နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်တော ကြက်ရိုးပြင်ရွာရှိ ရိုဟင်ဂျာနေအိမ်များကို စစ်တပ်က မီးရှို့ဖျက်ဆီးလျက်ရှိ

Rohingya Eye
RB News
13.10.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ကြက်ရိုးပြင် ကျေးရွာရှိ ဒေသခံ ရိုဟင်ဂျာများ၏ နေအိမ်များကို စစ်တပ်က ယမန်နေ့ကစပြီး မီးရှို့ဖျက်ဆီးနေကြောင်း သတင်း ရရှိပါသည်။ 

“မနေ့ကစပြီး စစ်တပ်က ကြက်ရိုးပြင်ရွာက အိမ်အချို့ကို မီးရှို့ခဲ့တယ်။ အဲဒီမှာ ရွာသားတွေ တော်တော်များများ ထွက်ပြေးသွားကြတယ်။ ဒီနေ့ မနက် ၁၀ နာရီကစပြီး တစ်ရွာလုံးနီးပါး ကုန်အောင် မီးထပ်ရှို့နေတယ်” ဟု ဒေသခံတစ်ဦးက RB News သို့ ဖုန်းဖြင့် ပြောသည်။ 

ယနေ့ နံနက် ၁၀ နာရီမှ စတင်၍ စစ်တပ်က လက်နက်ကြီးများ သုံး၍ ထပ်မံပြီး မီးရှို့နေသောကြောင့် ကြက်ရိုးပြင်ရွာရှိ ရွာသူ/ရွာသားများ အားလုံး နီးစပ်ရာ ရွာများသို့ ထွက်ပြေး၍ ခိုလှုံလျက် ရှိသည်။ စစ်တပ်က အပြစ်မဲ့ ရွာသားများကို လောင်ချာများ သုံး၍ ပစ်ခတ်နေသည်ဟု ဒေသခံများက ဆိုသည်။ 

ယနေ့ နေ့လည် ၁၂ နာရီ အချိန်တွင် ကြက်ရိုးပြင်ဈေး ကိုပါ မီးရှို့လိုက်သည်ဟု ဒေသခံတစ်ဦးက ပြောပါသည်။ 

“ဒီလိုစစ်တပ်က ရွာတိုင်း ရွာတိုင်းကို ၀င်စီးပြီး မီးရှို့နေမယ်ဆိုရင် မြောက်ပိုင်းမှာရှိတဲ့ ကျွန်တော်တို့ ရိုဟင်ဂျာတွေ အားလုံး ဒုက္ခသည် ဘ၀ကို ရောက်သွားမှာ သေချာတယ်။ စစ်တပ်ရဲ့ ရည်ရွယ်ချက်က အဲလိုပဲလို့ ထင်တယ်” ဟု အဆိုပါ ဒေသခံက ပြောပါသည်။ 

ထို့အပြင် ယနေ့ အောက်တိုဘာလ (၁၃) ရက်နေ့ နံနက် ၁၁ နာရီ အချိန်တွင် ငန်းချောင်း ကျေးရွာအုပ်စု၊ တီးန်ဂူဂျာဖာရာ သို့လည်း စစ်တပ် ၀င်ရောက်လာပြီး မော်လ၀ီအဒူကော်ရိမ်း (ဘ) ဦးဟာဘီ (အသက် ၄၂ နှစ်) နှင့် ဦးကာဆိမ်း (ဘ) ဦးဟာရှ်မောတ်အုလ္လာ (အသက် ၄၅ နှစ်) တို့၏ နေအိမ်များကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်း ငန်းချောင်း ရွာသား တစ်ဦးက RB News သို့ပြောသည်။ 

အောက်တိုဘာလ (၁၀) ရက်နေ့တွင် ကျီးကန်းပြင် ကျေးရွာအုပ်စု၊ ၀ပိတ်ရွာသို့ စစ်တပ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့ ၀င်ရောက်ပြီး အကြောင်းမဲ့ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ဒေသခံ ရိုဟင်ဂျာရွာသားများ အားလုံး ထွက်ပြေး သွားခဲ့ရသည်။ ယမန်နေ့က ၀ပိတ်ရွာသို့ စစ်တပ် ၀င်ရောက်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ပြီး၊ အစိုးရပိုင် မီဒီယာများနှင့် ပုဂ္ဂလိက မီဒီယာများတွင် အကြမ်းဖက်သမားများက မီးရှို့ခဲ့သည်ဟု သတင်းမှား လွှင့်ထုတ်ခဲ့သည်။ 

မောင်တောမြို့နယ်တွင် အပြစ်မဲ့ ရိုဟင်ဂျာများကို စစ်တပ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ တို့က လက်နက်ကြီး၊ လက်နက်ငယ်များ သုံး၍ ပစ်ခတ် သတ်ဖြတ်ပြီး၊ အစုလိုက်အပြုံလိုက် မြှပ်နှံမှုများလည်း ဆက်တိုက် ပြုလုပ်လျက်ရှိသည်။ 

သို့သော်လည်း မီဒီယာများတွင် အပြစ်မဲ့ ရိုဟင်ဂျာများက လက်နက်ကိုင် အာဏာပိုင်များကို အကြမ်းဖက် နေသည်ဟု ဖော်ပြလျက် ရှိသည်ကို တွေ့ရှိရသည်။ 

ယမန်နေ့က မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော် ကျေးရွာတွင် နယ်ခြားစောင့်ရဲများက ၎င်းတို့၏ လက်နက်များကို စမ်းသပ်၍ ပစ်ခတ်သည်ကို အကြမ်းဖက်သမားများ ၀င်ရောက် ပစ်ခတ်သဖြင့် ရခိုင်ဒေသခံများ ထွက်ပြေးသွားသယောင် ပုံဖော်၍ မီဒီယာများတွင် သတင်းမှားများ လွှင့်ထုတ်ခဲ့သည်။ 

အမှန်တကယ်တွင် မောင်တောမြို့နယ်ရှိ ရိုဟင်ဂျာများ၏ နေအိမ်များ မီးရှို့ဖျက်ဆီးခံနေရပြီး၊ အပြစ်မဲ့ ရိုဟင်ဂျာ အသတ်ခံနေရခြင်းသာ ဖြစ်သည်ဟု ဒေသခံများ၏ ပြောပြချက်များအရ သိရှိရသည်။ 






ဓါတ်ပုံများမှာ မောင်တောမြို့နယ် ကြက်ရိုးပြင်ကျေးရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးနေသည့် ပုံများဖြစ်သည်။


Comment ရေးရန်

Rohingya Exodus