နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်တော မြောက်ပိုင်းမှ ကျောင်းဆရာများ အားလုံးကို ရဟတ်ယာဉ်ဖြင့် နေရပ်ပို့ပေးသော်လည်း ရိုဟင်ဂျာ ဆရာများ ချန်လှပ်ခံရ

RB News
13.10.2016

မောင်တော ။ ။ ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြောက်ပိုင်းမှ ပညာရေးဝန်ထမ်း များကို နယ်မြေဒေသ လုံခြုံရေးအရဟု ဆိုကာ နေရပ်ဒေသ အသီသီးသို့ အစိုးရအစီအစဉ်ဖြင့် ပို့ဆောင် ပေးလိုက်သော်လည်း ရိုဟင်ဂျာ ၀န်ထမ်းများကို လူမျိုးရေးခွဲခြားကာ ပို့ဆောင်ပေးခြင်း မရှိကြောင်း သတင်းရရှိပါသည်။

မောင်တောမြို့နယ် မြောက်ပိုင်းရှိ ကျေးရွာများတွင် တာဝန်ထမ်းဆောင် နေကြသော ပညာရေး ၀န်ထမ်းများ အားလုံးကို ယမန်နေ့က ရဟတ်ယာဉ်များဖြင့် တောင်ပြိုသို့ အစိုးရ အစီအစဉ်ဖြင့် ပို့ဆောင်ပေးခဲ့ပြီး၊ ထိုမှတဆင့် နေရပ်ဒေသအသီးသီးသို့ ထပ်မံ ပို့ဆောင် ပေးခဲ့သဖြင့် ပညာရေးဝန်ထမ်းများ အားလုံး ၎င်းတို့၏ နေအိမ်များသို့ ရောက်ရှိသွားကြောင်း သိရှိရသည်။

မောင်တောမြို့နယ် မြောက်ပိုင်း၊ ကြိမ်ချောင်း ကျေးရွာ၊ ငန်းချောင်း ကျေးရွာနှင့် ခမောင်းဆိပ် တို့တွင် တာဝန်ထမ်းဆောင် နေသည့် ရိုဟင်ဂျာဆရာ (၃) ဦးရှိရာ ၎င်းတို့ကို ယမန်နေ့က ရဟတ်ယာဉ်နှင့် ခေါ်ဆောင်၍ တောင်ပြိုသို့ ပို့ဆောင် ပေးခဲ့ခြင်း မရှိကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။

“ဆရာ (၃) ယောက်လုံးက ဘူးသီးတောင်ကပါ။ အခြားဆရာတွေ အားလုံးက ရခိုင်လူမျိုး၊ သူတို့ကို ရဟတ်ယာဉ်နဲ့ တောင်ပြိုထိ ခေါ်သွားတယ်၊ မွတ်စလင် ဆရာတွေကျတော့ အထက်က စာရင်းမပါလို့ ဆိုပြီး ထားခဲ့တယ်။ ဒါက လူမျိုးရေးအရ ခွဲခြားတာလို့သာ မြင်တယ်။ နိုင်ငံ့ဝန်ထမ်းချင်း အတူတူဗျာ” ဟု အဆိုပါ ဒေသခံက ပြောပါသည်။

မောင်တော မြောက်ပိုင်းရှိ ဆရာ (၃) ဦးသည် နယ်မြေဒေသ လုံခြုံရေးအရ သွားလာရန် ခက်ခဲသည့် အချိန် ဖြစ်နေသဖြင့် အစိုးရက အခြားဝန်ထမ်း နည်းတူ ပို့ဆောင် မပေးပါက ဘူးသီးတောင်သို့ ပြန်ရန် မလွယ်ကူဟု ဆိုသည်။ အစိုးရအနေဖြင့် နိုင်ငံ့ဝန်ထမ်းများကို လူမျိုးရေးအရ မခွဲခြားဘဲ တန်းတူဆက်ဆံသင့်ကြောင်း၊ ယခုကဲ့သို့ ခွဲခြားခြင်းကြောင့် နိုင်ငံ့ဝန်ထမ်းများဖြစ်သည့် ကျောင်းဆရာ (၃) ဦး အလွန် စိတ်မကောင်း ဖြစ်နေသည်ဟု အဆိုပါ ဒေသခံက ပြောပါသည်။



Comment ရေးရန်

Rohingya Exodus