နောက်ဆုံးသတင်း/ဆောင်းပါးများ

နတ်ချောင်း ကျေးရွာမှ ဒေသခံ ရွာသား အချို့ ငွေညှစ်ခံရ



MYARF
RB News
5.6.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း ပဒကား ဒေ၀ါနာလီ (ယခင် နတ်ချောင်း) မှ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဝင်းဘိုး (တောင်ပေါ်သား မြို လူမျိုး) သည် နိုင်ငံခြား ထွက်ပြေးတစ်ဦးကို အသုံးပြု၍ ရိုဟင်ဂျာ ရွာသူ/သား များထံမှ ငွေညှစ်နေကြောင်း သတင်း ရရှိပါသည်။

အုပ်ချုပ်ရေးမှူး ဦးဝင်းဘိုးသည် တောင်ပေါ်သာ မြိုလူမျိုး တစ်ဦး ဖြစ်သော်လည်း အုပ်ချုပ်ရေးမှူး ခန့်အပ်ခြင်း ခံခဲ့ရသည့် နေ့မှစ၍ ရိုဟင်ဂျာများ ရှိရာ အရပ်သို့ ပြောင်းရွှေ့ နေထိုင်လာခဲ့သည်။ ၎င်းသည် ရိုဟင်ဂျာများ၏ နေအိမ်များတွင် တည်းခို နေထိုင်၍ ရိုဟင်ဂျာ သမီးပျိုများကို နည်းမျိုးစုံဖြင့် ခြိမ်းခြောက်၍ သားမယား ပြုကျင့်ကြောင်းနှင့် ၂၀၁၅ ခုနှစ် အစောပိုင်းမှ စ၍ ယင်းကျေးရွာအုပ်စု၊ သဲချောင်းရွာမှ ဆယ်အိမ်မှူး ဖြစ်သူ ဦး ---- (ဘ) ----- ၏ နေအိမ်တွင် နေထိုင်၍ ဆယ်အိမ်မှူး၏ အသက် (၂၁) နှစ် အရွယ် သမီးကို ခြိမ်းခြောက်၍ တစ်နှစ်တိုင်တိုင် တရားမ၀င် ပေါင်းသင်းခဲ့ပြီး၊ ယခုနှစ် ဖေဖော်ဝါရီလ လဆန်းပိုင်းတွင် ကိုယ်ဝန် (၆) လ ရှိနေသည်ကို ၎င်းက သိရှိသည့်အခါ သစ်မြစ်များ သုံး၍ သဘာဝ မဟုတ်သည့် နည်းလမ်းဖြင့် ကိုယ်ဝန်ကို အတင်းအဓမ္မ ဖျက်ချခိုင်းခဲ့သည်။ ကိုယ်ဝန်ဆောင် အမျိုးသမီးမှာ မမှန်ကန်သည့် ဆေးများကြောင့် သွေးလွန်ပြီး သတိလစ်မတတ် ခံစားခဲ့ရကြောင်း RB News တွင် ဧပြီလ (၄) ရက်နေ့က ဖော်ပြခဲ့သည်။

ဦးဝင်းဘိုးသည် ရိုဟင်ဂျာများကို ခွဲခြား ဆက်ဆံခြင်း၊ ထောက်ခံစာများ ထုတ်ပေးရာတွင် လည်းကောင်း၊ အမှုကိစ္စများကို စီရင် ဆုံးဖြတ်ရာတွင် လည်းကောင်း အကျပ်ကိုင်၍ ငွေညှစ်ခြင်း၊ ဆင်းရဲသည့် ရိုဟင်ဂျာ အမျိုးသမီးများကို အနိုင်ကျင့်၍ မဖွယ်မရာ ပြုလုပ်ခြင်း၊ အဓမ္မ ပြုကျင့်ခြင်းများ အစဉ်တစိုက် ပြုလုပ်သည့်အပြင် ထွက်ပြေး တရားခံ တစ်ဦးကို ကျေးရွာ အတွင်းတွင် တရားဝင် နေထိုင်ခွင့်ပေးပြီး ရိုဟင်ဂျာများ ထံမှ နည်းမျိုးစုံ သုံး၍ ငွေညှစ်ရန် လိုင်စင် ထုတ်ပေးထား သကဲ့သို့ ဖြစ်နေသည်ဟု ဒေသခံများက RB News သို့ပြောသည်။

နတ်ချောင်းကျေးရွာ လဘောဝရွာမှ အုပ်ချုပ်ရေးမှူး ဦးဝင်းဘိုး၏ လက်ကိုင်တုတ် ဖြစ်သူ ဦးဇာဖော်ရ် (ဘ) ဦးရော်ရှိတ်အာမတ် (အသက် ၅၆ နှစ်) သည် လွန်ခဲ့သည့် ၂၀၁၁ ခုနှစ်မှ စတင်၍ ကျေးရွာမှ ထွက်ပြေးသွားသူ တစ်ဦး ဖြစ်ပြီး၊ ယခုအခါ ရိုဟင်ဂျာ ရွာသားများ ထံမှ ခေါင်းပုံဖြတ်ခြင်း၊ ရိုင်းစိုင်းစွာ ဆက်ဆံခြင်း၊ ဇိမ်ခံ ကုလားထိုင်ပေါ်တွင် ထိုင်၍ အမှုစီရင် ဆုံးဖြတ်ခြင်းများ ပြုလုပ်လျက် ရှိကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင် လွန်ခဲ့သည့် နှစ်လခန့်မှ စ၍ ကျေးရွာရှိ ဆင်းရဲသား ရိုဟင်ဂျာများ ထံမှ ငွေသန်းချီ ညှစ်ယူခဲ့ကြောင်း ဒေသခံများက ပြောပါသည်။ 

ငွေညှစ်ခံရသူ အချို့မှာ --

(၁) ဦးအာဘူအာမတ် (ဘ) ဦးကာလူ - ညှစ်ခံရငွေကျပ် တစ်သိန်း
(၂) ဦးဆွေယာဒ်ဟူစိန်း (ဘ) ဦးအာမတ်ဟူစိန်း - ညှစ်ခံရငွေကျပ် နှစ်သိန်း
(၃) ဦးဖော်ကိရ်အာမတ် (ဘ) ဦးအဒူဟာလဲက် - ညှစ်ခံရငွေကျပ် ၁၄ သိန်း
(၄) ဦးဆော်ဒူလ်အာမီးန် - ညှစ်ခံရငွေကျပ် တစ်သိန်းငါးသောင်း တို့ဖြစ်သည်။

Comment ရေးရန်

Rohingya Exodus