နောက်ဆုံးသတင်း/ဆောင်းပါးများ

နယ်ခြားစောင့်ရဲ များ၏ ပစ်ခတ်မှုကြောင့် ၈ နှစ် အရွယ် ကလေး တစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိ



Rohingya Eye
RB News
12.1.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မောင်နီရွာ အခြေစိုက် နယ်ခြားစောင့်ရဲ များ၏ မဆင်မခြင် သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် အသက် ၈ နှစ် အရွယ် ကလေးတစ်ဦး ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်း ရရှိပါသည်။

ယနေ့ ဇန်န၀ါရီလ (၁၂) ရက်နေ့ ညနေ ၅ နာရီ အချိန်ခန့်တွင် မောင်တောမြို့နယ် မြို့မတောင် ရပ်ကွက်မှ ကိုရီယာဇ်အူဒင် (ဘ) ဦးနူရ်အာမီးန် (အသက် ၂၈ နှစ်) သည် မောင်နီရွာရှိ ကမ်းစပ်၌ တဲတစ်ခုတွင် ထိုင်၍ သူငယ်ချင်းများနှင့် စကားပြောနေစဉ် မောင်နီရွာ အခြေစိုက် နယ်ခြားစောင့် ရဲများက မသင်္ကာဟု ဆိုကာ ၎င်းကို ဖမ်းဆီးခဲ့သည်။

နယ်ခြားစောင့် ရဲများသည် ကိုရီယာဇ်အူဒင်ကို ဖမ်းဆီး ခေါ်ဆောင် လာစဉ် မြို့မတောင် ရပ်ကွက်ရှိ ဘောလုံးကွင်းတွင် ကလေးများ ဘောလုံး ကစား၍ နှစ်ဖက် အသင်း ဂိုးများ အပြန်အလှန် သွင်းကာ အောင်ပွဲခံ နေသည်ကို မြင်တွေ့ပြီး၊ ၎င်းတို့ကို ရန်ပြုရန် အော်ဟစ်နေသည်ဟု ယူဆပြီး သေနတ်ဖြင့် မဆင်မခြင် ပစ်ခတ်ခဲ့ရာ အသက် (၈) နှစ် အရွယ် မောင်နူရ်ဟူဒါ (ဘ) ဦးကော်ဘိရ်၏ ဘယ်ဘက် ခြေထောက်ကို ကျည်ဆံထိမှန်ပြီး ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

မောင်နူရ်ဟူဒါကို နယ်ခြားစောင့်ရဲများက မောင်တော ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး အတွင်းလူနာ အဖြစ် ဆေးကုသမှု ခံယူလျက် ရှိကြောင်း သိရသည်။

မြို့မတောင် ရပ်ကွက်နှင့် မောင်နီရွာသို့ ကပ်လျက် ရှိသည့် ရပ်ကွက်နှင့် ရွာ ဖြစ်သည်။

“ကလေးတွေက ၁၀ နှစ်အောက်တွေပါ။ တကယ်လို့ ဒီကလေးတွေက နယ်ခြားစောင့်ရဲ တွေကို ရန်မူဖို့ အော်တယ်ဘဲ ထားပါတော့။ ဒီကလေးတွေက ဘာလုပ်နိုင်မှာလဲ? သေနတ်နဲ့ ပစ်ဖို့ အထိ မလိုအပ်တဲ့ ကိစ္စကို အကြောင်းမရှိ အကြောင်းရှာပြီး ပစ်လိုက်တာပါ။ ကလေးတွေကလည်း သူတို့ဟာ သူတို့ ကစားပြီး အပြန်အလှန် ဂိုးသွင်းရင်းနဲ့ အောင်ပွဲခံနေတာ။ ဒီမှာ လက်နက်ကိုင် အာဏာပိုင်တွေ ဘယ်လောက် ရက်စက်လဲ ဆိုတာ ကလေးတွေက အစ သိတယ်။ အဲဒီတော့ ရန်မူဖို့ မပြောနဲ့၊ လှည့်တောင် မကြည့်ရဲကြဘူး။ ဒီနယ်ခြားစောင့်ရဲ တွေက အရင် န.စ.က ထက် အဆပေါင်း များစွာ ဆိုးတယ်။ သမ္မတကြီးက ဒီမိုကရေစီ၊ ဒီမိုကရေစီနဲ့ ပြောနေတာ၊ ကျွန်တော်တို့ ဆီမှာတော့ စစ်အစိုးရ လက်ထက် ကထက် အခြေအနေ ပိုဆိုးနေတယ်” ဟု အဆိုပါ ဒေသခံက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus