နောက်ဆုံးသတင်း/ဆောင်းပါးများ

ရဲတပ်ကြပ်ကြီး ကျော်အေးက လူငယ်တစ်ဦးကို ငွေညှစ်၍ မရသဖြင့် အမှုဆင်၍ ရဲစခန်းသို့ အပ်နှံထား



MYARF
RB News
7.7.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ်ရှိ မြို့မ ကညင်တန်း ကျေးရွာနှင့် မြို့သူကြီး ကျေးရွာကြားရှိ တံတား ကင်းစခန်းမှ ရဲတပ်ကြပ်ကြီး ကျော်အေးနှင့် ဆီထိန်း ကာလူ ဆိုသူတို့သည် ရိုဟင်ဂျာ လူငယ် တစ်ဦးကို အမှုဆင် ဖမ်းဆီး ထားကြောင်း သတင်း ရရှိပါသည်။ 

ဇူလိုင်လ (၃) ရက်နေ့ မွန်းလွှဲပိုင်း အချိန်တွင် လှဘော်ဇား ကျေးရွာ (အာဂျားပါရာ) မှ ဂျာဘဲရ် (ဘ) ဦးကာမာလ်ဟူစိန်း (အသက် ၂၂ နှစ်) သည် မောင်တော မြို့မဈေးမှ ဈေးဝယ်ပြီး သုံးဘီး ဆိုင်ကယ် တက္ကစီဖြင့် အိမ်ပြန်စေနေစဉ် မြို့မ ကညင်တန်း ကျေးရွာနှင့် မြို့သူကြီး ကျေးရွာ ကြားရှိ တံတား ကင်းစခန်းမှ ရဲတပ်ကြပ်ကြီး ကျော်အေးက အမှုရှိသည်ဟု ဆိုကာ တက္ကစီမှ ဆင်းခိုင်းပြီး မနီးမဝေးရှိ မြို့မကညင်တန်း ကျေးရွာ အုပ်စု ဆိတ်လ္လာရွာမှ ဆီထိန်း ကာလူ ဆိုသူ၏ နေအိမ်သို့ ခေါ်ဆောင်သွားပြီး ဆီထိန်းကာလူ၏ သမီးကို မုဒိန်းကျင့်ရန် ကြံစည်ခဲ့သည်ဟု မိန်းကလေး ဖြစ်သူအား ထွက်ဆိုစေကာ ဂျာဘဲရ်ကို ချုပ်နှောင် ထားခဲ့သည်။ ထို့နောက် ၎င်းအား ခြိမ်းခြောက်၍ ငွေညှစ်ရာ ၎င်းက မိမိတွင် မည်သည့် အပြစ်မှ မရှိသည့် အတွက် ငွေမပေးနိုင်ကြောင်း ပြောဆို၍ ငွေပေးရန် ငြင်းဆိုခဲ့သည်။ 

ရဲတပ်ကြပ်ကြီး ကျော်အေးက ဘင်္ဂလား ဆင်းမ်ကဒ် မိ၍ ရဲစခန်းသို့ အပ်နှံကာ ထောင်ချမည်ဟု နည်းလမ်း ပြောင်း၍ ထပ်မံ ခြိမ်းခြောက်၍ ငွေညှစ်ရန် ကြိုးစားခဲ့သည်။ နေ့လည် ၃ နာရီ အချိန်တွင် ဂျာဘဲရ်ကို ၎င်း၏ အိမ်သို့ ဖုန်းဆက်စေကာ ငွေ ၃ သိန်းနှင့် လာရွေးရန် မိသားစုဝင်များကို အတင်းအဓမ္မ ပြောစေခဲ့သည်။ ဂျာဘဲရ်၏ မိသားစုက အိမ်တွင် စုဆောင်းထားသည့် ငွေမရှိသဖြင့် ချက်ချင်း ရောက်မလာနိုင်ခဲ့ရာ၊ နေ၀င်ချိန်ခန့်တွင် ရဲတပ်ကြပ်ကြီး ကျော်အေးက ဂျာဘဲရ်ကို မြို့မ ရဲစခန်းသို့ အပ်နှံလိုက်ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။ 

ဇူလိုင်လ (၄) ရက်နေ့ နံနက်ချိန်တွင် ဂျာဘဲရ်၏ မိခင်နှင့် ဇနီးတို့သည် တံတား ကင်းစခန်းသို့ သွားရောက် စုံစမ်းရာ ကင်းစခန်းတွင် မည်သူ့ကိုမှ ဖမ်းဆီး မထားကြောင်း ဖြေဆိုသဖြင့် အမျိုးသမီး နှစ်ဦးသည် မြို့မ ကညင်တန်းနှင့် မြို့သူကြီး ကျေးရွာရှိ ကင်းစခန်းများသို့ သွားရောက် စုံစမ်းပြန်ရာ မတွေ့သဖြင့် တံတား ကင်းစခန်းသို့ တစ်ဖန် လာရောက်၍ မေးမြန်းခဲ့သည်။ တံတား ကင်းစခန်းက ဆီထိန်းကာလူ အိမ်တွင် လူတစ်ဦး ဖမ်းဆီးထားကြောင်း ပြောဆိုသဖြင့် ဆီထိန်းကာလူ အိမ်သို့ လိုက်သွားရာ ဆီထိန်းကာလူ အိမ်မှ ရဲစခန်းသို့ အပ်နှံလိုက်ကြောင်း ပြောဆိုခဲ့သည်။ ထို့နောက် အမျိုးသမီး နှစ်ဦးသည် မြို့မ ရဲစခန်းသို့ သွားရောက်၍ ငွေပေးပြီး အပြစ်မဲ့ ဂျာဘဲရ်ကို ရွေးယူရန် ကြိုးစားသော်လည်း ရဲစခန်းက တရားမ၀င် ဆင်းမ်ကဒ် သုံးစွဲမှုဖြင့် အမှုဖွင့်ထားပြီး ဖြစ်၍ ပြန်လည် လွှတ်မပေးနိုင်ကြောင်း ပြောဆိုခဲ့သည်။ ယခုအခါ ဂျာဘဲရ်ကို မြို့မ ရဲစခန်းတွင် ချုပ်နှောင် ထားသည်။ 

ဆီထိန်းကာလူသည် ပြည့်တန်ဆာများ စုဆောင်း၍ ပြည့်တန်ဆာ လုပ်ငန်း လုပ်ကိုင်သူ တစ်ဦး ဖြစ်ပြီး ၎င်း၏ သမီးများကိုပါ ပြည့်တန်ဆာ အဖြစ် လုပ်ကိုင် စေသည်ဟု ဒေသခံများက ပြောပါသည်။ ရဲတပ်ကြပ်ကြီး ကျော်အေးသည် ဆီထိန်းကာလူနှင့် ပူးပေါင်း၍ ဆီထိန်းကာလူ၏ သမီးများအား မုဒိန်းကျင့်သည်၊ မုဒိန်းကျင့်ရန် ကြိုးစားသည်ဟု အမှုဆင်ကာ လူငယ်များကို ဖမ်းဆီး၍ ငွေညှစ်နေသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီ ဖြစ်သည်ဟု ဒေသခံများက ပြောပါသည်။ 

၎င်းတို့၏ ပြုမှုပုံ အမှန်ကို သိလိုလျှင် မြို့မ ကညင်တန်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအဒူရာမန်နှင့် ရပ်မိရပ်ဖများ ဂုဏ်သရေရှိ သက်ကြီး လူကြီးများကို မေးမြန်းလျှင် သိနိုင်ပါသည်ဟု ဒေသခံများက ပြောပါသည်။ ဒေသခံများက မောင်တော မြို့နယ်ရှိ သက်ဆိုင်ရာ အာဏာပိုင်များမှ ဆီထိန်းကာလူနှင့် ရဲတပ်ကြပ်ကြီး ကျော်အေး တို့ကို အမြန်ဆုံး အရေးယူ ဆောင်ရွက် ပေးရန် အထူးလိုလား နေကြသည်ဟု ဆိုသည်။

Comment ရေးရန်

Rohingya Exodus