နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်တောမှာ နယ်ခြားစောင့်ရဲ ၂၁ ဦးကို ဖမ်းဆီး



16.4.2015

ရခိုင်ပြည်နယ် မောင်တောမြို့မှာ သင်္ကြန် ရေပက်ခံ ထွက်တဲ့ မြို့ခံ လူငယ်တွေနဲ့ နယ်ခြားစောင့် ရဲတပ်ဖွဲ့တို့ အကြား ရိုက်နှက်မှုတွေ ဖြစ်ပွားခဲ့မှုနဲ့ ပတ်သက်လို့ နယ်ခြားစောင့်ရဲ ၂၁ ဦးကို ဖမ်းဆီးထားပြီး  တရားစွဲဆိုဖို့ ပြင်ဆင် နေပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ် ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်း ကိုယ်တိုင် မောင်တော မြို့ကို သွားရောက် စစ်ဆေး ခဲ့ကြောင်း ရခိုင်ပြည်နယ် အရေးပေါ် ညှိနှိုင်း ပေါင်းစပ်ရေး အဖွဲ့က ဦးသန်းထွန်းက ပြော ပါတယ်။

"မနေ့က ရခိုင်ပြည်နယ် အစိုးရ အဖွဲ့က လုံခြုံရေး ဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်း ဦးဆောင်ပြီးတော့ မောင်တောမြို့ ကိုသွားပါတယ်၊ အဲဒီ့ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် ၂၁ ဦးကို ဖမ်းချုပ် ထားတယ်၊ ပြည်သူ လူထုရဲ့ ထွက်ဆိုချက် အရ သူတို့ကို တရား စွဲဆို သွားမယ်၊ မောင်တောမှာ မော်တော်ကား မှန်တစ်စင်းကို ရိုက်ခွဲ သွားတယ်၊ နောက်အိမ်တွေ ကိုလည်း ဒုတ်တွေနဲ့ ရိုက်တဲ့ ကိစ္စတွေ အတွက် အဲဒီ့ ၂၁ ရောက်အဖွဲ့က တောင်းပန် ပေးရမယ်"
ပြီးခဲ့တဲ့ ဧပြီလ ၁၄ ရက်နေ့က မောင်တောမြို့ခံ လူငယ် ၃၀ ကျော်တို့ ဘူးသီးတောင်မြို့ကို ကားနှစ်စီးနဲ့ ရေပက်ခံ ထွက်ပြီး ညနေပိုင်း မောင်တောမြို့ကိုအပြန်မှာ စကားများ ရန်ဖြစ်ရာက ရုန်းရင်း ဆန်ခတ် ဖြစ်ပွားခဲ့တာပါ။

နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် တွေဟာ အဲဒီနေ့ ည ၈ နာရီလောက်မှာ မောင်တောမြို့ အထိ လာရောက်ပြီး အမှတ် (၃) ညောင်ပင်လှ ရပ်ကွက်မှာ ကားပေါ်က လူငယ်တွေကို နံပါတ်တုတ်တွေ၊ သေနတ်ဒင် တွေနဲ့ ရိုက်နှက် ခဲ့တာကြောင့် လူငယ် ၅ ယောက်ထက် မနည်း ပွန်းပဲ့ ဒဏ်ရာတွေ ရရှိခဲ့ပြီး မြို့ခံတွေကိုလည်း ရိုင်းပြ စော်ကားခဲ့ကြောင်း သိရပါတယ်။

မနက်ဖြန် နှစ်ဆန်း တစ်ရက်နေ့ မှာတော့ မောင်တော မြို့နယ်လုံး ဆိုင်ရာ သက်ကြီး ပူဇော်ပွဲ အခမ်းအနား မှာ မောင်တောမြို့ နယ်ခြားစောင့် ရဲတပ်ဖွဲ့မှူး ဦးတင်ကိုကို ကိုယ်တိုင် မောင်တောမြို့ခံ လူထုကို တောင်းပန်မယ်လို့ လည်း သိရပါတယ်။

Comment ရေးရန်

Rohingya Exodus