နောက်ဆုံးသတင်း/ဆောင်းပါးများ

ပညောင်ပင်ကြီးမှ ဗလီ ဖျက်ဆီးခံရသည့် အပြင် ကျေးရွာ တာဝန်ခံကို တာဝန်မှ ရပ်စဲ



MYARF
RB News
15.1.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်တွင် ၂၀၁၅ ခုနှစ် ဇူလိုင်လတွင် တိုက်ခတ်ခဲ့သော ကိုမန် ဆိုင်ကလုန်း မုန်တိုင်းကြောင့် လူနေအိမ်များ၊ စာသင်ကျောင်းများ၊ ဘုန်းကြီးကျောင်းများနှင့် ဗလီများ စသည်ဖြင့် အများအပြား ပျက်စီးသွားခဲ့သည့် အပြင် စိုက်ခင်းများလည်း အများအပြား ပျက်စီးခဲ့သည်။ 

ထိုသို့ ပျက်စီးသွားခဲ့ရာတွင် မောင်တော မြို့နယ် တောင်ပိုင်း၊ ပညောင်ပင်ကြီး ကျေးရွာ အနောက်ဘက်ရှိ ဗလီ တစ်လုံးလည်း ပါဝင်ခဲ့သည်။ အဆိုပါ ဗလီကို ရွာသားများက ၂၀၁၅ ခုနှစ် နိုဝင်ဘာလတွင် ပြုပြင်ခဲ့သည်။ ကျေးရွာ တာဝန်ခံ ဦးမောင်တာစ်အုလ္လာနှင့် ရန်ငြိုးရှိသူ နှစ်ဦး ဖြစ်သည့် ရွာသား မော်လ၀ီ ဖော်ဇော်လ်အာမတ် (ဘ) ဦးဟူဆောင်းနှု့် ဦးမူဆော်လိမ် (ဘ) ဦးဒိလ်မာမတ် တို့က ဗလီပြုပြုခဲ့သည်ကို အခွင့်ကောင်းယူပြီး ကျေးရွာ တာဝန်ခံက ဗလီပြုပြင်ခဲ့သည်ဟု ဆိုကာ မြို့နယ် အုပ်ချုပ်ရေးမှူး၊ ခရိုင် အုပ်ချုပ်ရေးမှူး၊ အလယ်သံကျော် (နယ်မြေ ၇) အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ တပ်ရင်းမှူး၊ ဂေါ်ဒူသာရ တံတား စခန်းရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ရဲမှူး ငြိမ်းချမ်းအေး၊ စ.ရ.ဖ စသည့် ဌာနများကို သတင်းပို့ခဲ့သည်။ 

သို့ဖြစ်၍ ထိုဌာနဆိုင်ရာများက ဒီဇင်ဘာလတွင် ကျေးရွာ တာဝန်ခံနှင့် ဗလီဂေါပက တို့ကို ဆင့်ခေါ်၍ ငွေညှစ်ခဲ့သည့် အပြင် ဗလီကို ပြန်လည် ဖျက်သိမ်းရန် အမိန့်ပေးခဲ့သည်။ ထို့ကြောင့် ကျေးရွာတာဝန်ခံနှင့် ဗလီ ဂေါပကတို့က ဗလီ ပြုပြင်ထားသည်မှ တစ်ချို့တစ်ဝက်ကို ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

ကျေးရွာ တာဝန်ခံနှင့် ရန်ငြိုးရှိသူ နှစ်ဦးက ယခုထိ ဗလီကို ဖျက်သိမ်းခြင်း မရှိဟု ထပ်မံ သတင်းပို့ခဲ့သဖြင့် ၂၀၁၆ ခုနှစ် ဇန်န၀ါရီလ (၆) ရက်နေ့တွင် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးလှမြင့်က ကျေးရွာ တာဝန်ခံ ဦးမောင်တာစ်အုလ္လာကို တာဝန်မှ ရပ်စဲခဲ့သည်။ ယခုအခါ အဆိုပါ သတင်းပို့သူ နှစ်ဦးက ကျေးရွာ တာဝန်ခံ တာဝန်မှ ရပ်စဲခံရသော်လည်း၊ အလယ်သံကျော်ရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ တပ်ရင်းမှူးအား တိုင်တန်း၍ ထောင်ကျအောင် လုပ်မည်၊ ဗလီကို လုံးဝ ဖျက်သိမ်းရအောင် လုပ်မည်ဟု ကြုံးဝါးလျက် ရှိသည်ဟု ဒေသခံများက ပြောပါသည်။ သတင်းပို့သူ နှစ်ဦး၏ ရည်ရွယ်ချက်မှာ ၎င်းတို့နှင့် ရန်ငြိုးရှိသူ ကျေးရွာ တာဝန်ခံအား ရာထူးမှ ပြုတ်စေရန်သာ ဖြစ်သော်လည်း ၎င်းတို့၏ အပြုအမှုကြောင့် ဗလီ ဖျက်ဆီးခံခဲ့ရသည်။ 

၎င်းတို့ နှစ်ဦးသည် ရဲမှူးငြိမ်းချမ်းအေး ထံသို့ လုပ်ကြံ သတင်းများ ပေးပို့၍ ရွာသားများကို ငွေညှစ်စေကြောင်း၊ ယခင် န.စ.က လက်ထက်ကလည်း နယ်မြေမှူးအား လုပ်ကြံ သတင်းများ ပေး၍ ရွာသားများကို အမျိုးမျိုး ညှဉ်းပန်းနှိပ်စက် စေခဲ့သည်ဟု ရွာသားများက ပြောပါသည်။ ယခုအခါ ၎င်းတို့ကြောင့် ဗလီ ဖျက်ဆီးခံရပြီး၊ နောက်နောင် ထိုထက် ကြီးမားသည့် ပြဿနာ တစ်ရပ် ပေါ်ပေါက်လာမည်ကို ရွာသားများက စိုးရိမ်လျက် ရှိသည်။

Comment ရေးရန်

Rohingya Exodus