နောက်ဆုံးသတင်း/ဆောင်းပါးများ

တောင်ဘဇားတွင် ဒေသခံများကို ရိုက်နှက် ခြိမ်းခြောက်၍ ဆွဲ၊တင်၊စစ် တွင် အတင်းအဓမ္မ ပါဝင်ခိုင်း




RB News
30.1.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် တောင်ဘဇား၊ ငါးရန့်ချောင်း ကျေးရွာ အုပ်စု၊ ယင်းမရွာတွင် ဆွဲ၊တင်၊စစ် ၌ ပါဝင် စစ်ဆေးခံရန် ဒေသခံ ရိုဟင်ဂျာ ရွာသားများကို နေရာအနှံ့တွင် ရိုက်နှက် ဖမ်းဆီး ခေါ်ဆောင်၍ နည်းမျိုးစုံဖြင့် ပြုလုပ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

ဇန်န၀ါရီလ (၂၉) ရက်နေ့က နယ်ခြားစောင့်ရဲများနှင့် ငါးရန့်ချောင်း ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးကောင်းစိန်လှ တို့သည် ဆွဲ၊တင်၊စစ် တွင် မပါဝင်သူများ၊ ငြင်းဆန်သူများ ဟုဆိုကာ ခေါင်းစဉ်တပ်၍ ယင်းမရွာမှ ဦးရှာကဲရ်၊ ဦးမောင်လှရွှေ (ခ) ဦးဂိုရာမျာ အပါအ၀င် အခြားရွာသား ၂၀ ဦးတို့ကို ဖမ်းဆီး၍ လူမဆန်စွာ ရိုက်နှက်ပြီး ဆွဲ၊တင်၊စစ် တွင် ပါဝင်ပါမည်ဟု လက်မှတ်ရေးထိုးမှသာ ပြန်လည် လွှတ်ပေးခဲ့သည်။ ဦးအစ္စလာမ်၏ ဇနီးနှင့် သမီးတို့ကိုလည်း ဖမ်းဆီး၍ ရိုက်နှက် ခြိမ်းခြောက်၍ ဆွဲ၊တင်၊စစ် တွင် ပါဝင်ပါမည်ဟု ကတိခံခိုင်း၍ လက်မှတ်ရေးထိုး ပေးမှသာ ည ၉ နာရီတွင် ပြန်လည် လွှတ်ပေးခဲ့သည်။ ဇန်န၀ါရီလ (၂၉) ရက်နေ့တွင် ၀န်ခံ ကတိလက်မှတ် ရေးထိုး ပေးခဲ့ရသည့် ၂၀ ဦးတို့ကို ယနေ့ ဇန်န၀ါရီလ (၃၀) ရက်နေ့တွင် အတင်းအဓမ္မ ဆွဲ၊တင်၊စစ် တွင် ပါဝင် အစစ်ဆေးခံခိုင်း ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

ယခုကဲ့သို့ မတရားသဖြင့် ရိုင်းစိုင်း ကြမ်းတမ်းစွာ ရိုက်နှက် ညှဉ်းပန်းနှိပ်စက်၍ ဆွဲ၊တင်၊စစ် အတင်းအဓမ္မ ပါဝင်စေပြီး၊ ခိုးဝင် ဘင်္ဂါလီများဟု စာရင်းပြုစု မှတ်တမ်းတင် နေခြင်းတွင် ဒေသခံ ရိုဟင်ဂျာများ လုံးဝ ပါဝင်လိုသည့် ဆန္ဒမရှိသဖြင့် ဆန့်ကျင် ကန့်ကွက်လျက် ရှိသော်လည်း လက်နက်ကိုင် အာဏာပိုင်များက နည်းမျိုးစုံဖြင့် ခြိမ်းခြောက်၍ ချောင်ပိတ်ပြီး ပါဝင်ခိုင်း နေသည်ဟု ဒေသခံများက ဆိုသည်။ ဆွဲ၊တင်၊စစ် တွင် ပါဝင်ခြင်းဖြင့် ခိုးဝင် ဘင်္ဂါလီ စာရင်းဝင် သွားမည်ကို စိုးရိမ်၍ ယင်းမရွာတွင် စစ်ဆေးစဉ် ကျန်သည့် ဒေသခံ ရွာသားများ စစ်ဆေးခံရန် မလာရောက် သဖြင့် ရပ်ကွက် ၆၊ ၇၊ ၈ တို့မှ ရာအိမ်မှူးများကို ခေါ်၍ လူမဆန်စွာ ရိုက်နှက်ပြီး ဆွဲ၊တင်၊စစ် တွင် ပါဝင်စေခဲ့သည်။ ထို့အပြင် လမ်းမပေါ်တွင် တွေ့သမျှ ရွာသားများကို ဖမ်းဆီး ရိုက်နှက်၍ နယ်ခြားစောင့် ရဲတပ်ဖွဲ့ (ယခင် အမှတ် ၉ နယ်မြေရုံး) သို့ ခေါ်ဆောင် သွားခဲ့ကြောင်း သိရသည်။ ဖမ်းဆီးခံရသူများကို ဆွဲ၊တင်၊စစ် တွင် ပါဝင်ပါမည်ဟု ၀န်ခံ ကတိ လက်မှတ် ရေးထိုးခိုင်းပြီး၊ မ.က.ဖ အဖွဲ့ ရှိရာနေရာသို့ မိသားစုများ လာရောက်၍ ပါဝင်မှသာ ပြန်လည် လွှတ်ပေးကြောင်း ဒေသခံများက ပြောပါသည်။ ထိုသို့ လမ်းမပေါ်မှ ဖမ်းဆီးခံရသူ များထဲတွင် ယင်းမရွာမှ ၂၅ ဦး ပါဝင်ခဲ့ကြောင်း သိရသည်။

ရပ်ကွက်များထဲတွင် ရွာသား အများစု မရှိကြတော့ဘဲ၊ အများစုမှာ ရိုက်နှက် ညှဉ်းပန်း နှိပ်စက် ခံရမည်ကို တိမ်းရှောင်လျက် ရှိကြသည်။ တောင်ဘဇား ဈေးတွင်လည်း ဈေးရောင်း/၀ယ် များကို ဖမ်းဆီး ရိုက်နှက်၍ အတင်းအဓမ္မ ပါဝင် စေသဖြင့် ဈေးတွင်လည်း ရောင်း/၀ယ် သူမရှိဘဲ ခြောက်ကပ်လျက် ရှိသည်ဟု ဆိုသည်။

“အခုဆိုရင် အခြေအနေက တော်တော်လေး ဆိုးလာပြီ၊ လူတွေက ဈေးလည်း မသွားရဲကြတော့ဘူး။ ပြီးတော့ ရွာဝင်/ထွက် တွေကိုလည်း ပိတ်ဆို့ထားတယ်။ လာစစ်တဲ့ အဖွဲ့က ရဲတစ်ယောက်က ဘာပြောသလဲ ဆိုတော့ သူတို့ အနေနဲ့ ဆွဲ၊တင်၊စစ် မှာ မိသားစု တစ်စုကို စစ်နိုင်ရင် ရခိုင်ပါတီက သူတို့ကို ငွေ ၅ သောင်းစီ လက်ဆောင် ပေးတယ်လို့ ပြောတယ်။ ဒါ ရဲတစ်ယောက် ကိုယ်တိုင် ပြောတာ၊ ကျွန်တော်တို့ လုပ်ကြံတာ မဟုတ်ဘူး။ ဒီ ဆွဲ၊တင်၊စစ် ကို အစိုးရက လုပ်ခိုင်းတယ်လို့ ထင်တာလေ။ အမှန်တကယ်တော့ ပြည်ထောင်စု အစိုးရ တိုက်ရိုက် ညွန်ကြားတာမျိုး၊ ပြီးတော့ မ.က.ဖ နဲ့ နယ်ခြားစောင့် ရဲတွေကို လုပ်ပိုင်ခွင့် ပေးထားတာမျိုးလည်း မရှိဘူးလို့ သိရတယ်။ ကျွန်တော်တို့ကတော့ တတ်နိုင်သမျှ မပါဝင်ဘဲ ရှောင်နေတယ်။ မတရားသဖြင့် လုပ်တာကိုတော့ ကျွန်တော်တို့ မခံနိုင်ဘူး။ တဖက်က မွေးတိုး၊ ပယ်ဖျယ် ဘာညာ လုပ်ပြီး မ.က.ဖ က ခိုးဝင် ဘင်္ဂါလီ ဆိုပြီး စာရင်းသွင်းနေတာ အတင်းအဓမ္မ အစစ်ခံရသူတွေ မျက်စိနဲ့ ကိုယ်တိုင် မြင်တာတွေ ရှိတယ်” ဟု ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

Comment ရေးရန်

Rohingya Exodus