နောက်ဆုံးသတင်း/ဆောင်းပါးများ

သစ်တောဦးစီးဌာန ဦးစီးမှူးနှင့် အဖွဲ့က ထင်းခုတ်သမား များထံမှ ငွေညှစ်

MYARF
RB News
5.9.2016


ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် တောင်ပိုင်း ညောင်ချောင်း အခြေစိုက် သစ်တောဦးစီးဌာနမှ ဦးစီးမှူး ဦးလှထွန်းနှင့် ၎င်း၏ တပည့်များဖြစ်သူ ဦးအာယုပ်ခါးန် အပါအ၀င် (၃) ဦးနှင့် ပူးပေါင်း၍ ရိုဟင်ဂျာ ကျေးရွာများကို သွားရောက်၍ တောဝင်ကြေး၊ ထင်းခုတ် လိုင်စင်ကြေးဟု ဆိုကာ ငွေကောက်ခံခဲ့ပြီးနောက် ထင်းခုတ်သမားများကို ဖမ်းဆီး ငွေညှစ်နေကြောင်း သတင်း ရရှိပါသည်။

စက်တင်ဘာလ (၄) ရက်နေ့တွင် ဘုရားပြင်သိန်းတန် ကျေးရွာအုပ်စု ပြင်လှရွာမှ ဦးမာမတ်ဆိဒိတ် (ဘ) ဦးဇော်လာမတ် (အသက် ၃၆ နှစ်) နှင့် ဦးမာမတ်နုရ် (ဘ) ဦးဖော်ဇော်လ်ကော်ရိမ်း (အသက် ၂၅ နှစ်) တို့ (၁၂) ဦးတို့သည် မေယုတောင်မှ ထင်းခုတ်ပြီး ဖရုံချောင်း တစ်လျှောက် လှေစီး၍ အပြန်တွင် အထက်ဖော်ပြပါ သစ်တောဦးစီးဌာနမှ ဦးစီးမှူး အပါအ၀င် (၃) ဦးသည် ၎င်းတို့ကို ရပ်တန့်ခိုင်းပြီး ထင်းခုတ် လိုင်စင်မရှိဟု ဆိုကာ ဖမ်းဆီးရန် ပြုလုပ်ခဲ့သည်။ ထို့နောက် ၎င်းတို့ထံမှ ငွေကျပ် တစ်သိန်းစီ ညှစ်ခဲ့သည့်အပြင် ထင်းခုတ်သမားများ၏ ဓါးများကို သိမ်းဆည်းခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။

အလားတူ ယင်းနေ့တွင် မော်တော်ဘိစ်ရွာမှ ဦးအဒူလ္လာ (ဘ) ဦးအဒူလာမီးန် (အသက် ၃၀ နှစ်) နှင့် ဦးအစ္စလာမ် (ဘ) ဦးမာမတ်တော်ယုပ် တို့အပါအ၀င် (၇) ဦးတို့သည် ထင်းခုတ်ပြီး အပြန်လမ်းတွင် ၎င်းတို့၏ ထင်းခုတ်ရန် ယူသွားခဲ့သည့် ဓါးများ သိမ်းဆည်းခံခဲ့ရသည့် အပြင် ငွေကျပ် (၇) သောင်း ညှစ်ခံခဲ့ရကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။

အဆိုပါ သစ်တောဦးစီးဌာနမှ ဦးစီးမှူးနှင့် အဖွဲ့သည် ဘုရားပြင်အောင်ပ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်ကြီးနှင့် ပူးပေါင်း၍ ထင်းခုတ်လိုင်စင်၊ တောဝင်ကြေး ဟုဆို၍ ရိုဟင်ဂျာ အိမ်ခြေ တစ်ထောင်ကျော် ရှိသည့် ယင်းရွာမှ တစ်အိမ်လျှင် ငွေကျပ် တစ်ထောင်စီ ကောက်ခံခဲ့ကြောင်း ဒေသခံများက ပြောပါသည်။ ရခိုင်အိမ်ခြေများမှ ကောက်ခံခဲ့ခြင်း မရှိခဲ့ကြောင်း သိရှိရသည်။

ထိုနည်းတူ ဘူးသီးတောင် မြို့နယ် အပိုင် မေယုတောင်နှင့် မနီးမဝေးရှိ အခြားကျေးရွာများမှ ထင်းခုတ်ရန် သွားရောက် နေကြသည့် ရိုဟင်ဂျာ ထင်းခုတ်သမားများ၏ လှေ၊ စက်လှေများကို ဖမ်းဆီး ငွေညှစ်လျက် ရှိကြောင်း ဒေသခံများက ပြောပါသည်။


Comment ရေးရန်

Rohingya Exodus