နောက်ဆုံးသတင်း/ဆောင်းပါးများ

ပုဏ္ဏားကျွန်းမှ လူထုကို စည်းရုံးရန် စစ်တွေနှင့် ကျောက်တော်မှ လူ (၆) ဦး ခေါ်ဆောင်သွား



RB News
7.6.2016

စစ်တွေ
။ ။ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်း မြို့နယ်ရှိ ဒေသခံ ရိုဟင်ဂျာများကို ပြုနိုင်ငံသားကဒ် (အစိမ်းကဒ်) များ လက်ခံရန် အတွက် ဖိအားပေးရန် စစ်တွေနှင့် ကျောက်တော်မြို့မှ လူ (၆) ဦးကို ရခိုင်ပြည်နယ် နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီးထိန်လင်း၏ အမိန့်ဖြင့် ပုဏ္ဏားကျွန်းမြို့သို့ ယမန်နေ့ ဇွန်လ (၆) ရက်နေ့က ခေါ်ဆောင် သွားကြောင်း သတင်း ရရှိပါသည်။

“မနေ့က ဗိုလ်မှူးကြီးထိန်လင်း အမိန့်နဲ့ ခေါ်သွားတာပါ။ စစ်တွေက ရပ်မိရပ်ဖ (၄) ယောက်နဲ့ ကျောက်တော်က ရပ်မိရပ်ဖ (၂) ယောက်ပါ။ အားလုံး (၆) ယောက်ပေါ့။ အဓိက ပုဏ္ဏားကျွန်းက ရိုဟင်ဂျာတွေကို အစိမ်းကဒ် လက်ခံဖို့ အတွက် စည်းရုံးခိုင်းဖို့ပါ။ ခေါ်သွားတဲ့ လူ (၆) ယောက်ထဲမှာ (၂) ယောက်က ဘာသာရေးဆရာ တွေပါ။ ကျန်တာတွေကတော့ ဥပဒေတွေ ဘာတွေ သိပ်နားလည်တဲ့ လူတွေ မဟုတ်ဘူး။ ပြည်နယ် အစိုးရနဲ့ ရင်းရင်းနှီးနှီး ရှိတဲ့လူတွေ၊ အစိုးရ စကားနားထောင်မယ့်လူတွေပါ” ဟု စစ်တွေမြို့မှ ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

အစိုးရသစ်၏ ရက် (၁၀၀) စီမံကိန်းအရ နိုင်ငံသား စီစစ်ရေးလုပ်ငန်းကို စတင်တော့မည် ဖြစ်ပြီး၊ ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာများကို ယခင်အစိုးရ လက်ထက်က အတိုင်း လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် ဖိအားပေး ခြိမ်းခြောက်၍ ပြုနိုင်ငံသားကဒ်များ ထုတ်ပေးရန် ကြိုးစားလျက် ရှိသည်။

“ကျွန်တော်တို့ကတော့ နိုင် (၂) ပုံစံမှာ ရိုဟင်ဂျာလူမျိုးထည့်ပြီး လျှောက်လို့ ရမှ လျှောက်မယ်။ ကျွန်တော်တို့ အခြားသော နိုင်ငံသားများ တန်းတူ ပန်းရောင်ကဒ်၊ လူမျိုး ရိုဟင်ဂျာနဲ့ ရမှ ယူမှာပါ။ ကျွန်တော်တို့မှာ မွေးရာပါ နိုင်ငံသား အခွင့်အရေး ရှိတယ်။ ကျွန်တော်တို့ကို စွပ်စွဲနေသလို ကျွန်တော်တို့က ခိုးဝင်တွေလည်း မဟုတ်ဘူး။ ခေတ်အဆက်ဆက်မှာ မတရားသဖြင့် သိမ်းဆည်းခဲ့တဲ့ ကျွန်တော်တို့ မိဘဘိုးဘွားတွေရဲ့ အထောက်အထားတွေလည်း ပြန်ထုတ်ပေးဖို့ လိုပါမယ်။ ရှိသမျှ အထောက်အထား အကုန်ကို နှစ်ရှည် စီမံကိန်းချ သိမ်းဆည်းပြီးမှ အခု ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေနဲ့ ပြုနိုင်ငံသားကဒ်ကိုင်ဖို့ အတင်းအဓမ္မ ဖိအားပေးနေတာကတော့ အလွန်ကို မတရားလုပ်နေတာပါ” ဟု အဆိုပါ ဒေသခံက ဆက်လက်ပြောပါသည်။

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ခေတ်တွင် ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေကို ပြဌာန်းခဲ့ပြီး၊ နိုင်ငံတော်ကောင်စီ၏ သဘော ဆန္ဒအတိုင်း ရိုဟင်ဂျာ လူမျိုးကို တိုင်းရင်းသား စာရင်းမှ ပယ်ဖျက်ခဲ့ပြီး၊ ယခုအခါ တရားမ၀င် ရောက်ရှိလာသူများ ပမာ နိုင်ငံသား စီစစ်၍ ပြုနိုင်ငံသားကဒ် ထုတ်ပေးရန် ကြိုးစားနေသော်လည်း ရိုဟင်ဂျာများက ယခုကဲ့သို့ မတရားသဖြင့် လုပ်ဆောင်နေခြင်းကို လက်ခံသွားမည် မဟုတ်ဟု ပြောဆိုနေကြသည်။

Comment ရေးရန်

Rohingya Exodus