နောက်ဆုံးသတင်း/ဆောင်းပါးများ

BROUK နှင့် Amnesty International တို့ပူးပေါင်း၍ လန်ဒန်မြို့တွင် ဆန္ဒပြ



RB News
10.11.2015

လန်ဒန် ။ ။ ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့ အခြေစိုက် မြန်မာ ရိုဟင်ဂျာ အသင်းနှင့် Amnesty International တို့ပူးပေါင်း၍ မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲ ကျင်းပသည့် နိုဝင်ဘာလ (၈) ရက်နေ့က လန်ဒန်မြို့တွင် ဆန္ဒပြပွဲ တစ်ရပ် ကျင်းပခဲ့သည်။ ဆန္ဒပြပွဲသို့ ရိုဟင်ဂျာများ အပါအ၀င် တက်ကြွလှုပ်ရှားသူ ၅၀ ကျော် ပါဝင်ခဲ့သည်။ 

ဆန္ဒပြပွဲတွင် နိုင်ငံရေး အကျဉ်းသားများ အားလုံးနှင့် ကျောင်းသား ခေါင်းဆောင် မဖြိုးဖြိုးအောင် အပါအ၀င် ဖမ်းဆီးခံ ကျောင်းသားများ အားလုံး အမြန်ဆုံး ပြန်လည် လွှတ်ပေးရေး၊ ရိုဟင်ဂျာများ၏ မဲပေးခွင့်၊ ရွေးချယ်ခံပိုင်ခွင့်နှင့် လူမျိုးတုန်း သတ်ဖြတ်နေမှုကို အမြန်ဆုံး ရပ်တန့်ရေး တို့ကို တောင်းဆိုခဲ့ကြသည်။ 



မြန်မာ ရိုဟင်ဂျာ အသင်း ဥက္ကဌ ဦးထွန်းခင်က “ဒီနေ့ နိုဝင်ဘာလ ၈ ရက်နေ့ မြန်မာနိုင်ငံမှာ ပထမဆုံး သမိုင်းဝင်လို့ ပြောရမယ့် ရွေးကောက်ပွဲနေ့က ကျွန်တော်တို့အတွက် မေ့လို့မရမယ့် နေ့တစ်နေ့ ဖြစ်သွားပြီ၊ ကျွန်တော်တို့ လူမျိုး အတွက် အမှောင်ကျတဲ့နေ့ တစ်နေ့ပါ။ ၁၉၃၆ ခုနှစ်ကတည်းက ရလာခဲ့တဲ့ အခွင့်အရေးက အခုအချိန်ကျမှ ဆုံးရှုံးသွားရတယ်။ ဒီနေ့ ကျင်းပနေတဲ့ ရွေးကောက်ပွဲမှာ ကျွန်တော်တို့ရဲ့ ရိုဟင်ဂျာ လူမျိုး ညီအစ်ကို မောင်နှမတွေ မဲပေးခွင့် မရကြဘူး” ဟု RB News သို့ပြောပါသည်။ 

နိုင်ငံတကာ အသိုင်းအ၀ိုင်းက အထင်ကရ၊ သမိုင်းဝင်၊ ပြောင်းလဲခြင်း မှတ်တိုင်၊ ရှေ့သို့လှမ်းချီခြင်း စသည်ဖြင့် ခေါင်းစဉ် အမျိုးမျိုးဖြင့် ရွေးကောက်ပွဲ တင်စား၍ ပြောဆိုနေသော်လည်း ရိုဟင်ဂျာများ၏ မဲပေးခွင့်နှင့် ရွေးချယ်ခံပိုင်ခွင့်ကို ပထမဆုံး အကြိမ် ဆုံးရှုံးလိုက်ရပြီး၊ မြန်မာ လွှတ်တော်တွင် ရိုဟင်ဂျာ အမတ် ကင်းမဲ့နေမည် ဖြစ်သည့် အတွက် ရိုဟင်ဂျာများ အတွက် ရှေ့သို့ လှမ်းချီခြင်း မဟုတ်ဟု ဆိုသည်။ 

လွန်ခဲ့သည့် နှစ်ပတ်ခန့်က ရိုဟင်ဂျာများသည် လူမျိုးတုန်း သတ်ဖြတ်မှုဟု ခေါ်ဆိုသည့် ဂျီနိုဆိုက် တွေ့ကြုံနေရသည်ဟု နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပညာရှင်များက ဖော်ပြခဲ့သည့် အတွက် နိုင်ငံတကာ အသိုင်းအ၀ိုင်းမှ ရိုဟင်ဂျာများ၏ လုံခြုံရေး အတွက် ကူညီပေးရန်နှင့် ကုလသမဂ္ဂမှ လွတ်လပ်သော စုံစမ်း ကော်မရှင် တစ်ရပ် ဖွဲ့စည်းရန် တက်ကြွ လှုပ်ရှားသူများက ကြိုးပမ်းလျက် ရှိကြသည်။ 



Comment ရေးရန်

Rohingya Exodus