နောက်ဆုံးသတင်း/ဆောင်းပါးများ

မြင်းလွတ်မှ လူငယ် (၆) ဦးကို လုပ်ကြံစွပ်စွဲ၍ ဖမ်းဆီးထားပြီး ပြန်လွှတ်ရန် ငွေတောင်းနေ

Rohingya Eye
RB News
25.9.2016


မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း မြင်းလွတ် ကျေးရွာအုပ်စု၊ ဟော်ရီးသီးလ္လာ ကျေးရွာမှ ရိုဟင်ဂျာ လူငယ် (၆) ဦးကို ပုဇွန်ကန်မှ ဂဏန်းများ ခိုးယူရောင်းချခဲ့သည်ဟု စွပ်စွဲ၍ ဖမ်းဆီးထားပြီး ၎င်းတို့ကို ပြန်လည် လွှတ်ပေးရန် အတွက် နယ်ခြားစောင့်ရဲ များက တစ်ဦးစီထံမှ ငွေကျပ် တစ်သိန်းစီ တောင်းခံနေကြောင်း သတင်း ရရှိပါသည်။

မြင်းလွတ်ကျေးရွာအုပ်စု၊ ဟော်ရီးသီးလ္လာကျေးရွာမှ (၁) မာမတ်အာလောမ် (ဘ) ဦးအာမာန်အုလ္လာ (အသက် ၁၅ နှစ်)၊ (၂) အနိုဝါရ်ဆော်ယောဒ် (ဘ) ဦးလဲထ်ထား (အသက် ၁၄ နှစ်)၊ (၃) အဒူလ္လာ (ဘ) ဦးလူးဒါယား (အသက် ၁၃ နှစ်)၊ (၄) အေနာမ်မူလ္လာ (ဘ) ဦးအီမာန်ရှော်ရီဖ်၊ (၅) မာမတ်တူဖိုလ် (ဘ) ဦးဆော်လီမုလ္လာ (အသက် ၁၄ နှစ်) နှင့် (၆) မာမတ်အီလီယာစ် (ဘ) ဦးမာမတ်ရော်ဖိခ် (အသက် ၁၆ နှစ်) တို့သည် ငါးဖမ်း၍ အသက်မွေးဝမ်းကျောင်း ပြုနေသူများ ဖြစ်ကြသည်။ ၎င်းတို့ကို တစ်ရွာတည်းနေ ဦးဟာဖီဇူလ္လာ (ဘ) ဦးအဒူဆလာမ် (အသက် ၃၀ နှစ်) က ၎င်း၏ ပုဇွန်ကန်မှ ဂဏန်းများ ခိုးယူရောင်းချသည်ဟု လုပ်ကြံ စွပ်စွဲကာ ၎င်းတို့၏ ကျေးရွာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့သို့ တိုင်ကြားခဲ့ခြင်းကြောင့် စက်တင်ဘာလ (၂၃) ရက်နေ့ နံနက် (၈) နာရီ အချိန်တွင် လူငယ် (၆) ဦးကို နယ်ခြားစောင့်ရဲများက ဖမ်းဆီးခေါ်ဆောင်သွားပြီး ကျေးရွာရှိ ကင်းစခန်းတွင် ချုပ်နှောင်ထားကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။

နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်း တာဝန်ခံက လူငယ်များကို ပြန်လည် လွှတ်ပေးရန် အတွက် တစ်ဦးချင်းထံမှ ငွေကျပ် တစ်သိန်းစီ တောင်းခံလျက် ရှိကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။ ဦးဟာဖီဇူလ္လာသည် ကင်းစခန်းအတွက် အလုပ်လုပ်ပေးနေသူ တစ်ဦးဖြစ်ပြီး၊ နယ်ခြားစောင့်ရဲ များနှင့် ပူးပေါင်း၍ ငွေညှစ်ရန် တမင်လုပ်ကြံခဲ့ခြင်းသာ ဖြစ်သည်ဟု ဒေသခံရွာသားများက ပြောဆိုနေကြသည်။




Comment ရေးရန်

Rohingya Exodus