ်တမ်းတင်ခြင်းများ ပြုလုပ်ခဲ့ကြောင်း အဆိုပါ ဒေသခံမှ ပြောပါသည်။

အလားတူပင် နံနက် ၉ နာရီ အချိန်တွင် မြို့မ အနောက် ရပ်ကွက် (အမှတ် ၁ ရပ်ကွက်)၊ ကျီးကန်းပြင် ကျေးရွာ အုပ်စု၊ ဖားဝပ်ချောင်း၊ ပဒေါင်း ကျေးရွာ တို့တွင်လည်း နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် မ.က.ဖ တို့က တစ်အိမ်တက်ဆင်း လက်နက်ဖြင့် ခြိမ်းခြောက်၍ လူဦးရေ စာရင်း ကောက်ခံရာ၊ ဒေသခံ ရွာသားများ ကြောက်လန့်ပြီး ရုန်းရင်း ဆန်ခတ် သဏ္ဍာန် ဖြစ်ပွားကာ၊ ရွာသားများက မိမိတို့ အနေဖြင့် အစစ်ဆေး ခံနိုင်မည် မဟုတ်ဟု ဖြေကြားခဲ့ကြောင်း သိရှိရပါသည်။

“ကျွန်တော်တို့ရဲ့ မိဘ ဘိုးဘွား စဉ်ဆက် ရခိုင်ဒေသမှာ မွေးဖွား ကြီးပြင်းလာခဲ့တယ်။ ကျွန်တော်တို့က ဒီဒေသရဲ့ မူလဘူတ တိုင်းရင်းသား ဖြစ်ပါတယ်။ ကျွန်တော်တို့က ခေတ်အဆက်ဆက်မှာ တိုင်းရင်းသား၊ နိုင်ငံသား အခွင့် အရေး အပြည့် အ၀ ရခဲ့ပေမယ့်လည်း ဦးနေ၀င်း လက်ထက်က စပြီး ကျွန်တော်တို့ရဲ့ အခွင့်အရေး တွေကို မတရားသိမ်းယူခဲ့တယ်။ အခုတော့ ကျွန်တော်တို့ကို အမျိုးမျိုး ခွဲခြား ဆက်ဆံ နေတဲ့ အပြင် နိုင်ငံတွင်းမှာ ဘယ်လူမျိုးကိုမှ အကြိမ်ကြိမ် စစ်ဆေးခြင်းတွေ မလုပ်တဲ့ စစ်ဆေးခြင်းမျိုး တွေကို လုပ်နေတယ်။ ကျွန်တော်တို့ကို တန်းတူ မဆက်ဆံဘူး၊ ခွဲခြား ဆက်ဆံ နေမယ်ဆိုရင် အခုလို စစ်ဆေးတာ မျိုးကို ကျွန်တော်တို့ လုံးဝ လက်မခံနိုင်ပါဘူး။ လက်နက်နဲ့ ခြိမ်းခြောက် ညှဉ်းပန်း နှိပ်စက်ပြီးတော့ ကျွန်တော်တို့ကို လုပ်နေတာက ဒီမိုကရေစီ အစိုးရရဲ့ မျက်နှာဖုံးကို ခွာပြတာနဲ့ အတူတူပါဘဲ။” ဟု ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

“ပြည်ထောင်စု ၀န်ကြီးတွေ နိုင်ငံခြား သံတမန် တွေနဲ့ ရောက်လာရင်တော့ ပြောလိုက်တဲ့ စကားတွေက အင်မတန် အားရ စရာကောင်းတယ်။ ဒါပေမယ့် အဲဒီစကားတွေက နိုင်ငံခြားသား တွေအရှေ့မှာ ဟန်ဆောင်ပြီး ပြောသွားတယ် ဆိုတာ သူတို့ ပြန်သွားတာနဲ့ တန်းသိရတယ်။ ကျွန်တော်တို့ အနေနဲ့ ကျွန်တော်တို့ရဲ့ လူမျိုးနာမည် တစ်ခု အတွက်နဲ့ အသက်ပေါင်း များစွာ ပေးဆပ်ပြီးပြီ။ န.စ.က လက်ထက် အနှစ် ၂၀ ကျော် ကျွန်တော်တို့ကို လူမဆန်အောင် ညှဉ်းပန်း နှိပ်စက်ခဲ့ပြီးပြီ၊ အခုလည်း နယ်ခြားစောင့် ရဲတပ်ဖွဲ့က န.စ.က ပုံစံအတိုင်း နှိပ်စက်နေတုန်း ပါဘဲ။ သည်းခံ နိုင်စွမ်း ကုန်အောင် နှိပ်စက် နေပေမယ့် ကျွန်တော်တို့ သည်းခံ လျက်ပါ။ သို့ပေမယ့် တစ်ခု ပြောချင်တာက အာဏာနဲ့ လက်နက် အားကိုးပြီး လုပ်ချင်တိုင်း လုပ်လို့ရတယ် ဆိုတာ အတိုင်းအတာ တစ်ခုရှိပါတယ်။ အဲဒီ အတိုင်းအတာ ကုန်ရင်တော့ လွယ်လွယ်ကူကူ ဖြေရှင်းရမယ့် ကိစ္စကို ခက်ခက်ခဲခဲ ဖြေရှင်း ရလိမ့်မယ်လို့သာ ပြောချင်ပါတယ်။ အခုလုပ်နေတဲ့ ရှောင်တခင် လူဦးရေ စစ်ဆေးခြင်း ကိစ္စကို နိုင်ငံတော်က တရားဝင် အသိပေးပြီး မလုပ်ဘဲ၊ န.စ.က လိုလုပ်မယ် ဆိုရင်တော့ ကျွန်တော်တို့ ဒေသခံတွေ လုံးဝ ပါဝင် အစစ်ဆေးခံမှာ မဟုတ်ပါဘူး” ဟု အဆိုပါ ဒေသခံမှ ဆက်လက်ပြောပါသည်။

Comment ရေးရန်

Rohingya Exodus