နောက်ဆုံးသတင်း/ဆောင်းပါးများ

ရွှေရင်အေး န.တ.လ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် နယ်ခြားစောင့်ရဲ များက အမျိုးသမီး တစ်ဦးထံမှ ငွေညှစ်



MYARF
RB News
17.10.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် ညောင်ချောင်း ကျေးရွာ အုပ်စု၊ ရွှေရင်အေး န.တ.လ ကျေးရွာအုပ်ချုပ်ရေမှူး ဦးအောင်ထွန်းလှနှင့် ၎င်းကျေးရွာရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ နယ်ခြားစောင့်ရဲ (၅) ဦးတို့သည် လက်နက် ယူနီဖောင်း မပါဘဲ အရပ်ဝတ်ဖြင့် အောက်တိုဘာလ (၁၂) ရက်နေ့ နေ့လည် ၃း၃၀ နာရီ အချိန်တွင် ညောင်ချောင်း ကျေးရွာသို့ ၀င်ရောက်ပြီး ဟာန်ဖူရ်ဂျား (ဘ) ဦးမာမတ် အစ္စလာမ်၏ အိမ်သို့ သွားရောက်ရာ၊ မိသားစု အားလုံး ဆွေမျိုးအိမ်သို့ အလည်သွားနေသည့် အချိန် ဖြစ်၍ နေအိမ်ကို သော့ခတ် ထားသည်ကို တွေ့ရှိခဲ့သည်။ 

သို့သော်လည်း နယ်ခြားစောင့်ရဲ များက အိမ်တံခါးတွင် ခတ်ထားသည့် သော့ကို ဖျက်၍ အိမ်ထဲသို့ ၀င်ရောက် ရှာဖွေခဲ့သည်။

အကြောင်းမှာ ထိုနေ့ မနက်ပိုင်းတွင် ဟာန်ဖူရ်ဂျားသည် ၎င်း၏ ဝမ်းကွဲအစ်ကို တစ်ယောက်နှင့် အချင်းများ စကားများခဲ့သည်။ ၎င်းကို ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်ထွန်းလှက သိရှိသဖြင့် ရန်ဖြစ်မှုဖြစ်ပွားခဲ့ခြင်းကို အကြောင်းပြ၍ နယ်ခြားစောင့်ရဲခေါ်လာပြီး ဖမ်းဆီး ငွေညှစ်ရန် ကြံစည်ခဲ့ခြင်းဖြစ်ပါသည်။ 

ထို့နောက် ညနေ နေ၀င်ချိန်တွင် ဟာန်ဖူရ်ဂျား၏ မိသားစုများ အိမ်သို့ ပြန်လည် ရောက်လာသည်ကို ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်ထွန်းလှက သိရှိသည့်အခါ ဟာန်ဖူရ်ဂျား၏ မိခင်ဖြစ်သူကို ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးသို့ ဆင့်ခေါ်၍ ၎င်းတို့၏ အိမ်ကို စစ်ဆေးရာတွင် ဘင်္ဂလား ဆင်းမ်ကဒ် တွေ့ရှိခဲ့သောကြောင့် ၎င်း၏ သားဖြစ်သူ ဟာန်ဖူရ်ဂျားကို ဖမ်းဆီးပြီး နယ်ခြားစောင့်ရဲတပ်ဖွဲ့သို့ အပ်နှံရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

ဟာန်ဖူရ်ဂျား၏ မိခင်ဖြစ်သူက “ငါတို့အိမ်မှာ ဘာ ဘင်္ဂလား ဆင်းမ်ကဒ်မှ မရှိဘူး၊ အိမ်ရှင်မပါဘဲ ငါတို့အိမ်ကို ဘာကြောင့် ၀င်တာလဲ၊ အိမ်ရှင်မပါဘဲ သူများအိမ်ကို ၀င်စစ်ဖို့ ဥပဒေက ခွင့်ပြုထားလား” ဟု မေးမြန်းသည်။ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်ထွန်းလှက ၎င်းတို့တွင် စစ်ဆေးခွင့် ရှိသောကြောင့် ၀င်ရောက် စစ်ဆေးခြင်း ဖြစ်ကြောင်း၊ စောဒက တက်လျှင် ဒုက္ခရောက်မည် ဖြစ်ကြောင်း၊ သားဖြစ်သူကို ခေါ်မပေးလျှင် လာရောက် ဖမ်းဆီး၍ ထောင်ချမည်ဟု ခြိမ်းခြောက်ကာ အဆိုပါ အမျိုးသမီး ထံမှ ငွေကျပ် ၄ သိန်း ညှစ်ယူခဲ့ကြောင့် ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ညှစ်ယူခဲ့သောငွေ ၄ သိန်းမှ ညောင်ချောင်းကျေးရွာ တာဝန်ခံကို ငွေအနည်းအကျဉ်းသာ ဝေစုအဖြစ်ပေးပြီး ငွေအများစုကို နယ်ခြားစောင့်ရဲနှင့် ဦးအောင်ထွန်းလှတို့ ခွဲဝေ ယူကြပါသည်။

ညောင်ချောင်းကျေးရွာတွင် ကျေးရွာတာဝန်ခံ ရှိနေသော်လည်း ရွှေရင်အေး န.တ.လ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်ထွန်းလှက ညောင်ချောင်းကျေးရွာ၏ အမှုကိစ္စများအပေါ် ဝင်ရောက်စွက်ဖက်လေ့ရှိပြီး ကျေးရွာသူ ကျေးရွာသား အချင်းချင်းကြား ငြင်းခုံမှုဖြစ်ခဲ့လျှင်တောင် ထို အငြင်းအခုံ အသေးအမွှားများကို ကြီးကျယ်အောင် ဖန်တီးလိုက်ပြီး ၎င်းရွာအခြေစိုက် နယ်ခြားစောင့် ရဲများနှင့်ပူးပေါင်းလျက် အပြစ်မဲ့ ကျေးရွာသူ ကျေးရွာသားများထံက ဖမ်းဆီးငွေညှစ် လေ့ရှိသည်ဟု ဒေသခံများက ပြောပါသည်။

လွန်ခဲ့သော ၄ လကျော်ခန့်က ရွှေရင်အေး န.တ.လ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်ထွန်းလှကို ဤသို့ မဟုတ်မတရား ဖမ်းဆီးငွေညှစ်နေခြင်းနှင့် ပတ်သက်၍ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ ခေါ်ယူ သတိပေးခဲ့ကြောင်းလည်း စုံစမ်းသိရှိရပါသည်။

Comment ရေးရန်

Rohingya Exodus