နောက်ဆုံးသတင်း/ဆောင်းပါးများ

ညောင်ချောင်း တာဝန်ခံ သတ်သူကို ဖမ်းဆီးရမိပြီးနောက် ထွက်ပြေးသွားသည်ဟု သတင်းများထွက်ပေါ်




မေတ္တာဦး
RB News
31.1.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ်၊ ညောင်ချောင်း ကျေးရွာ အုပ်ချုပ်ရေး တာဝန်ခံနှင့် ၎င်း၏ ကိုယ်ရံတော် တို့ကို အုပ်ချုပ်ရေး တာဝန်ခံနှင့် မသင့်မြတ်သူ နှစ်ဦးက ဓါးဖြင့် ထိုးခဲ့သည့် ဖြစ်ရပ် တစ်ခု ဖြစ်ပွားပြီးနောက် တရားခံ တစ်ဦးကို ဖမ်းဆီးရမိသော်လည်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ ထွက်ပြေး သွားသည်ဟု သတင်းများ ထွက်ပေါ်လျက် ရှိသည်။

ဇန်န၀ါရီလ ၂၆ ရက်နေ့ နံနက် ၂း၁၅ နာရီ အချိန်တွင် မောင်တောမြို့နယ် ညောင်ချောင်း ကျေးရွာ၏ အုပ်ချုပ်ရေး တာဝန်ခံ ဦးဇော်ကိရ် (အသက် ၂၅ နှစ်) နှင့် ၎င်း၏ ကိုယ်ရံတော် ဦးဇူဘိုင်ရ် (ဘ) ဦးတာန်ဒူး (အသက် ၂၃ နှစ်) တို့ကို အမည်မသိ လူနှစ်ဦးက ဓါးဖြင့်ထိုးခဲ့သည်။ ကျေးရွာ အုပ်ချုပ်ရေး တာဝန်ခံ ဖြစ်သူ ဦးဇော်ကိရ်နှင့် ၎င်း၏ ကိုယ်ရံတော် ဦးဇူဘိုင်ရ် တို့သည် ထိုအချိန်တွင် နယ်ခြားစောင့် ရဲများနှင့် ရွာအတွင်း ကင်းလှည့်၍ ပြန်လာနေစဉ် ဦးဇော်ကိရ်၏အိမ်နှင့် မနီးမဝေးသို့ ရောက်ရှိချိန်တွင် အမည်မသိ လူနှစ်ဦးက ၎င်းတို့နှစ်ဦးကို ဓါးဖြင့် ထိုး၍ ထွက်ပြေး သွားခဲ့ခြင်း ဖြစ်သည်။

ညောင်ချောင်း ကျေးရွာ အုပ်ချုပ်ရေး တာဝန်ခံ ဦးဇော်ကိရ် ဓါးဒဏ်ရာဖြင့် သေဆုံး သွားခဲ့ပြီး မသေဆုံးမီတွင် ဓါးဖြင့် ထိုးခဲ့သူ နှစ်ဦး၏ အမည်ကို ၎င်း၏ မိသားစုဝင်များကို ပြောပြနိုင်ခဲ့သည်။ သို့သော်လည်း အာဏာပိုင်များ မရောက်လာမီ ပြောဆိုခဲ့ခြင်းကြောင့် အာဏာပိုင် အဖွဲ့အစည်းများကို ထုတ်ဖော် မပြောနိုင်ခဲ့ကြောင်း သိရသည်။ အသက်မသေဘဲ ကျန်ရစ်သူ ဦးဇော်ကိရ်၏ ကိုယ်ရံတော် ဦးဇူဘိုင်ရ်က မျက်မြင် သက်သေ အဖြစ် အမှုစစ်ရဲများကို တရားခံ နှစ်ဦးကို မြင်ခဲ့သည်ဟု ထွက်ဆိုချက် ပေးခဲ့သည်။ စွပ်စွဲခံရသည့် တရားခံများမှာ အဆိုပါ ကျေးရွာမှ ဖြစ်သော်လည်း ထွက်ပြေး တိမ်းရှောင် နေခဲ့ကြသည်။

ဤသတင်းနှင့် ပတ်သက်၍ ချက်ချင်းဆိုသလို မောင်တောမြို့အပြင် နိုင်ငံတကာရှိ ရိုဟင်ဂျာ အသိုင်းအ၀ိုင်း သို့ပင် ပြန့်သွားခဲ့သည်။ စွပ်စွဲခံရသည့် တရားခံ နှစ်ဦး အနက် တစ်ဦးဖြစ်သူ အေရှာဒူလ္လာ (ဘ) ဦးအာမာန်အုလ္လာ (အသက် ၂၅ နှစ်) ကို ဇန်န၀ါရီလ ၂၉ ရက်နေ့ ည ၁၀ နာရီခွဲ အချိန်တွင် မောင်တောမြို့၊ ပဒင်းကျေးရွာသား များက ဖမ်းဆီး၍ နီးစပ်ရာ နယ်ခြားစောင့် ရဲကင်းစခန်းသို့ အပ်နှံခဲ့သည်။

“ကျွန်တော်တို့ကတော့ တရားခံလို့ စွပ်စွဲခံရသူကို ၀ိုင်းဝန်းပြီး ဖမ်းဆီး ပေးလိုက်တယ်။ အမှုဖြစ်စဉ်ကို စစ်ဆေးခံပြီး တကယ် ကျူးလွန်တယ် ဆိုရင် ဥပဒေနဲ့ ထိုက်တန်တဲ့ အပြစ်ကို ခံဖို့ပါ။ အပြစ်ရှိတဲ့လူကို အပြစ်ပေးမှသာ ကျွန်တော်တို့ ကျေနပ်ပါမယ်။ ကျွန်တော်တို့ရဲ့ အမြင်ကတော့ တဖက်သတ် မဟုတ်ဘူး။ ကျွန်တော်တို့ကို ဥပဒေက ကာကွယ် ပေးတာကို လိုချင်တယ်။ အဲဒါကြောင့် အာဏာပိုင်တွေက မတရားသဖြင့် ကျူးလွန်နေတာတွေ၊ ရပ်ရွာ အုပ်ချုပ်ရေးတွေက မတရားသဖြင့် ကျူးလွန်နေတာကို နေ့စဉ်နှင့် အမျှ ပြောနေရတာပါ။ အခု ဒေသခံက ကျူးလွန်တော့လည်း ကျွန်တော်တို့ ဘက်မလိုက်ဘူး ဆိုတာ သိစေချင်တယ်” ဟု ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

တရားခံ စွပ်စွဲခံရသူ အေရှာဒူလ္လာကို ယင်းနေ့ညတွင် နယ်ခြားစောင့် ရဲများက လူမဆန်စွာ ရိုက်နှက်ခဲ့ပြီး (၃) မိုင်ရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ တဆင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ဌာနချုပ်သို့ ခေါ်ဆောင် သွားကြောင်း သိရသည်။

“တရားခံလို့ စွပ်စွဲခံရသူကို တော်တော်လေး ရိုက်တယ်လို့ သိရတယ်။ ပြီးတော့ နယ်ခြားစောင့်တပ် ဌာနချုပ်ကို ပို့လိုက်တယ်လို့ သိရတယ်။ အခုတော့ အဲဒီဌာနချုပ် စခန်းကနေ အချုပ်ဖောက်ပြီး ထွက်ပြေး သွားတယ်လို့ ကောလဟလ သတင်းတွေ လွှင့်နေတယ်။ အချုပ်ဖောက်ပြီး ထွက်ပြေးတယ် ဆိုတာတော့ ဘယ်လိုမှ မဖြစ်နိုင်တဲ့ ကိစ္စပါ။ အဲဒါကြောင့် အဲဒီ တရားခံ စွပ်စွဲခံရသူကို သတ်လိုက်ပြီလားလို့ ကျွန်တော်တို့ သံသယ ဖြစ်မိတယ်။” ဟု အဆိုပါ ဒေသခံက ဆက်လက် ပြောပါသည်။

တရားခံ စွပ်စွဲခံရသူသည် ၂၀၁၂ အရေးအခင်း မတိုင်မီ အထိ စစ်တွေ တက္ကသိုလ်တွင် ရူပဗေဒ ဘာသာရပ်ဖြင့် ကျောင်းတက် ခဲ့သူ တစ်ဦး ဖြစ်သည်။ ဘာသာရေး ကိုင်းရှိုင်းပြီး ရိုးသားသူ တစ်ဦး ဖြစ်သည်ဟု ဆိုသည်။ အာဏာပိုင်များက ၎င်းကို ၂၀၁၂ ခုနှစ် အရေးအခင်းတွင် ပါဝင် ပတ်သက်သည်ဟု မဟုတ်မမှန် စွပ်စွဲ၍ ဖမ်းဆီးရမည့် တရားခံ စာရင်းတွင် ထည့်သွင်းခဲ့သည်။ သို့သော်လည်း မိမိမြေကို မြတ်နိုးသူ တစ်ဦး ဖြစ်သည့် အတွက် နိုင်ငံရပ်ခြားသို့ ထွက်ပြေး သွားခြင်း မရှိဘဲ မိမိရပ်ရွာတွင်သာ အေးအေးဆေးဆေး နေထိုင်ခဲ့သည်ဟု ဒေသခံများ၏ ပြောကြားချက်များ အရသိရသည်။

၎င်းကို ဓါးထိုးခံရပြီး သေဆုံးသွားသည့် ကျေးရွာ တာဝန်ခံ ဦးဇော်ကိရ်က အာဏာပိုင်များ၏ တရားခံစာရင်းကို အကြောင်းပြ၍ အကြိမ်ကြိမ် ခြိမ်းခြောက်မှု အမျိုးမျိုး ပြုလုပ်ခဲ့သည့် အတွက် ဓါးဖြင့် ထိုးသတ်သည့် အထိ အစွန်းရောက် လာခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။ ပဒင်း ကျေးရွာတွင် ဖမ်းဆီး ခံရပြီးနောက် နယ်ခြားစောင့် ရဲအဖွဲ့ကို ၎င်းက ဦးဇော်ကိရ်ကို ဓါးဖြင့် ထိုးသတ်ခဲ့သည်မှာ မှန်ကန်ကြောင်း၊ ၎င်းအား ခြိမ်းခြောက်ခြင်း၊ အငြိုးထားခြင်းတို့ကြောင့် ပြန်လည် အငြိုးထားမိကာ ယခုကဲ့သို့ လက်လွန်သွားခြင်း ဖြစ်ကြောင်း ၀န်ခံ ထွက်ဆိုခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ကတော့ ပညာသင်ကြားပြီး၊ ရပ်ထဲရွာထဲမှာ အေးဆေး နေတဲ့ လူငယ် တစ်ယောက်က အခုလို လူသတ်မှု ကျူးလွန်တယ် ဆိုတော့ ဒီလူငယ် အတွက် အတော်လေး နှမြောမိတယ်။ သေသွားတဲ့သူကတော့ သေသွားပါပြီ။ သူ့ရဲ့ သြဇာ အာဏာသုံး မတရားမှုတွေကြောင့် ဒီလူငယ် အစွန်းရောက် သွားတယ်လို့ ကျွန်တော်တို့ သုံးသပ်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ်ပါ လူသတ်မှု ကျူးလွန်တဲ့ အတွက် အပြစ်နဲ့ ထိုက်တန်တဲ့ ဥပဒေရဲ့ အဆုံးအမကို နာခံရမှာပါ။ ဒါပေမယ့် အခုလို အချုပ်ထဲက ထွက်ပြေးသွားလို့ သတင်းတွေထွက် လာတာကြောင့် တရားခံကို သတ်လိုက်ပြီလားလို့ စိုးရိမ် နေကြပါတယ်။ ပြီးတော့ နယ်ခြားစောင့်ရဲ တွေက ဒီအမှုကို အခွင့်အရေး ယူပြီး အခြား မဆိုင်တာတွေ လျှောက်စွပ်စွဲ၊ အပြစ်မဲ့ ပြည်သူတွေကို ဒုက္ခပေးလာမှာကိုလည်း စိုးရိမ်နေရတယ်” ဟု အဆိုပါ ဒေသခံက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus